Skip to main content

နေချင့်စဖွယ် နေရာသစ်တစ်ခုအဖြစ် ပေါ်ထွန်းလာတော့မည့် ရန်ကုန်ပြည်သူ့အငှားအိမ်ရာစီမံကိန်း

မြေဧကအားဖြင့် ကျယ်ဝန်းလှသည့်ကွင်းပြင်ကြီးအတွင်း ရွေ့လျားမောင်းနှင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ခေတ်မီစက်ယန္တရားယာဉ်ကြီးများ၊ မြေသယ်၊ အုတ်သယ်အလုပ်ကြမ်းသမား၊ အတတ်ပညာရှင်၊ အသိပညာရှင်များ နေရာအနှံ့ ဖြန့်ကြက်ကာ လုပ်ငန်းခွင်ဝင်ရောက်နေသူများဖြင့် လှုပ်ရှားသက်ဝင်နေသည့်မြင်ကွင်း။

ထိုမြင်ကွင်းထဲမှာပင် ဆောက်လက်စ အဆောက်အအုံများ၊ ပြီးစီးလုနီးပါး အဆောက်အအုံများက လည်း အစီအရီ။

ထိုနေရာသည် အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် ပြည်သူများအတွက် နိုင်ငံတော်အစိုးရက ဖော်ဆောင် ပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လေးဒေါင့်ကန်ကျေးရွာ အမှတ် (၇) လမ်းမကြီးနှင့် အမှတ်(၂) လမ်းမကြီးအနီးရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်ရာ နေရာပင်ဖြစ်သည်။

“ဒီစီမံကိန်းကို ကိုဗစ်ကာလရဲ့ ဆောက်လုပ်ရေး ကဏ္ဍအပေါ် သက်ရောက်မှုကို ဖြေရှင်းဖို့၊ အလုပ် အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့၊ အိမ်ငှား နေရတဲ့မိသားစုတွေ အိမ်လခကြီးမြင့်မှုဒဏ် သက်သာရာရစေဖို့ အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပါတယ်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင် က ပြောသည်။

အိမ်ရာလိုအပ်ချက်မြင့်မား

သက္ကရာဇ်တစ်ခုပြောင်းတိုင်း တိုးပွားလာနေသည့် လူဦးရေနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်း အတွက် တစ်နယ်တစ်ကျေးမှ ပြောင်းရွှေ့နေထိုင် လာသူများကြောင့် လူဦးရေထူထပ်လျက်ရှိသည့် မြို့ကြီးများတွင် အိမ်ရာလိုအပ်ချက်များ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိသည်။

ထို့ပြင် အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် ပြည်သူ များအနေဖြင့် ပုဂ္ဂလိကအိမ်ရာများတွင် အိမ်လခ ဈေးနှုန်း မြင့်မားမှုဒဏ်ကို ခံစားနေကြရသည်။

လက်ရှိကာလတွင် ကမ္ဘာနှင့်အ၀န်း ကိုဗစ်-၁၉ ကပ်ရောဂါရိုက်ခက်မှုကြောင့် စီးပွားရေးအကျပ် အတည်းများကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသည် ပင် အလူးအလဲခံနေရချိန်ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း တစ်လဝင်ငွေကျပ် သုံးသိန်းအောက်ဖြစ်သည့် ၀င်ငွေနည်းပြည်သူများသည် အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေကျဆင်းခြင်းတို့ကြောင့် အိမ်ငှားနေထိုင်ရန်ပင် မတတ်နိုင်သည့် အနေအထားတစ်ခုသို့ ရောက်လုနီးပါး အခြေအနေပင်။

“အရင်တုန်းကတောင် အိမ်လခတစ်လတစ်သိန်း ရအောင် မနည်းစုနေရတာ၊ အခု ကိုဗစ်ကြောင့် အမျိုး သားကလည်း အလုပ်ဆင်းရတစ်ရက် မရတစ်ရက်၊ ကျွန်မရတဲ့လစာကလည်း တစ်ဝက်လောက်ကို လျော့သွားတာဆိုတော့ နောက်လ ဈေးသက်သာတဲ့ အဆောင်လိုအခန်းတွဲတွေဘက် ပြောင်းနေရတော့မယ် ဟု ဒဂုံဆိပ်ကမ်းစက်မှုဇုန်အနီးရှိ အိမ်ရာတစ်ခု တွင် ငှားရမ်းနေထိုင်သည့် မရွှေစင်က ပြောသည်။

ထိုသို့နိုင်ငံအတွင်းရှိ ဝင်ငွေနည်းပြည်သူများ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေကျဆင်းလာမှုတို့ကြောင့် အိမ်ငှားနေထိုင်ရန်မတတ်နိုင်သူအိမ်ရာမဲ့များ တိုးပွားမလာစေရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘ၀ကို ကာကွယ်နိုင်ရန်နှင့် ဆောက်လုပ်ရေးကဏ္ဍမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် လူဦးရေထူထပ်သည့် မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တွင် ယခုလက်ရှိ လေးဒေါင့်ကန် ရပ်ကွက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် မြေဧက ၁၇၄ ဧကပေါ်တွင် လေးခန်းတွဲ ငါးထပ်ပါ အဆောက် အအုံ ၁၉၄ လုံး အခန်းပေါင်း ၃၁၀၄ ခန်း ပါဝင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရ ရင်းနှီးမြှုပ်နှံမှု

ထိုစီမံကိန်းကို နိုင်ငံတော်အစိုးရက ဦးစွာ ငွေကြေးသိန်းပေါင်းများစွာ ရင်းနှီးစိုက်ထုတ်ထားပြီး ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် နှစ်ရှည်ငှားရမ်းခြင်းဖြင့် ကုန်ကျစရိတ်များကို ပြန်လည်ရယူ ရသည်ဖြစ်၍ နိုင်ငံတော်အစိုးရ၏ ကြီးမားသော ရင်းနှီးမြှုပ်နှံထားမှုဟုဆိုရမည်။

အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းပြီးစီးပါက ငှားရမ်းနေထိုင်ခွင့်ရသူများအား အဖိုးနှုန်းချိုသာစွာ ဖြင့် နေထိုင်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။

နှစ် ၅၀ အရင်းကျေတဲ့ တွက်နည်းနဲ့ တွက်လိုက် တာ အိမ်လခက တစ်လ ငွေကျပ် ၅၀၀၀၀ ၀န်းကျင် ဖြစ်ဖို့များတယ်၊ စီမံကိန်းကလည်း မပြီးသေးတော့ ကုန်ကျစရိတ်တွေ အတိအကျမတွက်ရသေးတော့ ခန့်မှန်းထားတာပဲရှိသေးတယ်ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။

အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် ဝင်ငွေနည်းပြည်သူများအတွက် ဖော်ဆောင်သည့် အငှားအိမ်ရာစီမံကိန်းဟုဆိုသော်လည်း အခန်း တစ်ခန်းလျှင်၆၅၀ စတုရန်းပေကျယ်ဝန်းကာ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ ရေနှင့် လျှပ်စစ်မီး၊ လမ်းစသည့် အခြေခံအဆောက်အအုံများ ပြည့်စုံစေရန်ဖန်တီးပေးထားမှု၊ ဈေး၊ ကျောင်း၊ ဆေးပေးခန်း၊ အားကစားကွင်းနှင့်ပန်းခြံစသည်တို့ ပါဝင်မည်ဖြစ်ရာ နေထိုင်သူတို့အတွက် လူနေမှုအဆင့်မီစွာ နေထိုင်နိုင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းရှိ တိုက်ခန်းများထဲမှ အချို့ ပြီးစီးနေပြီဖြစ်သည့်တိုက်ခန်းများအား ရေနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပြီးပါက ၂၀၂၂ ခုနှစ် အတွင်း အငှားချထားပေးရန် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်သည်။

ပြည်သူ့အငှားအိမ်ရာငှားရမ်းရာတွင် လျှောက်လွှာခေါ်ယူမည့် အချိန်၊ နေ့ရက်နှင့် လိုအပ်ချက်များကို အများပြည်သူသိရှိစေရန် တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်အတွင်း အိမ်ငှားနေထိုင်သူ မည်သည့်မိသားစုဝင်မဆို လျှောက်ထားနိုင်မည်ဖြစ်သည်။

ဒီအိမ်ရာက ပြည်သူအားလုံးနဲ့ ဆိုင်ပါတယ်။  ၀န်ထမ်းဦးစားပေးမဟုတ်သလို အိမ်ပိုင်ရှိတဲ့သူတွေ လည်း မဆိုင်ပါဘူး။ ပုဂ္ဂလိက အိမ်တွေမှာ ငှားနေရတဲ့ သူတွေနဲ့ဆိုင်ပါတယ်။ အိမ်ငှားနေရတဲ့ အထောက်အထားတော့ပြဖို့လိုတယ် သေချာစိစစ်မှာပါ ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင် က ပြောသည်။

ပြည်သူ့အငှားအိမ်ရာစနစ်ကို မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်ကပင် ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ရန်ကုန် မြို့တွင် ရန်ကင်းအိမ်ရာ၊ ဦးဝိစာရအိမ်ရာ၊ လမ်းသစ်အိမ်ရာ၊ ဝေဠုဝန်အိမ်ရာ၊ ကန်တော်လေးအိမ်ရာစသည့်  အိမ်ရာများအပါအဝင် ပြည်သူ့အငှားအိမ်ရာပေါင်း ၁၁ ခုကို အကောင်အထည်ဖော်ပေးခဲ့ပြီးဖြစ်သည်။

ထိုအိမ်ရာများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ များအပါအဝင် ဝင်ငွေနည်းပြည်သူများကို ဈေးကွက် တွင် လက်ရှိ အိမ်လခပေါက်ဈေး ငှားရမ်းခထက် များစွာ သက်သာသည့်နှုန်းထားများဖြင့် နှစ်ရှည် ငှားရမ်းနေထိုင်ခွင့်ပေးခဲ့သည်။

ယခုပြည်သူများ၏ အိမ်ရာလိုအပ်ချက်အရ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် ယခင်ကဲ့သို့ နှစ်ရှည်နေထိုင်ခွင့်ပြုတော့မည်မဟုတ်ဘဲ ကာလ သတ်မှတ်ချက်တစ်ခုဖြင့်သာ ငှားရမ်းနေထိုင်ခွင့်ပြု တော့မည်ဖြစ်သည်။

အချို့လူတွေက အပိုင်ရမယ်ထင်နေတာ။ နာမည်ကိုက အငှားအိမ်ရာဖြစ်တဲ့အတွက် အပိုင် မပေးပါဘူး။ ငါးနှစ်၊ ရှစ်နှစ်စသဖြင့် ကာလတစ်ခု သတ်မှတ်ပြီးငှားမှာပါ။ ပြည့်တာနဲ့ စာချုပ်ထပ်ချုပ်ရင်ချုပ်၊ မချုပ်ရင် ပြောင်းပေးရမှာပါ ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။

နိုင်ငံ၏အိမ်ရာလိုအပ်ချက်ဆောင်ရွက်

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် နိုင်ငံအနှံ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ၊ အဆင့်မြင့် အိမ်ရာများကို နှစ်ရှည်အရစ်ကျစနစ်၊ လက်ငင်းစနစ်တို့ဖြင့် ရောင်းချပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ဖော်ဆောင်ခြင်းဖြင့် နိုင်ငံ၏အိမ်ရာလိုအပ်ချက် ပြည့်မီရေးကို အစွမ်းကုန်ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်ငှားရန်အခက်အခဲရှိသူများ (ဂျူး)အတွက်လည်း သင့်တော်သည့် အိမ်ရာများ ဖော်ဆောင်ပေးနိုင်ရန် ရည်မှန်းကြိုးစားလျက်ရှိသည်။

ရန်ကုန်မြို့တွင် လက်ရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဖော်ဆောင်ရာ ကွင်းပြင်ကြီးသည် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှု၊ အပန်းဖြေစရာ ပန်းခြံ၊ ကလေးကစားကွင်း၊ ခေတ်မီသေသပ်သည့် အဆောက်အအုံ၊ ရေနှင့်လျှပ်စစ်ပြည့်စုံမှုတို့ဖြင့် နေချင့်စဖွယ်ဖြစ်လာတော့မည်ဖြစ်ရာ စီမံကိန်း ပြီးစီးသွားပါက လူနေစည်ကားရာမြို့သစ်လေး တစ်ခုအဖြစ်သို့ ပြောင်းလဲတည်ရှိလာမည်ဖြစ်သည်။

အိမ်တစ်လုံးဝယ်ဖို့ မလွယ်သေးတဲ့အခြေအနေမှာ အိမ်ငှားနေရတာချင်းအတူတူ အိမ်လခသက်သက်သာသာနဲ့ အဆင့်မီမီနေရမယ်ဆိုတာ ကြားရတာနဲ့တင် ဝမ်းသာမိတယ်။ သေချာစိစစ်ပေးမယ်ဆိုတော့ မျှော်လင့်မိတယ် ဟု ပြည်သူ့အငှားအိမ်ရာနှင့် ပတ်သက်၍ လက်ရှိတွင် အိမ်လခနည်းပါးသည့် နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့တော့မည့် မရွှေဇင်က သူ၏ မျှော်လင့်ချက်ကို ပြောပြခဲ့သည်။

သတင်းဆောင်းပါး-နဒီမင်း

ဓာတ်ပုံ - နေဇော်