Skip to main content

မူပိုင်ခွင့်နှင့် ယနေ့လူငယ်

ဒေါက်တာမိုးမိုးသွယ် (မဗေဒါ)

“အနာဂတ်လှပစေဖို့ ဆန်းသစ်တီထွင်ကြပါစို့”

“ယနေ့လူငယ် နောင်ဝယ်လူကြီး”ဟူသည့် ဆိုစကားအတိုင်း ယနေ့လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ အနာဂတ် နိုင်ငံတော်၏ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စည်ပင်သာယာဝပြောမှုသည် ယနေ့လူငယ်များ၏ အသိဉာဏ်ပညာ အတွေးအခေါ် မြင့်မားမှုနှင့် ကြိုးစားအားထုတ်မှုတို့အပေါ် များစွာမူတည်သည်။ သို့ဖြစ်၍ နိုင်ငံ့ခွန်အားအစစ်ဖြစ်သော လူငယ် လူရွယ်လေးများကို ကျောင်းနေစဉ်အရွယ်မှစ၍ နည်းလမ်းမျိုးစုံဖြင့် ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်။ ထိုသို့လူငယ်များကို အရည်အချင်းပြည့်ဝသည့် လူကောင်း လူတော်လေးများ ဖြစ်လာစေရန် ပျိုးထောင်ရာတွင် မူပိုင်ခွင့်စနစ်သည်များစွာ အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။

မူပိုင်ခွင့်ဆိုသည်မှာ

မူပိုင်ခွင့်ဆိုသည်မှာ မိမိ၏စိတ်ကူးစိတ်သန်းနှင့် အသိဉာဏ်ကို အသုံးပြု၍ ဆောင်ရွက်ခြင်းမှ ထွက်ပေါ်လာသော စာပေ၊ ဂီတ စသည့် ဖန်တီးမှု အနုပညာ လက်ရာများနှင့် ဆန်းသစ်သော နည်းပညာများဖြင့် တီထွင်ထားသော လူသုံးကုန်ပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များ စသည်တို့ကို တီထွင်ဖန်တီးသူက ပိုင်ဆိုင်မှုရရှိစေရန်နှင့် အသုံးပြုခွင့်ရရှိခြင်း ဖြစ်သည်။ ၎င်းတို့တွင် ထုတ်ကုန်အသစ်လက်ရာများနှင့် ထုတ်လုပ်မှုနည်းစဉ်များကို “တီထွင်မှုမူပိုင်ခွင့်” (Patent) ဖြင့်လည်းကောင်း၊ ထုတ်ကုန်၏ ပြင်ပအသွင်အပြင်နှင့် ပုံပန်းသဏ္ဌာန်တို့ကို “ဒီဇိုင်းမူပိုင်ခွင့်” (Design) ဖြင့်လည်းကောင်း အကာအကွယ်ရရှိနိုင်သည်။ အဆိုပါထုတ်ကုန်များကို သိမှတ်နိုင်သည့် အမှတ်တံဆိပ်များကို မှတ်ပုံတင်ခြင်းဖြင့် “ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်” (Trademark) ရရှိနိုင်မည်ဖြစ်သည်။ ထုတ်ကုန်၏ ကြော်ငြာများ၊ ရုပ်ပုံကားချပ်များ၊ စာပေ၊ အနုပညာ၊ သတင်းဆောင်းပါးများ စသည့် အနုသုခုမလက်ရာများကို “စာပေနှင့်အနုပညာမူပိုင်ခွင့်”(Copyright) ဖြင့် အကာအကွယ် ရရှိမည်ဖြစ်သည်။

မူပိုင်ခွင့် အကာအကွယ်ပေးမှုစနစ်သည် ဆန်းသစ်တီထွင် ဖန်တီးသူများနှင့် လက်ခံသုံးစွဲသူများအကြား မျှတသော အခွင့်အရေးများကို ပေးစွမ်းနိုင်သည်။ မူပိုင်ခွင့်သည် မမြင်တွေ့နိုင်သော အကြံကောင်း၊ ဉာဏ်ကောင်းများ၊ စိတ်ကူးစိတ်သန်းများကို လက်တွေ့မြင်တွေ့နိုင်၊ အသုံးပြုနိုင်သည့် ပစ္စည်းများအဖြစ်သို့ ပြောင်းလဲစေခြင်းဖြင့် လူ့ဘောင်လောကကို တိုးတက်သာယာ ဝပြောစေနိုင်သည်။ ဥပမာအားဖြင့်ဆိုရလျှင် တီထွင်မှုမူပိုင်ခွင့် (Patent)သည် တီထွင်သူကို ၎င်း၏ ဆန်းသစ်တီထွင်မှုအတွက် တစ်ဦးတည်းမူပိုင်ခွင့်ကို အနှစ် ၂၀ ခံစားရရှိစေပြီး ၎င်း၏ “တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ နည်းပညာဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းဖြင့် အခြားသူများအား အဆိုပါ တီထွင်မှုနည်းစဉ်များကို လေ့လာခွင့်ရစေခြင်းဖြင့် ပိုမိုဆန်းသစ်သော နည်းပညာများကို ဆန်းသစ်တီထွင်နိုင်ခွင့် ရရှိစေသည်။

ဘဝသစ်တစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိ

တီထွင်သူသည် တီထွင်မှုမူပိုင်ခွင့်ကို အနှစ် ၂၀ ထိတိုင် တစ်ဦးတည်း မူပိုင်ခွင့်ကို အသုံးပြုခွင့် ရရှိခြင်းဖြင့် မိမိ၏ တီထွင်မှုကို ကိုယ်ပိုင်အသုံးပြုနိုင်ခြင်း၊ အခြားအသုံးပြုလိုသူများကို အသုံးပြုခွင့် ပေးခြင်းဖြင့် ဝင်ငွေများစွာရရှိစေခြင်း၊ ၎င်းနည်းပညာကို မိမိ၏ခွင့်ပြုချက်မရှိဘဲ အသုံးပြုသူများထံမှ တားမြစ်နိုင်ခြင်းနှင့် နစ်နာကြေး တောင်းခွင့်ရှိခြင်း စသည့် အခွင့်အရေးများကို ရရှိနိုင်သည်။ မိမိနည်းပညာ ဆန်းသစ်မှုမှ လုပ်ငန်းသစ်တစ်ခု တည်ထောင်ဆောင်ရွက်နိုင်ခြင်း (စွန့်ဦးတီထွင်သူ)ကြောင့် မိမိ၏ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ဖြစ်တည်စေလာနိုင်ခြင်းဖြင့် တီထွင်သူဘဝမှ လုပ်ငန်းရှင်ဘဝသို့ တိုးတက်ပြောင်းလဲ ရောက်ရှိနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ မူပိုင်ခွင့်ကို ကျောထောက်နောက်ခံ ပြုထားသော ဆန်းသစ်တီထွင် ဖန်တီးလိုစိတ်သည် မတူကွဲပြားခြားနားသော ဘဝသစ်တစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိသည့် လက်နက်တစ်ခုဟု ဆိုကြခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် လက်ရှိဘဝတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် စိန်ခေါ်မှုများအပေါ် လေ့လာသုံးသပ်ပြီး ၎င်းတို့ကို ကျော်လွှားနိုင်စေရန်အတွက် နည်းလမ်းများနှင့် အဖြေများရရှိစေရန် မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းအားထုတ်ခဲ့ကြခြင်းကြောင့် အဆင့်မြင့်နည်းပညာများဖြင့် ပြုလုပ်ထားသော လူ့အသုံးအဆောင် ပစ္စည်းများကို ထုတ်လုပ်နိုင်ခဲ့ကြပြီး ဘဝ၏အခက်အခဲများစွာကို ကျော်လွှားနိုင်ခဲ့ကြသည့်အပြင် လူနေမှု အဆင့်အတန်း မြင့်မားလာခဲ့ကြရသည်။ ယနေ့အင်တာနက်ခေတ် (သို့မဟုတ်) ဒစ်ဂျစ်တယ်ခေတ်တွင် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသော လူ့အသုံးအဆောင် ပစ္စည်းများကြောင့် (ဥပမာ- smart phone) မိမိတို့၏ လုပ်ငန်းများကို ယခင်က ထက်လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ အချိန်သက်သာခြင်း၊ အသိပညာ၊ အတတ်ပညာများကို လွယ်ကူစွာ လေ့လာခွင့်ရရှိခြင်း၊ စီးပွားရေးလုပ်ငန်းများကို နည်းလမ်းသစ်များဖြင့် ဆောင်ရွက်နိုင်ခြင်းနှင့် တစ်ဦးနှင့် တစ်ဦး လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း စသည့်များစွာသော အကျိုးကျေးဇူးများကို ရရှိခြင်းဖြင့် ကောင်းမြတ်သော ဘဝများကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြသည်။ သို့ဖြစ်၍ ယနေ့လူမှုဘဝတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ စိန်ခေါ်မှုများသည် နောင်အနာဂတ် ကမ္ဘာကြီး လှပသာယာစေရန်အတွက် ဆန်းသစ်တီထွင်မှုများကို ပြုလုပ်စေရန် တွန်းအားပေးသည်။

ကောင်းမွန်သောအနာဂတ်ကို လျှောက်လှမ်း

ကမ္ဘာတစ်ဝန်းလုံးတွင် လူငယ်များသည် ၎င်းတို့၏ ဉာဏစွမ်းရည်၊ စူးစမ်းလေ့လာတတ်မှုနှင့် ဖန်တီးတီထွင်နိုင်မှုများ စသည်တို့ကို အသုံးချ၍ ဆန်းသစ်တီထွင်ရန် စိန်ခေါ်မှုများကို ကျော်လွှားပြီး ပိုမိုကောင်းမွန်သော အနာဂတ်လူ့ဘောင်သစ်ဆီသို့ အရောက်လှမ်းနိုင်ခဲ့ကြသည်။ သို့ဖြစ်၍ ဆန်းသစ်၍ နိုးကြားတက်ကြွသော ဖန်တီးနိုင်စွမ်းရှိသည့် စိတ်ကူးစိတ်သန်းများသည် ပို၍စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်သော အနာဂတ်ကို လျှောက်လှမ်းရာတွင် ကူညီပံ့ပိုးနိုင်မည့် ပြောင်းလဲမှုများ၏ မောင်းနှင်အားတစ်ရပ်ဖြစ်သည်။ လူငယ်များအတွက် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများသည် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေရန် အထောက်အပံ့ပေးနိုင်မှု၊ စိတ်ကူးစိတ်သန်းများနှင့် အတွေးအခေါ်များကို အကောင်အထည်ဖော်နိုင်မှု၊ ဝင်ငွေများရရှိနိုင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ၎င်းတို့၏ လူနေမှုဘဝကို တိုးတက်စေနိုင်မှု စသည်တို့ကို ပြုစွမ်းနိုင်သည်ကို သိနားလည်စေရန် လေ့လာသင့်သည့် ပညာရပ်တစ်ခုဖြစ်သည်။

လူငယ်များ၏ သိပ္ပံ၊ ဝိဇ္ဇာနှင့် နည်းပညာရပ် နယ်ပယ်အသီးသီးတို့တွင် ဆန်းသစ်တီထွင် ဖန်တီးလိုသော စိတ်ကူးစိတ်သန်းများကို မူပိုင်ခွင့်နှင့် ပေါင်းစပ်လုပ်ကိုင်ပါက မတူကွဲပြား ထူးခြားစွာ အောင်မြင်သည်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အုပ်ချုပ်မှုနှင့် မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်နေသူများသည် ဆန်းသစ်တီထွင်ဖန်တီးလိုသော လူငယ်များနှင့် စွန့်ဦးတီထွင်လိုသူများ၏ လိုအပ်ချက်များ၊ တောင်းဆိုမှုများကို သိရှိနားလည်ပြီး ၎င်းတို့၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြု အားပေး၍ ပိုမိုကောင်းမွန်သည့် အနာဂတ် လူ့ဘောင်လောက ဖြစ်ပေါ်လာနိုင်ရေးအတွက် မူဝါဒများနှင့် စီမံကိန်းများချမှတ်၍ ပြုစုပျိုးထောင်ခြင်းဖြင့် လူငယ်များ၏ အံ့မခန်းစွမ်းပကားကို နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။

ဆန်းသစ်တီထွင်သူများ ဖြစ်စေရန်ပုံဖော်

ယနေ့လူငယ်များသည် မယုံနိုင်စရာကောင်းလောက်အောင် တွေးခေါ်ဖန်တီးနိုင်စွမ်းရည်နှင့် လုပ်ကိုင်နိုင်စွမ်းရည် မြင့်မားကြသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ပျမ်းမျှအသက် ၂၄ နှစ်ခန့်ရှိသော လူငယ် လူရွယ်အရေအတွက်သည် ခန့်မှန်းခြေအားဖြင့် ၁ ဒသမ ၈ ဘီလီယံခန့်ရှိသည်။ ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းသော လူငယ် လူရွယ်များသည် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိကြပြီး အသက် ၃၅ နှစ်အောက် လူငယ်လူရွယ် အမျိုးအစားသည် လာမည့်နှစ်များတွင် ပိုမိုတိုးတက်လာနိုင်သည်ကို လေ့လာတွေ့ရှိရသည်။ ကမ္ဘာပေါ်ရှိ ဒေသအားလုံးတွင်ရှိသော လူငယ် လူရွယ်များသည် ပြောင်းလဲမှုနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ပုံဖော်နိုင်မည့် လမ်းကြောင်းများကို ရှာဖွေခဲ့ကြသူများဖြစ်သည်။ သို့ဖြစ်၍ ယနေ့ခေတ်လူငယ်များကို “ပြောင်းလဲမှုပြုသူများ” ဟု တင်စားနိုင်သည်။ ၎င်းတို့သည် ဒစ်ဂျစ်တယ်ခေတ်(သို့မဟုတ်) အင်တာနက်ခေတ်တွင် ကြီးပြင်းလာကြသူများဖြစ်ပြီး လက်တွေ့ဆန်သူများ၊ ရဲရင့်သူများနှင့် လက်ရှိအခြေအနေများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ ယနေ့ခေတ်ရုပ်ပတ်ဝန်းကျင်နှင့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်တို့အကြား ပေါ်ပေါက်လာသော အငြင်းပွားမှုများက ယနေ့လူငယ်များကို စွန့်ဦးတီထွင်သူများ၊ ဆန်းသစ်တီထွင်သူများ ဖြစ်စေရန် ပုံဖော်ပေးခဲ့ကြသည်။

လူငယ်များသည် ၎င်းတို့၏ဘဝတွင် တွေ့ကြုံလာရသော အခက်အခဲများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ရှာဖွေခြင်းဖြင့် တီထွင်မှုမူပိုင်ခွင့် ပိုင်ရှင်များ ဖြစ်ခဲ့ကြသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် Robert Patch အမည်ရှိ ၆ နှစ်အရွယ် ကလေးငယ်တီထွင်ခဲ့သော “Toy Truck” ကို တီထွင်မှု မူပိုင်ခွင့်ပေးခဲ့သည်။ အဆိုပါ “Toy Truck” ကို Robert သည် အိမ်သုံးစွန့်ပစ်ပစ္စည်းများဖြစ်သည့် ဖိနပ်ဘူးများ၊ ပုလင်းဖုံးများကို အသုံးပြု၍ စိတ်ကူးစိတ်သန်းကောင်းစွာဖြင့် ဆန်းသစ်တီထွင်ခဲ့ခြင်းဖြစ်သည်။ Robert ကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် အရွယ်မရောက်သေးသည့် လူငယ်များတီထွင်ခဲ့သည့် တီထွင်မှု မူပိုင်ခွင့်များစွာရှိသည်။ လူငယ်များသည် သစ်လွင်ဆန်းသစ်သော နည်းလမ်းများဖြင့် ကမ္ဘာလောကကြီးကို ကြည့်မြင်ပြီး ပြောင်းလဲမှုများကို ပြုလုပ်ရန် စိတ်ကူးကြံဆခြင်းဖြင့် ဆွဲဆောင်နိုင်သူများဖြစ်သည်။

ပတ်ဝန်းကျင်သစ်တစ်ရပ်ကို ဖန်တီးပေးရန်လို

ဗြိတိန်နိုင်ငံ၏ စာသင်ကျောင်းများတွင် ကလေးများစိတ်ဝင်စားမည့် ကာတွန်းဇာတ်ကောင်များကို အသုံးပြု၍ ၅ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကလေး ငယ်များ၏ ဆန်းသစ်သော အတွေးအခေါ်များ ပေါ်ထွက်လာစေရန် တွန်းအားပေးနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် လူငယ်တစ်ဦး တီထွင်ခဲ့သော နေအိမ် သို့မဟုတ် အပန်းဖြေဥယျာဉ် သို့မဟုတ် လူစည်ကားသည့်နေရာများတွင် ပျောက်ဆုံးခဲ့သောပစ္စည်းများ ကို ရှာဖွေနိုင်သည့် စက်ကိရိယာပစ္စည်းများ တီထွင်ခဲ့မှုကြောင့် ဗြိတိန်မူပိုင်ခွင့်ရုံး (UKIPO)အနေဖြင့် လူငယ်ဆန်းသစ် တီထွင်သူများအတွက် များစွာဂုဏ်ယူပါကြောင်းနှင့် လူငယ်များ၏ တွေးခေါ်ကြံဆမှုနှင့် ဆောင်ရွက်မှုများကို လေးစားစွာဖြင့် မူပိုင်ခွင့် အကာအကွယ်ပေးရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ သို့ဖြစ်၍ တီထွင်ဖန်တီးနိုင်စွမ်းရည် မြင့်မားသော လူငယ်လူရွယ်များကို ကျောင်းနေစဉ်အရွယ်မှစ၍ အတွေးအမြင်သစ်များ ရရှိစေနိုင်မည့် ပတ်ဝန်းကျင်သစ်တစ်ရပ်ကို ဖန်တီးပေးရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင်လည်း ခေတ်အဆက်ဆက် ဆန်းသစ်တီထွင်နိုင်သူ လူငယ်လူရွယ်များ ပေါ်ပေါက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ရတနာပုံ ဆိုက်ဘာစီးတီးမှ မြန်မာအင်ဂျင်နီယာ ကျောင်းသားအဖွဲ့သည် Texas A&M’s Engineerning Innovation Center မှ ကျောင်းသားများနှင့် ပူးပေါင်း၍ အပ်ချုပ်စက်ငယ်တစ်လုံး လည်ပတ်မှုမှ လျှပ်စစ်စွမ်းအင် ရရှိစေရန် သုတေသနပြုဆောင်ရွက်နိုင်ခဲ့ပြီး EDU-Lighter Device ကို လျှပ်စစ်မီးမရရှိသည့် နေရာများတွင် ကျောင်းသားများ စာကြည့်နိုင်ရန် လျှပ်စစ်မီးပေးနိုင်သည့် ကိရိယာအဖြစ် အသုံးပြုရန် ဆန်းသစ်တီထွင်နိုင်ခဲ့သည့်အတွက် ကမ္ဘာမှမြန်မာ ကျောင်းသားများ၏ စွမ်းရည်ကို ဂုဏ်ပြုခဲ့ကြသည်။

တက္ကသိုလ်များသည် လူငယ်များအတွက် အတတ်ပညာများကို သင်ကြားလေ့လာနိုင်သည့် နေရာဌာနဖြစ်သည်သာမက လူငယ်များ၏ စိတ်ကူးအကြံအစည် (Idea)များကို လက်တွေ့အကောင်အထည် ဖော်နိုင်စေရန် ကူညီပံ့ပိုးပေးနိုင်မည့် ပတ်ဝန်းကျင် ကောင်းများကို စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်သည်။ လူငယ်များ၏ တီထွင်နိုင်စွမ်းရည်၊ စူးစမ်းလိုမှု၊ ဆန်းသစ်တီထွင်လိုသည့် စိတ်ဓာတ်များကို မြေတောင်မြှောက်ပေးနိုင်သည့် လေ့လာသင်ယူမှုများ၊ လေ့ကျင့်ပေးမှုများ၊ ကူညီပံ့ပိုးပေးမှုများ၊ ယှဉ်ပြိုင်မှုများ၊ ပြပွဲပြိုင်ပွဲများ၊ ပူးပေါင်းဆောင်ရွက်မှုများ စသည်တို့ကို ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့၏ ဉာဏစွမ်းအားများကို အကောင်းဆုံး အသုံးချနိုင်သည့် အခွင့်အလမ်း ကောင်းများကို ရရှိစေနိုင်သည်။

လူငယ်များ၏ အသိဉာဏ်စေစားမှုများမှ ထွက်ပေါ်လာသော အသီးအပွင့်များကို လက်တွေ့အသုံးချနိုင်စေရန်အတွက် တက္ကသိုလ်များ၏ လက်တွေ့စမ်းသပ်ခန်းများတွင် လိုအပ်သည့် စက်ပစ္စည်း ကိရိယာများ၊ သုတေသနဆောင်ရွက်ရာတွင် လိုအပ်သည့်ပစ္စည်းများ၊ စာကြည့်တိုက်များနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်း ပေးထားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်များတွင် လူငယ်များ၏စွမ်းရည်ကို ကောင်းစွာအသုံးချနိုင်စေရန် စီမံဆောင်ရွက်ထားသည့် တက္ကသိုလ်များသည် လူ့ဘောင်လောကအတွက် လိုအပ်သော ဆန်းသစ်တီထွင်မှုများစွာကို ထွက်ပေါ်စေနိုင်ပြီး နည်းပညာဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်(Patent)များစွာကို ပိုင်ဆိုင်ခြင်းဖြင့် ကြွယ်ဝချမ်းသာလာသည်ကို တွေ့ရှိနိုင်သည်။ ထိုသို့နည်းပညာကို ပိုင်ဆိုင်မှုကြောင့် ၎င်းနည်းပညာကို အသုံးပြုလိုသူများထံမှရရှိသည့် အခကြေးငွေများ ပိုင်ဆိုင်လာမှုမှသည် ပိုမိုဆန်းသစ်သော သုတေသနလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံလာနိုင်ခြင်းဖြင့် နောက်ထပ်၊ နောက်ထပ်သော ဆန်းသစ်တီထွင်မှုများကို ဆောင်ရွက်လာနိုင်သည်။

သို့ဖြစ်၍ စိတ်ကူးစွမ်းရည်မြင့်မားသော လူငယ်များကို ၎င်းတို့၏ ငယ်ရွယ်စဉ်ဘဝကပင် ကိုယ်ပိုင်စွမ်းရည်ကို အသုံးချခြင်းဖြင့် ရရှိလာနိုင်သည့် အခွင့်အလမ်းများ၊ အကျိုးကျေးဇူးများကို သိနားလည်စေခြင်းဖြင့် ကိုယ်ပိုင်တီထွင် ဖန်တီးလိုစိတ်များကို နှိုးဆွပေးနိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဗဟုသုတများသည် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မည့်အပြင် နည်းမှန်၊ လမ်းမှန်ဖြင့် မိမိတို့၏ အနာဂတ်ကို ပုံဖော်ရာတွင် လိုအပ်မည့် အထောက်အပံ့ကောင်းများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ လူငယ်ထုအတွင်းသို့ မူပိုင်ခွင့်များ စိမ့်ဝင်ပျံ့နှံ့စေရန် အသိပညာဖြန့်ဝေမှုများကို ကျောင်းနေစဉ်အရွယ်မှစ၍ မိတ်ဆက်ထိတွေ့ပေးနိုင်မည်ဆိုလျှင် နိုင်ငံ့ခွန်အားဖြစ်မည့် ဆန်းသစ်တီထွင်လိုစိတ်ပြင်းပြသော အနာဂတ် ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်မိပါသည်။             ။