Skip to main content

ဒေသလူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနေသည့် တောင်ကြီးခရိုင်မှ လမ်းကွန်ရက်များ

မေရတနာ

ပဲပုပ်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စသည့် တောင်ကြီးဒေသ ထွက်ကုန်များသည် ဖြူ၊ နီ၊ ပြာ၊ ဝါအရောင်စုံဖြင့် လတ်ဆတ်နေသည်။ တောင်ကြီးဈေးအတွင်း ဈေးဖွင့်ချိန် နံနက်ခင်းမှသည် ဈေးသိမ်းချိန် ညနေပိုင်းအထိ ရောင်းဝယ်လှုပ်ရှားမှုများဖြင့် စည်ကားနေသည်မှာ ဒေသလူမှုစီးပွား ဝေစည်ဖွံ့ဖြိုးမှုကို လှစ်ဟပြသနေသကဲ့သို့ပင်။

တောင်ကြီးခရိုင်ကို မြို့နယ် ၁၀ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။ တောင်ကြီးခရိုင်အတွင်းရှိ ပြည်သူအများစုသည် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

“ကျွန်တော်တို့ဒေသက ငြိမ်းချမ်းတယ်၊ ရာသီဥတုက အေးချမ်းသာယာတယ်၊ သီးပင်စားပင် ဖြစ်ထွန်းတယ်။ ဒီနိုင်ငံရဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ပြည်နယ်လို့တောင် ဆိုလို့ရတယ်။ အခုက စိုက်သမျှရောင်း၊ စိုက်နိုင်လေ အကျိုးရှိလေဆိုတော့ ရာသီမပြတ် သီးနှံစိုက်ပျိုးကြတယ်။ ဒီလိုထွက်ကုန်တွေ လွယ်လွယ်ကူကူ ရောင်းချနိုင်အောင် လမ်းတွေကလည်း ကောင်းတယ်။ ကျွန်တော်တို့ဒေသမှာ လမ်းကြောင့် ခရီးဖင့်တယ်ဆိုတာ မရှိတော့ပါဘူး” ဟု တောင်ကြီးမြို့ ဒေသခံ ဦးခွန်မောင်ကျော်က ဆိုသည်။

ခရိုင်အတွင်းရှိ တောင်ကြီး၊ ရွာငံ၊ ပင်လောင်း၊ ပင်းတယ၊ ဖယ်ခုံ၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ဆီဆိုင်နှင့် ဟိုပုံးမြို့ နယ်တို့မှ ဒေသထွက်ကုန်များကို ဈေးကွက်အတွင်း အချိန်မီ တင်ပို့ရောင်းချနိုင်ရန်၊ ဒေသလူမှုစီးပွားကို အထောက်အကူပြုနိုင်ရန် လမ်းဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းရှိ လမ်းကွန်ရက်များကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ခရိုင်အတွင်းမှ အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်းလမ်းသည် အေးသာယာမြို့မှ အစပြု၍ အင်းလေးကန် အရှေ့ခြမ်းဒေသများကို ဖြတ်သန်းချိတ်ဆက်ကာ ပင်လောင်းမြို့အထိ သွားလာနိုင်သည့် လမ်းပိုင်းတစ်ခုဖြစ်သည်။ ဒေသခံ ပြည်သူများအနေဖြင့် ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာအသုံးပြုနိုင်ရန် အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လမ်းဦးစီးဌာနအနေဖြင့် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။

“ဒီဘဏ္ဍာနှစ်မှာ ပြည်နယ်ရန်ပုံငွေနဲ့ ကတ္တရာ ကွန်ကရစ် (AC)ခင်းခြင်း ငါးဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ချဲ့ခင်းခြင်း တစ်မိုင်ခြောက်ဖာလုံ၊ မျက်ကွယ်ကုန်းဖြတ်တာ ခြောက်ဖာလုံ၊ လမ်းပခုံးပြုပြင်တာ ငါးဖာလုံ၊ ပေ ၅၀ အောက် သံကူကွန်ကရစ်တံတားနဲ့ ရေပြွန်တည်ဆောက်တာ နှစ်စင်း၊ တံတားချဲ့တာ သုံးစင်းနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းတာ စတဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်။ ဒီလုပ်ငန်းပြီးစီးတဲ့အချိန်မှာ ကတ္တရာကွန်ကရစ် (AC)လမ်း ငါးဖာလုံ၊ ကတ္တရာလမ်း ၅၆ မိုင် ၇ ဖာလုံ စုစုပေါင်း ၅၇ မိုင် ၄ ဖာလုံအရှည်ရှိပြီး Paved Ratio ၁၀၀ : ၀ ၊ Width Ratio ၅၉ : ၄၁ အထိ တိုးတက်လာမှာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရဇော်က ပြောသည်။

ပြည်နယ်လမ်းဦးစီးဌာနသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လ ဘဏ္ဍာနှစ်အတွင်း အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်းလမ်း အဆင့်မြှင့်တင်မှုအနေဖြင့် ၁၈ ပေအကျယ် ဒုအခြေခံလွှာ ချဲ့ခင်းခြင်း တစ်မိုင် နှစ်ဖာလုံ၊ ကတ္တရာလမ်း နိမ့်မြင့်ညှိ၍ ရေပိတ်လွှာလောင်းခြင်း တစ်မိုင် နှစ်ဖာလုံ၊ ကျောက်တောင် မိုင်းခွဲ၍ ရေမြောင်းတူးခြင်း ၃၀၂ ပေ၊ လမ်းကွေ့များအား ဒုအခြေခံလွှာချဲ့ခြင်း နှစ်မိုင် နှစ်ဖာလုံ၊ မျက်ကွယ်ကွေ့များ ချဲ့ထွင်ခြင်း ခြောက်ဖာလုံနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

“ကျွန်တော်တို့ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းမှာရှိတဲ့ အင်းလေးဒေသဟာ ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်မှုများသလို ဒီဒေသက စိုက်ပျိုးသီးနှံထွက်ရှိတဲ့ ဒေသဖြစ်တဲ့အတွက် အင်းလေးဒေသရဲ့ ဘယ်နေရာကိုမဆို အဆင်ပြေပြေ ချိတ်ဆက်သွားလာနိုင်ဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။ ဒါကြောင့် အင်းလေးကန်အနောက် ပတ်လမ်းတစ်ခုဖြစ်တဲ့ တောင်ကြီးမြို့နယ်ထဲက တောင်လေးလုံးရွာနဲ့ ညောင်ရွှေမြို့နယ်ထဲက ခေါင်တိုင်ရွာကို ဆက်သွယ်တဲ့ ဒေသအကျိုးပြု တောင်လေးလုံး-ရေပူ-ခေါင်တိုင် လမ်းပိုင်းကိုလည်း ဒီဘဏ္ဍာနှစ်မှာ ဆောင်ရွက်နေပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးသူရဇော်က ပြောသည်။

တောင်လေးလုံး-ရေပူ-ခေါင်တိုင် လမ်းပိုင်း အဆင့်မြှင့်တင်မှုအနေဖြင့် ၁၈ ပေ အကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း လေးဖာလုံ၊ ကတ္တရာလမ်းနိမ့်မြင့်ညှိ ရေပိတ်လွှာလောင်းခြင်း ငါးဖာလုံ၊ လမ်းပခုံးပြုပြင်ခြင်း ခြောက်ဖာလုံ၊ တံတားချဲ့ခြင်း တစ်စင်းနှင့် သာမန် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း လမ်းဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။

လမ်းဦးစီးဌာနသည် ပြည်တွင်း ပြည်ပ ခရီးသွားများ သွားလာမှုများသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသနှင့် ကလောမြို့နယ် အောင်ပန်းမြို့ကို အနီးဆုံး ဆက်သွယ်သွားရောက်နိုင်မည့် အောင်ပန်း-ပင်မှီ-အင်းတိန်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အောင်ပန်းမြို့မှ အင်းတိန်သို့ မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း (မိုင်တိုင်- ၉၉/၂) မှတစ်ဆင့် တောင်လေးလုံး-ရေပူ-ခေါင်တိုင် လမ်း၊ ခေါင်တိုင် - အင်းတိန်လမ်းမှ သွားပါက ၄၃/၀ မိုင်ခန့် ရှိမည်ဖြစ်သည်။ မိတ္ထီလာ- တောင်ကြီး - ကျိုင်းတုံ -တာချီလိတ်လမ်း အောင်ပန်းမြို့ မိုင်တိုင်- ၇၇/၄ မှတစ်ဆင့် အောင်ပန်း-ပင်မှီ-နန်းရုတ်-အင်းတိန်လမ်းမှသွားပါ က ၂၁/၂ မိုင် သွားရသည့်အတွက် မိုင်အားဖြင့် ၂၂/၀ မိုင်ခန့် သက်သာသွားမည်ဖြစ်သည်။

ယခုဘဏ္ဍာနှစ်တွင် အောင်ပန်း-ပင်မှီ-အင်းတိန်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ကတ္တရာလမ်းသစ်ခင်းခြင်း ခြောက်မိုင် ၁ ဒသမ ၅ ဖာလုံ၊ မျက်ကွယ်ကုန်းဖြတ်ခြင်း နှစ်မိုင်၊ တံတားချဲ့ခြင်း ခြောက်စင်းနှင့် သာမန်ပြင်ဆင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါလမ်းပိုင်းအား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လဘဏ္ဍာနှစ်အတွင်း ကတ္တရာလမ်းသစ်ခင်းခြင်း တစ်မိုင် တစ်ဖာလုံ၊ မြေသားတာပေါင်ချဲ့ခြင်း တစ်မိုင် ခုနစ်ဖာလုံ၊ အမာခံလမ်းပြုပြင်ခြင်း ခြောက်မိုင် နှစ်ဖာလုံ၊ တံတားချဉ်းကပ်လမ်း တည်ဆောက်ခြင်း တစ်စင်း၊ ပေ ၅၀ အောက် သံကူကွန်ကရစ်တံတားနှင့် ရေပြွန်တည်ဆောက်ခြင်း နှစ်စင်းနှင့် သာမန်ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနက ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည်။

ထို့အတူ တောင်ကြီးခရိုင်အတွင်းရှိ ဟိုပုံးမြို့နယ် (ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)နှင့် လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့နယ် ပင်လုံမြို့တို့ကို ဆက်သွယ်ထားသည့် ကျောက်တန်း - ဖက်နမ် - ပင်လုံလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်တန်း - ဖက်နမ် - ပင်လုံလမ်း အဆင့်မြှင့်တင်မှုအနေဖြင့် ကျောက်စီရေမြောင်းနှင့် Toe Wall တည်ဆောက် ခြင်း ၅၀၇၉ ပေ၊ လမ်းအင်္ဂါရပ်နှင့်အညီ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရန် ကီလိုမီတာတိုင်/ Road Sign / လမ်းနယ်တိုင်များ စိုက်ထူခြင်း ၃၈၄ တိုင်နှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။

“ဒီလမ်းဟာ ထမ်ဆမ်း - ကျောက်တန်း လမ်းမှတစ်ဆင့် အာရှ/အာဆီယံ လမ်းမကြီးတွေဖြစ်တဲ့ မိတ္ထီလာ - တောင်ကြီး- ကျိုင်းတုံ - တာချီလိတ်လမ်း(AH-2) လမ်းမကြီး မိုင်တိုင် ၁၄၀/၂ မိုင်နဲ့ လွိုင်လင် - ပန်ကေတု - သီပေါလမ်း (AH-111)လမ်းမကြီး မိုင်တိုင် ၆/၄ မိုင်တို့ကို ချိတ်ဆက်ထားတယ်။ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တောင်ကြီး-လွိုင်လင်)လမ်းအပိုင်းမှာ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုကြောင့် လမ်းပိတ်ဆို့ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရင် ကုန်စည်စီးဆင်းမှုတွေ၊ ဖြတ်သန်းသွားလာမှုတွေ ကြန့်ကြာမှုမရှိအောင် အရေးပေါ်‌ ရှောင်ကွင်းသွားလာနိုင်မယ့် အရန်လမ်း တစ်လမ်းအဖြစ်လည်း ရည်ရွယ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးသူရဇော်က ရှင်းပြသည်။

ကျောက်တန်း - ဖက်နမ် - ပင်လုံ လမ်း အဆင့်မြှင့်တင်ထားသည့်အတွက် ယင်းလမ်းပိုင်းပေါ်ရှိ ကျေးရွာအုပ်စု ခုနစ်စု၊ ကျေးရွာပေါင်း ၉၈ ရွာ၊ အိမ်ခြေပေါင်း ၈၃၄၂ အိမ်မှ ဒေသခံပြည်သူ ၅၆၇၀၇ ဦး၏ လူမှုစီးပွားကိုပါ အထောက်အကူပြုလျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရလျှင် မြို့နယ် ၁၀ မြို့နယ် ဖွဲ့စည်းထားသော တောင်ကြီးခရိုင်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရန်၊ ပြည်နယ်စီးပွားတိုးတက်စေရန် အထောက်အကူပြုမည့် လမ်းကွန်ရက်များကို လမ်းဦးစီးဌာနက ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။         ။