မမေ့တဲ့နိုင် တစ်ဆယ့်ကိုး ဇူလိုင်မှသည် အနာဂတ်နိုင်ငံတော်သစ်ဆီသို့ . . .
ဦးအောင်
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတုအာဇာနည်နေ့ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ ကျဆုံးခဲ့သည်။ နှစ်ပေါင်း ၇၅ နှစ် (ဆယ်စုနှစ် ခုနစ်ခုကျော်) ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မြန်မာပြည်သူ ပြည်သားအားလုံးအဖို့ ထိုဆိုးရွားအကျည်းတန် အရုပ်ဆိုးလှသော ဖြစ်ရပ်ကို မမေ့မပျောက်နိုင်ဘဲ အမှတ်ထင်ထင် ရှိနေဆဲပင်ဖြစ်သကဲ့သို့ ပြည်သူချစ်သော သူရဲကောင်း အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ၏ စွမ်းဆောင်မှုများနှင့် မမေ့နိုင်ဖွယ်ရာ ပုံရိပ်များမှာလည်း မြန်မာပြည်သူ ပြည်သားအားလုံး၏ နှလုံးသား ကြေးမုံပြင်တွင် ထင်ဟပ်နေဆဲဖြစ်သည်။
မြန်မာ့အမျိုးသားအာဇာနည်
ဒုလ္လဘော၊ ပုရိသဇညော၊ နသော သဗ္ဗတ္ထ ဇာယတိယတ္တသော ဇာယတိ၊ တံကုလံသုခ မေဓတိ။
(ဓမ္မပဒ ပါဠိ ဗုဒ္ဓဝဂ်)
လူယောက်ျားအာဇာနည်ဟူသည် လွန်စွာဖြစ်ခဲ၊ ရခဲလှ၏။ အမြော်အမြင် ဉာဏ်နှင့်ပြည့်စုံသော ထိုအာဇာနည် ယောက်ျားမျိုးသည် အကြင်သို့သော တိုင်းနိုင်ငံ၊ အကြင်သို့သော အရပ်ဒေသ၊ အကြင်သို့သော လူမျိုး၌ တစ်ရံတစ်ဆစ် ဖြစ်ထွန်းလာသည် ဖြစ်လေအံ့။ ထိုနိုင်ငံ၊ ထိုအရပ်ဒေသ၊ ထိုလူမျိုးသည် ချမ်းသာခြင်းရှိသည်ဖြစ်၍ ကြီးပွားလေ၏ဟူ၍ (ဓမ္မပဒပါဠိ ဗုဒ္ဓဝဂ်)တွင် ဖော်ပြထားသည်နှင့်အညီ အကျွန်ုပ်တို့မြန်မာပြည်တွင် အာဇာနည်ယောက်ျား အလွန်ထင်ရှားသည့်ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့သည်။
မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများသည် ထိုထိုယောက်ျား အာဇာနည်ကြီးများ ဖြစ်ကြသည်။ ထိုအာဇာနည်များမှာ ၂၀ ရာစုနှစ်တွင် ပေါ်ပေါက်ခဲ့သော ထူးခြားသည့် ပုဂ္ဂိုလ်ကြီးဖြစ်ပြီး ၎င်းကဲ့သို့သော တကယ့်အာဇာနည်မြောက်သည့် ပုဂ္ဂိုလ်ကား မတစ်ထောင် တစ်ကောင်ဘွား၊ ဇမ္ဗူတစ်လူ ရှာမှရှားသည့် မြန်မာအမျိုးသားဟု ဆိုရပါမည်။ ငွေ၊ ရာထူး၊ ဘွဲ့ဂုဏ်သိမ်တို့ကို မက်မောခြင်း အလျင်းမရှိ၊ မတရားမှုတို့ကို ခေါင်းငုံ့မခံ၊ မဟုတ်မမှန်သည်တို့ကို အရှင်းမလုပ်၊ တိုင်းပြည်နှင့် လူမျိုးအများ အကျိုးအတွက်ဆိုလျှင် အသက်ကိုပင် စွန့်လွှတ်ရန် ဝန်မလေးတတ်သည့် ပုဂ္ဂိုလ်မျိုးဖြစ်၍ မြန်မာ့အမျိုးသား အာဇာနည်အဖြစ် ခေါ်ဆိုထိုက်၊ အသိအမှတ်ပြုထိုက်သည့် ပုဂ္ဂိုလ်မျိုးဖြစ်သည်။
ဗိုလ်ချုပ်သည် ပြည်ထောင်စု အမှတ်လက္ခဏာ အပြည့်အဝရှိသော ပြည်ထောင်စု တစ်ဝန်းလုံးကို ကိုယ်စားပြုသော အထင်ကရပုဂ္ဂိုလ်တစ်ဦးအဖြစ် သမိုင်းတွင် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သော မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားခေါင်းဆောင်အမည်နာမကို ခံယူထိုက်သော ပုဂ္ဂိုလ်သည် ၎င်းတစ်ဦးတည်းသာ ရှိသည်ဟု ဆိုရမည်ဖြစ်သည်။
အာဇာနည်ဆိုသည်မှာ သူတကာမပြုနိုင်ခဲ့သည်ကို ပြုချင်သူ၊ ပြုနိုင်သူ၊ ပြုတတ်သူ၊ ပြုရဲသူကို အာဇာနည်ဟု ခေါ်သည်။ ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်များဖြစ်ကြသည်။
ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိအကျဉ်း
၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အလောင်းအလျာ အောင်ဆန်းလေးကို နတ်မောက်မြို့၌ မွေးဖွားခဲ့သည်။ အခြားသူများကဲ့သို့ပင် သာမန်မွေးဖွားခဲ့သော်လည်း ၎င်းသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသော အမျိုးသား ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်မည့်သူဖြစ်သည်။
တောက်မည့်မီးခဲ ရဲရဲဆိုသည့်အတိုင်း ငယ်စဉ်ကတည်းက အမှန်တရားကို ကြိုက်သည်။ မတရားသည်ကိုမကြိုက်၊ လိမ်ညာသည်ကိုမကြိုက်၊ တစ်ခုခုလုပ်လျှင် အောင်မြင်သည်အထိ မလျှော့သော ဇွဲသတ္တိဖြင့် ဆောင်ရွက်တတ်သည်။ ကျောင်းသားအရွယ်တွင် စာတော်သည်။ စာကြိုးစားသည်။ သတ္တမတန်းတွင် အစိုးရပညာတော်သင်နှင့် ဦးစိန်ခိုဆုရခဲ့သည်။ ဆယ်တန်းကို မြန်မာစာနှင့် ပါဠိဘာသာဂုဏ်ထူးတို့နှင့် အောင်မြင်သည်။
တက္ကသိုလ် ကျောင်းသားဘဝ အသက်(၁၈-၁၉)နှစ် အရွယ်ကပင် ကျောင်းသား(နိုင်ငံရေး) လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
ဂုဏ်ထူးဝိသေသများနှင့် ပင်ကိုအရည်အချင်းများ
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် ဂုဏ်ထူးဝိသေသများမှာ ရေးဖွဲ့၍ ကုန်နိုင်မည်မဟုတ်ပါ။ အကျဉ်းချုံးဖော်ပြရသော် ဗိုလ်ချုပ်သည် တည်ကြည်ဖြောင့်မတ်သည်၊ ရိုးသားဖြူစင်သည်၊ အနစ်နာခံသည်၊ ကိုယ်ကျိုးစွန့်သည်၊ ခြိုးခြံချွေတာသည်၊ အများအကျိုးကို ရှေးရှုသည်၊ သူရဲကောင်းစိတ်၊ မျိုးချစ်စိတ်ရှိသည်၊ တိုင်းပြည်လွတ်လပ်ရေးရဖို့ တစ်ခုတည်းကိုသာ အာရုံစိုက်သည်၊ ကြိုးစားသည်၊ ဇွဲလုံ့လရှိသည်၊ သည်းခံသည်၊ မေတ္တာတရား၊ သစ္စာတရားရှိသည်၊ စည်းရုံးနိုင်သည်၊ ခေါင်းဆောင်မှုပေးနိုင်သည်၊ ကတိတည်သည်၊ မနာလိုစိတ်မရှိ၊ မုန်းစိတ်မထား၊ ဂိုဏ်းဂဏစိတ်မရှိ၊ ပြည်သူ့ဘဏ္ဍာကို တစ်ပြားတစ်ချပ်မျှမခိုး၊ ဝတ်စုံလေးစုံနှင့်သာနေသည်၊ စက်ဘီးမစီး၊ စက်ဘီးမစီးတတ်သည်ကို မရှက်မကြောက်၊ လမ်းလျှောက်သည်။ ရုပ်ရှင်ကို ငါးမူးတန်းမှ ကြည့်သည်။ တာဝန်ထမ်းဆောင်သော ရဲဘော်ကို ဗျူရိုကရက်တစ်ယောက်ကဲ့သို့ မမာန်မဲ၊ ချီးကျူးသည် စသည်တို့ကြောင့် ယနေ့ထိတိုင် မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာ၊ လူထုခေါင်းဆောင်၊ အမျိုးသား ခေါင်းဆောင်၊ တပ်မတော်၏ဖခင်အဖြစ် လူတိုင်းက ဂုဏ်ပြုလေးစားနေကြခြင်း ဖြစ်သည်။
ကမ္ဘာတည်သရွေ့
ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့ဟူ၍ နေ့ကြီးရက်ကြီးအဖြစ်သတ်မှတ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ လွမ်းဆွတ်တသ သတိတရဖြင့် ဦးညွှတ်အလေးပြုကြသည်။ ဤအာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် မမေ့ပျောက်ကောင်းသော နေ့တစ်နေ့ဖြစ်ပြီး ကမ္ဘာတည်သရွေ့ မပျောက်ကွယ်နိုင်သောနေ့ တစ်နေ့ဖြစ်သည်။
အာဇာနည်နေ့ ရောက်တိုင်း ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ပြတိုက် ဖွင့်လှစ်ပြသခြင်း၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်တွင် ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်း၊ အခမ်းအနားကို နိုင်ငံတော်က ကြီးမှူးကျင်းပခြင်း၊ တစ်နိုင်ငံလုံးရှိရုံးများ၊ ကျောင်းများ၊ အဆောက်အအုံများတွင် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူပြီး အာဇာနည်နေ့ အခမ်းအနား ကျင်းပကြခြင်း၊ ရန်ကုန်မြို့ အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်များ၏ မိသားစုဝင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲများပြုလုပ်ခြင်း၊ ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးများ၊ ဓာတ်ပုံ၊ ပိုစတာပြိုင်ပွဲ စသည်တို့ကို တစ်နိုင်ငံလုံးရှိ မြို့တိုင်း နယ်တိုင်း၊ ကျောင်းတိုင်းတွင် ကျင်းပပြုလုပ်ပေးခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို ရည်စူး၍ ဆွမ်းကပ်ခြင်း၊ ရေစက်ချအမျှဝေခြင်းများပြုလုပ်ခြင်း၊ ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲကာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြခြင်းတို့သည် အာဇာနည်နေ့ကျင်းပရခြင်း၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ပေးခြင်း ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေး
မျက်မှောက်ကာလတွင် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေသည့် ကျွန်ုပ်တို့နိုင်ငံတော်ကြီးအား နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုက်နိုင်အောင်၊ နိုင်ငံတကာ (ကမ္ဘာ့)အလယ်တွင် ဝင့်ထည်စွာရပ်တည်နေနိုင်အောင် ဘက်စုံထောင့်စုံမှ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အစိုးရအဆက်ဆက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်ကို ကဏ္ဍစုံ၊ ထောင့်စုံမှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ပိုမိုသွက်လက်စွာ လုပ်ဆောင်နိုင်ရန်အတွက် မျိုးချစ်စိတ်ဓာတ်ရှိသည့် တိုင်းသူပြည်သား ညီအစ်ကိုမောင်နှမများက ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ဝိုင်းဝန်းကူညီ ပံ့ပိုးလုပ်ဆောင်ကြရန် အထူးလိုအပ်သည်။
စင်စစ်အားဖြင့် ယနေ့ဆိုလျှင် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ (၇၅)နှစ် စိန်ရတုသို့ပင် ရောက်ရှိကာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး တင်းပြည့်ကျပ်ပြည့် မတည်ဆောက်နိုင်သေးသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ဗိုလ်ချုပ်သည် တိုင်းရင်းသားညီညွတ်ရေးကို တဖွဖွပြောခဲ့သည်။ ၎င်း၏ရင်ထဲမှ စိတ်ကူးအိပ်မက်သည် တိုင်းပြည်အတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မာအောင် တည်ဆောက်သွားရန်ဖြစ်သည်။
ဗိုလ်ချုပ်အား ကျေးဇူးဆပ်ရန်ဆိုလျှင် ဗိုလ်ချုပ်၏စိတ်ထား၊ ပြောဆိုပြုမူမှုများကို သတိရတမ်းတ နေရုံဖြင့်သာမဟုတ်ဘဲ ဗိုလ်ချုပ်၏ မျှော်မှန်းချက်အိပ်မက်ကို အကောင်အထည်ပေါ်အောင် လိုက်ပါဆောင်ရွက်ခြင်းသည်သာ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းချက်အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန် စာရင်းပေးထားရာ ယခုအခါ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ လာရောက်၍ နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို တွေ့ရှိရပြီး ထိုကဲ့သို့ လာရောက်တွေ့ဆုံ ဆွေးနွေးမှုများသည် အောင်မြင်မှုရရှိကြောင်း သိရှိရသဖြင့် ငြိမ်းချမ်းရေး ရောင်ခြည်လင်းလက်ကာ ယခင်က မျှော်လေတိုင်းဝေးနေခဲ့ရသော ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကြီးကို အထင်ကရ မြင်တွေ့နေရပြီဟု ဆိုရမည်ဖြစ်သည်။
အနာဂတ်နိုင်ငံတော်သစ်
အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်ဂုဏ်ပြု အမှတ်တရပြုကြရမည်ဖြစ်သလို ၎င်းတို့၏ နိုင်ငံနှင့်လူမျိုးအတွက် ထားရှိခဲ့ကြသော စိတ်ဓာတ်၊ စွမ်းရည်၊ အရည်အချင်းနှင့် ကြိုးပမ်းအားထုတ်မှုများကို အားကျအတုယူ၍ လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိနေစဉ်က မိန့်ကြားခဲ့သော မိန့်ခွန်းများအား လမ်းညွှန်အဖြစ်ခံယူ၍ လည်းကောင်း၊ မျက်မှောက်ကာလနှင့် အနာဂတ်တွင် တိုးတက်ကောင်းမွန်သည့် နိုင်ငံတော်ကြီး (တစ်နည်း) ဖွံ့ဖြိုးတိုးတက် ကြွယ်ဝချမ်းသာ၊ ခိုင်မာတောင့်တင်းသော၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေးကို ဝိုင်းဝန်းကြိုးပမ်း အားထုတ်လုပ်ကိုင်ကြရန် လိုအပ်မည်ဖြစ်သည်။
လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့သော နိုင်ငံရေးအယူအဆ ကွဲပြားမှုဖြင့် လက်နက်စွဲကိုင်ကာ အာဏာကို အကြမ်းဖက်နည်းဖြင့် ဖြတ်လမ်းက ရယူလိုမှုအကျိုးဆက်ကြောင့် အမျိုးသားခေါင်းဆောင်ကြီးများ ရေတိမ်နစ်ခဲ့ရသည်။ ယနေ့တိုင်လည်း လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနေဆဲဖြစ်သည့်အတွက် ထိုနိုင်ငံရေး ဂိုဏ်းဂဏစွဲ၊ အယူအဆကွဲ၊ အာဏာအစွဲ စသည်တို့ကြောင့် ဖြစ်ပွားလာခဲ့ရသည့် အဖြစ်ဆိုး၊ အနိဋ္ဌာရုံဆိုး၊ ပဋိပက္ခအမျိုးမျိုး မဖြစ်ပေါ်ရလေအောင် ဆက်လက်ကြိုးစားအားထုတ် ဝိုင်းဝန်းလုပ်ကိုင်ကြရဦးမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။