မြန်မာ့အမွေ၊ ကမ္ဘာ့အမွေ ထိန်းသိမ်းရမယ့် အင်းလေးကန် ဇီဝအဝန်းနယ်မြေ
ကောင်းထက်
လှေကို ခြေနှင့်လှော်သောကြောင့်၊ ခရီးကို လှေဖြင့်သွားသောကြောင့်၊ အိမ်ကို ရေတွင် ဆောက်သောကြောင့် ပြည်တွင်းပြည်ပခရီးသွားများ၏ စိတ်ဝင်တစား လည်ပတ်သော နေရာတစ်ခုအဖြစ် အင်းလေးကန်သည် ထင်ရှား၏။ ထိုသို့ ကန်နှင့်အတူ ရှင်သန်နေထိုင်သော အင်းသူအင်းသားတို့၏ လူမှုဘဝနှင့် ရိုးရာဓလေ့များသာမက ဇီဝမျိုးစုံမျိုးကွဲ များစွာကိုပါ အင်းလေးကန်ဝန်းကျင်ဒေသတွင် လေ့လာနိုင်သည်။
ဒုတိယအကြီးဆုံး သဘာဝရေချိုကန်
ရှမ်းကုန်းပြင်မြင့်ရှိ တောင်မြောက်သွယ်တန်းနေသော တောင်တန်းနှစ်ခုကြားရှိ လွင်ပြင်ချိုင့်ဝှမ်းနေရာတွင် အင်းလေးကန်သည် တည်ရှိနေသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းမြင့်ပိုင်း သဘာဝရေချိုကန်ဖြစ်သည်။ အင်းလေးကန်ဝန်းကျင်တွင် သစ်တောဂေဟစနစ်၊ ရေဝေရေလဲဒေသနှင့် သဘာဝနယ်မြေအတွင်း သဘာဝရေထွက်စမ်းများနှင့် ရေပူရေထွက်စမ်းများကို တွေ့ရှိနိုင်ပြီး ထိုဂေဟစနစ်ကို တည်မှီနေသည့် ကုန်းနေ၊ ရေနေ သားငှက်တိရစ္ဆာန် မျိုးစိတ်များစွာ တည်ရှိနေသည်။
ဝန်းကျင်ဂေဟစနစ်စုံလင်ပြီး ဇီဝမျိုးစုံမျိုးကွဲများစွာ တည်ရှိနေသည့်အတွက် နိုင်ငံ၏ သဘာဝအမွေအနှစ်တစ်ခုအဖြစ် ရေရှည်ထိန်းသိမ်းသွားနိုင်ရန် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ်သတ်မှတ်၍ သစ်တောဦးစီးဌာနသည် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန အုပ်ချုပ်ရေးမှူးရုံးကို ဖွင့်လှစ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနယ်မြေကို အင်းလေးကန်၊ စံကားအင်းနှင့် မိုးဗြဲဆည် ရေဝပ်ဒေသကြီး သုံးခုဖြင့် ဖွဲ့စည်းထားသည်။ အင်းလေးကန်ဘေးမဲ့တော နယ်မြေအတွင်းရှိ ရေဝပ်ဒေသဂေဟစနစ်ကို ထိန်းသိမ်းရန်၊ အင်းလေးကန်၏ ထူးခြားသော ဘူမိအသွင်အပြင်နှင့် ကုန်းမြင့်ရေကန်၏ သဘာဝအလှအပများကို ထိန်းသိမ်းကာကွယ်ရန်၊ ရေပျော်ငှက်များနှင့် ရေတိမ်ဒေသနေ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ကျက်စား မျိုးပွားရာများကို ထိန်းသိမ်းရန်၊ လောပိတရေအားလျှပ်စစ်စက်ရုံအတွက် ရေအရင်းအမြစ်များ ထောက်ပံ့နိုင်ရန်၊ ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန်နှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို တည်ထောင်ထားခြင်းဖြစ်သည်။ ဘေးမဲ့တော၏ နယ်မြေအကျယ်အဝန်းမှာ ၂၀၆ ဒသမ ၀၇ စတုရန်းမိုင် ဖြစ်သည်။
သဘာဝအမွေအနှစ်ဒေသတစ်ခု
သဘာဝအရင်းအမြစ်များစွာ တည်ရှိနေသည့်အတွက် အင်းလေးကန်ကို အာဆီယံအမွေအနှစ် ဥယျာဉ်များထဲမှ တစ်ခုအဖြစ် ၂၀၀၃ ခုနှစ်တွင် သတ်မှတ်ခြင်းခံရသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး သော ဇီဝအဝန်းနယ်မြေအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီက ၂၀၁၅ ခုနှစ်တွင် အတည်ပြုသတ်မှတ်ခဲ့သည်။ ထို့အတူ ၂၀၁၈ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်၊ ၂၀၂၀ ပြည့်နှစ်တွင် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းအဖြစ် သတ်မှတ် ခြင်းခံရသည့် သဘာဝအမွေအနှစ်ဒေသတစ်ခု ဖြစ်လာသည်။
ထိုကဲ့သို့ နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ ထိန်းသိမ်းသင့်သည့် ဝန်းကျင်ဒေသတစ်ခု ဖြစ်သည့်အတွက် သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနသည် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝနယ်မြေအတွင်း “တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည် တည်ထောင်ခြင်း စီမံကိန်း(၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ) ၁၀ နှစ် စီမံချက်၊ အင်းလေးကန် ရေဝေရေလဲဒေသ ထိန်းသိမ်းရေး ၁၀ နှစ်စီမံကိန်း (၂၀၂၀-၂၀၂၁ မှ ၂၀၃၀-၂၀၃၁ အထိ)တို့ကို ရေးဆွဲကာ ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
လူထုပညာပေးပြခန်း
“ကျွန်တော်တို့ဌာနအနေနဲ့ အင်းလေးကန်အတွင်းမှာ ငှက်ကြည့်စင်စခန်း၊ ထိန်းသိမ်းရေး ကင်းစခန်းနဲ့ အင်းလေးကန်ဇီဝအဝန်းနယ်မြေ လူထုပညာပေးပြခန်းကို ညောင်ရွှေမြို့အဝင်ရှိ ရွှေရန်ပြေမှာနဲ့ နန်းသဲကင်းစခန်းကို နန့်လတ် ချောင်းနံဘေးရှိ နန့်သဲကျေးရွာမှာ ထားရှိပြီးတော့ ပညာပေးလုပ်ငန်းတွေနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်”ဟု သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ပြောသည်။
အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ သစ်တောဦးစီးဌာန ဝန်ထမ်းများသည် ကန်အတွင်းနှင့် ဆက်စပ်ဧရိယာများတွင် တရားမဝင်လုပ်ငန်းများ လျော့နည်းပပျောက်စေရန်နှင့် တိရစ္ဆာန်များ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းမရှိစေရန်၊ သတ်မှတ်ထားသည့် စည်းကမ်းများအား လိုက်နာစေရန် ကင်းလှည့်ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်ကျေးရွာရှိ ကျောင်းများနှင့် ဒေသခံပြည်သူများအား ထိန်းသိမ်းရေးနှင့် ကင်းလှည့်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန် ပညာပေးဟောပြောခြင်း၊ ဘေးမဲ့တောအတွင်း မျိုးစိတ်များတိုးပွားမှု၊ လျော့နည်းမှုနှင့် ပျံ့နှံ့ကျက်စားမှု စောင့်ကြည့်လေ့လာခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကန်ပတ်ဝန်းကျင်တွင် ပေါက်ရောက်နေသော အပင်စာရင်းကောက်ယူခြင်း၊ ငါးမျိုးစိတ် စာရင်းကောက်ယူခြင်း၊ ရေအတိမ်အနက်နှင့် အရည်အသွေးတိုင်းတာခြင်း စသည့်တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများကို နှစ်အလိုက် လုပ်ငန်းလျာထားချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စဉ်ဆက်မပြတ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ရေမဲ(မိုးမခ)၊ သပြေ၊ ရေထိမ်၊ ညောင်၊ ခံတက်၊ ပေါက်၊ ကသစ်၊ စစ်၊ ရေသင်းဝင်၊ လက်ပံ၊ ဒီးဒူး၊ မအူ၊ ဘိုင်၊ ကတွတ်၊ သဖန်း၊ သဘာလဲ စသည့်သစ်မျိုး ၁၀၈ မျိုး၊ ဝါးမျိုး ၁၁ မျိုး၊ ဆေးဖက်ဝင်အပင် ၅၂၇ မျိုး၊ ရေမှော် ၁၂ မျိုးနှင့် သစ်ခွမျိုးစိတ် ၁၈၄ မျိုးကို ရှင်သန် ပေါက်ရောက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန ၏ သုတေသနပြုစာရင်းများအရ သိရသည်။ “အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း နို့တိုက်သတ္တဝါမျိုးစိတ် ၂၆ မျိုး၊ သစ်တော ငှက် ၂၆၅ မျိုး၊ ရေပျော်ငှက် ၉၅ မျိုး၊ ကုန်နေရေနေ မျိုးစိတ် ၂၆ မျိုး၊ လိပ်ပြာမျိုးစိတ် ၉၄ မျိုး၊ ခရုမျိုးစိတ် ၁၂ မျိုး၊ ငါးမျိုးစိတ် ၆၀ နှင့် လိပ်မျိုးစိတ် သုံးမျိုးကို သုတေသနပြု မှတ်တမ်းတင်နိုင်ခဲ့ပါတယ်”ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
သစ်တောနှင့် ရေဝပ်ဒေသများ
သစ်တောဦးစီးဌာနအနေဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်းလေးကန်နှင့် ဆက်စပ်ရေဝပ်ဒေသများ၊ ၎င်းတို့အတွင်းရှိ ဇီဝမျိုးစုံ မျိုးကွဲများ၊ ရေဝပ်ဒေသဂေဟစနစ်များ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရန်၊ အင်းလေးကန်၏ ရေဝေရေလဲဒေသများရှိ ရှင်သန်ကျက်စားသော ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောဂေဟစနစ်များကို ထိန်းသိမ်းရန်၊ သစ်တောနှင့် ရေဝပ်ဒေသများကို ထိန်းသိမ်းခြင်း၊ အကျိုးရှိစွာ အသုံးပြုခြင်းနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးလာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ဌာနအနေနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ လူသားနဲ့ဇီဝ အဝန်းနယ်ဆိုတာကို အခြေပြုဆောင်ရွက်ရတယ်။ အင်းလေးဒေသမှာ ထိန်းသိမ်းရမယ့် ရိုးရာဓလေ့နဲ့ သဘာဝအခြေခံခရီးသွားလုပ်ငန်းရှိတဲ့ ဇီဝအဝန်း နယ်မြေဖြစ်တယ်။ ဒါကြောင့် ရိုးရာဓလေ့ တည်ရှိနေဖို့၊ ဒေသခံတွေအတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ လုပ်ဆောင်တာတွေကို ဇီဝဝန်းကျင် ထိန်းသိမ်းရေးနဲ့ ချိန်ညှိဆောင်ရွက်ရတယ်။ ဒီလိုဆက်စပ်တည်ရှိနေတာကို ဒေသခံတွေ နားလည်ပြီး ထိန်းသိမ်းရေးလုပ်ငန်းမှာ ပါဝင်ဖို့ ကြိုးပမ်းဖော်ဆောင်ရပါတယ်”ဟု အင်းလေးကန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ဆိုသည်။
ဒေသခံများ၏ လူနေမှုဘဝများ
ကျေးရွာလူမှုရေး အသင်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ရန်၊ ရေလုပ်သားအဖွဲ့က အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်၊ ပြည်တွင်း ပြည်ပဧည့်သည်များ သဘာဝဂေဟစနစ်များအား လေ့လာ၍ အပန်းဖြေအနားယူနိုင်ရန်၊ ဒေသခံများ၏ လူနေမှုဘဝများကို လေ့လာနိုင်ရန်အတွက်ပါ သစ်တောဦးစီးဌာနအနေဖြင့် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
“မြစ်ချောင်းအင်းအိုင်နဲ့ ရေဝေရေလဲဒေသဆိုတာ ဆက်စပ်နေတယ်။ အင်းလေးကန် ဂေဟစနစ် ထိန်းသိမ်းနိုင်ဖို့အတွက် ရေဝေရေလဲဒေသကို ထိန်းသိမ်းကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဌာနအနေနဲ့ အင်းလေးကန်ရေဝေ ရေလဲဒေသ ထိန်းသိမ်းရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်” ဟု တောင်ကြီးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
စီမံကိန်းဧရိယာဇုန် လေးခု
သစ်တောဦးစီးဌာနအနေဖြင့် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်းကို ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ၁၀ နှစ်ကာလသတ်မှတ်၍ စီမံကိန်း ဧရိယာဇုန်လေးခု သတ်မှတ်ဆောင်ရွက်လျက် ရှိသည်။ ညောင်ရွှေမြို့နယ်ကို ဇုန်(၁)အဖြစ် လည်းကောင်း၊ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ကို ဇုန်(၂)အဖြစ်လည်းကောင်း၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့ကို ဇုန်(၃) အဖြစ်လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ကို ဇုန်(၄) အဖြစ်လည်းကောင်း သတ်မှတ်ထားသည်။
အင်းလေးကန် ရေဝေရေလဲဒေသများ ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သစ်တောဦးစီးဌာနအနေဖြင့် ရေဝေရေလဲဂေဟစနစ်များ ရေရှည်တည်တံ့စေခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ရေနှင့်မြေဆီလွှာ ကာကွယ်ထိန်းသိမ်းခြင်း၊ တိုးချဲ့ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သားငှက်တိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းခြင်း၊ သုတေသနပြုလုပ်ခြင်း စသည့် အဓိကလုပ်ငန်းကြီး ခြောက်မျိုးကို လုပ်ဆောင်နေသည်။
ထို့အတူ အင်းလေးကန် ပတ်ဝန်းကျင်ရှိ ဒေသခံများအား စနစ်ကျသော အမှိုက်စွန့်ပစ်မှု၊ အညစ်အကြေးစွန့်ပစ်မှုစနစ် (မိလ္လာစနစ်)များ ဖြစ်လာရေး၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ အင်းလေးကန် သဘာဝလယ်ယာသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ ဖွံ့ဖြိုးလာစေရေး၊ ရေလုပ်သားများအတွက် စဉ်ဆက်မပြတ် ငါးသယံဇာတများ ထုတ်ယူသုံးစွဲနိုင်ရေး စသည့် လုပ်ငန်းများကို ဆက်စပ်ဌာနများနှင့် သစ်တောဦးစီးဌာန ပူးပေါင်း၍ ဒေသခံများနှင့်အတူ အကောင်အထည်ဖော်လျက်ရှိသည်။
ဇီဝဝန်းကျင်ဆိုင်ရာအမွေအနှစ်
အင်းလေးကန်သည် နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ ထိန်းသိမ်းသင့်သည့် ဇီဝဝန်းကျင်ဆိုင်ရာ အမွေအနှစ်အဖြစ်ပါ တည်ရှိနေသည့်အတွက် သစ်တောဦးစီးဌာနအနေဖြင့် ဘေးမဲ့တောထိန်းသိမ်းရေးလုပ်ငန်းများကို တစ်ဖက်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း ဒေသခံများအနေဖြင့် ဂေဟစနစ်ကိုမှီတည်ပြီး အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ရေရှည်အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းရေးအသိပညာ မြင့်မားလာစေရန်တို့ကို ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ သို့ဖြစ်၍ မြန်မာ့အမွေ၊ ကမ္ဘာ့အမွေအဖြစ် တည်ရှိနေသည့် အင်းလေးကန်ဝန်းကျင်ဒေသ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေးအသိပညာများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။