Skip to main content

မဟာသမယ အခါသမယမှာ ငြိမ်းချမ်းပါစေ တောင်းဆုခြွေ၏

ဘကြီးကောင်း

“နတ်လူညွတ်ဦး၊ ထွတ်ဖူးစိန္တေ၊

ဘေးမှဝေးကြ၊ အေးမြပါစေ။

အခါကောင်းလို့၊ နတ်ပေါင်းထွေထွေ၊

အမည်ထူး၊ ချီးကျူးခါတဲ့လေ။”

“မဟာသမယ၊ သာစွခါကြုံ၊

မဟာဝုန်တော၊ သာမောရဂုံ။

ဗြဟ္မာဂိုဏ်းနှင့်၊ နတ်တိုင်းရွှေဘုံ၊

နတ်ပွဲကြီးဝှဲချီး၊ တင့်မျိုးစုံ။”

“မဖြစ်ဖူးမြဲ၊ ထူးကဲခါကြုံ၊

တောပန်းတောင်ပန်း၊ ရောင်လျှမ်းအစုံ။

လေပြည်သွေးတော့၊ မွှေးရနံ့ထုံ၊

ဘေးမသန်း၊ အေးချမ်းမဟာဝုန်။”

“ကဗျာတွေ၊ လင်္ကာတွေ ရွတ်လို့ပါလား ဘကြီးကောင်းရဲ့”

“ဪ၊ မောင်မြင့်အေးပါလား။ လာကွယ့်၊ နယုန်လပြည့် မဟာသမယအခါတော်နေ့မို့ အခုလေးတင် မဟာသမယသုတ်တော် ရွတ်ပွားပူဇော်ပြီးလို့ မဟာသမယအမွှမ်း ရှစ်လုံးဖွဲ့ကဗျာတွေ မှတ်မိ သလောက် ပြန်ရွတ်ပွားကြည့်နေတာကွယ့်”

“ကဗျာလေးက နားဝင်ချိုပြီး ကြည်နူးစရာ ကောင်းတယ်နော်”

“မဟာသမယအခါတော်နေ့ သမိုင်းအဖြစ်အပျက် အကြောင်းအရာကိုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်နေတော့ စိတ်ထဲမှာငြိမ်းချမ်းမှု၊ အေးချမ်းမှုတွေဖြစ်ရတာပေါ့ကွယ်။ တို့ဗုဒ္ဓဘာသာဝင်တွေ အဖို့တော့ နယုန်လပြည့်နေ့ဆိုတာ ငြိမ်းချမ်းရေး မှတ်တိုင်ကို စိုက်ထူနိုင်တဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ် ကြီးမဟုတ်လား”

“မဟာသမယ သမိုင်းအစက ကပိလဝတ်နဲ့ ကောလိယပြည်က လယ်သမားတွေ ရောဟီနီမြစ် ရေလုရင်း နှစ်ပြည်ထောင်စစ်ဖြစ်ခါနီးဆဲဆဲ မြတ်စွာဘုရားကြွရောက်လာပြီး ငြိမ်းချမ်းရေးတရားဟောတဲ့အခါမှ နှစ်ပြည်ထောင်က လယ်သမားတွေ၊ မင်းညီမင်းသားတွေ၊ စစ်သည်တော်တွေ ဒေါသမီး တွေငြိမ်းပြီး လက်နက်တွေစွန့်ပစ်၊ မေတ္တာဓာတ်တွေ သက်ဝင်လာကြ။ နောက်ဆုံးမှာ တစ်ဖက် ၂၅၀ စီ နှစ်ပြည်ထောင်က မင်းသားငါးရာ သာသနာ့ဘောင်ဝင် ရဟန်းပြုသွားကြတဲ့ဇာတ်လမ်းမဟုတ်လား ဘကြီးကောင်းရဲ့”

“ဟုတ်တာပေါ့ မောင်မြင့်အေးရယ်။ ဒီနေရာမှာ ဘကြီးကောင်းပြောချင်တာက လက်နက်တွေကိုင်စွဲ ထားပြီး ဒေါသမီးတွေ ဟုန်းဟုန်းတောက်နေကြတဲ့ နှစ်ပြည်ထောင်ကလူတွေကို ဒေါသမီးတွေ ငြိမ်းအောင်၊ မေတ္တာဓာတ်တွေသက်ဝင်လာအောင် ပြောဆိုဆုံးမဖို့ဆိုတာက သာမန်လူပုဂ္ဂိုလ်တွေအဖို့ အတော့်ကို မလွယ်ကူတဲ့ကိစ္စပဲကွယ့်။ ဒါပေမယ့် ကပိလဝတ်ပြည်က သကျစစ်သည်တွေဘက်က မြတ်စွာဘုရားကြွလာတာမြင်တာနဲ့ ‘တစ်မျိုးလုံး တစ်ဆွေလုံးအထွတ်အမြတ်ဆုံး ဘုရားရှင်ရောက်လာပါပေါ့ကလား။ ငါတို့၏ ဘုရားရှင်ရှေ့မှောက်တွင် ငါတို့သည်တစ်ဖက်သားကို ခုတ်ထစ်သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ ကောလိယတို့က သတ်ချင်သတ်ပါစေ၊ ငါတို့ကား စစ်မက်ပြိုင်ဆိုင် အနိုင်မယူကြပြီတည်း’ ဆိုပြီး ကနဦးမာန်ကျသွားကြတယ်။ တစ်ဖက်က စစ်ပြေငြိမ်းလိုက်တာနဲ့ တစ်ပြိုင်နက် အခြားတစ်ဖက်ကလည်း လက်နက်တွေလွှတ်ချပြီးဖြစ် သွားတယ်”

မြတ်စွာဘုရားရှင်က

“အသင်တို့ ဘာကိုအကြောင်းပြု၍ စစ်မက် ကြီးစွာဖြစ်လာရပါသနည်း”လို့ မေးတော်မူတဲ့အခါ

“ရေအတွက် ဖြစ်ပါသည်ဘုရား”

“ရေသည် မည်မျှအဖိုးထိုက်ပါသနည်း”

“တစ်နှစ်စာစားရုံ အနည်းငယ်မျှသာဖြစ်ပါသည် ဘုရား”

“နှစ်ဖက်သောစစ်သည်တို့၏ အသက်သွေးများ ကကော မည်မျှအဖိုးထိုက်ပါသနည်း”

“အဖိုးဖြတ်၍ မရနိုင်ပါဘုရား”

“အနည်းငယ်မျှ အဖိုးထိုက်သော ရေကလေး အတွက် အဖိုးမဖြတ်နိုင်သော အသက်သွေးများ အဆုံးရှုံးခံရခြင်းမှာ မသင့်လျော်လေစွာတကား”

မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမစကားတော်က နှစ်ပြည်ထောင်က မင်းညီမင်းသားတွေနဲ့စစ်သည် တော်အတွက် ဆင်ခြင်တုံတရားတွေ၊ စဉ်းစား ဆင်ခြင်ဖွယ်ရာတွေ ဖြစ်ပေါ်လာစေတယ်ကွယ့်”

“မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမကိုနာကြားရတော့ ကျွန်တော်ကတော့ အတိတ်က ကပိလဝတ် ပြည်နဲ့ ကောလိယပြည် နှစ်ပြည်ထောင်ကိုသာမက ယခုလက်ရှိရုရှား- ယူကရိန်း ပဋိပက္ခစစ်ပွဲကိစ္စတွေကိုပါ ပြေးမြင်လာမိတယ် ဘကြီးကောင်းရေ”

“အေးပေါ့ကွယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေက ဘယ်ခေတ်မဆို နာယူတတ်ရင်အကျိုးရှိတာပဲ။ မြတ်စွာဘုရားက နှစ်ပြည်ထောင်ပဋိပက္ခ ပြေငြိမ်းစေဖို့၊ ငြိမ်းချမ်းစေဖို့ ငြိမ်းချမ်းရေးတရားဟောကြားတော်မူတဲ့အခါမှာ ဝတ္ထုသာဓကတွေပါ ထုတ်ဆောင်ပြီး ဟောကြားတော်မူခဲ့ရတယ်ကွယ့်။ ဒီဝတ္ထုသာဓကတွေကတော့ -

၁။      ဝက်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍ နှစ်ဦးစလုံးပျက်စီးကြပုံ “ဖန္ဒနဇာတ်”၊

၂။       မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော ယုန်တစ်ကောင်၏ စကားကိုယုံမှား၍ တိရစ္ဆာန်များအပြေးမှားပြီး ဆင်းရဲဒုက္ခရောက်ကြရပုံ “ဒုဒ္ဒုဘဇာတ်၊ (ပထဝီဥန္ဒြိယဇာတ်)”

၃။      အားသေးသော နှံစုတ်ငှက်မက အားကြီးသောဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကိုအထင်မသေးသင့်ပုံ “လဋုကိက ဇာတ်”

၄။      ညီညွတ်စဉ်ခါက ရန်သူ၏လက်မှ လွတ်မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်းမညီမညွတ်ဖြစ်လာသောအခါ ငုံးငှက်မျာ မုဆိုး၏ပိုက်ကွန်၌ အမိခံရပုံ “သမ္မောဒမာနဇာတ်”

၅။      သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်းတည်နေ၍ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ “ရုက္ခဓမ္မဇာတ်”

၆။      မိမိကိုယ်ကိုထိန်းသိမ်းဆုံးမရန် “အတ္တဒဏ္ဍ” သုတ်တို့ကို ထုတ်ဆောင်ဟောပြပြီး ဆုံးမတော်မူခဲ့ရတယ်ကွယ့်။ အဲဒီအခါကျမှ ခုနကမောင်မြင့်အေး ဆိုသလိုနှစ် ပြည်ထောင်က မင်းသားငါးရာတို့ ရဟန်းပြုသွားကြတာ”

“သာဓုပါ ဘကြီးကောင်းရယ်၊ ကျွန်တော်က လူငယ်ဆိုတော့လည်း အကျယ်တဝင့်တော့ မသိ ဘူးပေါ့”

“အေးပေါ့ကွယ်၊ ဒါဆိုလည်း ဘကြီးကောင်း ဆက်ပြောပြမယ်။ ခုနကရဟန်းတော်များဟာ ဇနီးမယားကို အောက်မေ့တမ်းတ သတိရပြီး သာသနာ့ဘောင်မှာ မပျော်မွေ့နိုင်ဘဲရှိကြရာမှ မြတ်စွာဘုရားက ဟိမဝန္တာတောအတွင်းက ကုဏာလရေအိုင်ကို တန်ခိုးတော်နဲ့ ခေါ်ဆောင်သွားပြီး ကုဏာလငှက်မင်းရဲ့ ဇာတ်ကြောင်းကို ဟောပြောတော်မူတယ်။ တရားအဆုံးမှာ ရဟန်း ငါးရာစလုံး သောတာပန် ဖြစ်သွားကြတယ်။ ကပိလဝတ်ပြည် အနီးက မဟာဝုန်တောကြီးမှာ တရားတော်ကို ဆက်လက်အားထုတ်ကြရာမှာ ရဟန်းတော်ငါးရာလုံး ရဟန္တာချည်းဖြစ်တော်မူ သွားကြတယ်။ ရဟန်းငါးရာတို့ဟာ မိမိတို့ရရှိပြီး သောတရားထူးကို လျှောက်တင်ဖို့ရယ်၊ မြတ်စွာ ဘုရားကိုဖူးမြော်ဖို့ရယ် နယုန်လပြည့် ညချမ်း အချိန်မှာ မြတ်စွာဘုရားထံကို စုရုံးရောက်ရှိလာကြ တယ်။ ဒီလိုထူးခြားတဲ့ သံဃာ့အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညိုလိုကြတဲ့ နတ်၊ ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ဟာ မဟာဝုန်တောကြီးဆီကို အုပ်စုလိုက် စုရုံးရောက်ရှိလာကြတယ်။

ဘုရားရှင်လက်ထက်တော်အခါက နယုန်လပြည့်နေ့မှာ အဲဒီလိုနတ်ဗြဟ္မာတွေ စုရုံးစည်းဝေး မိတဲ့အချိန်ကို မဟာသမယလို့ ခေါ်ဆိုပါတယ်။ ဒီနတ်သဘင်အစည်းအဝေးမှာ မြတ်စွာဘုရားက အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်သောအားဖြင့် မိန့်ကြားတဲ့ စကားတော်များကို မဟာသမယသုတ်လို့ခေါ်ဆိုတာကွယ့်”

“မဟာသမယသုတ်ကို အမြဲရွတ်ပွားပူဇော်တဲ့ သူတွေကို နတ်တွေက ချစ်ခင်တယ်ဆိုတာတကယ်လား ဘကြီးကောင်းရဲ့”

“ဒီနတ်သဘင်အစည်းအဝေးမှာ မြတ်စွာဘုရားက အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်တော့ နတ်တွေက သူတို့ကို အသိအမှတ်ပြုတယ်ဆိုပြီး အလွန်ဝမ်းသာကြတယ်တဲ့။ ဒါကြောင့် မဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များရဲ့ချစ်ခင်မှုကိုခံရတယ်၊ အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့မှာ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်များဟာလည်း ဒီမဟာသမယသုတ်ကို ရွတ်ဆိုပူဇော်သင့်တယ်လို့ အဋ္ဌကထာ ဆရာက ပြဆိုထားတယ်ကွယ့်။ လူတွေလိုပဲပေါ့ မောင်မြင့် အေးရယ်၊ တစ်ဦးစေတနာ တစ်ဦးမေတ္တာပေါ့။ ဘယ်သူမဆို လူတိုင်းက ကိုယ့်အပေါ်အသိအမှတ်ပြုပြီး တလေးတစား အရေးပေးပြောဆိုဆက်ဆံတာကို နှစ်သက်ကြတာပေါ့။

တစ်လက်စတည်း ဆက်ပြောရရင်တော့ မြတ်စွာဘုရားက မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက်မှာ စရိုက်အားလျော်စွာ သုတ်တော်များကိုဆက်လက် ဟောကြားတော်မူ ခဲ့တယ်ကွယ့်”

၁။      ရာဂစရိုက် အားကြီးသူတို့အတွက် သမ္မာ ပရိဗ္ဗာဇနိယသုတ်၊

၂။       ဒေါသစရိုက် အားကြီးသူတို့အတွက် ကလ ဟဝိဝါဒသုတ်၊

၃။      မောဟစရိုက် အားကြီးသူတို့အတွက် မဟာ ဗျူဟသုတ်၊

၄။      ဝိတက်စရိုက် အားကြီးသူတို့အတွက် စူဠ ဗျူဟသုတ်၊

၅။      သဒ္ဓါစရိုက် အားကြီးသူတို့အတွက် တုဝဋက သုတ်၊

၆။      ပညာစရိုက် အားကြီးသူတို့အတွက် ပုရာဘေဒသုတ်တို့ကို ဟောကြားတော်မူခဲ့ရာမှာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တန်းဝင်ကြတယ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုတယ်ကွယ့်”

“နယုန်လပြည့်နေ့က ဗုဒ္ဓဘာသာဝင်တွေအတွက် တကယ့်ကို နေ့ထူးနေ့မြတ်ကြီးပါလား ဘကြီးကောင်းရဲ့”

“ဒါပေါ့ကွယ်။ နယုန်လပြည့်နေ့ရဲ့ထူးခြားချက် တွေကလည်း အများသားလား။

၁။      ရေလုပွဲကြီးဆင်နွှဲကြသော တောင်သူလယ်သမားတို့ ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေး၍ ထူးခြားခြင်း၊

၂။       ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးပြီး ငြိမ်းချမ်းရေးရသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၃။      နတ်၊ ဗြဟ္မာ၊ အသူရာနှင့် ဂဠုန်၊ နဂါးများ၊ ရဟန်းတော်များလက်ထက်တွင် ဤတစ် ကြိမ်သာ စုရုံးမိသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၄။      မင်းသား ငါးရာ သာသနာ့ဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၅။      ရဟန်းတော်ငါးရာစလုံး ရဟန္တာချည်း ဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၆။      နိမ္မိတဘုရားကမေး၍ ပကတိဘုရားက ဖြေဆိုသည်ကို နာရသောကြောင့် ထူးခြား ခြင်း၊

၇။      မဟာသမယကိုအကြောင်းပြု၍ ဂဠုန်နှင့်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်ဝင် သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၈။      မဟာသမယဆိုင်ရာ သုတ္တန်ခုနစ်မျိုးကို ဟောကြားသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၉။   ဘိက္ခုနီ သာသနာလမ်းစပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်းဆိုပြီး စာပေကျမ်းဂန်တွေမှာ ဖော်ပြထားတယ်ကွယ့်။ ဒီထူးခြားမှုတွေ ကို အာရုံပြုပြီး ဗုဒ္ဓဘာသာဝင်တို့က နယုန် လပြည့်နေ့ကို မဟာသမယအခါတော်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပကြခြင်း ဖြစ်တယ်ကွယ့်။

ပြီးတော့ နယုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ ဘယ်ဟုတ်လောက်မလဲ မောင်မြင့် အေးရေ။ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ ဟုန်းဟုန်းတောက်လောင်နေတဲ့ ယနေ့ကမ္ဘာကြီး ငြိမ်းချမ်းစေဖို့၊ ကမ္ဘာသူ ကမ္ဘာသားတွေ အေးချမ်းစေဖို့ ဗုဒ္ဓဝင်သမိုင်းမှာ ငြိမ်းချမ်းရေးမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ နယုန်လပြည့် မဟာသမယနေ့ကို လူသားမျိုးနွယ်အဆက်ဆက် လေ့လာသင်ခန်းစာယူသင့် တာပေါ့။

ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်ကို မြတ်စွာဘုရားရှင် ဆိုဆုံးမခဲ့တဲ့ . . .

“အနည်းငယ်မျှ အဖိုးထိုက်တန်သော ရေကလေးအတွက် အဖိုးမဖြတ်နိုင်သော အသက် သွေးများ အဆုံးရှုံးခံရခြင်းမှာ မသင့်လျော်လေစွတကား” ဆိုတဲ့ အဆုံးအမစကားတော်ကိုလည်း အလေးအနက် သုံးသပ်ဆင်ခြင် နာယူမှတ်သားသင့် တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဘကြီးကောင်း၊ လာမယ့်နယုန် လပြည့်မဟာသမယအခါတော်နေ့တွေတိုင်းမှာ ကျွန်တော်လည်း မဟာသမယသုတ်ကို ရွတ်ပွား ပူဇော်ပါဦးမယ်”

“အေးကွယ်၊ သာဓုခေါ်ပါတယ် မောင်မြင့်အေးရေ။ ကမ္ဘာသူ ကမ္ဘာသားအပေါင်း ငြင်းခုံခိုက်ရန် ဘေးတွေ၊ စစ်ဘေးအန္တရာယ်တွေ ကင်းဝေးပြီး ငြိမ်းချမ်းစေဖို့ မေတ္တာပို့သဖို့လည်း မမေ့နဲ့ဦး။ ဘကြီးကောင်းလည်း မဟာသမယအမွှန်း ရှစ်လုံးဖွဲ့ကဗျာလေးကို ဆက်ရွတ်ပွား ကြည်ညို လိုက်ဦးမယ်။”

“မဟာသမယ၊ ကာလကြိုက်ကြုံ၊

အမြဲရန်ပွား၊ နဂါး ဂဠုန်။

ဘေးရန်ကင်းလို့၊ ချစ်ခြင်းပြည့်စုံ၊

အတူတွဲ၊ နတ်ပွဲပျော်ကြကုန်။”

“နယုန်လမြတ်၊ ပြည့်လတ်ချိန်ပေ၊

ဂဠုန် နဂါး၊ သိကြား ဗြဟ္မေ။

ဘဘုရားက၊ ဟောကြားဓမ္မေ၊

သမယ၊ ရွတ်ကြများဝေနေ။”

“ကမ္ဘာသူ ကမ္ဘာသား၊ အများဝေနေ၊

ဘေးရန်ခပ်သိမ်း၊ ကင်းငြိမ်းပါစေ။

ရွတ်ဖတ်သူက၊ သွန်းချညောင်ရေ၊

အမြဲပ၊ နိစ္စ ဆုပန်ဝေ။”

ကျမ်းကိုး       ။        ။        ၁၀-၈-၁၉၅၇ ရက်ထုတ် သာသနာ့ရောင်ခြည် စာစောင် ပါ မဟာသမယအမွှမ်း ရှစ်လုံး ဖွဲ့ ကဗျာများ၊

မာဂဓီ(သာစည်)၏ အခါတော်နေ့များ၊

ဝဏ္ဏသီရိ၏ညီတော်အာနန္ဒာ၏ တစ်သက်တာ

မှတ်တမ်းများ(ပထမတွဲ)