စေတနာအတွေးများဖြင့် ရာစုနှစ်မြန်မာ့ရုပ်ရှင်
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းတရားများစွာတွင် ယဉ်ကျေးမှုလက္ခဏာတစ်ရပ်လည်း အပါအဝင်ဖြစ်ပါသည်။ ယဉ်ကျေးမှုတွင် လူသားတို့ကိုယ်တိုင်ဖန်တီးယူသော အနုပညာအစိတ်အပိုင်းတစ်ခုဖြစ်သည့် ရုပ်ရှင်ပညာရပ်လည်း အပါအဝင်ဖြစ်ပါသည်။ ရုပ်ရှင်အနုပညာဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံအတွက် အားတစ်ရပ်လည်းဖြစ်သည်ဆိုလျှင် ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ရုပ်ရှင်ထုတ်လုပ်သူရော၊ အတတ်ပညာရှင်များသာမက သရုပ်ဆောင်များအားလုံး၏ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။
ငြိမ်းချမ်းရေးအတွက် Soft Power တစ်ခု
အနုပညာတစ်ရပ်ကပေးလိုက်သော အကြောင်းအရာသည် တိုင်းပြည်၏ယဉ်ကျေးမှုကို ပြသရာရောက်သလို တိုးတက်သောရုပ်ရှင်ပညာက ချပြလိုက်သော အကြောင်း အရာအချက်အလက်များသည် နိုင်ငံသားတို့၏ အတွေး အခေါ်ကို ပြောင်းလဲစေနိုင်ပါသည်။ ရုပ်ရှင်သည် နိုင်ငံ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Soft Power တစ်ခုဖြစ်သည်ဟု တင်စား၍ ရသည်။ နိုင်ငံ၏အမျိုးဂုဏ်တက်လာစေရန် ထုတ်လုပ်သူ ပညာရှင်နှင့် သရုပ်ဆောင်များက များစွာပံ့ပိုးပေးနိုင် သကဲ့သို့ နိုင်ငံသားတို့၏ ကိုယ်ကျင့်တရားသိက္ခာများ မြင့်မားလာစေရေးအတွက်လည်း များစွာကူညီမှုပြုနိုင်ပါသည်။ နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်ရာ Tourist Attraction တစ်ခုအတွက် ရုပ်ရှင်သည် ပြတင်းတံခါး ပေါက်တစ်ခုလည်း ဖြစ်ပါသည်။ ခေတ်စနစ်နှင့်အတူ နိုင်ငံ သားများ၏ Mindset များ ပြုပြင်ပြောင်းလဲရန်အတွက် နိုင်ငံနှင့် လူမျိုးကိုချစ်စိတ်၊ ကိုယ့်ပြည်သူပြည်သားများကို တန်ဖိုးထားလေးစားသော စိတ်ရင်းစေတနာကောင်းများ ဖြင့် ကြိုးစားအားထုတ် ဖန်တီးထားသော အရည်အသွေး ဇာတ်ကားကောင်းများစွာ ပိုမိုပေါ်ထွက်လာရန် ယနေ့ ခေတ်က တောင်းဆိုနေပါသည်။
ဆန်းသစ်ဖန်တီးမှုများဖြင့် ဖြေရှင်းဖြည့်ဆည်းပေးရန်
ယခုနှစ်သည် ရုပ်ရှင်နှစ် (၁၀၀) သက်တမ်းပြည့် မြောက်သည့်နှစ်လည်းဖြစ်၍ ရုပ်ရှင်အပေါ် ပြည်သူတို့၏ မျှော်လင့်ချက်နှင့် စိတ်ဝင်စားမှု မြင့်မားနေသည့် ကာလ တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ ရုပ်ရှင်ဖန်တီးသူများနှင့် အားပေးနှစ်သက်သူများ၏ခံစားမှုသည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသလို တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ယခု ရုပ်ရှင်ရေစီးကြောင်းသည် ရိုက်ကူးတင်ဆက်ပြသမှု၊ ဇာတ်လမ်းဇာတ်ညွှန်းပိုင်း၌ အသစ်တစ်ဖန်ဆန်းသစ်မှု များဖြင့် ကောင်းမွန်သောတိုးတက်မှုအချို့ကို တွေ့ရှိနေရ သည်။ အနုပညာမျိုးဆက်သစ်များကို အသိအမှတ်ပြုလာမှု နှင့်အတူ မျိုးဆက်အသစ်နှင့် အဟောင်းများအကြား အပြန်အလှန်လေးစားရိုသေမှု၊ ညှိနှိုင်းမှုများနှင့် ကူညီ မျှဝေမှုများက မြန်မာ့ရုပ်ရှင်လောကကို အရှိန်အဟုန်ဖြင့် ပိုမိုတိုးတက်လာနိုင်မည်ဟု ယူဆပါသည်။ ယနေ့ခေတ် မြန်မာ့ရုပ်ရှင်လောကသားတို့ တီထွင်ဆန်းသစ်နေသည့် ရေစီးကြောင်းကား ရေဆန်ကို လှော်ခတ်နေရသလို အခက်အခဲများ၊ စိန်ခေါ်မှုများစွာနှင့် ခေတ်၏တောင်းဆို မှုများစွာကို ရင်ဆိုင်ဖြေရှင်း ဖြည့်ဆည်းပေးရမည့် တာဝန်များလည်း ရှိနေပါသည်။
ဖန်တီးသူများဘက်က တိုးတက်သည်ထက် တိုးတက်အောင် အားထုတ်ကြိုးပမ်းနေကြသလို ပရိသတ်များဘက်ကလည်း မိမိတို့ပေးလိုက်ရသည့်အချိန်နှင့် ငွေကြေးအတွက် တန်ရာတန်ကြေးကို ပြန်လည်ရယူ လိုကြသည်။ စိတ်ဖိစီးမှုများနှင့် စိတ်အေးချမ်းသာရရှိရန် အတွက် မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်း များနှင့် အတူ ငွေနှင့်အချိန်ပေးလိုက်ရသည့် စားသုံးသူ ပရိသတ်အပေါ် အပူမီးများ၊ သောကများ၊ အမုန်းတရား များ မပေးဆပ်မိဖို့ သတိပြုရန်လိုပါသည်။ ယနေ့ခေတ် မြန်မာ့ရုပ်ရှင် ခံစားသူများသည် အနုပညာရသကို အလွယ်တကူ ခံစားတတ်ကြရုံသာမက အသိတရား တိုးပွားလိုမှု၊ ဗဟုသုတပွားများလိုမှု၊ ဖိစီးမှုများ ဖြေလျှော့လိုမှု စသည့်ရည်ရွယ်ချက်များဖြင့်လည်း ရုပ်ရှင်ရုံသို့ လာရောက်ကြသူများဖြစ်ကြပါသည်။
ယဉ်ကျေးမှုအမှတ်လက္ခဏာများ ကူညီထိန်းသိမ်းပေးရန် လိုအပ်
ယနေ့ ၂၁ ရာစုခေတ်တွင် ကမ္ဘာအနှံ့ ယဉ်ကျေးမှုများ သည် ဟိုမှဒီသို့ အချိန်တိုအတွင်း အလွယ်တကူစီးဆင်းမှု များဖြင့် ပျံ့နှံ့ရောယှက်လျက်ရှိနေသည်မှာ သိသာပါသည်။ မိမိတို့က ကိုယ်ခံအားမကောင်းလျှင် ရေများရေနိုင်၊ မီးများ မီးနိုင်ဆိုသလို မိမိတို့၏ ယဉ်ကျေးမှုအမှတ်လက္ခဏာများ ပျောက်ကွယ်သွားနိုင်ပါသည်။ ကမ္ဘာမှုပြုသည်ကို အကြောင်းပြု၍ နည်းပညာပေါက်ကွဲမှုဖြင့် စီးဝင်လာ သော အပျက်သဘောယဉ်ကျေးမှုများကို မိမိတို့၏ အစဉ်အလာကောင်းများဖြင့် တိုးတက်နေသော ယဉ်ကျေးမှုကသာ တောင့်ခံနိုင်လိမ့်မည်ဖြစ်ပါသည်။ ထိုအရာကို တုံ့ပြန် ရင်ဆိုင်ရန် သုံးစွဲမှုများသော ရုပ်ရှင်ဆိုသော အနုပညာကိုသာ အားကိုးအားထား ပြုရပေမည်။ မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းသော သမိုင်းဝင်အမွေအနှစ်များကို ဖော်ထုတ်သည့် ဇာတ်ဝင်ခန်းများ ပြုပြင်ဖန်တီးပါဝင်စေ ခြင်းဖြင့် ယဉ်ကျေးမှုနှင့် ဆန့်ကျင်သောအမြင်များကို တွန်းလှန်ဖယ်ရှားနိုင်ပါလိမ့်မည်။ ထိုအရေးကို မိမိတို့၏ ပခုံးပေါ်သို့ ကျရောက်လာသည့် သမိုင်းပေးတာဝန်တစ်ရပ် သဖွယ် အမြော်အမြင် အသိပညာပြည့်ဝစွာဖြင့် ထမ်းရွက်ပါက နိုင်ငံအတွက် အင်အားတစ်ရပ် ဖြစ်ပါလိမ့်မည်။
မျိုးဆက်သစ်လူငယ်ထုအတွက် ပစ်မှတ်ထားသင့်
ပြောင်းလဲမှုများစွာနှင့်အတူ ခေတ်မီဖွံ့ဖြိုး ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်တစ်ရပ်ဆီသို့ ချီတက်နေချိန်တွင် အလွှမ်းမိုးဆုံးသော ဖျော်ဖြေရေးကဏ္ဍတစ်ခုဖြစ်သည့် ရုပ်ရှင်အနုပညာ၏ တန်ဖိုးသည် အလွန်အရေးပါလှ သည်။ မြန်မာလူမျိုးများ၏ ယဉ်ကျေးသိမ်မွေ့မှု၊ လေးစား ဖွယ်ရာကောင်းသော မြန်မာတိုင်းရင်းသားများနှင့် သဘာဝအလှအပများကို ဖော်ကျူးပြီး မြန်မာတို့၏ ကြီးမားသော မျှော်လင့်ချက်နှင့် ဖွံ့ဖြိုးတိုးတက်လိုစိတ်များ၊ ကြိုးစားအားထုတ်မှုများကိုသာ မြန်မာ့ရုပ်ရှင်က ဖွင့်ပြနိုင် စွမ်းရှိလျှင် ကမ္ဘာကလည်း မြန်မာအပေါ် အလွန်ကို လေးစားလာကြမည်သာဖြစ်ပါသည်။ မြန်မာလူမျိုးများ သည် ယဉ်ကျေးသိမ်မွေ့သူများ၊ စည်းကမ်းရှိသူများ၊ နိုင်ငံ ကြီးသား ပီသသူများအဖြစ် ဇာတ်လမ်းများတွင် ပြုပြင်ပြောင်းလဲမှုအသွင်အပြင်များကို ဖန်တီးထုဆစ်နိုင်လျှင် နိုင်ငံ၏ပုံရိပ်ကို ကမ္ဘာ့အလယ်တွင်ချပြသကဲ့သို့ ဖြစ်မည် မှာ သေချာပါသည်။ မြန်မာ့ရုပ်ရှင်ကို အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်ထုအပေါ် ပစ်မှတ်ထားသင့်ပါသည်။ စိတ်ဓာတ်ကြံ့ခိုင်မှုကို ဆိုးကျိုးဖြစ်စေသော အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်း သုံးစွဲမှုများပါသော ဇာတ်ဝင်ခန်းများကို အထူးဂရုပြု ဆင်ခြင်ပြုပြင်သင့်ပါသည်။ ဒုစရိုက်နှင့် အနိ ဋ္ဌာရုံများ၏ အဓိကတရားခံဖြစ်သော မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ယနေ့လူငယ်များ သိမြင်ရှောင်ကြဉ်နိုင်မည့် နိုင်ငံတော်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အထောက် အကူပြုသော ပညာပေးဇာတ်လမ်းများစွာကို ရသကောင်းများဖြင့် ဖန်တီးသင့်ပါသည်။
နမူနာကောင်းများဖြင့် စံပြုထိုက်သော ဇာတ်ဝင်ခန်းများ ဖန်တီးရန်
ရန်လိုမှု၊ ပဋိပက္ခနှင့် အမုန်းတရားများဖြင့် ကျင်လည် နေကြရသော လူမှုဝန်းကျင်တွင် မေတ္တာတရား ထွန်းကားသော လူတော်လူကောင်းများ ပိုမိုတိုးပွားလာရန်အတွက် ရုပ်ရှင်အနုပညာသည်သာ ပိုမိုအားကိုးဖွယ်ရာ ဖြစ်ပေမည်။ သားသမီးနှင့် မိဘပြောဆိုဆက်ဆံသော ဇာတ်ဝင်ခန်းများတွင် စိတ်ခံစားမှုအပေါ် မူတည်၍ အမှုမဲ့အမှတ်မဲ့ သရုပ်ဆောင်မှု ဇာတ်ကွက်များနေရာတွင် စံပြုထိုက်သော မိဘဝတ်၊ သားသမီးဝတ္တရားများကို သိတတ်သော မိဘနှင့် သားသမီးဆက်ဆံရေး ဇာတ်ဝင်ခန်းများ အစားထိုးခြင်း ဖြင့် ယနေ့ခေတ်လူငယ်၊ လူရွယ်များအတွက် နမူနာ ကောင်းများပေးသင့်ပါသည်။
လာဘ်စားမှု၊ အကျင့်ပျက် ခြစားမှုနှင့်အတူ အဂတိ တရားများမှ ရုန်းထွက်နိုင်မည့် ဇာတ်ကားကောင်းများ ဖန်တီး၍ မကောင်းမှုကို ရွံရှာစက်ဆုပ်သည့် ပတ်ဝန်းကျင် သစ်များကို ပုံဖော်ပေးနိုင်မည့် ပညာပေးရသဇာတ်ကား ကောင်းများစွာ ပေါ်ထွက်သင့်ပါသည်။ တတ်သိလိမ္မာ၊ ပညာတော်သော လူငယ် လူရွယ်များစွာ ပေါ်ထွက်လာ စေရေး ဦးတည်သော စေတနာကောင်းများဖြင့် ဆန်း သစ်ထားသော ဇာတ်ကားကောင်းများကြောင့် ရာဇဝတ်မှု များမှ ကင်းဝေးသွားနိုင်ပါသည်။ အနုပညာဖန်တီးမှုအရ ကြည့်၍ကောင်းသော်လည်း လူအများအတွက် အဆိပ် အတောက်ဖြစ်စေသော စရိုက်လက္ခဏာများ မပါဝင်မိ စေရန် ဂရုပြုသင့်လှပါသည်။ သမိုင်းရာဇဝင်ဇာတ်ကားများကို ခေတ်နှင့်အညီ ဆန်းသစ်ပြုပြင်လျက် မျိုးချစ် စိတ်ဓာတ်ကို ရှင်သန်ထက်မြက်စေသော ဇာတ်ကား အမျိုးအစားများကိုလည်း လက်ကမ်းကြိုဆိုရမည်ဖြစ်ပါသည်။
စံနမူနာကောင်းများ ဖြစ်ရန်လိုအပ်
စည်းကမ်းများ၊ ဥပဒေများဟူသည် လေးစားလိုက်နာရ မည့် အရာများဖြစ်သည်ဆိုသည့် အသိတရား၊ လွတ်လပ် မှုနှင့် တရားမျှတမှုကို တန်ဖိုးထားတတ်သည့် အတွေး အခေါ်၊ ပင်ကိုအရည်အချင်းနှင့် ဆန်းသစ်တီထွင်မှုကို အားပေးတတ်မှုစသည့် ဇာတ်လမ်း၊ ဇာတ်ကွက်များ ပါဝင်သည့် ဇာတ်ကားများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုပါသည်။ အလွန်အကျွံသရုပ် ဆောင်မှုများနှင့် တုတ်၊ ဓားလက်နက်များဖြင့် အကြမ်း ဖက်သတ်ဖြတ်မှုများကို အသားပေးခြင်းသည် အာဃာတ များလျှော့ချပြီး လူမှုဆက်ဆံရေးကောင်းများ တည် ဆောက်ရာတွင် စံနမူကောင်းများ မဖြစ်စေပါ။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ချစ်ခင် စည်းလုံးရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် မတူညီသည့် လူ့အဖွဲ့အစည်းများကို သဟဇာတဖြစ်စေသည့် စိတ်ကူး ကောင်းများဖြင့်လည်း နိုင်ငံစည်းလုံးညီညွတ်မှုကို တည်ဆောက်ရာတွင် အထောက်အကူပြုပါဝင်နိုင်ပါသည်။ လူအချင်းချင်းလှည့်ပတ်ခြင်းကို ရှုတ်ချ၍ ရိုးသားဖြောင့် မတ်မှုကို အားပေးသော အမှားအမှန်ကို ကွဲကွဲပြားပြား ဖော်ထုတ်ပြီး အမှန်ကိုအားပေးသည့် စရိုက်များပါဝင်သော သရုပ်ဆောင်မှုများသည် ရုပ်ရှင်ကြည့်ပရိသတ် အတွေးအခေါ်နှင့် ခံယူချက်ကို မြင့်မားစေပါသည်။
ခေတ်၏ တောင်းဆိုမှုနှင့်အညီ ပြုပြင်ပြောင်းလဲနေရန်
ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ ရှင်သန်နေဆဲ မြန်မာ့ရုပ်ရှင်အတွက် ယခုနှစ်သည် ရုပ်ရှင်ရာပြည့်ပွဲတော် နှစ်တစ်ခုဖြစ်သလို အောက်တိုဘာလ ၁၃ ရက်နေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ခဲ့သည့် ၁၉၂၀ နှစ်ဝန်း ကျင်သည် အမျိုးသားရေးလှုပ်ရှားမှုများစတင်ရာ ကာလ တစ်ခုဖြစ်ရာ ခေတ်ဦးမြန်မာ့ရုပ်ရှင်ဇာတ်ကား ကောင်းများသည် အနှစ်သာရအားဖြင့် အဓိပ္ပာယ်လေးနက် မှုရှိကာ အောင်မြင်မှုများလည်းရရှိခဲ့သည်ကို တွေ့ရှိရပါ သည်။ ကိုလိုနီအစိုးရလက်အောက်တွင် နိုင်ငံရေးသဘော သက်ဝင်သည့် ဇာတ်ကားများနှင့်အတူ ဒါရိုက်တာများ ၊ သရုပ်ဆောင်များသည် ဆင်ဆာအဖွဲ့၏ စွက်ဖက်စစ်ဆေးမှုကို ခံခဲ့ကြရသည်။ ခေတ်အဆက်ဆက် မြန်မာ့ရုပ်ရှင်သည် ထင်ရှားကျော်ကြားသော ဇာတ်ကားကောင်းအချို့နှင့်အတူ မှတ်တမ်းကောင်းများစွာကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပါသည်။ မြန်မာ့ရုပ်ရှင်ကို ဖလင်ခေတ်မှ ဒစ်ဂျစ်တယ်ခေတ်တစ်ခေတ် ဆန်းချိန် ဆင်ဆာဖြေလျှော့ပေးမှု အရွေ့တစ်ခုတွင် အနုပညာရှင်အချို့၏ အားထုတ်ဖန်တီးမှုများသည် ခေတ် ၏တောင်းဆိုမှုနှင့်အတူ ပရိသတ်ကိုဆွဲဆောင်ရန် အရှိန် ယူနေကြပြီဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်သည် အများပြည်သူ များအတွက် ဖျော်ဖြေမှုနှင့်အတူ မှန်ကန်သောအသိပညာ များရရှိရေး၊ ပြည်သူများအတွက် စိတ်ဓာတ်ကောင်း၊ စရိုက်ကောင်းများဖြစ်တည်နိုင်ရေး၊ နိုင်ငံတကာက အထင် ကြီးလေးစားသော မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းများ ပိုမိုပေါ်ထွက်ရေး၊ ခေတ်နှင့်အညီ ဆက်လက်ပြုပြင်ပြောင်း လဲနေရမည်ဖြစ်ပါသည်။
ယနေ့မျက်မှောက်ကာလ၌ တိုးတက်နေသော နည်းပညာများကိုအသုံးပြု၍ ဇာတ်ကားကောင်းများကို အပြိုင်အဆိုင် ဖန်တီးတင်ဆက်လာနေစဉ် ပရိသတ်၏ စိတ်ဝင်စားမှု၊ လက်ခံအားပေးမှုကိုအသုံးချ၍ မူလအနု ပညာရသ မပျက်စေဘဲ ယနေ့မျက်မှောက်ခေတ်ဖြစ်ပျက် နေသည်များကို ထင်ဟပ်ဖော်ထုတ်နိုင်မည့် အရည်အသွေးမီ ဇာတ်ကားကောင်းများ ပိုမိုပေါ်ထွက်လာရေးအတွက် စေတနာကောင်းဖြင့်ရေးသားတင်ပြလိုက်ရပါသည်။ ။
ဒေါက်တာမြတ်မိုး