အေးစေမြစေ မေတ္တာရေ
“လူ့သမိုင်းတစ်လျှောက် မရပ်မနားကြားနေရတဲ့ကြောက်စရာအသံတွေက စစ်မောင်းသံနဲ့ စစ်ချီသံတွေပါပဲ”ဟု သုတေသီ အာသာကိုအက်စ်လာ ဆိုခဲ့သည့်အတိုင်း ကမ္ဘာပေါ်တွင် စစ်ပွဲများက ယနေ့တိုင် မပြီးနိုင်၊ မစီးနိုင် အတောမသတ်ဖြစ်ပွားနေဆဲ။
ပထမကမ္ဘာစစ်၏ စစ်ပွဲအဆက်ဟု စစ်သမိုင်းပညာရှင်များက သုံးသပ်ခဲ့ကြသည့် ဒုတိယကမ္ဘာစစ်ကြီး မှာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်အထိ စုစုပေါင်း ခြောက်နှစ် နှင့် တစ်ရက်ကြာညောင်းခဲ့သည်။ အမေရိကန်နှင့်ဗြိတိန်တို့ ဦးဆောင်သည့် မဟာမိတ်နိုင်ငံများနှင့် ဂျာမနီ၊ ဂျပန်နှင့် အီတလီတို့ပါဝင်သော ဝင်ရိုးတန်းနိုင်ငံများအဖွဲ့တို့ တစ်ဖက်နှင့်တစ်ဖက် အပြိုင်စစ်ခင်းခဲ့ကြသည်။ စစ်သားပေါင်း သန်း၁၀၀ကျော်ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ လူပေါင်းသန်း ၇၀ နီးပါး သေကျေပျက်စီးခဲ့ကြရာ အများစုမှာ အရပ်သားများဖြစ်ကြသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးပေါ်ထွက်
စစ်ကြီးအပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် မူလနိုင်ငံ ပေါင်းချုပ်အသင်းကြီးအစား နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့်ကမ္ဘာ့ ငြိမ်းချမ်းရေးတို့အတွက် United Nations ခေါ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ပေါ်ထွက်လာသည်။
သို့ရာတွင် စစ်မောင်းသံနှင့် စစ်ချီသံများက ရပ်နားမသွားခဲ့ပါ။ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် ဆိုဗီယက် ပြည်ထောင်စုဦးဆောင်သော အရှေ့အုပ်စုတို့၏ ဝါဒအားပြိုင်မှုများနှင့် အတူ ၁၉၅၀ ပြည့်နှစ် ဇွန် ၂၅ ရက်တွင် ကိုရီးယားစစ်ပွဲကြီး ထပ်မံပေါ်ပေါက်လာသည်။ မြောက်ကိုရီးယားတပ်များက တောင်ကိုရီးယားကို အလစ်အငိုက်ရယူကာ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ အမေရိကန်နှင့် မဟာမိတ်နိုင်ငံ အချို့က “နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပုံမှန်အနေအထားရှိ စေရန် စစ်ရေးအရ အရေးတကြီးဆောင်ရွက်ရန် လိုအပ်လာသည်” ဟူသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ အရိပ်အောက်မှ စစ်ပွဲအတွင်း ပါဝင်လာသည်။ ဗိုလ်ချုပ်ကြီး မက်အာသာ၏ အင်ချုံကမ်းတက် စစ်ဆင်ရေးအောင်မြင်မှုကြောင့် တောင်ကိုရီးယားနိုင်ငံမှာ မြောက်ကိုရီးယား၏ သိမ်းပိုက်မှုအောက်မှ လွတ်မြောက်ခဲ့ရသည်။
တင်းမာမှုများမှာ ယနေ့တိုင်ဖြစ်ပေါ်နေ
အင်ချိုကမ်းတက် စစ်ဆင်ရေးတွင် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ ပြင်သစ်နှင့် ဒတ်ချ်စစ်သင်္ဘောများ၊ တိုက်ရေယာဉ်များ အစင်းပေါင်း ၂၆၀ ပါဝင်ဆင်နွှဲခဲ့သည်။ ရေတပ်စစ် သည်အင်အားကချည်း ၇၀၀၀၀ ရှိသည်။ စစ်မြေပြင်တစ်ခုလုံးအနေဖြင့်မူ စစ်သည်အင်အား ၁၈၀၀၀၀ အသုံးပြုခဲ့သည်။ အင်ချိုတိုက်ပွဲတွင် အမေရိကန်နှင့် မဟာမိတ်အဖွဲ့မှ စစ်သည် ၃၅၀၀ ခန့်ကျဆုံးပြီး မြောက်ကိုရီးယားဘက်မှ စစ်သည် တစ်သိန်းခွဲခန့် ကျဆုံးခဲ့ကာ တစ်သိန်းကျော် အဖမ်းခံခဲ့ရသည်။ ကိုရီးယားစစ်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုမှာ သန်းနှင့်ချီရှိခဲ့ပြန်သည်။ ၁၉၅၃ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တောင်၊ မြောက် တင်းမာမှုများမှာ ယနေ့တိုင်ဖြစ်ပေါ်နေဆဲပင်။
ကွန်မြူနစ်နိုင်ငံများ အများအပြားပေါ်ထွန်း
ကိုရီးယားစစ်ပွဲကြီးပြီးဆုံးသွားသော်လည်း အရှေ့၊ အနောက် အုပ်စု အားပြိုင်မှုမှာ မပြီးစီးနိုင်ပါ။ ကမ္ဘာ့တင်းမာမှုများက ပိုလို့ပင် မြင့်တက်လာသည်။ ဒုတိယကမ္ဘာစစ်ပြီးစ အချိန်တွင် အမေရိကန်က ကွန်မြူနစ်စနစ် ပြန်လည်လိမ့်ဝင်ရေးပေါ်လစီကို ချမှတ်ကျင့်သုံးခဲ့သည်။ သို့ရာတွင် ဆိုဗီယက် ပြည်ထောင်စု၏ ကွန်မြူနစ်စနစ်မှာ ပြန်လည်လိမ့်ဝင် မသွားခဲ့ရုံမက အင်အားကြီးတစ်နိုင်ငံဖြစ်လာ သည်။ ထိုအခါ အမေရိကန်က ကွန်မြူနစ်စနစ် ထိန်းချုပ်ရေးပေါ်လစီကို ချမှတ်ကျင့်သုံးပြန်သည်။ သို့တစေ ကမ္ဘာပေါ်တွင် ကွန်မြူနစ်နိုင်ငံများ အများအပြားပေါ်ထွန်းလာခဲ့ပြန်သည်။ ထို့ကြောင့် ၁၉၈၀ လွန် နှစ်များတွင် အမေရိကန်သည် ဆိုဗီယက်ပြည်ထောင်စုအပါအဝင် အရှေ့အုပ်စုနိုင်ငံများကို ချိတ်ဆက်ဆောင်ရွက်ရေး ပေါ်လစီကိုသာ ချမှတ်အသုံးပြုခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု၏ ခြေလှမ်းအပေါ် မူတည်၍ တုံ့ပြန်ဆောင်ရွက်သည့်ပေါ်လစီမူဝါဒ ဖြစ်သည်။
ထိုသို့ အရှေ့အုပ်စုနှင့် အနောက်အုပ်စုတို့၏ တင်းမာမှုများအပြင် ကမ္ဘာ့နိုင်ငံများ၏ သမိုင်းရန်ကြွေးများ၊ နယ်မြေပိုင်ဆိုင်မှု ပြဿနာများကြောင့် စစ်ပွဲများကလည်း ကမ္ဘာပေါ်တွင် အတောမသတ် ဖြစ်ပေါ်ခဲ့ ပြန်သည်။
အီဂျစ်တို့၏ ဆူးအက်တူးမြောင်း ပြည်သူပိုင်သိမ်းယူမှုကို မကျေနပ်သည့် ဗြိတိန်နှင့် ပြင်သစ်တို့က အစ္စရေးနှင့်ပေါင်း၍ အီဂျစ်ကို တစ်ဖက်သတ်စစ်ပွဲဆင်နွှဲသည့်၁၉၅၆ ခုနှစ် ဆိုင်းနိုင်း သဲကန္တာရစစ်ပွဲ၊ ၁၉၆၂ ခုနှစ်တရုတ်-အိန္ဒိယစစ်ပွဲ၊ ၁၉၆၅ ခုနှစ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ ၁၉၆၇ ခုနှစ် အာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊ ၁၉၇၁ ခုနှစ် ဒုတိယအကြိမ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ ၁၉၇၃ ခုနှစ် စတုတ္ထအကြိမ် အာရပ် -အစ္စရေးစစ်ပွဲ၊ ၁၉၈၀ ပြည့်နှစ် အီရန်-အီရတ်စစ်ပွဲ၊ ၁၉၈၂ ခုနှစ် ဗြိတိန်နှင့် အာဂျင်တီးနားတို့၏ ဖောက်ကလန်စစ်ပွဲ၊ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ၊ ၁၉၉၉ ခုနှစ် ဘောလ်ကန်စစ်ပွဲ၊ ၂၀၀၁ ခုနှစ် အာဖဂန်နစ္စတန်စစ်ပွဲနှင့် ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲများ။
မှတ်မှတ်ရရဖြစ်ခဲ့မိသည့် စစ်ပွဲကတော့ ၁၉၈၂ ခုနှစ်တွင် ဖြစ်ပွား ခဲ့သည့် ဗြိတိန်နှင့် အာဂျင်တီးနားတို့၏ ဖောက်ကလန်စစ်ပွဲ။ ကမ္ဘာကြီးကို စူးစမ်းစ၊ သိတတ်စ ဆယ်ကျော်သက်အရွယ်တွင် ဖြစ်ပွားခဲ့ သည့် စစ်ပွဲမို့ နတ်ကရာကျီးမော့ဖြစ်ရသည်။
သို့တစေ ဖောက်ကလန်စစ်ပွဲ ဘာကြောင့် ဘယ်လိုဖြစ်ပွားခဲ့သည်ကိုမူ မသိ။ ဘယ်နေရာ ဘယ်ဒေသမှာ ရှိမှန်းလည်းမသိခဲ့ရိုး အမှန်ပင်။ ကိုယ်တွေစိတ်ဝင်စားသည်က စစ်ပွဲတွင် ဗြိတိန်တို့ အသုံးပြုသွားသည့် ပြေးလမ်းမလိုဘဲ ရဟတ်ယာဉ်ကဲ့သို့ ထက် / အောက် တည့်မတ်စွာ ဆင်းတက်အသုံးပြုနိုင်သော ဆီးဟယ်ရီယာ တိုက်လေယာဉ်နှင့် အာဂျင်တီးနားတို့အသုံးပြုသွားသည့် ပြင်သစ်ထုတ် ဆူပါအီတင်းဒတ် တိုက်လေယာဉ်များသာ ဖြစ်သည်။ ခေတ်မီကမ္ဘာထဲက ခေတ်မီ စစ်လက်နက်ပစ္စည်း များက ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး၏ စိတ်ကို အကြီးအကျယ်ဖမ်းစားစေသည်။
စစ်ပဲ၏ အစမှာပင် ဗြိတိန်ပေါငပ်သင်္ဘောက အာဂျင်တီးနားတိ၏ ဂျင်နရယ်ဘဲလ် ဂရာနိုအမည်ရှိ ခရူဇာစစ်သင်္ဘောကြီးကို တိုပီဒိုဖြင့် ပစ်လွှတ်၍ နစ်မြှုပ်လိုက်သည်။ အာဂျင်တီးနားတို့ကလည်း လက်စားချေသည့်အနေဖြင့် ဗြိတိန်ဖျက်သင်္ဘောရှက်ဖီးကို အိပ်ဇိုဆေးဒုံးပျံဖြင့် ပစ်ခတ်နစ်မြှုပ်လိုက်ပြန်သည်။
စိတ်ဝင်စားမှုအရှိန်မြင့်တက်
ဖောက်ကလန်စစ်ပွဲ၏ အရှိန်မြင့်သထက်မြင့်လာသည်နှင့်အမျှ စိတ်ဝင်စားမှုအရှိန်ကလည်း မြင့်တက် လာသည်။ ထိုခေတ်ကာလက ကျွန်တော်တို့မျိုးဆက်လူငယ်များအဖို့ အားထားရာက အစိုးရထုတ် သတင်းစာ နိုင်ငံတကာသတင်းစာမျက်နှာများသာဖြစ်သည်။ ဘီဘီစီ၊ ဘီအိုအေ ရေဒီယိုမြန်မာပိုင်း အစီအစဉ်များပင် ခေတ်မစားသေး။ သို့နှင့် ကျောင်းကပြန်လာသည်နှင့် သတင်းစာကိုကောက် ကိုင်၊ နိုင်ငံတကာသတင်းစာမျက်နှာထက်က ဖောက်ကလန်စစ်ပွဲသတင်းများကို အာသာငမ်းငမ်းဖြင့် ဖတ်ရှုရသည်။
သို့ရာတွင် သတင်းဖြစ်၍ လတ်တလောအကြောင်းအရာများသာ ပါဝင်သည်။ နောက်ခံသမိုင်း အချက်အလက်များ၊ စစ်ဖြစ်ရသည့် အကြောင်းရင်းများကိုမူ ဂဃဏန မသိခဲ့ရပေ။ ထိုအာသာချင်ခြင်း တပ်မှုကို ဖြေဖျောက်ပေးနိုင်သည်က ထိုခေတ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်ကထုတ်ဝေသော “နိုင်ငံတကာရေးရာ သတင်းစဉ်” ဖြစ်လေသည်။ တစ်လ တစ်ကြိမ်ထုတ်ဖြစ်သည်။ စာမျက်နှာ ၄၀ ကျော် ၅၀ နီးပါးရှိသည်။ နိုင်ငံရေး၊ ကမ္ဘာ့ပထဝီ၊ စီးပွားရေး၊ စစ်ရေး၊ အထွေထွေနှင့် တစ်လအတွင်း ကမ္ဘာ့သတင်းမှတ်တမ်းများဖြင့် ကဏ္ဍ အလိုက် ဓာတ်ပုံများနှင့်တကွ ဝေဝေဆာဆာ တင်ဆက်ထားသည်။
နိုင်ငံငယ်များအတွက် သင်ခန်းစာယူစရာ
၁၉၈၂ ခုနှစ် ဇူလိုင်လထုတ်နိုင်ငံတကာရေးရာသတင်းစဉ် နိုင်ငံရေးကဏ္ဍတွင် ဖောက်ကလန်စစ်ပွဲ အကြောင်းပါလာသည်။ ဖောက်ကလန် စစ်ပွဲဟူသည် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ သမိုင်းရန်ကြွေးကို အာဂျင်တီးနားနှင့် ဗြိတိန်နိုင်ငံတို့စစ်တိုက်ပြီး စာရင်းရှင်းကြခြင်းဖြစ်သည်။ ဖောက်ကလန်ကျွန်းစုသည် အတ္တလန္တိတ်သမုဒ္ဒရာ တောင်ပိုင်း၊ မက်ဂျယ်လန် ရေလက်ကြား၏ အရှေ့ဘက် မိုင် ၃၀၀ ခန့်တွင် တည်ရှိ သည်။ ၁၈၃၃ ခုနှစ် ကတည်းက ဗြိတိသျှတို့က ဖောက်ကလန်ကျွန်းစု ကို သိမ်းပိုက်ထားခဲ့ပြီး ဗြိတိသျှပိုင်နယ်မြေအဖြစ် နှစ် ၁၀၀ ကျော်မျှရှိခဲ့ သည်ဟု ဆိုသည်။ အာဂျင်တီးနားနိုင်ငံကလည်း ခေတ်အဆက်ဆက် ၎င်းတို့ပိုင်နယ်မြေအဖြစ်ကြေညာကာ ပြန်လည်ရရှိရေး တောင်းဆို ခဲ့ကြသည်။ နှစ်ပေါင်း ၁၅၀ ခန့် နှစ်နိုင်ငံ အငြင်းပွားခဲ့ကြသည်။ ၁၉၈၂ ခုနှစ် ဧပြီ ၂ ရက်တွင် အာဂျင်တီးနားတပ်များက ဖောက်ကလန် ကျွန်းစုကိုတက်ရောက် သိမ်းပိုက်ခဲ့ရာမှ စစ်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။ စစ်ပွဲမှာ ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်ခဲ့သည်။ ၁၄-၆-၁၉၈၂ ရက်တွင် ဖောက်ကလန်ကျွန်းစုတွင် တပ်စွဲထားသော အာဂျင်တီးနား စစ်သည် တစ်သောင်းကျော် လက်နက်ချခဲ့၍ စစ်ပွဲပြီးဆုံးသွားခဲ့လေသည်။ တကယ်တော့ ဇာတိပုညဂုဏ်မာ နကြောင့်သာ နယ်မြေပိုင်ဆိုင်မှုကို တောင်းဆိုနေခြင်းဖြစ်သော်လည်း ဖောက်ကလန်ကျွန်းစုတွင် လူဦးရေ သောင်းဂဏန်းမျှပင်မရှိ။ ထောင်ဂဏန်းမျှသာ နေထိုင်သည်။ ဖောက်ကလန်စစ်ပွဲတွင် အမေရိကန်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ထူးခြားမှုများ ရှိခဲ့သည်။ စစ်ပွဲစစချင်းကာလတွင် ဗြိတိန်နှင့် အာဂျင် တီးနား နှစ်နိုင်ငံစလုံးသည် အမေရိကန်၏ မဟာမိတ်များဖြစ်ခဲ့၍ အန်ကယ်ဆမ်မှာ ဗျာများခဲ့သည်။ သို့ရာတွင် စစ်ပွဲအရှိန်မြင့်တက် လာသည်နှင့်အမျှ အမေရိကန်သည် တောင်အမေရိကမှ မဟာမိတ် အာဂျင်တီးနားကို လက်တွဲဖြုတ်၍ နှစ်ရှည်ကာလရင်ဘတ်မိတ်ဆွေ ဖြစ်ခဲ့သူ ဗြိတိန်ကို ထောက်ခံပြီး အကူအညီအချို့ ပေးခဲ့လေသည်။ နိုင်ငံငယ်များအတွက် သင်ခန်းစာယူစရာ တစ်ခုပါပေ။
ဂျာမန်စစ်ပါရဂူကလော့စ်က “စစ်ရေးသည် နိုင်ငံရေး၏ အဆက် ဖြစ်သည်” ဟု ဆိုသည်။ တစ်ဖန် “စစ်ပွဲဟူသည် နိုင်ငံ၏ဝါဒကို တစ်နည်း တစ်ဘာသာအားဖြင့် ဆက်လက်အကောင်အထည်ဖော် ကျင့်သုံးခြင်းသာဖြစ်သည်”ဟုလည်း အဓိပ္ပါယ်ဖွင့်ဆိုသည်။
မည်သို့ဆိုစေ စစ်ဖြစ်လျှင် စစ်၏ အနိဋ္ဌာရုံများသည် တွဲလျက်လိုက်ပါလာစမြဲဖြစ်သည်။ စစ်၏ဆိုးကျိုး များကို သက်ဆိုင်သူရော၊ မသက်ဆိုင်သူများပါ အားလုံးခံစားကြရပါမည်။ ခေါမသမိုင်းဆရာ ဟီရိုဒိုးတပ်စ်က “ငြိမ်းချမ်းနေစဉ်ကာလတွင် သားများက ဖခင်တို့ကို သဂြိုဟ်မြှုပ်နှံကြ၍ စစ်ဖြစ်သော အခါလောကသဘာဝ ပြောင်းပြန်ဖြစ်သွားပြီး ဖခင်တို့က သူတို့၏သားများကို မြှုပ်နှံကြရ လေသည်”ဟု ဆိုလေသည်။
ငယ်စဉ်ကမူ စစ်ပွဲအသံကြားလျှင် စိတ်ဝင်စားသည်။ စစ်ပွဲဆိုင်ရာ သတင်းများကို အာသာငမ်းငမ်းဖြင့် လေ့လာကြိုးကုတ်အား ထုတ်ခဲ့သည်။ ယခုနောက်ပိုင်း အသက်အရွယ်ရလာတော့ စစ်ပွဲသတင်းများကို ကျွန်တော်မကြည့်လို၊ မမြင်လို၊ မကြားလိုတော့ချေ။ ယခု လတ်တလောဖြစ်ပွားနေသော ရုရှား-ယူကရိန်း စစ်ပွဲကိုလည်း ငြိမ်းချမ်းစွာ အဖြေရှာကြစေလိုသည်။ ယခုနောက်ဆုံးရ သတင်းအရ နှစ်ဖက် ဆွေးနွေးပွဲစတင်ရန် ညှိနှိုင်းနေသည့် သတင်းကောင်းများကြားရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဤကမ္ဘာနှင့် ပြည်မြန်မာငြိမ်းချမ်း သာယာဝပြောစေရေးအတွက် “တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသောအရာ၌ တစ်စုံ တစ်ယောက်ကိုမျှ ချုပ်ချယ်ခြင်းဖြင့်လည်းကောင်း၊ ရန်လိုသော စိတ်ဖြင့်လည်းကောင်း၊ မထီမဲ့မြင်မပြု ပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါ စေလင့်။မိခင်သည် ရင်၌ဖြစ်သော တစ်ဦးတည်းသောသားကို အသက်ရှင်စေရန် အစဉ်စောင့်ရှောက်ဘိသကဲ့သို့ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိ သော မေတ္တာစိတ်ကို ပွားများရာ ၏”ဟူသည့် မေတ္တသုတ်လာအတိုင်း မေတ္တာပို့သ ဆုတောင်းလိုက်ရပါဘိ။
ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့သည်လည်း
“နှစ်ရွာတစ်ရွာ၊ ဆက်ဆံရာ၊ မေတ္တာ လိုရင်းသုံး။
မိတ်ဆွေချင်းသာ၊ ပေါင်းသင်းရာ၊ မေတ္တာအမြတ်ဆုံး။
အေးစေ မြစေ၊ မေတ္တာရေ၊ သုံးလေ ရပ်ရွာသုံး။
မေတ္တာစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ လူနတ်အချစ်ဆုံး။
မေတ္တာရနံ့၊ ကြိုင်လှိုင်နှံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတို့ရှုံး။
တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာ ရွံမမုန်း။
တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။
မေတ္တာနတ်ပန်း၊ ပန်ဆင်မြန်း၊ ရွှင်လန်းစိတ်နှလုံး” ဟူသည့် ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု စံကင်းဆရာတော် ဘုရားကြီး၏ လင်္ကာပါအတိုင်း လိုက်နာကျင့်သုံး နိုင်ကြပါစေသတည်း။ ။
စာချစ်သူ