Skip to main content

သန်လျင်မှ သီတာကုန်းပြင်ရှိရာကို

12

မြင့်စိုး(နတလ)

သန်လျင်ကို လူတိုင်းသိကြသည်၊ သီတာကုန်းပြင်ဆိုတာကိုတော့ လူတိုင်းသိကြလိမ့်မည် မဟုတ်ပါ။ သန်လျင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တည်ရှိနေသော မြို့လေးတစ်မြို့၊ ကျောက်တန်းရေလယ်ဘုရား၊ ကျိုက်ခေါက်စေတီတို့နှင့်တွဲ၍ ထင်ရှားခဲ့သည်။ သီတာကုန်းပြင် ဆိုတာကတော့ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၊ သည်မြို့နှင့်သည်ရွာကို ဝိဂြိုဟ်ပြုနေရခြင်းမှာ သန်လျင်မှာအစပြု၍ သီတာကုန်းပြင်မှာ နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့သော ဇာတ်လမ်းအကြောင်းအရာ တစ်ခုကို ကျွန်တော့်ဆောင်းပါး အဆုံးမှာ ပြောပြလို၍ ဖြစ်ပါသည်။ ယခုတစ်ခေါက် ခရီးစဉ်မှာ နေပြည်တော်မှ ရန်ကုန်၊ ထိုမှ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတနှင့် အင်္ဂပူမြို့နယ်များ၊ အင်္ဂပူမှ လေးမျက်နှာ၊ ပြီးလျှင် ရေကြည်မြို့နယ်ထဲက သီတာကုန်းပြင်ရွာကြီးကို ခဏဝင်ပြီး ပုသိမ်မြို့သို့ ဆက်လက်ထွက်ခွာ ခဲ့ခြင်းဖြစ်၏။ ကျွန်တော်နှင့်အတူ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့ လိုက်ပါလာခဲ့ကြသည်။

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)

ယင်းတက္ကသိုလ်သို့ ကျွန်တော်သွားချင်သည့်ဆန္ဒ ဖြစ်ပေါ်နေသည်မှာ တော်တော်ကြာပေပြီ။ အကြောင်းမညီညွတ်၍ မရောက်ခဲ့။ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကမူ ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ်နှင့်အတူ ရောက်ခွင့်ကြုံခဲ့ပါပြီ။ တက္ကသိုလ်ကျောင်းဝင်းထဲသို့ ခြေချလိုက်သည်နှင့် ပထမဆုံးမြင်တွေ့လိုက်ရသည်က ခံ့ညားထည်ဝါလှပသော ဘက်စုံသုံးခန်းမ (Multipurpose Hall) ကြီး ဖြစ်ပါသည်။ ခန်းမကြီးရှေ့မှာ ကျွန်တော်တို့ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ကြ၏။ ပြီးလျှင် ထိုခန်းမကြီးထဲမှာပင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိက၊ နည်းပြဆရာ ဆရာမများအား တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ကျောင်းသား ကျောင်းသူများအား မေတ္တာ၊ ကရုဏာ စေတနာထား၍ သင်ကြားပေးရေး၊ Guardian စနစ်ဖြင့် ကူညီစောင့်ရှောက်မှုများပေးကြရေး၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင့်ကြံလိုက်နာ နေထိုင်ပြီး တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်သွားကြရေး တိုက်တွန်းမှာကြားခဲ့ပါသည်။ ပြီးလျှင် ပထမနှစ် (ပထမ နှစ်ဝက်) ကျောင်းသား ကျောင်းသူများ၊ ပထမနှစ် (ဒုတိယ နှစ်ဝက်) ကျောင်းသား ကျောင်းသူများ၊ စတုတ္ထနှစ် ကျောင်းသား ကျောင်းသူ များကို လိုက်လံနှုတ်ဆက်အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့၏။

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၏ သုတေသန စာတမ်းများ ပြုစုဆောင်ရွက်မှုအခြေအနေကို စိတ်ဝင်တစား မေးမြန်းခဲ့မိသည်။ ယင်းတက္ကသိုလ်အနေဖြင့် သုတေသန စာတမ်းဖတ်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ ပါသည်။ ၂၀၁၉-၂၀၂၀ ပြည့်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ (Myanmar Universities’ Research Conference–MURC) ၌ စီးပွားရေးပညာ ရပ်ဆိုင်ရာ သုတေသန စာတမ်း ရှစ်စောင် ဖတ်ကြားတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းပေါင်း ၁၃ ခုရှိပါသည်။ ၂၀၂၀ ပြည့်နှစ် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ (MURC, 2020) တွင် သမဝါယမပညာဌာနမှ လက်ထောက်ကထိက ဒေါ်ငြိမ်းထက်အေးသည် စီးပွားရေးဆိုင်ရာ ဘာသာရပ်၌ အကောင်းဆုံးစာတမ်း ဒုတိယဆုရရှိ ခဲ့ကြောင်းလည်း သိခွင့်ရခဲ့သည်။ အညာဒေသ ထန်းတောင်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာတင်ပြထား သော စာတမ်းတစ်စောင်ဖြစ်ပါသည်။ ရှေးယခင်က ထန်းထွက်ပစ္စည်း အနေဖြင့် ထန်းလျက်ခဲ ထုတ်လုပ်မှုတစ်မျိုးသာရှိသဖြင့် ထန်းပင်များကို ခုတ်လှဲရောင်းချကြရာ ထန်းပင်များ လျော့နည်းပျောက်ကွယ်လာခြင်း၊ ထန်းလျက်ထုတ်လုပ်မှုနည်းပါးလာခြင်းများ ကြုံတွေ့လာရသည်။ ယင်းပြဿနာကို ဖြေရှင်းရန် ရေစကြိုမြို့နယ်ရှိ 555 ရွှေဟင်္သာကုမ္ပဏီက ထန်းလျက်မှုန့်ကို တန်ဖိုးမြင့်ထုတ်ကုန် (Value Added) အဖြစ် ဆန်းသစ်ထုတ်လုပ်ပြီး အချိုမှုန့်အစားထိုး၊ သကြားအစားထိုး အသုံးပြုလာနိုင်ခြင်းကို သုတေသနစာတမ်း ဖတ်ကြားတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဟင်္သာတမှတစ်ဆင့် အင်္ဂပူမြို့နယ်သို့

ရန်ကုန်မှ ဟင်္သာတသို့ မော်တော်ယာဉ်များနှင့်အသွား၊ ဇလွန်မြို့ကို ဖြတ်ခဲ့သော်လည်း ပြည်တော်ပြန်ဘုရားကြီးအား ဝင်ရောက်ဖူးမြော်ရန် အခွင့်မသာသဖြင့် အဝေးမှပင် လက်အုပ် ချီခဲ့ရသည်။ ဟင်္သာတတွင်မူ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများကိုပါ စုစည်း၍ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ထိုမှတစ်ဆင့် အင်္ဂပူမြို့နယ်ထဲရှိ ရွှေတောင်စုခေတ်မီစံပြ ကျေးရွာ (SMART Village) သို့ ခရီးဆက်ခဲ့ကြပါသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ခေတ်မီစံပြကျေးရွာ (SMART Village) ၄၂ ရွာ တည်ထောင်ပေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး တွင် အင်္ဂပူမြို့နယ်ထဲက ရွှေတောင်စုကျေးရွာ၊ ဘိုကလေးမြို့နယ် ထဲက ငွေတောင်ကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ်ထဲက အနောက်စုကြီး ကျေးရွာများ ပါဝင်ပါသည်။ ရွှေတောင်စု ရွာ အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးကြပြီးနောက် ယင်းရွာတွင် ဖွဲ့စည်းပေးထားပြီးဖြစ်သော ရွှေလဝန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်း၊ အသင်းသားများအား ချေးငွေများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရွှေတောင်စုခေတ်မီစံပြကျေးရွာသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ဆောင်ရွက်ရန် ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ရွှေတောင်စုကျေးရွာသို့ ရောက်ရှိစဉ် ရွာထိပ်၌သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ် ခဲ့ရာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

လေးမျက်နှာကို ဝင်ခဲ့သည်

အင်္ဂပူမြို့ထဲသို့ မရောက်ခဲ့ပါ။ ရွှေတောင်စုကျေးရွာသည် အင်္ဂပူမြို့၏ တောင်ဘက်တွင် တည်ရှိနေပါသည်။ ဆုံကုန်းတံတားကြီးနှင့်လည်း မဝေးလှ၊ ဆုံကုန်းတံတားကြီးကတော့ ဒုတိယ ကမ္ဘာစစ်ကတည်းက ထိုဒေသတွင် နာမည်ကျော်ကြား ထင်ရှားခဲ့သော တံတားကြီးတစ်စင်း ဖြစ်၏။ ရှေးဟောင်း တံတားကြီးဖြစ်၍ ကြမ်းခင်းများ ပျက်စီးနေသည်ကို ယခင်တစ်ခေါက် ရောက်စဉ်က တွေ့မြင်ခဲ့ရ၏။ ယခုအခါ ကြမ်းခင်းများ ပြန်လည်ပြင်ဆင်နေပြီး လက်ရန်း သံတန်းများလည်း အသစ်ပြုလုပ်နေသည်ကို တွေ့ရသည်။ ထိုတံတားကြီး သည်လည်း ရှေးနှစ်ပေါင်းများစွာကပင် အင်္ဂပူ၊ ဓမ္ဘီ၊ ဟင်္သာတ ဒေသရှိ ပြည်သူများ သွားလာရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို များစွာအထောက်အကူ ပြုခဲ့သည့် ကား၊ ရထား ကူးတံတားကြီး ဖြစ်ခဲ့သည်။ ဟင်္သာတ-ကြံခင်း ရထား လမ်းပေါ်တွင် တည်ရှိနေပါသည်။

အင်္ဂပူမှ အပြန်ခရီးတွင် တလုတ္ထော်လမ်းခွဲမှချိုး၍ လေးမျက်နှာမြို့လေးရှိရာကို ခရီးဆက်ခဲ့ကြ သည်။ လေးမျက်နှာမြို့လေးသည် ကျွန်တော် အထက်တန်း ကျောင်းသားဘဝက နေထိုင်ပညာ သင်ကြားခဲ့သည့် ပရဟိတဂေဟာ တည်ရှိနေပါသည်။ ထိုစဉ်က ကျေးဇူးရှင် ဆရာတော်ကြီး နှစ်ပါးဖြစ်သော ဦးပညာလောကနှင့် ဦးဇောတိပါလတို့မှာ ပျံလွန်တော် မူခဲ့ကြပေပြီ။ လက်ရှိ ပရဟိတဂေဟာကို စောင့်ရှောက်နေသော တတိယမြောက်ဆရာတော် ဘဒ္ဒန္တအရိယာနန္ဒအား ဝင်ရောက်ဖူးမြော် ကန်တော့ခဲ့သည်။ ဆက်လက်၍ ငဝန်တံတားကြီးကို ဖြတ်ကူးကာ တစ်ဖက် ကမ်း ခတ္တူရပ်ကွက်ရှိ စတုမုခထူပါရုံ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။ သမိုင်းဝင်စေတီ တော်မြတ်ကြီးသည် ငဝန်မြစ်ကမ်း နံဘေးတွင်တည်ရှိပြီး မြစ်ရေတိုက်စား မှုကြောင့် ကမ်းပြိုလျက်ရှိရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မြစ်ကမ်းထိန်း လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေးထားသည်ကို တွေ့မြင်ခဲ့ရသည်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မကြာခဏ သွားရောက်စစ်ဆေးကြည့်ရှုသည်ကိုလည်း ကြားသိ နေရ၍ ကျေးဇူးတင်ဝမ်းမြောက်ရပါသည်။

လေးမျက်နှာမြို့နယ်ထဲမှာ ကျွန်တော်မဖြစ်မနေ ဝင်ရောက်ရမည့် ဇာတိမြေက ကျေးရွာများ ရှိနေပါသေးသည်။ မြို့နယ်အနောက်ဘက်ခြမ်း ပုသိမ် - မုံရွာကားလမ်းဘေး (ကားလမ်းကြီး မပေါ်ပေါက်မီကတော့ အနောက်ရိုးမတောင်ခြေ) ရှိ စိန်တောင်၊ လှော်ကထားကျေးရွာများ ဖြစ်သည်။ လှော်ကထားအလက (ယခုအထက) မှာ ကျွန်တော် ရှစ်တန်းအောင်ခဲ့သည်။ ထိုမှ လေးမျက်နှာပရဟိတသို့ သွားရောက်နေထိုင်ပြီး ၉ တန်း၊ ၁၀ တန်း တက်ရောက်ခဲ့ခြင်းဖြစ်၏။ လှော်ကထား အထက ကျောင်းသား ကျောင်းသူများ ဆုချီးမြှင့်ပွဲတွင် အသုံးပြုရန် အလှူငွေ ပေးအပ်ခဲ့ပါသည်။ လှော်ကထားမှတစ်ဆင့် ကျွန်တော်ဆက်လက် သွားရောက်ခဲ့သော နေရာတစ်ခုမှာ ဆောင်းပါးခေါင်းစဉ်တွင် ပါရှိသည့် သီတာကုန်းပြင်ရွာကြီး ဖြစ်ပါသည်။ ရှေးယခင်က လေးမျက်နှာမြို့နယ်ထဲမှာ ဖြစ်သော်လည်း ယခုအခါ ရေကြည်မြို့နယ်အပိုင် စာရင်းပေါက်ရွာကြီး ဖြစ်သွားခဲ့ပေပြီ။ ၁၉၆၈ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။

သီတာကုန်းပြင်ဆိုသည်မှာ

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်းရှိ သီတာကုန်းပြင်ရွာသည် တိုင်းကျော် ပြည်ကျော်မဟုတ်သည့်တိုင် သမိုင်းဝင် ရွှေနန်းဦး(မြသိန်းတန်)စေတီ၊ ရွှေဒါန်းဦးစေတီ၊ ရွှေကူနီဘုရားတို့ကို အကြောင်းပြု၍လည်းကောင်း၊ သီတာမောင်နှမနတ်ကွန်းနှင့် ဆက်စပ်၍ လည်းကောင်း လူသိများထင်ရှားခဲ့သည်။

သီတာမောင်နှမဆိုသည်မှာ မောင်တော် နန္ဒဘယ မင်းသား၊ နှမတော် သုပဘာ ဒေဝီ မင်းသမီးတို့ကို ရည်ညွှန်းပါသည်။ သီတာကုန်းပြင်ရွာကြီးသည် တစ်ချိန်က ပုသိမ် ၃၂ မြို့ စာရင်းဝင် ကျိုက်ပွင့်ပြည်ပဒေါ၊ ကျိုက်ပွင့်ပဒေါ၊ ကျိုက်မင်းပဒေါ၊ ကျိုက်တော်ပြည့်ပဒေါ၊ ကျိုက်ယသီမြို့ဟူ၍ အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ် သမုတ်ခဲ့ကြကြောင်း သမိုင်းများက ဆို၏။ ကျိုက်ယသီမှ ကျိုက်ယသီဒါ၊ ထိုမှ သီတာကုန်းပြင် ဖြစ်လာခဲ့သည်ဟု မှတ်ယူကြသည်။ သီတာကုန်းပြင်၏ အနက်အဓိပ္ပာယ်မှာ သီတာသည် သီတက ဆင်းသက်လာပြီး အေးချမ်းသာယာသော အဓိပ္ပာယ်ကို ဆောင်ပါသည်။ ကုန်းပြင်ကတော့ ကုန်းမြင့်ဟုအဓိပ္ပာယ်ရ သဖြင့် အေးချမ်းသာယာသော ကုန်းမြင့် နေရာဌာနဟု မှတ်ယူကြပါသည်။

ငဇင်ကာ၊ သန်လျင်နှင့်သီတာကုန်းပြင်

ရခိုင်ဘုရင် မင်းဗာကြီးလက်ထက် အေဒီ ၁၅၃၁-၁၅၃၃ ကာလများတွင် မြောက်ဦးဒေသသို့ ပေါ်တူဂီများ ရောက်ရှိနေပြီး မြောက်ဦးမြို့ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည် ဆို၏။ မြောက်ဦးမင်းဆက် မင်းရာဇာကြီး အေဒီ ၁၅၉၃-၁၆၁၂ လက်ထက်၌ စစ်ဘက်အရာရှိ အဖြစ် ပေါ်တူဂီလူမျိုး ငဇင်ကာသည် နေရာရရှိလာသည်။ ၁၅ ရာစုနှင့် ၁၆ ရာစုတို့တွင် ပေါ်တူဂီတို့ နယ်ချဲ့အားကောင်းလာချိန်မှာ ရခိုင်ဘုရင်များ၊ မြန်မာဘုရင်များ အုပ်စိုးရာနေရာ များ၌ စည်းလုံးညီညွတ်မှု ပျက်ပြားပြီး သူတစ်လူ ငါတစ်မင်း ဖြစ်လာကြသည်။ ဘုရင့်နောင် မင်းတရားကြီး လွန်ပြီးနောက် သားတော် နန္ဒဘုရင် လက်ထက်တွင် အကွပ်အညှပ် အားနည်း၍ ဟံသာဝတီထီးနန်း ယိမ်းယိုင်ခဲ့သည်။ ဟံသာဝတီ တိုက်ခိုက်ခံရပြီးနောက် ငဇင်ကာသည် သန်လျင်မြို့စောင့်နယ်စား ခန့်ထားခြင်းခံရသည်။ ရခိုင်ဘက်တွင်လည်း သူတစ်လူငါတစ်မင်း ဖြစ်လာပြီးနောက် ရခိုင်အမတ် မင်းစောထွတ်က ၎င်း၏သမီး စောသန္တာ(စောသဒ္ဓါ) ကို ငဇင်ကာနှင့် လက်ဆက်ထိမ်းမြားပေးခဲ့သည်။ ၎င်းတို့နှစ်ဦးမှ သားတော် နန္ဒာဘယနှင့် သမီးတော် သုပဘာဒေဝီတို့ ထွန်းကားလာခဲ့သည်။ ငဇင်ကာသည် နတ်ရှင်နောင်နှင့် ပူးပေါင်းပြီး အေဒီ ၁၆၁၂ ၌ တောင်ငူကို တိုက်ခိုက်သိမ်းယူခဲ့သည်။ သည့်အတွက် အေဒီ ၁၆၁၃ ၌ အနောက်ဘက်လွန် မင်းတရားသည် သန်လျင်ကို ချီတက်တိုက်ခိုက်၍ ငဇင်ကာနှင့် နတ်ရှင်နောင်တို့အား ကွပ်မျက်ခဲ့ပါသည်။ စောသန္တာနှင့် သားငယ် သမီးငယ်တို့သည် ခြွေရံသင်းပင်းများနှင့်အတူ သန်လျင်မှ လှေဖြင့်ဆန်တက်၍ ဟင်္သာတမြို့ဘက်သို့ ရောက်လာ သည်။ ယင်းမှတစ်ဖန် ငဝန်မြစ်အတွင်းဝင်ရောက်ပြီး သီတာကုန်းပြင် ဖြစ်လာမည့် ဒေသဘက်သို့ ရောက်ရှိလာပါသည်။ စောသန္တာမင်းသမီး ကွယ်လွန်သွားသောအခါ ကျန်ရစ်သော ကလေးနှစ်ဦးကို ရခိုင်အမတ်သုဒိန်က ကောက်ယူမွေးစား၍ ကျိုက်ယသီ (ယခင် ကျိုက်ပွင့်ပဒေါ မြို့ဟောင်းနေရာ) မြို့ကို တည်ထောင်ပေးခဲ့သည်။ အနောက်ဘက်လွန်မင်း လာတိုက်သောအခါ မြန်အောင်မြို့ဘက်သို့ ခေတ္တတိမ်းရှောင်ကြရင်း ကွင်းကောက်ဒေသ၌ ဘုရားစေတီများ တည်ခဲ့ကြကြောင်း သိရသည်။ ထိုအချိန်ကတည်းက ယင်းတို့နှစ်ဦးကို သီတာ မောင်နှမအဖြစ် ဒေသတစ်ခုလုံးက ချစ်ခင်စွာ ခေါ်ဝေါ်နေကြပြီဖြစ်သည်။ သီတာကုန်းပြင်ဒေသသို့ ပြန်လည် ရောက်ရှိကြပြီးနောက် ရွှေနန်းဦးစေတီ (မြသိန်းတန်စေတီ)၊ ရွှေဒါန်းဦးစေတီ၊ ရွှေကူနီဘုရား တို့ကို တည်ခဲ့ကြသည်။

သီတာမောင်နှမသည် ယင်းကဲ့သို့ နေလာရာက အေဒီ ၁၆၃၇ ခုနှစ်၌ မောင်တော် နန္ဒဘယမင်းသားသည် ဘေးထိုးရင်ကျပ်နာ ပြင်းစွာဖြစ်၍ ကွယ်လွန်ခဲ့သည်။ မောင်ဖြစ်သူ ကွယ်လွန်ပြီး မကြာမီမှာပင် နှမတော် သုပဘာဒေဝီ မင်းသမီးသည်လည်း ရင်ကွဲနာကျ၍ ကွယ်လွန်ပြန်လေ၏။ အေဒီ ၁၈၇၁ ခုနှစ်တွင် ရွှေနန်းဦးစေတီကို ပြုပြင်မွမ်းမံပြီး မြသိန်းတန် စေတီအဖြစ် ဘွဲ့အမည် ပြောင်းလဲခေါ်ဝေါ်ချိန်မှာပင် သီတာမောင်နှမ နတ်ကွန်းစင် ပေါ်ပေါက် လာခဲ့ပါသည်။ ဘုရားပြုပြင်ချိန် အေဒီ ၁၈၇၁ ခုနှစ် ရေးထိုးခဲ့သော မြသိန်းတန် စေတီကျောက်စာ၌ အထက်ပါအကြောင်း အရာအချို့ကို ဖော်ပြထားကြောင်း ဖတ်ရှုလေ့လာ ခဲ့ရပါသည်။ မြသိန်းတန် ဘုရားပွဲကို နှစ်စဉ် တပေါင်းလ၌ ကုန်းပွဲ၊ တော်သလင်းလ၌ ရေပွဲများ ကျင်းပကာ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲခဲ့ကြသည်။ ရှေးယခင်က ကုန်းပွဲတွင် ဇာတ်သဘင်ပွဲများ၊ ရိုးရာခြင်းလုံးခတ်၊ ဘော်လီဘောပွဲများ ကျင်းပပြီး ရေပွဲ၌မူ သီတာချောင်းထဲတွင် လောင်းလှေများ ယှဉ်ပြိုင်လှော်ခတ်ကြသည် ဟု သိရှိရပါသည်။ ထိုပွဲတော်များကို ယခုတိုင် စည်စည် ကားကားကျင်းပနေကြဆဲ ဖြစ်ပါသည်။

နှုတ်ဆက်ခဲ့ပါသည် သီတာကုန်းပြင်

သီတာကုန်းပြင် ရွာကြီးကို ကျွန်တော်သွားရောက်ခဲ့သည့် အဓိကရည်ရွယ်ချက်မှာ အထက သီတာကုန်းပြင် ကျောင်းအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရန် ဖြစ်ပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်းနှင့် သန်လျင်) တို့မှ ထုတ်ဝေသော နှစ်လည်မဂ္ဂဇင်းများ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်းနှင့် ရန်ကုန်) တို့မှ ထုတ်ဝေသော နှစ်လည်မဂ္ဂဇင်းစာအုပ်များ ဖြစ်ကြပါသည်။ ကျောင်းဆင်းချိန် လွန်သွားပြီဖြစ်၍ ကျောင်းသား ကျောင်းသူများနှင့် တွေ့ခွင့်မရတော့ပါ။ ကျောင်းအုပ် ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက် ရွှေနန်းဦး(မြသိန်းတန်စေတီ)၊ ရွှေဒါန်းဦးစေတီများကို ဖူးမြော်ကြည်ညိုပြီး ပုသိမ်မြို့သို့ ခရီးဆက်ခဲ့ကြပါသည်။ နှုတ်ဆက်ခဲ့ပါ သည် သီတာကုန်းပြင်၊ ပြန်လည်တွေ့ဆုံကြပါဦးစို့။ ။