ပိုး နှင့် လူ
သမားအို
အခုရက်ပိုင်းအတွင်းမှာ ကျေးဇူးရှင်ဆရာ ဆရာမကြီးတွေကို အထူးပဲ သတိရနေမိတယ်။ သူတို့ကျေးဇူးနဲ့ မြန်မာပြည်ကြီးမှာ “ကျောက်ကြီးရောဂါ” (Smallpox) လုံးဝပျောက်သွားခဲ့တယ်။ ရာစုနှစ်တစ်ဝက် ရှိသွားပါပြီ။ ပြည်သူ့ကျန်းမာရေး (Public Health) ကဏ္ဍရဲ့ သမိုင်းဝင်အောင်ပွဲကြီးလည်း ဖြစ်ပါတယ်။ တိုင်းပြည်လွတ်လပ်ရေး ရပြီးချိန်မှာ မြန်မာ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ လက်ရုံးကို ဆန့်တန်းပြလိုက်တဲ့ပွဲလည်း ဖြစ်ပါတယ်။ အောက်ခြေက စွန့်စားအကောင်အထည်ဖော်ခဲ့ရတဲ့ “ကျောက်ထိုးဆရာ” တွေကြောင့်လည်း ကျွန်တော်တို့ဆရာကြီးတွေရဲ့ စီမံချက်တွေ အောင်မြင်ခဲ့ရတယ်ဆိုတာ သေချာပါတယ်။
ဒီနေ့မှာ ဆရာသမားတွေရဲ့ ကျေးဇူးကိုထပ်ပြီး သတိရစေတာကတော့ “မျောက်ကျောက်ရောဂါ” ကြောင့်ပါပဲ။ ကျောက်ကြီးရောဂါကို ပပျောက်အောင် လုပ်နိုင်ခဲ့ပေမယ့် “ရေကျောက်ရောဂါ” (Chicken Pox) ရောဂါကိုတော့ ရံဖန်ရံခါ တွေ့နေရဆဲပါ။ သာမန်အဖျားအနာလောက်ပဲ သဘောထားကြတယ်။ နည်းနည်းဖျားတယ်။ ယားယံမယ်။ အဖုငယ်လေးတွေ ပေါက်လာမယ်။ ရေကြည်ဖုလေးတွေအဖြစ်နဲ့ အရေပြားပေါ်မှာ တွေ့လာရပြီး မကြာခင်မှာပဲ ပျောက်သွားတာ တွေ့နိုင်တယ်။ မသေပါဘူး။
အခုကျတော့ “မျောက်ကျောက်ရောဂါ” (Mon-key Pox) ဆိုတာလည်း ကျောက်ရောဂါ ဗိုင်းရပ်စ် ပိုးအမျိုးအနွယ်တွေထဲက တစ်ခုကြောင့်ပါပဲ။
ကူးစက်မှု များလာတယ်။ အသေအပျောက် လည်းရှိနိုင်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျောက်ကြီးရောဂါ ကာကွယ်ဆေး (Smallpox Vaccine) ထိုးထားပြီးသူတွေမှာဖြစ်တာ မတွေ့ရဘူးလို့ဆိုတယ်။ ကျွန်တော်တို့ရဲ့ လက်မောင်းမှာ ကျောက်ဆေးထိုးရာတွေ တစ်သက်လုံးစွဲပြီး ရှိနေတာပဲ။ ဒါ့ကြောင့်လူငယ်တွေလို သောကမပွေရဘဲ မျောက်ကျောက်ရောဂါအတွက် မပူပင်ရတော့တာဟာလည်း အဲဒီတုန်းက ကျေးဇူးရှင်ဆရာကြီးတွေ၊ ဆရာလေးတွေ၊ ဝန်ထမ်းတွေကြောင့်မို့ သတိရစရာ ဖြစ်လာခဲ့ရပါတယ်။
ကျောက်ကြီးရောဂါ
အက်ဒွပ်ဂျင်နာ (Edward Jenner)ရဲ့ တီထွင်မှု ရလဒ်အဖြစ်နဲ့ နွားကျောက်ရောဂါ (Cow Pox) ရောဂါပိုးကို ကျောက်ကြီးရောဂါကာကွယ်ဖို့ သုံးနိုင်လာဖို့ တစ်ကမ္ဘာလုံး ထိုးပေးလိုက်တဲ့အတွက် ၁၉၇၀ နောက်ပိုင်းမှာ ကျောက်ကြီးရောဂါ ပပျောက်သွားတယ်။ ၁၉၈၀ နောက်ပိုင်းမှာတော့ ကာကွယ်ဆေးထိုးဖို့ မလိုတော့ဘူးလို့ ဆုံးဖြတ်ရပ်ဆိုင်းခဲ့တယ်။
အခုနှစ်ပေါင်းလေးဆယ်ကျော်အတွင်း လူငယ်၊ လူလတ်ပိုင်းမှာ ကျောက်ရောဂါဆိုတာလည်း မကြားဖူးတော့ဘူး။ ကျောက်ဆေးလည်း မထိုးရတော့ဘူး။ လက်မောင်းတွေမှာလည်း ဆေးထိုးအမာရွတ်တွေ မတွေ့နိုင်တော့ပါဘူး။ တစ်ဖက်ကလည်း သုတေသီတွေက ကျောက်ဆေးထိုးထားရုံနဲ့ ရေကျောက်ရောဂါတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်တယ်လို့ဆိုလာတော့ အမေရိကန်နိုင်ငံမှာ ကျောက်ဆေးပြန်ထိုးဖို့ အကြံပြုသံတွေ ထွက်လာပါတယ်။
နိုင်ငံပေါင်း ၂၅ နိုင်ငံ
ခေတ်လူငယ်တွေရော၊ လူကြီးတွေပါ မျောက်ကျောက်ရောဂါအကြောင်းတော့ သိထားမှဖြစ်မယ်။ နိုင်ငံအနည်းငယ်မှာ လူပေါင်းတစ်ရာကျော်လောက်က ဖြစ်နေတယ်။ ကျောက်ရောဂါကို ကြောက်ခဲ့ရတဲ့ ကျွန်တော်တို့အတွက်တော့ စိုးရိမ်စိတ်တွေ ပြန်ပေါ်လာတယ်။ အခုရောဂါပြန့်ပွားနေတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံဟာ ကျွန်တော်တို့နဲ့ အလှမ်းဝေးပါသေးတယ်။ ဒီမျောက်ကျောက်ရောဂါဟာ ကိုဗစ်-၁၉ ကပ်ရောဂါလိုဖြစ်ဖို့ အဝေးကြီးလိုပါသေးတယ်။ ကပ်ရောဂါဖြစ် ဖို့ဝေးပေမဲ့ ကူးစက်ခံရဖို့ဆိုတာက နိုင်ငံချင်းဝေးတာနဲ့ မဆိုင်ဘူး။ ကမ္ဘာ့ရွာကြီးမှာ ဘယ်နေရာမဆို တစ်ကြောင်းကြောင်းနဲ့ ပျံ့နိုင်တာမို့ သတိကြီးကြီးထားဖို့တော့ လိုပါတယ်။
မျောက်ကျောက်ရောဂါဆိုတာ အခုမှထဖြစ်တာ မဟုတ်ပါဘူး။ ၁၉၅၈ ခုနှစ်ကတည်းက ဆိုတော့ ကြာလှပေါ့။ အာဖရိကတိုက်မှာပဲ အခြေစိုက်ဖြစ်ခဲ့တယ်။ အထူးသဖြင့် အာဖရိကအလယ်ပိုင်းဒေသ (Central Africa)မှာ ဖြစ်တဲ့ မျောက်ကျောက်ရောဂါက အသေအပျောက်ပိုများတယ်။ ၁၀ ယောက်ဖြစ်ရင် တစ်ယောက်သေတယ်။ အခုထက်ထိလည်း ရောဂါကူးစက်မှုဟာ ဒေသပြဿနာ (Endemic) အဖြစ်နဲ့ ရှိနေဆဲပဲ။
မျောက်ကျောက်ရောဂါ
အင်္ဂလန်နိုင်ငံကို ပျံ့၊ ဥရောပနိုင်ငံတွေ၊ အမေရိကန်နိုင်ငံ၊ ကနေဒါ စတဲ့နိုင်ငံတွေကို ပျံ့သွားတဲ့ မျောက်ကျောက်ရောဂါမျိုးကတော့ နိုင်ဂျီးရီးယား နိုင်ငံကလာတဲ့ မျိုးကွဲလို့ဆိုတယ်။ ကူးစက်မှုရှိပေမဲ့ တစ်ရာမှာမှ တစ်ယောက်လောက်ပဲ သေနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးမျိုးတွေဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်လို ဗီဇပြောင်းမျိုးကွဲမှု မဖြစ်သေးတဲ့အတွက် ကံကောင်းတယ်လို့လည်း ဆိုကြပါတယ်။
ကူးစက်ရောဂါတွေရဲ့ ထုံးစံအတိုင်း လူတစ်ယောက်ကတစ်ယောက်ကို ကူးတယ်။ ကျောက်ပေါက်တာဖြစ်တဲ့အတွက် လူရဲ့ကိုယ်ပေါ်မှာ ထွက်လာတဲ့ အဖုတွေ၊ အရည်ကြည်တွေ တည်နေတယ်။ ပေါက်ထွက်သွားရင် ပေကုန်တယ်။ ထိတွေ့မိတဲ့လူတွေကို ကူးသွားနိုင်တယ်။ အထူးသဖြင့် လက်ကနေတစ်ဆင့် ကူးသွားတာပါပဲ။ ဒါ့အပြင် လူနာရဲ့ အဝတ်အစား၊ လူနာနဲ့ ထိတွေ့ထားတဲ့ အသုံးအဆောင်နဲ့ ပတ်ဝန်းကျင်ကပစ္စည်းတွေမှာ ရောဂါပိုးက ရှိနေနိုင်တယ်။ ဆန်စင်ရာ ကျည်ပွေ့လိုက်သလိုပဲ နောက်ကလိုက်ပြီး ပိုးသတ်နေဖို့ အတော်ပဲခက်ပါတယ်။
ပိုဆိုးလာတာက လိင်ဆက်ဆံဖက်တွေ (အထူးသဖြင့် လိင်တူဆက်ဆံသူတွေနဲ့ နှစ်ဖက်ချွန်တွေ)မှာ ကူးစက်လာတာတွေ ဥရောပမှာတွေ့လာရတယ်။ အင်္ဂလန်နိုင်ငံမှာလည်း ဒီလိုတွေ့တယ်။ စပိန်နိုင်ငံမှာတော့ ရေနွေးငွေ့ရေချိုးခန်း (Sauna) တွေမှာ ကူးစက်ပျံ့နှံ့မှုတွေရှိလာတာ တွေ့ကြရတယ်။ ဒါပေမဲ့ ကျား/မ လိင်အင်္ဂါတွေက ထွက်လာတဲ့ အရည်တွေကြောင့် ကူးစက်တာ ဟုတ်/ မဟုတ် သုတေသနပြုကြဆဲပါပဲ။ သေချာတာကတော့ လူတစ်ဦးနဲ့တစ်ဦး အချိန်ကြာကြာ ထိတွေ့မှုရှိလာလေ ကူးစက်ဖို့ အန္တရာယ်များလေလေပဲ ဆိုတဲ့အချက်ကို ထောက်ပြကြတယ်။ ဒီလိုသာဆိုရင်တော့ ကမ္ဘာမှာ ပြဿနာဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က စိုးရိမ်လာပြီး အလေးအနက် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
ကျောက်ရောဂါကာကွယ်ဆေး
အမေရိကန်တွေကတော့ ယခင်ကတည်းက စီမံချက်ချပြီးလို့ သိပ်မစိုးရိမ်ကြောင်း ပြောကြတယ်။ သူတို့က “လေထိမခံ အမေရိကန်” ဆိုတဲ့အတိုင်း ကိုယ့်ကိုထိမှာကြောက်လို့ ပိုးမွှားလက်နက်တွေနဲ့ အတိုက်ခိုက်ခံရရင် ခုခံဖို့အတွက် ရောဂါကာကွယ်ဆေးတွေ ထိုးထားတယ်လို့ ဆိုပါတယ်။ ကျောက်ရောဂါပျောက်သွားပြီလို့ ကြေညာထားပေမဲ့ ကျောက်ရောဂါပိုးမျိုးတွေကို သိမ်းထားပြီး ဇီဝလက်နက်အဖြစ် လုပ်လို့ရတာမို့ ဖြစ်လာရင် ကာကွယ်ဖို့ အစီအမံတွေရှိထားပြီးပြီလို့လည်း ဆိုပါတယ်။ အရေးကြီးတဲ့ သတင်းအချက်အလက်ကတော့ ကျောက်ရောဂါကာကွယ်ဆေးတွေကို ထိုးပီး မျောက်ကျောက်ရောဂါရဲ့ ၈၀ ရာခိုင်နှုန်းကို ကာကွယ်နိုင်တဲ့ သတင်းပါပဲ။
အမေရိကန်ပြည်မှာ မျောက်ကျောက်ရောဂါကု ဆေးကလည်း ရှိနှင့်ပြီးပြီလို့ ဆိုပါတယ်။ ရောဂါဖြစ်လာရင်တောင် ပျောက်အောင်ကုနိုင်တဲ့ဆေးတွေ လက်ထဲမှာ ရှိနေကြပါတယ်။ အခြေအနေပေါ်မူတည်ပြီး ဆေးထုတ်လုပ်ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ အဓိက သတင်းအချက်အလက်ကတော့ မျောက်ကျောက်ရောဂါဟာ ကာကွယ်လို့လည်းရတယ်။ ကုသလို့လည်းရတယ်ဆိုတဲ့ အချက်ပါပဲ။
မြန်မာနိုင်ငံအနေနဲ့ကတော့ ရောဂါကူးစက်ပျံ့နှံ့နေတဲ့ ဒေသတွေနဲ့ ဝေးနေသေးတာမို့ စိုးရိမ်စရာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့သတင်းတစ်ရပ်မှာတော့ စင်ကာပူမှာလည်း ကူးစက်မှုရှိလာတယ် ဆိုတဲ့အချက်က သတိထားစရာ ဖြစ်လာပါတယ်။ လက်ရှိအခြေအနေအရ မျောက်ကျောက်ရောဂါ ကူးစက်ပုံဟာ နှစ်မျိုးဖြစ်နေပါတယ်။ တစ်မျိုးက ခရီးသွားရင်း ကူးစက်ပါလာတဲ့ မျောက်ကျောက်ရောဂါ၊ နောက်တစ်မျိုးက နိုင်ငံတွင်း ဒေသအတွင်းမှာပဲ (ခရီးမသွားဘဲနဲ့) ကူးစက်မှု (Community Transmission)တွေပဲ ဖြစ်ပါတယ်။
ရုတ်တရက်ပြင်းထန် အသည်းရောင်ရောဂါ
အင်္ဂလန်နိုင်ငံမှာ ဒီနှစ်ထဲ စတွေ့တဲ့ရောဂါကို နိုင်ဂျီးရီးယားနိုင်ငံကနေ ကူးစက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ် လောက်ကတည်းကပဲ အင်္ဂလန်မှာ မျောက်ကျောက်ရောဂါဖြစ်သူတွေကို တွေ့ခဲ့ကြောင်း မှတ်တမ်းတွေ ရှိနေပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလအတွင်းမှာ ပိုပြီးဂရုစိုက်စစ်ဆေးလာကြလို့ ကလေးတွေမှာဖြစ်တဲ့ ရုတ်တရက်ပြင်းထန် အသည်းရောင်ရောဂါ (Fevers Acute Hepatitis) နဲ့ အခု မျောက်ကျောက်ရောဂါ (Monkey Pox) တွေကို ပိုပြီးသတိပြုမိကြပြီး မီဒီယာထဲမှာ ဖြန့်ဝေနေကြတာပဲ ဖြစ်ပါတယ်။
ဒီသတင်းတွေကြားပြီးတော့ မြန်မာလူထုထဲမှာလည်း စိုးရိမ်စိတ်တွေ ဝင်လာတာ တွေ့ရပါတယ်။ နွေအကုန် မိုးဦးကျကာလမှာ ပူအိုက်စွတ်စိုလွန်းတဲ့အတွက် မြန်မာတွေအတွက် ယားနာတွေပေါများ လာတဲ့ကာလပဲဖြစ်ပါတယ်။ အပူဒဏ်နဲ့ ချွေးပေါက်တွေ ပိတ်ဆို့မှုကြောင့် မိတ်ဖုတွေထွက်တယ်။ ယားလို့ကုတ်တယ်။ ကုတ်လို့ ပိုးဝင်ပြီး အနာတွေဖြစ်တယ်။ အဲဒီအနာတွေထဲကမှ အချို့ဗက်တီးရီးယား ပိုးတွေဟာ ယားနာအဖုအပိမ့်တွေ ဖြစ်စေတယ်။ အချို့ဆိုရင် အရည်တွေထွက်၊ သွေးတွေထွက်တဲ့အထိ ကုတ်ကြတယ်။ ဆိုရှယ်မီဒီယာထဲမှာ တက်လာတယ်။
မျောက်ကျောက်ရောဂါရဲ့ လက္ခဏာတွေကို သိထားရင်တော့ စိုးရိမ်မှု လျော့ပါလိမ့်မယ်။ ဗိုင်းရပ်စ်ပိုးဖြစ်လို့ ဖြစ်တဲ့ပုံစံတွေက အစပိုင်းမှာ အတူတူပဲ။ နည်းနည်း ဖျားမယ်။ နုံးမယ်။ ကိုက်ခဲမယ်။ မစားချင်မသောက်ချင်ဖြစ်မယ်။ နောက်ပိုင်းမှာတော့ ယားနာတွေ ပေါက်လာမယ်။ အထူးသဖြင့် လက်ဖဝါးတွေ၊ မျက်နှာတွေမှာပါ ထွက်တယ်။ အဲဒီ ယားနာတွေကနေပြီး အရည်ကြည်တည်နေတဲ့ အဖုတွေ ပေါက်လာမယ်။
အထူးသဖြင့် လက်ဖဝါးတွေ၊ မျက်နှာတွေမှာပါ ထွက်တယ်။ (အပူဒဏ်ကြောင့်ဖြစ်တဲ့ မိတ်ဖုတွေက မျက်နှာနဲ့ လက်ဖဝါးမှာ မထွက်ပါ) အရေးကြီးတဲ့အချက်ကတော့ လည်ချောင်းနဲ့ ခံတွင်းအမြှေးပါး (Mucosa)တွေမှာ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ဝင်လာလို့ အဖုတွေထွက်၊ အရည်ကြည်ဖုတွေကနေ နာကျင်ပြီး အစာမမျိုနိုင်ဖြစ်တတ်လို့ ဂရုစိုက်ဖို့ လိုလာတယ်။ ဒီရောဂါဟာ အသေအပျောက်နည်းပြီး နှစ်ပတ်၊ သုံးပတ်ဆို ပျောက်တတ်ပါတယ်။
လူတွေက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ လှည့်ကွက်အမျိုးမျိုးကို ခံနေရဆဲဖြစ်လို့ ဗီဇတွေ အပြောင်းအလဲရှိနေသလားဆိုတာကို စိတ်ပူနေကြတယ်။ ကံကောင်းတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကတည်းကပေါ်နေတဲ့ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးဟာ အခုထက်ထိ မျိုးရိုးဗီဇမပြောင်းသေးပါဘူးလို့ WHO က ဆိုနေပါတယ်။
ရောဂါပိုးကို မစိုးရိမ်ရပေမဲ့ လူကိုစိုးရိမ်ရပါတယ်။ ရောဂါဖြစ်ပြီး သေမှာ သိပ်မကြောက်ရပေမဲ့ လူရဲ့အမူအကျင့်တွေထဲမှာ ရောဂါပျံ့စေတာတွေ ရှိနေတယ်။ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ ဗဟုသုတ ရချင်လို့ပဲဖြစ်ဖြစ်၊ အပျော်ပဲဖြစ်ဖြစ် ခရီးသွားတာများလာကြတယ်။ ပိုပြီး အန္တရာယ်ဖြစ်လာတာကတော့ လိင်ဆက်ဆံမှု အထိအတွေ့တွေဟာ (အထူးသဖြင့် လိင်တူဆက်ဆံမှု) ရောဂါပျံ့နှံ့မှုကို ပိုဆိုးစေတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီကိစ္စကတော့ AIDS ပြဿနာနဲ့ HIV ပိုး ကူးစက်မှု စတင်ကတည်းက အန္တရာယ်ကင်းတဲ့လိင်ဆက်ဆံမှု (Safer Sex)တွေအတွက် ပညာပေးနေကြပေမဲ့ ဒီကနေ့ထက်ထိ ပြင်လို့မရပါဘူး။ ဒါကြောင့် ကမ္ဘာ့ပညာရှင်တွေက ရောဂါပိုးကို ထိန်းချုပ်ဖို့မခက်ပေမဲ့ လူလူချင်းပျံ့နှံ့မှုကို ထိန်းချုပ်ရ ခက်တယ်လို့ ဆိုလာကြပါတယ်။
အမှန်တော့ ရောဂါကာကွယ်ရတာ မခက်ပါဘူး။ ပုံမှန်ကူးစက်မှုက ရောဂါပိုးပါတဲ့ အရည်တွေ၊ အရိအရွဲတွေကနေ ကူးစက်တာ ပိုများပါတယ်။ လက်ကို ခဏခဏဆေးမယ်။ ရောဂါပိုးနဲ့ ထိတွေ့မှုရှိနိုင်တယ်လို့ သံသယရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပိုးသန့်ဖို့ ကြိုးစားရင်ဖြစ်ပါတယ်။ ရောဂါဖြစ်တဲ့လူကလည်း သီးသန့်ခွဲနေဖို့ လိုသလို ကျန်းမာရေးဌာနတွေကို အမြန်ဆုံးအကြောင်းကြားရင် ရောဂါစစ်ဆေးပေးနိုင်တယ်။ ရောဂါမပျံ့အောင် ကာကွယ်ပေးနိုင်တယ်။
ရောဂါမပြင်းထန်အောင် ကုသဆေးတွေ ပေးနိုင်မှာဖြစ်တဲ့အတွက် ကိုဗစ်-၁၉ လို မဆိုးပါဘူး။ ။