Skip to main content

မြန်မာနိုင်ငံနှင့်  မုန်တိုင်းအန္တရာယ်

ရာသီဥတုပြောင်းလဲခြင်းကို ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်ပါသည်။ မုတ်သုံအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း စသည့်ပြောင်းလဲမှုများကြောင့် မုတ်သုံကာလ ရက်သတ္တ သုံးပတ်တာခန့် တိုတောင်းလာသည့်အတွက် မုတ်သုံမိုးကို မှီခိုအားထားရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အခက်တွေ့စေခဲ့ပါသည်။ ထို့အပြင် ဆိုးရွားပြင်းထန်သော ရာသီဥတု အစွန်း ရောက်ဖြစ်စဉ်များကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါသည်။

အထူးသဖြင့် ပုံသဏ္ဌာန်မမှန်သည့် မိုးရွာသွန်းမှုဖြစ်စဉ်များကို နှစ်စဉ်ကြုံတွေ့နေရာ ၂၀၁၅ ခုနှစ်မှစ၍ မုတ်သုံကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဓိကမြစ်ကြီးများတွင် နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းသည် ရာသီဥတုပြောင်းလဲမှု၏ ထင်ရှားသည့် သာဓကများပင် ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ German Watch ၏ ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်အညွှန်းကိန်းများနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယအဆင့်  ရှိနေခဲ့သည်ကို တွေ့ရပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သော မုန်တိုင်းများအနက် မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းများကို ဆန်းစစ်လေ့လာကြည့်လျှင် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှု တစ်နှစ်တာ ပျမ်းမျှအကြိမ်အရေအတွက် နည်းသွားသော်လည်း ဖြတ်ကျော်ဝင်ရောက်သည့် မုန်တိုင်းများ သည် အင်အားကြီးမားလာခြင်း၊ မုန်တိုင်းလမ်းကြောင်းများ သွေဖည်လာခြင်း၊ မြန်မာ့ကမ်းရိုးတန်းသို့ ဝင်ရောက်လေ့မရှိသည့်အချိန်တွင် ဖြတ်ကျော်ဝင်ရောက်ခြင်းစသည့် ပြောင်းလဲမှုများကို လေ့လာတွေ့ရှိရ ပါသည်။

၁။ မြန်မာနိုင်ငံနှင့် မုန်တိုင်းရာဇဝင်

(က) လအလိုက် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ခဲ့မှု အခြေအနေ

မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းများဖြတ်ကျော်မှုနှင့်ပတ်သက်ပြီးလေ့လာသည့်အခါ ဇယား(၁) တွင် ဖော်ပြထားသည့်အတိုင်း လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ (၁၈၉၁ ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ)အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းပေါင်း ၁၂၂၇ ကြိမ်ဖြစ်ပေါ်ခဲ့သည့်အနက် မြန်မာ့ကမ်းရိုးတန်းကို စုစုပေါင်း ၆၉ ကြိမ် (၆ ရာခိုင်နှုန်းသာ) ဖြတ်ကျော်ခဲ့ပါသည်။ ယင်းသည် ဘင်္ဂလားပင်လယ်အော်ကို ဝန်းရံထားသည့် ကမ်းရိုးတန်းနိုင်ငံများအနက် မြန်မာနိုင်ငံသည် မုန်တိုင်းအန္တရာယ်အနည်းဆုံးနိုင်ငံဖြစ်ကြောင်း၊ ဘင်္ဂလား ပင်လယ်အော်၌ မုန်တိုင်းဖြစ်တိုင်းလည်း မြန်မာနိုင်ငံတွင် အန္တရာယ်မရှိနိုင်ဘူးဆိုသည်ကို ပြသနေပါသည်။ ဖေဖော်ဝါရီလနှင့် မတ်လတို့သည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု အနည်းဆုံးလများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ အတွင်း ဖေဖော်ဝါရီလတွင် ခြောက်ကြိမ်၊ မတ်လ တွင် ရှစ်ကြိမ်သာဖြစ်ပွားခဲ့ကြောင်း တွေ့ရပါသည်။

(ခ) လအလိုက် မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့မှုအခြေအနေ

လအလိုက် မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှုကို လေ့လာရာတွင် မိုးကြိုကာလ ဖြစ်သည့် ဧပြီလနှင့်မေလများတွင်  ၅၈ ရာခိုင်နှုန်းနှင့် မိုးလွန်ကာလဖြစ်သည့် အောက်တိုဘာလ၊ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလများတွင် ၃၅ ရာခိုင်နှုန်း စသည်ဖြင့် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှု အကြိမ် အများဆုံးဖြစ်ခဲ့ တာကို တွေ့ရပါသည်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ပြ ပြက္ခဒိန်တွင် မိုးကြိုကာလနှင့် မိုးလွန်ကာလများကို မုန်တိုင်းရာသီအဖြစ်သတ်မှတ်ထားခြင်းဖြစ်ပါသည်။ လေ့လာခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀ အတွင်း ဖေဖော်ဝါရီလ၊ မတ်လ၊ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် မြန်မာ့ကမ်းရိုး တန်းကို မုန်တိုင်းတစ်ကြိမ်မျှ ဖြတ်ကျော်ဝင်ရောက်ခြင်းမရှိခဲ့သည်ကို တွေ့ရှိရပါသည်။

 ၂။ ရာသီဥတုပြောင်းလဲမှုနှင့် မုန်တိုင်းအခြေအနေ

မုန်တိုင်းအကြိမ်ရေလျော့နည်းလာမှု။ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများဖြစ်ပေါ်ခြင်းသည် မြန်မာ နိုင်ငံအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေလေ့ရှိပါသည်။ မိုးကြိုကာလ မုန်တိုင်းဖြစ်လျှင် မုတ်သုံကို အဝင်စောစေပြီး မုတ်သုံကာလအတွင်း မုန်တိုင်းဖြစ်ခဲ့လျှင် မုတ်သုံအင်အားကောင်းစေကာ မိုးပိုရစေပါသည်။ မြန်မာ့ကမ်းရိုးတန်းကို တည့်တည့်ဖြတ်ပြီဆိုလျှင် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေတတ်ပါသည်။ (၁၈၉၁-၂၀၂၀) ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအရေအတွက် စုစုပေါင်း ၁၂၂၇ ကြိမ် ဖြစ်ပွားခဲ့ သည့်အနက် ပုံ ၁ (က) နှင့် (ခ) တို့တွင် ဖော်ပြထားသည့်အတိုင်း (၁၈၉၁-၁၉၇၀) ကာလနှင့် (၁၉၇၁-၂၀၂၀)ကာလတို့ကို  ခွဲခြားလေ့လာကြည့်လျှင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မုန်တိုင်းအရေအတွက် လျော့နည်းလာနေသည်ကို သိသာထင်ရှားစွာ တွေ့မြင်ရပါသည်၊၊ လွန်ခဲ့သည့် (၁၈၉၁-၁၉၇၀) ကာလတွင် ဘင်္ဂလားပင်လယ်အော်၌ တစ်နှစ်လျှင်ပျမ်းမျှအားဖြင့် မုန်တိုင်း ၁၁ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ကာလများဖြစ်သော (၁၉၇၁-၂၀၂၀) ခုနှစ်အတွင်းတွင် တစ်နှစ်ပျမ်းမျှအားဖြင့် မုန်တိုင်း ခုနစ်ကြိမ်ခန့်သာ ဖြစ်ပွားမှုရှိသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် တစ်နှစ်လျှင် ပျမ်းမျှမုန်တိုင်း လေးကြိမ်ခန့် လျော့နည်းသွား သည်ကို တွေ့ရပါသည်။

မုန်တိုင်းပြင်းအားတိုးလာမှု။   မုန်တိုင်းအကြိမ်ရေနည်းသွားသော်လည်း ဖြစ်ပွားပြီး မြန်မာ့ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီဆိုလျှင်လည်း အင်းအားကြီးမုန်တိုင်းများအဖြစ်သို့ ရောက်ရှိတတ်ကြောင်း ၂၀၀၆ ခုနှစ် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ် အာကရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၁၁ ခုနှစ် ဂီရိ မုန်တိုင်းတို့က သာဓကအဖြစ် ညွှန်ပြလျက်ရှိပါသည်။ ၂၀၀၈ ခုနှစ် ဧပြီလကုန်နှင့် မေလအစတွင် ဖြစ်ပေါ်ခဲ့ သော နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ ၁၃၈၃၇၇ ဦးခန့် သေဆုံးခဲ့ရပြီး အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံခန့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါသည်။

မုန်တိုင်းအစပျိုးရာနေရာ၊ ဖြစ်ပွားသည့်အချိန်နှင့် မုန်တိုင်းလမ်းကြောင်းများသွေဖည်လာမှု

ယခု မကြာသေးမီကဖြစ်ပွားခဲ့သော အားကောင်းသောမုန်တိုင်းငယ် (02B/2022)သည် မုန်တိုင်း အဖြစ်နည်းသော ကပ္ပလီပင်လယ်ပြင်မှ အစပျိုးခဲ့ခြင်း၊ မုန်တိုင်းလုံးဝမဖြစ်ဖူးသည့် မတ်လတွင် ဖြစ်ပွားခြင်းစသည့် ထူးခြားချက်များတွေ့ရှိလာရပါသည်။

၁၉၈၀ ပြည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သော ဂွမုန်တိုင်းနှင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းတို့၏ မုန်တိုင်းလမ်းကြောင်းကို လေ့လာကြည့်လျှင် ပုံမှန်မုန်တိုင်းလမ်းကြောင်းများနှင့် သွေဖည်၍ လတ္တီကျု နိမ့်သော ဧရာဝတီတိုင်းဒေသကြီးအနီးမှလည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း ဖြတ်ကျော် ဝင်ရောက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

၃။ ၂၀၂၂ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော အားကောင်းသောမုန်တိုင်းငယ် (02B/2022)

ယခုနှစ် မတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှုသည် အလွန်ထူးခြားပါသည်၊၊ မြန်မာ နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ အတွင်း တစ်ကြိမ်မျှ ဖြစ်ပေါ်ခဲ့ဖူးခြင်းမရှိသော မတ်လ အတွင်း ဖြစ်ပေါ်ခဲ့ခြင်း၊ မုန်တိုင်းအဖြစ်နည်းသော ဧရိယာဖြစ်သည့် ကပ္ပလီပင်လယ်ပြင်တွင် အစပျိုးဖြစ်ပွားခဲ့ခြင်း စသည့်ထူးခြားချက်များ တွေ့ရှိခဲ့ရပါသည်။ မုန်တိုင်း အစပျိုးစတင်သည့်အချိန်ဖြစ်သည့် မတ်လ ၁၇ ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်ရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံ(၂)တွင် တွေ့မြင်ရသည့် အတိုင်း မတ်လပျမ်းမျှအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်ထက် ၂-၃ ဒီဂရီစင်တီဂရိတ်ခန့် ပိုပူနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်ရှိနေရာများတွင် မတ်လပျမ်းမျှအပူချိန်အောက် လျော့နည်းနေတာကြောင့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းသည် ဘင်္ဂလားပင်လယ်အော်ထက် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ အလားအလာ ပိုများနေခဲ့ပါသည်။ ပုံမှန်နှစ်များတွင် ဧပြီလနှင့် မေလတို့သည် အပူဆုံးလများဖြစ်ပြီး အပူချိန်စံချိန်သစ်တင်ခြင်းများ ဖြစ်ပေါ် တတ်သော်လည်း ယခုနှစ်တွင်မူ ပင်လယ်ရေမျက်နှာပြင်သာမက မြေပြင်အပူချိန်များကလည်း မတ်လဆန်း မှစ၍  မြင့်တက်လျက်ရှိပြီး အပူချိန်စံချိန်သစ်တင်ခြင်းများကို တိုင်းတာရရှိခဲ့ပါသည်၊၊

ဒီလိုအခြေအနေနှင့်စတင်ခဲ့သည့်  မုန်တိုင်းငယ်သည် ပုံ ၃။ (က) တွင် ဖော်ပြထားသည့်လမ်းကြောင်းအတိုင်း မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း၊ ပုသိမ်တို့မှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းကမ်းခြေသို့ ရောက်ရှိလာခဲ့ပါသည်။ ထိုအချိန်တွင် ဘင်္ဂလားပင်လယ်အော်၌ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပျမ်းမျှအပူချိန်အောက် အနည်းငယ်လျော့နည်းနေခြင်း၊ အထက်လေထုလွှာတွင် မြန်မာနိုင်ငံမြောက်ပိုင်းမှသည် အလယ်ပိုင်းအထိ လေဖိအားမြောင်တန်းရှိနေခြင်းတို့ကြောင့် မုန်တိုင်းသည် အမည်ပေးဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ဆက် လက်အားကောင်းလာနိုင်ခြင်း၊ ရခိုင်မြောက်ပိုင်းကမ်းခြေသို့ ဆက်လက်တိုးဝင်လာနိုင်ခြင်းများ မရှိတော့ဘဲ အားပျော့ကာ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းအရှိန်ကြောင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်၊ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးသက်လေပြင်းကျရောက် ခြင်း၊ အမြင့်ဆုံး တစ်နာရီ ၄၅ မိုင်နှုန်းခန့် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းနှင့် မိုးရေချိန်စံချိန် သစ်များဖြစ်ပေါ်ခဲ့ခြင်း၊ အချို့နေရာများတွင် မုန်တိုင်းဒီရေ (၂-၃)ပေခန့် မြင့်တက်ခြင်းနှင့် လူနေအိမ် အချို့ပျက်စီးမှုများရှိခဲ့ပါသည်။

မုန်တိုင်းကာလအတွင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကမ္ဘာ့မိုးလေဝသ အဖွဲ့မှ အသိအမှတ်ပြုထားသော ဒေသတွင်းမိုးလေဝသအထူးပြုစင်တာကြီးများမှ ခန့်မှန်းချက်များကို အသုံးပြုလေ့လာဆန်းစစ်မှုများ ပြုလုပ်သလို မိမိဌာနပိုင် သင်္ချာပုံစံပြုမော်ဒယ်များ အသုံးပြု၍ မြန်မာ့ ကမ်းရိုးတန်းဒေသအပါအဝင် တစ်နိုင်ငံလုံး ဖြန့်ကြက်တည်ထောင်ထားသော မိုးလေဝသတိုင်းတာရေး စခန်းများမှ တိုင်းတာရရှိသော အချက်အလက်များကို အသုံးပြု၍ ခန့်မှန်းချက်များကို ထုတ်ပြန်ပေးခဲ့ ပါသည်၊၊ မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူတို့၌ မုန်တိုင်းပြရေဒါများ တပ်ဆင်ထားရှိကာ မုန်တိုင်းခန့်မှန်း ခြင်း၊ ဂြိုဟ်တုတိမ်ပုံဖမ်းစက်များဖြင့် တိမ်ပုံများ ဖမ်းယူရရှိပြီး ခေတ်မီနည်းစနစ်များဖြင့် လေ့လာဆန်းစစ် ခြင်းများပြုလုပ်၍ ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ခဲ့ပါသည်။

ပြည်သူလူထုအနေဖြင့် မုန်တိုင်းသတင်း၊ မုန်တိုင်းသတိပေးချက်များကို နိုင်ငံ၏ တရားဝင်ထုတ်ပြန်

ခွင့်ရှိသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့မှ အသိအမှတ်ပြုထားသော မိုးလေဝ သအထူးပြုဝက်ဘ်ဆိုက်များမှ ခန့်မှန်းချက်များကိုသာ ယုံကြည်စွာ စောင့် ကြည့်သင့်ပါသည်။ သို့မှသာ တရားမဝင်ကောလာဟလများကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဖော်ပြရလျှင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကာလ၌ မုန်တိုင်းအမြွှာနောက်ဆက်တွဲတစ်ခု ထပ်မံဝင်ရောက်မည် ဟူသော ကောလာဟလကြောင့် လူအများထိတ်လန့်ခဲ့ဖူးပါသည်။ အလားတူ ယခုမတ်လတွင် ဖြစ်ပေါ်ခဲ့ သောမုန်တိုင်း (02B/2022) သည် အားကောင်းသော မုန်တိုင်းငယ်အဆင့်သို့သာ ရောက်ရှိခဲ့ပြီး အမည်ပေး မုန်တိုင်းအဆင့်သို့ရောက်ရှိခြင်း မရှိခဲ့သည့်အတွက် မိမိတို့ဌာနအနေဖြင့် မုန်တိုင်းအမည်ပေးရန် အလှည့်ကျ သည့် သီရိလင်္ကာနိုင်ငံမှ အဆိုပြုထားသော “Asani” အမည်ကို သတ်မှတ် သုံးစွဲခဲ့ခြင်း မရှိသေးပါ။ နောက်တစ်ကြိမ် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားမည့် မုန်တိုင်းအမည်ပေးအဆင့်သို့ ရောက်ရှိပါက “Asani” အမည်ကို သတ်မှတ်ရမည်ဖြစ်ရာ ခန့်မှန်းချက်များကို အလွတ်သဘော ထုတ်ပြန်နေသူများမှ “Asani” မုန်တိုင်းဟု ခေါ်ဝေါ်သုံးစွဲနေခြင်းမှာ နောက်တစ်ကြိမ်တွင် ပြည်သူလူထုအနေဖြင့် မလိုလား အပ်သော မှားယွင်းယူဆမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

ထို့အပြင် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများသည် များစွာ အရေး ပါလှပါသည်။  အများပြည်သူအနေဖြင့် မုန်တိုင်းအန္တရာယ်ကျရောက်ပါက  အဓိကလိုက်နာ ဆောင်ရွက်သင့် သည်များကို ကောက်နုတ်ဖော်ပြရလျှင်-

(၁)     မြန်မာနိုင်ငံ၏ မုန်တိုင်းရာသီဟုခေါ်ဆိုနိုင်သော ဧပြီလနှင့် မေလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာ လများတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်ပေါ်တတ်ပါသဖြင့် အခြားလများထက် ပိုမို ဂရုစိုက်ရန်၊

(၂)      မုန်တိုင်းဖြစ်ပေါ်နေသည်ဟု သက်ဆိုင်ရာမှ ထုတ်ပြန်သည်နှင့် မုန်တိုင်း၏ လက်ရှိအခြေအနေ သတင်းများကို နိုင်ငံပိုင် တရားဝင်သတင်းစာ၊ ရေဒီယို၊  ရုပ်မြင်သံကြားနှင့်  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် ဖေ့စ်ဘွတ်၊ ဝက်ဘ်ဆိုက် (https://www.moezala.gov.mm/) တို့မှ  အချိန်နှင့်တစ်ပြေးညီ  ထုတ်ပြန်ချက်များကို မျက်ခြည်မပြတ် နားထောင်ဂရုစိုက်ကြရန်၊

(၃)     မုန်တိုင်းသတင်းမျာနှင့်ပတ်သက်၍  သက်ဆိုင်ရာတာဝန်ရှိဌာန၏ ထုတ်ပြန်ချက်မှတစ်ပါး အခြား  တရားမဝင်သတင်းများကို မယုံကြည်ကြရန်၊

(၄)     မိမိနေထိုင်ရာဒေသတွင် မုန်တိုင်းဒဏ်ခံနိုင်သောနေရာ (သို့မဟုတ်) အဆောက်အအုံတို့ကို ကြိုတင် ရွေးချယ်သတ်မှတ်ထားရန်၊

 (၅)     မုန်တိုင်းအမှန်ကျရောက်တော့မည်ဆိုပါက မုန်တိုင်းခိုနေရာသို့ ကြိုတင်ပြောင်းရွှေ့၍ လိုအပ် သော သောက်သုံးရေ၊ အစားအစာ၊ လက်နှိပ်ဓာတ်မီး၊ အနွေးထည်စသည်တို့ကို ကြိုတင် စုဆောင်းထားရန်၊

(၆)     မုန်တိုင်းဆိုင်ရာ သိသင့်သိအပ်သော ဗဟုသုတများကို လေ့လာဆည်းပူးထားရန်၊

(၇)     မုန်တိုင်းဗဟိုချက် ဖြတ်သန်းသွားစဉ် နာရီဝက်ခန့် လေငြိမ်သွားတတ်ပြီးနောက် ဆန့်ကျင်ဘက် အရပ်မှ ပိုမိုပြင်းထန်သောလေ တိုက်ခတ်သော သဘောသဘာဝကို သိရှိထားရန်၊

(၈)     ယခုအခါ ရာသီဥတုပြောင်းလဲလာမှုကြောင့် အချို့သောမုန်တိုင်းကြီးများသည် ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်မျှဆိုသကဲ့သို့ ထူးထူးခြားခြား ဖြစ်ပေါ်တတ်လေ့ရှိပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာအရပ်ဒေသတွင် လွန်ခဲ့သော နှစ် (၅၀)၊ နှစ် (၁၀၀)အတွင်း မိမိတို့ သက်တမ်းတစ်လျှောက် မုန်တိုင်းအန္တရာယ် တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံခဲ့ရ၍ မုန်တိုင်းသတိပေးချက်များအပေါ် လျစ်လျူရှုသံသယ ဖြစ်မှုများကို ဖယ်ရှား၍ သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ သတိပေးချက်များကို အလေးထားကာ ကြိုတင် ကာကွယ်မှုပြုကြရန် လိုပါသည်။

(၉)     မုန်တိုင်းတစ်ခု၏ အဖျက်စွမ်းအား အကြီးမားဆုံးအပိုင်းသည် မုန်တိုင်းဦးတည်ရာသို့ မျက်နှာ မူပါက ဗဟိုချက်၏ လက်ယာဘက်ဖြစ်ရာ မုန်တိုင်းဒီရေသည်လည်း ဗဟိုချက်၏ လက်ယာ ဘက်တွင်သာ အမြဲဖြစ်ပေါ်လေ့ရှိပါသည်။ အကယ်၍ မုန်တိုင်းဝင်ရောက်ရာဒေသသည် ရေတိမ် ဒေသဖြစ်ခြင်း၊ ပင်လယ်အော်အဝဘက်သို့ ကျဉ်းမြောင်းသော အနေအထားရှိခြင်း၊ ရေထချိန် ဖြစ်ခြင်း၊ လူနေထူထပ်သော ဒေသဖြစ်ခြင်း၊ မုန်တိုင်းသည် ကမ်းရိုးတန်းကို ထောင့်မှန်ကျ အနေအထားဖြင့် ဖြတ်ကျော်ဝင်ရောက်ခြင်း၊ မြစ်လက်တက်များရာဒေသဖြစ်ခြင်း စသည့်အချက်များကြောင့် မုန်တိုင်းဒီရေ မြင့်မားတတ်ပြီး အသေအပျောက်၊ အပျက်အစီး ပိုမိုကြီးမား တတ်ပါသည်။ အထူးသဖြင့် လပြည့်၊ လကွယ်နေ့ ရေထရက်များ တွင် မုန်တိုင်းဝင်ရောက်ပါက မုန်တိုင်းဒီရေအမြင့်ဆုံးကို ဖြစ်ပေါ်စေပါသည်။

သို့ဖြစ်ပါ၍ လာမည့်ဧပြီနှင့် မေလများသည် မြန်မာနိုင်ငံအတွက် မုန်တိုင်းရာသီဖြစ်သည့်အတွက် ကမ်းရိုး တန်းနေပြည်သူများ မုန်တိုင်းအန္တရာယ်အသွယ်သွယ်ကို သိရှိနားလည်ကြပြီး ကြိုတင်သတိပြုခြင်း များဖြင့် ဘေးကင်းနိုင်စေဖို့ အထူးသတိပြုဂရုစိုက်ကြရန် မုန်တိုင်းရာသီမရောက်မီ ကြိုတင်နှိုးဆော်လိုက်ရပါတယ်။  

ဒေါက်တာမေခင်ချော (မိုး/ဇလ)