ဒီကျောင်းတွေမှာ လာရောက်ပညာသင်ယူသူတွေအနေနဲ့ စာချည်းသင်နေရမှာမဟုတ်ဘဲ လက်တွေ့နယ်ပယ်တွေမှာပါလိုက်ပြီး ကွင်းဆင်းလေ့လာသင်ယူရမှာ ဖြစ်တဲ့အတွက် အတွေ့ကြုံကောင်းတွေနဲ့ အသုံးချသွားနိုင်မှာ ဖြစ်ပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ
တွေ့ဆုံမေးမြန်း- နဒီမင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ သမဝါယမဦးစီးဌာနက အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးသူများအား စီးပွားရေးဆိုင်ရာ စာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး အတန်းကျောင်းပညာရေးကိုပါ တစ်ပါတည်း သင်ယူခွင့်ရမည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများကိုမကွေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မန္တလေးမြို့ကြီးများတွင်ယခုလာမည့် ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တစ်ပြိုင်တည်း ဖွင့်လှစ်တော့မည်ဖြစ်သည်။
သို့ပါ၍ သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့်တွေ့ဆုံ မေးမြန်းထားသည်များကို ရေးသားလိုက်ရပါသည်။
မေး။ ။ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သင်တန်းကျောင်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပေးပါ။
ဖြေ။ ။ သမဝါယမသင်တန်းကျောင်းများဟာ ရှေးယခင်ကတည်းက အစဉ်အလာကောင်းများ၊ ပုံရိပ်ကောင်းများနဲ့ တည်ရှိနေခဲ့တာ ဖြစ်ပါတယ်၊၊ ဒီသင်တန်းကျောင်းများမှာ နှစ်စဉ် သင်တန်းကာလ ၃ လခွဲနဲ့ CBA (Certificatein Book-Keeping & Accountancy) ကို အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူများအတွက် တစ်နှစ်လျှင် နှစ်ကြိမ်သင်ကြားပို့ချပေးနိုင်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဌာနတွင်းဝန်ထမ်းများအတွက် လုပ်ငန်းခွင်စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ၊ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းများကိုလည်း ယခုအခါသမဝါယမဦးစီး ဌာနကြီးကြပ်မှုအောက်မှာရှိတဲ့ သင်တန်းကျောင်း တွေမှာစာရင်းရေး၊ စာရင်းကိုင်ပညာကို အဓိကထား သင်ကြားပေးပြီး သက်မွေးဝမ်းကျောင်းမှုပြုနိုင်သည်အထိ ရည်ရွယ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တစ်ပါတည်းရသွားအောင် ဆောင်ရွက်ပေးနိုင်ဖို့ တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးမြို့တွေမှာရှိတဲ့ သမဝါယမသင်တန်းကျောင်းတွေမှာ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။
မေး။။ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာရပ်တွေအပြင် အခြားအဆင့်မြင့်ပညာရပ်တွေပါ သင်ကြားပေးမယ့် အစီအစဉ်တွေပါ၀င် တယ်လို့သိရပါတယ်။ ရှင်းပြပေးပါ။
ဖြေ။ ။ ဒီကျောင်းတွေမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာ ဘာသာရပ်ကိုလည်း တကယ်ကိုလုပ်ငန်းခွင်မှာ အသုံးချနိုင်လောက်တဲ့အထိ သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်၊၊ ဒုတိယနှစ်မှာ သင်ကြားပေးမယ့် ဘာသာရပ်ကိုကြည့်လိုက်တဲ့အခါ Management ဘာသာရပ်ကိုပါ ထည့်သွင်းသင်ကြားသွားမှာ ဖြစ်ပါတယ်။ အဓိကဘာသာကြီးဖြစ်တဲ့ စာရင်းရေး၊ စာရင်းကိုင်ဘာသာရပ်တွေကို စီးပွားရေးအဖွဲ့အစည်း၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာ၊ ဘဏ်စတဲ့ နေရာအသီးသီးမှာ အသုံးချနိုင်လောက်တဲ့ စာရင်းနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေဘာသာရပ်များ၊ သင်ရိုးညွှန်းတမ်းများကိုပါ ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
မေး။ ။ သင်တန်းကျောင်းများရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ပေးအပ်သွားမယ့် လက်မှတ်အကြောင်း ရှင်းပြပေးပါ။
ဖြေ။ ။ သင်တန်းတက်ရောက်လိုသူတွေဟာ သက်ဆိုင်ရာသင်တန်းကျောင်းတွေကို ဆက်သွယ်ရမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ခွင့်ရတဲ့သူတွေအနေနဲ့ နှစ်နှစ်တက်ရောက်ရမှာပါ။ သင်တန်းသားအရည်အချင်းအနေနဲ့ အနည်းဆုံး အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးရပါမယ်။ သင်တန်းကာလကတော့ အခြေခံပညာကျောင်းများနည်းတူ ဇွန်လဆန်းကနေ ဖေဖော်ဝါရီလအထိ ဖြစ်ပါတယ်။ ပညာသင်နှစ်အတွင်း လပတ်စာမေးပွဲ အနည်းဆုံး ခြောက်ကြိမ်ဖြေရမယ်။ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်မီပြီး Internship Period ကို အပြည့်အ၀ဆင်းပေးနိုင်သူ၊ စာမေးပွဲတွေမှာလည်း သက်ဆိုင်ရာဘာသာရပ်အလိုက် ရမှတ် ၄၀နှင့် အထက်ရရှိသူတွေကို သင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ တက်ရောက်ပညာသင်ကြားမယ့် သင်တန်းသားတွေအနေနဲ့ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း သိချင်ပါတယ်၊၊
ဖြေ။ ။ ဘယ်လိုနေရာ ဘယ်လိုအဖွဲ့အစည်းမဆို ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့စီးပွားရေး အောင်မြင်စေဖို့ ဝင်ငွေ/ထွက်ငွေမျှတစေဖို့နဲ့ ကိုယ့်လုပ်ငန်းတိုးတက်စေဖို့အတွက် ဆောင်ရွက်ရာမှာ စာရင်းပညာဟာအသက်ပါ၊၊ စီးပွားရေး လုပ်ငန်းတွင်သာမက မိမိမိသားစုရဲ့ တစ်နေ့တာ၊ တစ်လတာ၊ တစ်နှစ်တာ စတာတွေကို စာရင်းဇယား တိတိကျကျနဲ့ ဝင်ငွေထွက်ငွေကိုစည်း စနစ်ကျကျအသုံးချတတ်ဖို့ လိုပါတယ်။ ဒီကျောင်းတွေမှာ လာရောက်ပညာသင်ယူသူတွေအနေနဲ့ စာချည်းသင်နေရမှာမဟုတ်ဘဲ လက်တွေ့နယ်ပယ်တွေ မှာပါလိုက်ပြီး ကွင်းဆင်းလေ့လာသင်ယူရမှာ ဖြစ်တဲ့အတွက် အတွေ့ကြုံကောင်းတွေနဲ့ အသုံးချသွားနိုင်မှာဖြစ်ပါတယ်။ သမဝါယမ ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးမည့်အပြင် စာရင်းကိုင်ပညာ၊ စာရင်းစစ်ပညာများကိုပါ သင်ကြားနိုင်မှာ ဖြစ်တဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီကျောင်း ကနှစ်နှစ်ပြီးလို့ ဆက်ပြီးပညာသင်နိုင်ဖို့အတွက် သမဝါယမကောလိပ်တွေမှာ တက်ရောက်သင်ယူနိုင်ပြီး ထူးချွန်တယ်ဆိုရင် သမဝါယမတက္ကသိုလ်များအထိ တက်ရောက်ကာဘွဲ့ရရှိသည်အထိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ ပညာသင်ကြားနေစဉ် ထောက်ပံ့ပေးမယ့် အစီအစဉ်တွေရှိရင်လည်း သိချင်ပါတယ်။
ဖြေ။ ။ သင်တန်းတက်ရောက်ခွင့်ရသူတွေကို သင်တန်းကာလအတွင်း စားသောက်စရိတ်၊ ၀တ်စုံစရိတ်၊ စာရေးကိရိယာ၊ သင်ထောက်ကူပစ္စည်းတွေ၊ သင်ခန်းစာစာအုပ်တွေကိုလည်း အခမဲ့ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ နယ်ဝေးကလာတက်တဲ့သူတွေကို နေစရာ အဆောင်စီစဉ်ပေးမယ်၊ ဖျာ၊ ခြင်ထောင်၊ ခေါင်းအုံးကအစ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အခုဖွင့်လှစ်မယ့်စာရင်းရေး၊ စာရင်းကိုင် သမဝါယမသင်တန်းကျောင်း ငါးကျောင်းလုံးမှာ သင်တန်းသားတွေအနေနဲ့ နေရေး၊ ထိုင်ရေး၊ စားရေးကအစ အားလုံးအခမဲ့ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
မေး။ ။ ထပ်မံဖြည့်စွက် ပြောကြားလိုတာရှိရင် ဖြည့်စွက်ပြောကြားပေးပါ။
ဖြေ။ ။ဒီကျောင်းတွေကို တက်ရောက်ခွင့်ရသူ တွေဟာစားဖို့လည်းမပူရ၊ ဝတ်ဖို့လည်း မပူရ၊ အိပ်ဖို့လည်းမပူရ၊ စာအုပ်လည်းမဝယ်ရ၊ ထောက်ပံ့ကြေးတွေလည်းပေးမှာဖြစ်ပြီး ပညာသင်ရုံပါပဲ။ ကျောင်းမှာ လိုအပ်တာတွေလည်း တတ်နိုင်သလောက် ဖြည့်ဆည်း ဆောင်ရွက်ပေးထားပါတယ်။ ဆရာ ဆရာမတွေကလည်း ကိုယ့်ရဲ့တပည့်တွေကို မိဘများသဖွယ် ရင်ဝယ်သားကဲ့သို့သေချာစွာ ဂရုစိုက်ပါတယ်။ ဒါ့ကြောင့် သင်တန်းသားများအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ကာ ကိုယ့်ရဲ့ဘဝ တိုးတက်ရေးအတွက် ပညာကိုအလေးနက်ထား ကြိုးစားသင်ယူပြီး မိသားစုအတွက်၊ နိုင်ငံအတွက် အားထားရတဲ့သူများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြပါလို့ ပြောကြားလိုပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။