Skip to main content

စစ်မှန်စည်းကမ်းပြည့်ဝမှုနှင့် ... ဖက်ဒရယ်ဒီမိုကရေစီဟူသည်

နိုင်ငံတော်၏ အနာဂတ်အတွက် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်သွားမည်ဟု အလေးအနက်အာမခံထားပါသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ်သည် မြန်မာ့ဒီမိုကရေစီနှင့် နိုင်ငံရေးစနစ်တစ်ခုအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်သကဲ့သို့ ၁၃၅ မျိုးသော တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် မြန်မာနိုင်ငံတော်အတွက် ဖက်ဒရယ် ဒီမိုကရေစီစနစ်သည်သာ အသင့်တော်ဆုံးဖြစ်သည်ဟုလည်း ဆိုထားပါသည်။

အတုယူ ခိုးချစရာမလိုပါ

ကျွန်တော်တို့နိုင်ငံတွင် မိမိနိုင်ငံနှင့် ဆီလျော်လိုက်ဖက်သော ခိုင်မာသည့် ဒီမိုကရေစီစနစ်တစ်ခုတော့ ရှင်သန်မြဲမြဲဖို့ လိုနေသည်။ ပုံစံအမျိုးမျိုးသော ဒီမိုကရေစီစနစ် အမျိုးမျိုးကိုလည်း ကမ္ဘာ့နိုင်ငံ များတွင် တွေ့ရပါလိမ့်မည်။ ပုံစံမျိုးစုံထဲကမှ မိမိနိုင်ငံ နောက်ခံသမိုင်းကြောင်းနှင့် နိုင်ငံရေး ဖြစ်စဉ်များ၊ ပထဝီဝင်နှင့် တိုင်းရင်းသားများအနေအထား၊ နိုင်ငံသားများ၏ နိုင်ငံရေးအသိအမြင် ကြွယ်ဝမှု၊ ဘာသာသာသနာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများအပေါ် မူတည်၍ ပုံစံတစ်မျိုးကို ကျင့်သုံးသင့်သည်။

နိုင်ငံခြားတိုင်းပြည်များ၏ ပုံစံသည် သူ့ပုံစံနှင့်သူသာဖြစ်သည်။ သူ့အမျိုးသား အကျိုးစီးပွားအတွက် သူနှင့်လိုက်ဖက် သလိုကျင့်သုံးသည်ဖြစ်၍ အတုယူခိုးချ စရာမလို၊ ကောင်းသောကျင့်စဉ်နှင့် အသုံးတည့်မည့်အချက်များကိုသာ ယူရပါမည်။ ကောင်းလှပါသည်ဆိုသော ဒီမိုကရေစီကျင့်စဉ် များအနက်မှ မိမိနိုင်ငံ နှင့်ဆီလျော်စွာ လက်တွေ့ကျကျ ထုတ်ယူ အသုံးချနေသော ပါတီစုံ မဟုတ်သည့် တစ်ပါတီအုပ်ချုပ်သည့် နိုင်ငံများစွာ လည်း ရှိနေပြီး ထိုနိုင်ငံများတွင် နိုင်ငံ တည်ငြိမ်ပြီး စီးပွားရေးလူမှုရေးဖွံ့ဖြိုး တိုးတက်မှုများစွာ ရှိနေသည်ကိုလည်း တွေ့ရပါသည်။

ဒီမိုကရေစီကို တလွဲအသုံးချနေခြင်းကြောင့်သာ

ဒီမိုကရေစီအမည်ခံထားသော်လည်း ဒီမိုကရေစီစံနှုန်းများအတိုင်း မဖြစ်သည့် နိုင်ငံများစွာလည်း ရှိသည်။ ဒီမိုကရေစီ ဆိုသော အမည်ပညတ်ကို ကိုယ်ပိုင်ဥစ္စာအဖြစ် တလွဲသုံးပြီး အခြားသူများ ကိုတော့ ဒီမိုကရေစီမရှိဘူးဆိုကာ ဘယ် ပေတံဖြင့် တိုင်းသည်မသိ၊ လက်ညှိုးထိုး စွပ်စွဲနေသော ဒီမိုကရေစီဘိုးအေနိုင်ငံ ကြီးများလည်းရှိသည်။ ဒီလို ဒီမိုကရေစီ အနိုင်ကျင့်နေသော နိုင်ငံများကြောင့် လည်း တန်ဖိုးထားခံရသော ဒီမိုကရေစီမှာ တန်ဖိုးများယုတ်လျော့လာနေသည်။ နောက်ပြန်ဆွဲ နေသည်၊ ပျက်စီးလွယ်နေ သည်ကို ဝမ်းနည်းစွာတွေ့မြင်နေရသည်။

ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်အချို့မှာ ဒီမိုကရေစီ တန်ဖိုးကျနေသည်ကို ထင်ထင် ရှားရှား တွေ့ရပါလိမ့်မည်။ နိုင်ငံရေး သမားများကိုယ်တိုင် ဒီမိုကရေစီလုပ်ထုံး လုပ်နည်းမသိ၊ စံနှုန်းအတိုင်းမကျင့်၊ အတ္တ များပြီး ဒီမိုကရေစီတန်ဖိုးကို ပျက်အောင် လုပ်နေကြ၍ပဲဖြစ်မည်။ ဒီမိုကရေစီဆိုသော ဝေါဟာရ၏ရှေ့တွင် မိမိအကျိုး စီးပွားအတွက် နာမဝိသေသနအမျိုးမျိုး ကို ချဲ့ထွင်၍ လှည့်ပတ်သုံးစွဲနေကြပြီး အဓိပ္ပာယ်အမျိုးမျိုးကို လိုသလို ကောက်ယူနေကြခြင်းကြောင့်လည်းဖြစ် နိုင်သည်။ ပြည်သူတွေ ကတော့ ဒီမို ကရေစီအသံကြားလိုက်သည်နှင့် ငါတို့ ဘဝတွေ နေ့ချင်းညချင်းကောင်းစား သွားတော့ မယောင်ယောင် ဆန္ဒစောပြီး အကောင်းမြင်လွန်းတာကြောင့်လည်း ဖြစ်မည်။

ဒီမိုကရေစီစနစ်အပေါ်တွင် ပြည်သူ တို့၏ မျှော်လင့်ချက်ကြီးမားနေခြင်းကို လည်း အဆိုးမဆိုသာပါ။ အဓိပ္ပာယ်ကိုက “ပြည်သူတို့ဆီက ဆင်းသက်လာသော အာဏာကို ပြည်သူတို့အကျိုးအတွက် ပြည်သူကို တာဝန်ခံ၍ ပြည်သူ့ထံသို့ ပြန်လည်စီးဆင်းစေခြင်း” ဖြစ်သည်ဟု ဆိုထားသည် မဟုတ်ပါလား။ ပြည်သူ့ထံမှ လာသောအာဏာကို တလွဲအသုံးချ နေ၍သာ၊ ပြည်သူ့အကျိုး ရှေးရှုမှုမရှိ သည့်အခါတွင်သာ အဆိုးဘက် သက် ရောက်မှုကကြီးမားသွားခြင်းဖြစ်သည်။

စစ်မှန်မှုဟူသည်

တကယ်တော့ “စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော” ဆိုသည့် စကားစုနှင့် ပံ့ပိုးထားသော ဒီမိုကရေစီ ဆိုသော အဓိပ္ပာယ်သည် အနှစ်သာရများစွာရှိနေ သည်ကို သတိထားမိပါသည်။ ဒီမိုကရေစီ ကျင့်သုံးနေပြီး ပြည်သူတို့၏ လူမှုစီးပွား ဘဝမတိုးတက်၊ မတည်ငြိမ် မငြိမ်းချမ်း ဘူးဆိုလျှင် ကျင့်သုံးနေသည်ဆိုသော ဒီမိုကရေစီသည် စစ်မှန်သည်ဟု ဘယ်နည်းနှင့်မျှ မဆိုနိုင်ပါ။ ဒီမိုကရေစီ စံနှုန်းတွေအတိုင်း ဆောင်ရွက်နေပါသည် ဆိုသူတို့၏ အသိမှားအမြင်မှား၊ ဖောက် လွဲဖောက်ပြန်မှုများ ကြောင့်သာ ဖြစ်ရ သည်ဟု တထစ်ချဆိုနိုင်ပါသည်။

အများဆန္ဒအရ ပြည်သူ့ထံမှ လာသောအာဏာကို ပြည်သူအတွက် ပြန်လည်အသုံးပြုသလား၊ ပြည်သူ့ အကျိုးကို ရှေးရှု၍ အမှန်တကယ် အလုပ်လုပ်မည့်သူ အားလုံးရော ပြည်သူ ကို ကိုယ်စားပြု၍ ပါဝင်ခွင့်ရပါရဲ့လား။ အတ္တများပြီး တန်းတူညီမျှမှုရော ရှိကြပါ ရဲ့လား၊ အများ အကျိုးအတွက် အနည်းစု ဆန္ဒကို အလေးထားပါရဲ့လား။ တာဝန်ယူ တာဝန်ခံမှုရော ရှိကြရဲ့လား၊ ပြည်သူကို ကိုယ်စားပြုသည်ဆို၍ ထင်သာမြင်သာရော ရှိရဲ့ လား၊ ပြည်သူ တွေကိုယ်တိုင် လွတ်လွတ်လပ်လပ် တရားမျှတစွာဖြင့် မဲပေးခွင့်ရော ရကြပါ ရဲ့လား၊ရိုးသားပြီး သည်းခံစိတ်မွေး နိုင်ကြရဲ့လား၊ စည်းကမ်းရှိပြီး ဥပဒေကိုလေးစားလိုက်နာ မှုရောရှိရဲ့လား၊ အဂတိ ကင်း၍ တရားဥပဒေ စိုးမိုးမှုရှိပါသလား စသည်ဖြင့် မေးခွန်းများစွာဖြင့် တိုင်းတာသောအချက်များသည် ဒီမိုကရေစီစံနှုန်း များပင်ဖြစ်သည်။

ဘယ်လိုပုံစံဖြင့် ဒီမိုကရေစီကို ကျင့်သုံးသည်ဖြစ်စေထိုထိုစံနှုန်းများကတော့ ဒီမိုကရေစီ၏ အသက်သွေးကြော များပင်ဖြစ်သည်။ ထိုစံနှုန်းများ ပျောက် လျှင် ဒီမိုကရေစီလည်း ပျောက်မည်ဖြစ် သည်။ ထိုစံနှုန်းများမရှိလျှင် စစ်မှန်သော ဒီမိုကရေစီမရှိဟု ဆိုချင်သည်။ ရွေးကောက်ပွဲပြုလုပ်ရုံ၊ ပြည်သူ့အစိုးရ ဖြစ်ရုံနှင့်လည်း မလုံလောက်ပါ။ လုပ်သမျှသည် ပြည်သူ့အကျိုးစီးပွားကို ထိထိရောက်ရောက်နှင့် အမှန်တကယ် ဖြစ်ထွန်းစေမှသာ စစ်မှန်သော ဒီမို ကရေစီဟု ခေါ်နိုင်မည်ဖြစ်ပါသည်။

လွတ်လပ်မှုနှင့် စည်းကမ်းပြည့်ဝမှု

ဒီမိုကရေစီတွင် လွတ်လပ်မှုဟူသော စကားလုံးကိုလည်း တွင်တွင်ကျယ်ကျယ် သုံးကြသည်။ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ အသင်းအပင်းများ ဖွဲ့စည်း ထူထောင်ခွင့်၊ မဲပေးရွေးချယ် တင်မြှောက် ခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ သတင်းရယူ ခွင့်စသည်ဖြင့် ဖြစ်သည်။ လွတ်လပ်စွာ ဟူသော စံနှုန်းအောက်တွင်ပင် ပရမ်းပတာလွတ်လပ်မှုကြောင့် ဒီမိုကရေစီ သည် ကျဆုံးနိုင်ခြေ ရှိပြန်သည်ကို သတိထားရန်လိုသည်။စည်းမရှိကမ်းမရှိလွတ် လပ်မှုမျိုးသည် အုပ်ချုပ်ရေး ကဏ္ဍကို ထိခိုက်နိုင်သည့်အပြင် တရားဥပဒေ စိုးမိုးရေးအပေါ်တွင်လည်း ဆိုးရွားသော သက်ရောက်မှုရှိသော ကြောင့်ဖြစ်သည်။

တစ်ဦးချင်းဆိုင်ရာ လူ့အခွင့်အရေးအကာအကွယ်အောက်တွင် လွတ်လပ်ခွင့်ရှိသော်လည်း အများ ပြည်သူအတွက် အနှောင့်အယှက် မဖြစ်စေသင့်၊ အမုန်းတရားအတွက် ထိုးနှက်မှုတစ်ခု မဖြစ်သင့်၊ အစိုးရ၏ ဂုဏ်သိက္ခာကို အကြည်အညိုမပျက်စေသင့်၊ လူတစ်ဦး တစ်ဖွဲ့၏ လွတ်လပ်မှုက အများကို မထိ ခိုက်သင့်ဟု ယူဆသည်။ တစ်ခါတစ်ရံ လွတ်လပ်သည့် အတွေးအခေါ်များကြောင့်ပင် လူ့အဖွဲ့အစည်းတွင် အနုတ် လက္ခဏာ ဆောင်သွားတတ်သည်ကို သတိမူသင့်ပါသည်။ လွတ်လပ်မှုကို ထိန်းကွပ်သည်မှာ စည်းကမ်းဖြစ်သည်။ လွတ်လပ်မှုနှင့် စည်းကမ်းသည် ဒွန်တွဲ နေပြီး စည်းကမ်းမဲ့ခြင်းသည် လွတ်လပ်မှု ကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။

သို့ဖြစ်၍ ဒီမိုကရေစီ၏ တန်ဖိုးကို အကဲဖြတ်ရာတွင် ဆောင်ရန် ရှောင်ရန် စည်းကမ်းသည် မရှိမဖြစ်အရာဖြစ်သည်။ ဥပဒေကို ရိုသေလေးစားလိုက်နာပြီး စည်းကမ်းနှင့်အညီ နေထိုင်တတ်သည့် နိုင်ငံသားများရှိသည့် နိုင်ငံတွင်သာ ကျင့်ဝတ်နှင့်ညီသော ဒီမိုကရေစီတန်ဖိုး များ မြင့်မားနေတတ်ပြီး စစ်မှန်သော ဒီမိုကရေစီနိုင်ငံအဖြစ် ဟူ၍လည်း သတ်မှတ်လိုက်ပါသည်။

ဘာသာတရားအဆုံး အမများနှင့်ထပ်တူ ဒီမိုကရေစီကျင့်စဉ်

စနစ်တစ်ခုမှ စနစ်တစ်ခုသို့ အသွင်း ကူးပြောင်းစ ဒီမိုကရေစီနိုင်ငံတိုင်းတွင် အဓိကတွေ့ရသည့် စိန်ခေါ်မှုမှာ အားပြိုင် မှုပင်ဖြစ်သည်။ မရင့်ကျက်သေးသည့် သဘောက အလွဲလွဲအချော်ချော်ဖြစ် တတ်သည်ကို အထူးသတိပြုရန်လိုပါ သည်။ ဒီမိုကရေစီကို အသက်သွင်းလိုက် သည်နှင့် တစ်ပြိုင်နက် ပါလာသည်က မဏ္ဍိုင်သုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှုပင်ဖြစ်သည်။

မဏ္ဍိုင်သုံးရပ်စလုံးတွင် တစ်ပါတီ တည်း ကြီးစိုးသွားသည့်အခါ ပို၍ ဆိုးသွားသည်။ ရံဖန်ရံခါ နိုင်ငံရေး အားပြိုင်မှုမျိုး သို့မဟုတ် ဒီမိုကရေစီ အာဏာရှင်ပုံစံမျိုးအထိ ရောက်သွား တတ်သည်။ လျှောက်လှမ်းမည့် ဒီမို ကရေစီအတွက် အလွန်အန္တရာယ်ကြီး လှ၍ သတိထားလျှောက်လှမ်းပြီး ကောင်းမွန်သော နိုင်ငံရေးယဉ်ကျေး မှုတစ်ရပ်ကို တည်ဆောက်ယူရပါမည်။

အချုပ်အခြာနှင့် အမျိုးသားအကျိုး စီးပွားကိုသာ အခြေခံသော၊ ဗြဟ္မာစိုရ် တရားလေးပါး ကိုယ်ကျင့်သီလ ဓမ္မ တရားကို အခြေခံသော၊ အမျိုးဘာသာ သာသနာနှင့် ယဉ်ကျေးမှုအစဉ်အလာ ကောင်းများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်သော ဘုံရပ်တည်ချက် များရှိသည့် မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီသည်သာ နိုင်ငံနှင့် နိုင်ငံသား များအားလုံးအတွက် ပို၍အကျိုးရှိမည် ထင်ပါသည်။ မြန်မာ့နည်းမြန်မာ့ဟန်ဆို၍ အများစုလက်ခံသော ဒီမိုကရေစီစံနှုန်း များဆိုသည်ကို ပစ်ပယ်ထားခြင်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာအပါအဝင် မည်သည့်ဘာသာတွင်မဆို သတ်မှတ် ပြဋ္ဌာန်းရှိနှင့်ပြီးသား ကိုယ်ကျင့်သီလ ဆိုင်ရာ လမ်းညွှန်ချက် အဆုံးအမများ သည် ယနေ့ခေတ် ဒီမိုကရေစီကျင့်စဉ် များနှင့် ကိုက်ညီသည်ဖြစ်၍ ထိုဘာသာ တရားအဆုံးအမများအတိုင်း ကျင့်ကြံ လိုက်နာခြင်းသည်ပင် ဒီမိုကရေစီစံနှုန်း များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ပါတီစုံဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူ့ဆန္ဒကို အကောင်အထည် ဖော်မည့် ကိုယ်စားလှယ် များသည် အထွေထွေရွေးကောက်ပွဲများမှတစ်ဆင့် ယှဉ်ပြိုင်အရွေးခံပြီး လွှတ်တော်ကိုယ်စား လှယ်များ ဖြစ်ကြရသည်။ ထိုအခါ ပြည်သူ့ဆန္ဒအမှန် ဖြစ်စေမည့် ရွေးကောက်ပွဲများအတွက် လွတ်လပ်ပြီး သန့်ရှင်းတရားမျှတရန်လိုအပ်ချက်သည်အထူး အရေးကြီးလာပါသည်။

ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်၊ သန့်ရှင်း၊ တည်ငြိမ်၊ လုံခြုံသော ရွေးကောက်ပွဲတစ်ခုသည် စစ်မှန် စည်းကမ်းပြည့်ဝမှု ဂုဏ်ပုဒ်ကိုထင်ဟပ် သကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိသော မည်သည့်ရွေးကောက်ပွဲ များမဆို ရွေး ကောက်ပွဲရလဒ်ကို အကြီးအကျယ် ပြောင်းလဲပြီး အဆိုးသဘောသက်ရောက် မှုများစွာ ရှိနိုင်သည့်အတွက် သန့်ရှင်း ပြီး တရားမျှတမှုကို အထူးလိုအပ်ခြင်း လည်းဖြစ်ပါသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စု

ဒီမိုကရေစီနှင့် ဖက်ဒရယ်အိပ်မက် အတွက် အမျိုးသားစည်းလုံးညီညွတ်ရေး ဖိတ်ခေါ်မှုများနှင့်အတူ ငြိမ်းချမ်းရေး ခြေလှမ်းများ ယခုကာလကတည်းက စတင်နေပြီ ဖြစ်ပါသည်။ တွေ့ဆုံညှိနှိုင်း ပေါင်းစပ်မှုအကြိမ်ကြိမ်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်တွင် စစ်ဘက်/ အရပ်ဘက်/ တိုင်းရင်းသားမျိုးစုံ ပါဝင်ဖွဲ့စည်း ဆောင်ရွက်မှုများက သက်သေခံနေပါသည်။ လွှတ်တော်များ မှာ မတူကွဲပြား တိုင်းရင်းသားလူမျိုး ပေါင်းစုံကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြု နိုင်ရပါမည်။ ထို့အတွက် လည်း အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် PR ကို သွားနေပါပြီ။

PR က မတူညီမှုများအတွက် တူညီ သော အခွင့်အရေးများ ပေးနိုင်တော့မည် လား၊ လူနည်းစု၏ ဆန္ဒနှင့်အသံကို ပိုမိုကြားနိုင်၊ ဆောင်ရွက်နိုင်တော့မည်ဟု ခံယူချက်နှင့်အညီ တန်းတူရည်တူအခွင့် အရေးများကို PR စနစ်က ပို၍ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်စွမ်း ရှိမည်ဟု ယုံကြည်မိပါသည်။ PR သည် ဖက်ဒရယ်၏အခြေခံပင်ဖြစ်သည်။ မတူ ကွဲပြားသောဒေသများ၊ လူမျိုးများ အကြား ပေါင်းစည်းနေထိုင်၍ စုစုစည်း စည်း လုပ်ကိုင်ကြပြီး လုပ်ကိုင်နိုင်ခွင့် အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးကာ မျှဝေခံစားခြင်းဟူသော သဘောတရား ကို အခြေခံထားသည်ကိုတွေ့ရသည်။ လက်ရှိ မိမိတို့နိုင်ငံအနေအထားနှင့် ပို၍သဟဇာတဖြစ်ပါသည်။

ဒီမိုကရေစီကျင့်စဉ်အစ စာသင်ကျောင်းကသာ

စစ်မှန်ပြီး စည်းကမ်းပြည့်ဝမှု လမ်းကြောင်းမှန်ကို ပြည်တွင်းအားကို အခြေခံ၍ ပြည်သူအားလုံး ပူးပေါင်းပါဝင် မှသာလျှင် ရရှိနိုင်ပါမည်။ ရေရှည်အစီ အစဉ်အနေဖြင့် နိုင်ငံတွင် ကျင့်သုံးမည့် ဒီမိုကရေစီနှင့် လိုက်ဖက်မည့် လူသား အရင်းအမြစ်များစွာကို ပညာရေးကို အခြေခံ၍မွေးထုတ်ရန် လိုအပ်နေပါသေး သည်။ ရေတိုအစီအစဉ်ကတော့ တည်ငြိမ်သော နိုင်ငံရေးဖြစ်ရန် လိုအပ် ချက်နှင့်အတူ ငြိမ်းချမ်းရေးနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးကို အားသွန် ကြိုးပမ်းဆောင်ရွက်ရေး ပင်ဖြစ်သည်။

စိန်ခေါ်မှုလည်း ကြီးမားဆဲဖြစ်သည်။ စာသင်ကျောင်းများကအစပြုလိုက်သော လောကနီတိ ကျင့်ဝတ် သင်ရိုးများကသာ စံပြုနိုင်ငံသားကောင်းများကို မွေးထုတ် ပေးရာရောက်ပြီး ထိုထိုသော နိုင်ငံသားကောင်းများကသာ မိမိတို့ လိုချင်သော တန်ဖိုးမြင့်ဒီမိုကရေစီကျင့်စဉ်ကို ပုံဖော် နိုင်မည်ဟု ယုံကြည်ပါသည်။ တစ်ဦးနှင့် တစ်ဦး တန်ဖိုးထားမှု၊ လေးစားမှု၊ နားလည်ပေးမှု၊ ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိမှု၊ ဘာသာတရား ယဉ်ကျေးမှုကို ရိုသေကိုင်းရှိုင်းမှု၊ အများဆန္ဒ၊ အနည်းစုဆန္ဒကို လေးစားမှု၊ အဆိုး အကောင်းချိန်ဆတတ်မှု၊ စဉ်းစား ဝေဖန်ပိုင်းခြားနိုင်စွမ်းအား၊ စည်းကမ်း ဥပဒေလေးစားလိုက်နာတတ်မှု၊ တာဝန် ယူ တာဝန်ခံတတ်မှု စသည်စသည် အချက်များသည် ဒီမိုကရေစီစံနှုန်း၊ မိမိ တို့ လျှောက်လှမ်းချင်သော မည်သည့် ဒီမိုကရေစီကျင့်စဉ်၊ မည်သည့်ပုံစံ အတွက်မဆို မျိုးစေ့ကောင်း၊ ခိုင်မာသော အခြေခံအုတ်မြစ်များပင် ဖြစ်ပါသည်။

ယခုတင်ပြခဲ့သော အချက်များသည် အနာဂတ်တွင် ပုံဖော်တော့မည့် စစ်မှန် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ အဆောက်အအုံတစ်ခုမှာ ကြုံတွေ့ရနိုင်သော စိန်ခေါ်မှုများနှင့်အတူရင်ဆိုင်နိုင် ရန်နှင့် သင်ခန်းစာယူရမည့် အချက်များ ဖြစ်ပါသည်။ ယခုကာလ အနှောင့် အယှက်များက ဒီမိုကရေစီ အရေးထက် နိုင်ငံအလုံးစုံပျက်သုဉ်းရေးကို ဦးတည် နေသည်ကို မြင်တွေ့နေရသည်။ ဒီမို ကရေစီကိုလိုချင်လျှင် ဒီမိုကရေစီပုံရိပ် များ ကျဆင်းအောင်ပြုမူသည့် အပြုအမူ များအားလုံးကို ရှောင်ရှားဖယ်ရှားကြရ မည်သာဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မိုးမြင့်