Skip to main content

ယဉ်ကျေးလိမ္မာပဒေသာ ၃၈ - ဖြာ မင်္ဂလာ

 

ရှောင်ကြဉ်ရေးမင်္ဂလာ 

မကောင်းမှုတွေ ဟူသမျှကို၊

မတွေ့ခင်က ရှောင်ကြဉ်လေ။

တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊

အထူးသဖြင့် စောင့်စည်းနေ။

အရက်သေစာ မသောက်စားနဲ့၊

မှောက်မှားတတ်တဲ့ အရာပေ။

လုပ်ကိုင်ပြောကြား သတိထား၊

တရားမမေ့စေ။

အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၃၈-ဖြာမင်္ဂလာ ကဗျာများထဲက ဆဋ္ဌမမြောက်ကဗျာပေါ့ကွယ်။ “ရှောင်ကြဉ်ရေးမင်္ဂလာ” ကဗျာလို့ခေါ်တယ်။ ရှောင်ကြဉ်ရေးမင်္ဂလာလေးပါးကို ကဗျာအဖြစ် ဆရာကြီးဒဂုန်ဦးဆန်းငွေက ရေးစပ်သီကုံး ခဲ့တာဖြစ်တယ်။ 

သားတို့ သမီးတို့၊ မောင်တို့မယ်တို့ လူမှုဘဝဖြတ်သန်းမှုကာလတစ်လျှောက်မှာ ရှောင်ကြဉ်ရမယ့် ကျင့်ဝတ်တွေ၊ သင်ကြားရမယ့် ပညာတွေ၊ ယဉ်ကျေးမှုပညာရပ်တွေကို သိမြင်တတ်မြောက်စေရေး အတွက် အသိ၊ သတိပေးထားတဲ့ နည်းနာတွေပါပဲ။ 

ဘဝဖြတ်သန်းမှုမှာ အဆင်ပြေပြေနဲ့ အောင်မြင်ပျော်ရွှင်နိုင်ကြဖို့ လောကရဲ့ ဘဝဖြတ်သန်းမှုမှာ ရှောင်ကြဉ်ရေးဆိုင်ရာ အတတ်ပညာ တွေကို သိမြင်နိုင်ကြစေဖို့ သားတို့၊ သမီးတို့၊ မောင်တို့၊ မယ်တို့အတွက် မှတ်လို့လွယ်အောင်၊ ရွတ်ဆိုရတာလွယ်ကူချောမွေ့အောင် သံပေါက် ကဗျာအဖြစ် ဖွဲ့ဆိုပေးထားတာလည်းဖြစ်တယ်။ 

၃၈-ဖြာမင်္ဂလာကဗျာဖြစ်လာဖို့အတွက် ဆက်ဆံရေးမင်္ဂလာ သုံးပါး၊ နေထိုင်ရေးမင်္ဂလာ သုံးပါး၊ သင်ကြားရေးမင်္ဂလာ လေးပါး၊ ပြုစု ရေးမင်္ဂလာ သုံးပါး၊ လိုက်နာကျင့်သုံးရေးမင်္ဂလာ လေးပါး၊ ရှောင်ကြဉ်ရေး မင်္ဂလာ လေးပါး၊ စိတ်ထားရေးမင်္ဂလာ ငါးပါး၊ သည်းခံရေးမင်္ဂလာ လေးပါး၊ ခြိုးခြံရေးမင်္ဂလာ လေးပါး၊ စိတ်ဓာတ်ကြံ့ခိုင်ရေးမင်္ဂလာ လေးပါး တို့နဲ့ ဖွဲ့စည်းထားတာပေါ့ကွယ်။ 

ဆက်ဆံရေး၊ နေထိုင်ရေး၊ သင်ကြားရေး၊ ပြုစုရေး၊ လိုက်နာကျင့်သုံးရေး၊ ရှောင်ကြဉ်ရေး၊ စိတ်ထားရေး၊ သည်းခံရေး၊ ခြိုးခြံရေး၊ စိတ်ဓာတ်ကြံ့ခိုင်ရေးဆိုတဲ့ လူမှုဘဝရှင်သန်ရေးမှာ အရေးပါတဲ့အချက်ကြီး(၁၀)ချက်ပဲပေါ့ကွယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ဘဝရှင်သန်မှု၊ ယဉ်ကျေးလိမ္မာ နည်းလမ်းကောင်းတွေပဲပေါ့။ 

ဆက်ဆံရေးမင်္ဂလာသုံးပါးဖြစ်တဲ့ နံပါတ်တစ်၊ အသေဝနာစ ဗာလာနံ၊ လူမိုက်ကိုမပေါင်းသင်းရ။ နံပါတ်နှစ်၊ ပဏ္ဍိတာနဉ္စ သေဝနာ၊ ပညာရှိကိုပေါင်းသင်းရမယ်။ နံပါတ်သုံး ပူဇာစ ပူဇနေယျာနံ၊ ပူဇော် ထိုက်သူကို ပူဇော်ရမယ်။ နေထိုင်ရေးမင်္ဂလာသုံးပါးဖြစ်တဲ့ နံပါတ်တစ်၊ ပတိရူပဒေသဝါသောစ၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်၌နေရမယ်။ နံပါတ်နှစ်၊ ပုဗ္ဗေစ ကတပုညတာ၊ ရှေးဘဝက ပြုခဲ့ ဖူးသောကောင်းမှုရှိရမယ်။ နံပါတ်သုံး၊ အတ္တသမ္မာပဏိဓိစ၊ အကျင့်သီလမပျက်ရအောင် ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာစောင့်ထိန်းရမယ်။ သင်ကြားရေးမင်္ဂလာ လေးပါးဖြစ်တဲ့ နံပါတ်တစ်၊ ဗာဟုသစ္စဉ္စ၊ အကြား အမြင်များသူဖြစ်ရမယ်။ နံပါတ်နှစ်၊ သိပ္ပဉ္စ၊ စက်မှုလက်မှုအတတ် တတ်ရခြင်း။ နံပါတ်သုံး၊ ဝိနယောစသုသိက္ခိတော၊ ကိုယ်ကျင့်တရား ကောင်းမွန်ရမယ်။ နံပါတ်လေး၊ သုဘာသိတာစ ယာဝါစာ၊ ချိုသာသောစကားကို ပြောဆိုရမယ်။ ပြုစုရေးမင်္ဂလာ သုံးပါးဖြစ်တဲ့ နံပါတ်တစ်၊ မာတာပိတု ဥပဋ္ဌာနံ၊ မိဘနှစ်ပါးကိုပြုစုလုပ်ကျွေးရမယ်။ နံပါတ်နှစ်၊ ပုတ္တဒါရဿ သင်္ဂဟော၊ သားသမီး၊ ဇနီးမယားတို့ကို ပြုစုလုပ်ကျွေးထောက်ပံ့ရမယ်။ နံပါတ်သုံး၊ အနာကုလာစ ကမ္မန္တာ၊ သူတစ်ပါးကို မထိခိုက်စေဘဲ အနှောင့်အယှက်ကင်းသော အလုပ်ကိုပြုလုပ်ရမယ်။ လိုက်နာရေးမင်္ဂလာလေးပါးဖြစ်တဲ့ နံပါတ်တစ်၊ ဒါနဉ္စ၊ စွန့်ကြဲပေးကမ်း လှူဒါန်းရမယ်။ နံပါတ်နှစ်၊ ဓမ္မာစရိယာ စ၊ သုစရိုက်တရားကို ကျင့်ရမယ်။ နံပါတ်သုံး၊ ညာတကာနဉ္စ သင်္ဂဟော၊ ဆွေမျိုးများကို ပေးကမ်း ထောက်ပံ့ရမယ်။ နံပါတ်လေး၊ အနဝဇ္ဇာနိ ကမ္မာနိ၊ အပြစ်ကင်းသော အလုပ်တို့ကို ပြုလုပ်ရမယ် ဆိုတာတွေကိုတော့ ပုံဝတ္ထုတွေနဲ့ ဖော်ပြခဲ့ပြီးပါပြီ။

 “ရှောင်ကြဉ်ရေးမင်္ဂလာ လေးပါး” 

၁။ အာရတီပါပါ 

၂။ ဝိရတီပါပါ

၃။ မဇ္ဇပါနာ စ သံယမော 

၄။ အပ္ပမာဒေါစ ဓမ္မေသု 

မြန်မာလိုအဓိပ္ပာယ်တွေကတော့ နံပါတ်တစ်၊ အာရတီပါပါ၊ မကောင်းမှုတို့ကို မတွေ့ကြုံမီကပင် စိတ်ဖြင့် ရှောင်ကြဉ်ထားနှင့်ခြင်း၊ နံပါတ်နှစ်၊ ဝိရတီပါပါ။ မကောင်းမှုပြုရန် ကြုံလာပါက မပြုမိမပြောမိအောင် ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း။ နံပါတ်သုံး၊ မဇ္ဇပါနာစ သံယမော၊ အရက်သေစာ၊ မူးယစ်ဆေးဝါး သောက်စားသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း။ နံပါတ်လေး၊ အပ္ပမာဒေါစ ဓမ္မေသု၊ ကုသိုလ်တရားတို့တွင် မမေ့မလျော့ခြင်းတို့ပေါ့ကွယ်။ 

သားတို့ သမီးတို့၊ မောင်တို့၊ မယ်တို့အပါအဝင် လူတိုင်းလူတိုင်းအတွက် ဘဝဖြတ်သန်းမှုမှာ ရှောင်ကြဉ်ရေး မင်္ဂလာလေးပါးနဲ့အညီ ကျင့်ကြံလုပ်ဆောင်ကြမယ်ဆိုရင် အောင်မြင်ပျော်ရွှင်ကာ ငြိမ်းအေး သာယာပြီး ချမ်းသာကြွယ်ဝတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြမှာပဲဖြစ် တယ်။ 

မကောင်းမှုကို ဝေးဝေးက ရှောင်ကြဉ်ရမယ်။ မကောင်းမှုမှ အထူးသဖြင့်ရှောင်ကြဉ်ရမယ်။ မူးယစ်သောက်စားမှုမှ ရှောင်ကြဉ်ရမယ်။ ကုသိုလ်တရားတို့ကို မမေ့မလျော့သတိတည်ရမယ်။ 

မြန်မာလိုအနှစ်ချုပ်ပါပဲ။ ယနေ့လူငယ်လူရွယ် မျိုးဆက်သစ်သားတို့ သမီးတို့၊ မောင်တို့၊ မယ်တို့အပါအဝင် လူတိုင်းလူတိုင်း လိုက်နာကျင့်ဆောင်ရမယ့် လိုက်နာကျင့်သုံးရေး နည်းနာတွေပေါ့ကွယ်။