မြန်မာနိုင်ငံ ပြည်တွင်းအာဏာရရှိရေးကြိုးပမ်းမှုနှင့် ပထဝီနိုင်ငံရေးအခြေအနေ
(ယမန်နေ့မှအဆက်)
၂၀၀၈ ခုနှစ်တွင် စွန့်စားရနိုင်ခြေများစွာရှိသည့် အကြားမှပင် မြန်မာနိုင်ငံ၌ ကြီးမားကျယ်ပြန့် သည့် အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့်အတူ ဒီမိုကရေစီစနစ်စတင်ရန် ထိုစဉ်က မြန်မာအစိုးရက ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုက မည်သို့သော အကျိုးရလဒ်ကို သယ်ဆောင်ပေးခဲ့သနည်း။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြောင့် ၂၀၁၆ ခုနှစ် ဧပြီလတွင် NLD ပါတီ အာဏာရရှိခဲ့ သည်။ ရွေးကောက်ပွဲရလဒ်များက NLD ပါတီကို အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများအား ထိန်းချုပ်ခွင့်ရရှိစေခဲ့သည်။ NLD ပါတီအနေဖြင့် ၎င်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို လွတ်လပ် စွာဆောင်ရွက်နိုင်မည့် အခွင့်အရေးရရှိခဲ့ခြင်းပင်ဖြစ်သည်။ လူထု၏ ယုံကြည်မှုကိုလည်း အပြည့်အ၀ ရရှိထားသည်ဖြစ်လေရာ မြန်မာ့ဒီမိုကရေစီနှင့် စပ်လျဉ်းပြီး ပါတီ၏မျှော်မှန်း ချက်ကို စိတ်ကူးပုံဖော်နိုင်ခွင့်ရခဲ့သည်။
အချက် ၁၂ ချက်ပါသော စီးပွားရေးမူဝါဒတစ်ခု
ဦးစွာပထမ အံ့ဩဖွယ်ဖြစ်စေသည်မှာ NLD ပါတီအနေဖြင့် ၎င်း၏အစိုးရသက်တမ်း ပထမ နှစ်နှစ်အတွင်း သင့်လျော်သော ဖွံ့ဖြိုးမှုမူဝါဒ တစ်စုံတစ်ရာ ဖန်တီးအကောင်အထည်ဖော်ရန် တွန့်ဆုတ်ခဲ့ဟန်ရှိခြင်းပင်ဖြစ်သည်။ NLD အစိုးရ လက်ထက်တွင် ယင်း၏မူဝါဒများနှင့် စပ်လျဉ်းပြီး အများပြည်သူသို့ ထုတ်ပြန်ခဲ့သည်မှာ အချက် ၁၂ ချက်ပါသော စီးပွားရေးမူဝါဒ တစ်ခုတည်းသာရှိ သည်။ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်က မည်သည့်ကိစ္စရပ်များအား အောင်မြင်မှုရအောင် ဆောင်ရွက်လိုသနည်းဟူသည်ကို တိတိပပသိနိုင် ရန် ခဲယဉ်းခဲ့သည်။ NLD ပါတီ၏ ဦးစားပေးကိစ္စရပ် များတွင် မလွဲမသွေပါဝင်နိုင်ခဲ့သည်မှာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ပညာရေးတို့ဖြစ်သည်။ NLD ပါတီအနေဖြင့် ၎င်း၏ဦးစားပေးကဏ္ဍများကို မည်သို့သော မူဝါဒများအား အသုံးပြုကာ အကောင်အထည်ဖော်သွားမည်နည်းဟူသည်မှာလည်း မရေမရာရှိခဲ့လေသည်။ မြန်မာပြည်သူ များသည် အပြုသဘောဆောင်သော အပြောင်းအလဲ တစ်ရပ်ဖြစ်ပေါ်လာရန် စိတ်ရှည်သည်းခံ စွာစောင့်စားခဲ့ကြသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်းမှစ၍ ပိုမိုအားကောင်း လာခဲ့သည်။ NLD ပါတီ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များသည် တစ်ကြိမ်တစ်ခါမျှ ခြေချဖူးခြင်းမရှိသည့် နယ်မြေစိမ်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့သည်။ NLD ပါတီသည် မြန်မာနိုင်ငံ၌ စီးပွားရေးအရ အခွင့်ထူးခံများ အလွန်အမင်းကြီးထွားလာသည်ဟူ၍ ရှုမြင်ပြီး ယင်းပြဿနာအား ဖြေရှင်းနိုင်ရန်နှင့် စီးပွားရေးအား ဖြေလျှော့မှုပြုရန် တပ်မတော်၏ဩဇာကို ထိန်းချုပ် နိုင်မည့် နည်းလမ်းကို ရှာဖွေလျက်ရှိသည် ဟူသည်မှာ ထင်ရှားလာခဲ့သည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများကတည်းက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် သော်လည်းကောင်း၊ တပ်မတော်ပိုင်စီးပွားရေး လုပ်ငန်းစုကြီးနှစ်ခုနှင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှုအပေါ် ကြီးမားစွာ အခြေပြုပြီး ထွန်းကားခဲ့ခြင်းဖြစ် သည်။ အစောပိုင်းကာလများ၌မူ ပုဂ္ဂလိကကဏ္ဍဆိုင်ရာ အခွင့်အလမ်းများသည် အစိုးရ၏ အကူအညီများ(ဥပမာ-ခွင့်ပြုမိန့်များ၊ ငှားရမ်းခွင့်များ) အပေါ် လုံးလုံးလျားလျား အမှီပြုခဲ့သည်။ NLD အစိုးရ၏ မျှော်မှန်းချက်မှာ ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရေးယူဆောင်ရွက်မှု များပြုခြင်းနှင့် ပြည်ပယှဉ်ပြိုင်မှုနှင့် မိတ်ဆက်ပေး ခြင်းတို့မှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍအား သန့်စင်ရှင်းလင်းသွားစေရန်ဖြစ်သည်။ ထိုမျှော်မှန်းချက်ကို ပြည်တွင်းစီးပွား ရေးအသိုက် အဝန်းများက လိုလားမှုရှိခဲ့ဟန်မတူပေ။ ယခင်ကတည်းက တပ်မတော်နှင့် ပတ်သက်ဆက်နွယ်မှုရှိခဲ့ကြသော ပြည်တွင်းစီးပွားရေး လုပ်ငန်းစုကြီးများ ဥပမာ-အမေရိကန်၏ အထူးပိတ်ဆို့အရေးယူမှုခံရသော လူပုဂ္ဂိုလ်အသိုက်အဝန်းကမူ အဆိုပါပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားများအတွက် ခြိမ်းခြောက်မှုအဖြစ် မှတ်ယူခဲ့ကြပေလိမ့်မည်။
မြန်မာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ
ဆန့်ကျင်ကန့်ကွက်မှုများစွာရှိခဲ့သော်လည်း NLD ကမူ ၎င်း၏စီးပွားရေးဖြေလျှော့မှု မူဝါဒ အစီအစဉ်ကိုများ မကြာမီမှာပင် အကောင်အထည်ဖော်ခဲ့သည်။ ထိုအစီအစဉ်သည် အထူးသဖြင့် ဘဏ်လုပ်ငန်းမှသည် အာမခံလုပ်ငန်းအထိ ဝန်ဆောင်မှုကဏ္ဍများ၌ နိုင်ငံခြားလုပ်ငန်းများ၏ အကျိုးစီးပွားအား ရှေ့တန်းတင်ဦးစားပေးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထို့အပြင်ယင်းလုပ်ငန်း ကဏ္ဍများ၌ နိုင်ငံတကာမှပါဝင်လာစေရန် တင်ဒါများခေါ်ယူခြင်း၊ ဥပဒေနှင့် နည်းဥပဒေများ ပြုပြင်ပြောင်းလဲ ခြင်းတို့ကိုပါ ဆောင်ရွက်ခဲ့သည်။ NLD ၏ မူဝါဒများကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်အုပ်စုနှင့် USAID အဖွဲ့တို့က ကြိုးဆွဲ ပုံဖော်ခဲ့သည်။ ယင်းအဖွဲ့များသည် အမေရိကန်၏ သဘောထားအတိုင်း လှုပ်ရှားရသော နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည်။ မြန်မာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများကို မြန်မာအစိုးရက ရေးဆွဲရမည့်အစား ယင်းအဖွဲ့များက ဦးဆောင် ရေးဆွဲခဲ့ကြသည်။ ပြုပြင်ပြောင်းလဲရေးများကို အနောက်နိုင်ငံသားအကြံပေးများက ဦးဆောင်ခဲ့ကြသည်ဖြစ်ရာ ယင်းတို့သည် ပြည်တွင်းအ ကျိုးစီးပွားကို ထိခိုက်စေပြီး အနောက်နိုင်ငံများအတွက်သာ အကျိုးရှိစေခဲ့သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများနေရာတွင် လူစားထိုး ပြောင်းလဲမှုများဆောင်ရွက်ခဲ့ရာ ၎င်းတို့နှင့်ဆက်နွှယ်သော အခြားအစိုးရ တာဝန်ရှိသူများသည်လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများမှ နုတ်ထွက်ခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းထွန်း၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည် အနောက် ဗဟိုပြုပြုပြင်ပြောင်းလဲရေးအား လိုလားသူများအဖြစ် သတ်မှတ်ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ “အနောက်မျှော်” မူဝါဒကြောင့် ပေးဆပ်လိုက်ရသည့်တန်ဖိုးမှာ ဘဏ္ဍာရေးအရ ခြိုးခြံချွေတာလွန်းခြင်း၊ နိုင်ငံ့စီးပွားရေးအား တမင်ရည်ရွယ်၍ ကျုံ့သွားစေခြင်းနှင့် အနာဂတ်တွင် ဘဏ္ဍာရေး အကျပ်အတည်းဖြစ်လာနိုင်ခြင်းတို့ပင် ဖြစ်သည်။
NLD လက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၏ရလဒ်မှာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က အမြင့်ဆုံး၈ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့သော မြန်မာနိုင်ငံ၏ ဂျီဒီပီဖွံ့ဖြိုးမှု နှုန်းသည် NLD အစိုးရလက်ထက်၌မူ ၆ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ကျန်ရှိတော့ခြင်းဖြစ်သည်။ ယင်းပမာဏသည် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်ကာလက ပမာဏဖြစ်သည်။ ၂၀၁၉ ခုနှစ်က မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာကျဆင်းခဲ့သဖြင့် သွင်းကုန်အဓိကထား ရသော မြန်မာနိုင်ငံ၏ စားသောက်ကုန်နှင့် လူသုံး ကုန်စည်ဈေးနှုန်းမှာလည်း တစ်ဟုန်ထိုးမြင့်တက် သွားခဲ့လေသည်။ ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ပြည်တွင်းမှ အသေးစားစီးပွားရေး လုပ်ငန်းများသည် ပြည်ပမှ ဝင်ရောက်လာသော လုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။ ပြည်တွင်းမှ အသေးစား စီးပွားရေးလုပ်ငန်းများစွာသည် လုပ်ငန်းလည်ပတ်မှုအတွက် ချေးငွေကိုသာ အဓိကထား မှီခိုခဲ့ရသည်။ သို့သော်လည်း ပြန်လည်ပေးဆပ်နိုင် ခြင်းမရှိသဖြင့် ပြည်တွင်းကုန်သွယ်ရေးဘဏ်များက ချေးငွေပေးဆပ်မှုသက်တမ်းကို အကြိမ်ကြိမ် သက်တမ်း တိုးပေးခဲ့ရသည်။ ဤသို့ အချိန်မီ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော ချေးငွေများ စုပုံများပြား လာခြင်းက NLD လက်ထက် မြန်မာ နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်းလိုငွေပြမှုသည် ၃ ဒသမ ၉ ထရီလီယံသာရှိခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင်မူ မြန်မာကျပ်ငွေ ၇ထရီလီယံ အထိရှိခဲ့ပြီးယင်းမှာ ပြီးခဲ့သည့်ဆယ်နှစ်အတွင်း အမြင့်ဆုံး ပမာဏဖြစ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ အချက်အလက်များအရ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသော ကုမ္ပဏီအရေ အတွက် ၈၃၀၂၄ ခုရှိသည့်အနက် နှစ်စဉ်အစီရင်ခံစာ (annual return) တင်ပြရန် နောက်ကျမှုကြောင့် ရပ်ဆိုင်းခံရသော ကုမ္ပဏီ ၁၆၃၁၉ ခုရှိခဲ့ပြီး ကုမ္ပဏီ မှတ်ပုံတင်ခြင်းအား ဖျက်သိမ်းရန် လျှောက်ထားသောကုမ္ပဏီ ၃၆၁ ခုရှိခဲ့သည်။ NLD အစိုးရ သက်တမ်းနောက်ဆုံးကာလ၌ ကိုဗစ်-၁၉ နှင့် ဆက်စပ်သော သက်ရောက်မှုကြောင့် နိုင်ငံ့စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းများ၏ အလားအလာတို့ တွင် စိန်ခေါ်မှုများနှင့် ဆိုးရွားစွာရင်ဆိုင်ခဲ့ရသည်။
အနောက်နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံအပေါ် အာဏာရှင်နိုင်ငံအဖြစ် သမုတ်ကာ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ နှစ်ပေါင်းများစွာချမှတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၌ ပြုပြင် ပြောင်းလဲရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းများ စတင်ထွက်ပေါ်လာသည့်အခါ ၎င်းတို့၏ စီးပွားရေးအရ တင်းမာသောသဘောထားနှင့် ရပ်တည်မှုကမြန်မာနိုင်ငံ၏ တပ်မတော် ခေါင်းဆောင်များကို ဒူးထောက်စေခဲ့ပြီး ဒီမိုကရေစီအောင်ပွဲကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်ဟု အနောက်နိုင်ငံရေးသမားများက ယုံကြည်ခဲ့ကြဟန်တူသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ တံခါးဖွင့် မှုအားမည်သည့်အရှိန် အဟုန်ဖြင့်ဖွင့်မည်၊ မည်သည့်အတိုင်းအတာအထိ ဖွင့်မည်ဟူသည်နှင့် စပ်လျဉ်းပြီး တပ်မတော်က အမြဲထိန်းချုပ်ထားခဲ့သည်ဟူသည်ကိုမူ ပြည်ပနိုင်ငံများနှင့် အဖွဲ့ အစည်းများက နားလည်ခဲ့ခြင်း မရှိပေ။
ဘက်မလိုက်လှုပ်ရှားမှု၏ အစောဆုံးအဖွဲ့ဝင်နိုင်ငံ
မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု၏ အစောဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်လေရာ တပ်မတော် အနေဖြင့် ပြည်တွင်းရေးအခြေအနေဖြစ်ပေါ် ပြောင်းလဲမှုများကြောင့် ပေါ်ပေါက်လာမည့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အကျိုးဆက်များအပေါ် သတိကြီးစွာ အာရုံစိုက်လိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။ အမေရိကန်သမ္မတဟောင်း ထရမ့်နှင့် တရုတ်အကြား ထိပ်တိုက် တွေ့ရာမှ ဖြစ်ပေါ်လာသည့် ကုန်သွယ်ရေးစစ်ပွဲနှင့် “လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်” “Free and open Indo-Pacific” မျှော်မှန်းချက်အား အကောင်အထည်ဖော်ရေးအတွက် အရှိန်အဟုန်မြှင့်လာသော အမေရိကန်၏ ထိတွေ့ချဉ်းကပ်မှုတို့က အရှေ့တောင် အာရှနိုင်ငံ များကို အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံအနက် တစ်နိုင်ငံဘက်မှ ရပ်တည်ရန် ဖိအားပေးခဲ့သည်။
အဆိုပါ ပထဝီနိုင်ငံရေး အားပြိုင်ပွဲများသည် အာရှ၏လမ်းဆုံလမ်းခွတွင် တည်ရှိနေသော မြန်မာ နိုင်ငံအတွက်စိန်ခေါ်မှုဖြစ်လာခဲ့သည်။ ထိုသို့သော ခေတ်ကာလအခြေအနေတွင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် စီးပွားရေး ဖြေလျှော့မှုသည် မည်သို့သော အကျိုး သက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သနည်း။ သုံးနှစ်ကြာ ရှေ့မတိုးနောက်မဆုတ ်ဖြစ်နေခဲ့သော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများမှ မည်သို့သော အန္တရာယ်များ ထွက်ပေါ်လာနိုင်သနည်း။
တပ်မတော်အား အင်စတီကျူးရှင်းအရ အားနည်း စေခြင်းနှင့် ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ခံ မြန်မာ့ စီးပွားရေးအား တစ်ကျော့ပြန် မွမ်းမံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များက မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် ဖြစ်စေမည်လော။ အဆိုးဆုံးဖြစ်နိုင် ခြေအရ နိုင်ငံအစိတ်စိတ်အမြွှာမြွှာပြိုကွဲမှု (balkanization) အထိ ဦးတည်သွားနိုင်ပါသလော။
အရေးအကြီးဆုံး ဦးစားပေးလုပ်ငန်းများ
ဒေသတွင်းပထဝီနိုင်ငံရေးအားပြိုင်မှု ဖြစ်ပွားနေသည့် လက်ရှိအချိန်တွင် နိုင်ငံအတွင်းမှ အက်ကြောင်းများ ဖြစ်ပေါ်လာခြင်းသည် မြန်မာနိုင်ငံအား အားနည်းစေလိုသည့် ပြင်ပနိုင်ငံများနှင့် အဖွဲ့အစည်းများအတွက် အမြတ်ထုတ်အသုံးချစရာ ဖြစ်လာပေလိမ့်မည်။ ထိုသို့ ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲရလဒ်များနှင့် မကြုံတွေ့ရစေရန် အမျိုးသား စည်းလုံးညီညွတ်မှုနှင့် တိုင်းရင်းသား သွေးစည်းညီညွတ်မှုတို့ကို ခိုင်မာအားကောင်းစေရေးနှင့် ပြည်သူလူထုအား ဝန်ဆောင်မှုများ အဆက်မပြတ်ပေးအပ်နိုင်ရန်လည်း ထိန်းသိမ်းဆောင်ရွက် ခြင်းသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး ဦးစားပေးလုပ်ငန်းများဖြစ်ပေသည်။ "နိုင်ငံတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိန်းကျောင်းခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်ဟု စောဒက တက်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် သူမအား ထောက်ခံသူ ဒေါက်တိုင် ဖြစ်သည့် ဗမာအများစု၏ အသံကိုနားထောင်ရန်၊ တိုင်းရင်းသား လူနည်းစုများ (အခြေခံလူတန်းစားတိုင်းရင်းသားများနှင့် မတူကွဲပြားသောအကျိုးစီးပွားများရှိသည့် အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း နှစ်ဒါဇင်ခန့် ၏ အသံကို နားထောင်ရန်၊ တပ်မတော် ၏ အသံကိုနားထောင်ရန်နှင့် နိုင်ငံ၏ အရပ်ဘက်နှင့် တပ်မတော်အကြား ကျိုးပဲ့လွယ်သော နိုင်ငံရေး ချိန်ခွင်လျှာကို ထိန်းသိမ်းရန် လိုအပ်မှုတို့ကြောင့် ဖြစ်သည်။ “ရိုဟင်ဂျာ”ဆိုသူများ၏ ကိစ္စနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမအား ထောက်ခံသူ မဲဆန္ဒရှင်အများစုကို ဆန့်ကျင်သည့် အမြင်ရှိမှုများကို ဆန့်ကျင်သည့် နိုင်ငံရေးရပ်တည်ချက်ကို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီတွင် ချမှတ်ရန်မျှော်မှန်းထားသည်ဟု ဆိုကောင်းဆိုနိုင်သည်။ ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ပါတီတို့သည် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်မှ မြန်မာနိုင်ငံကို ကာကွယ်ရန် “အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြ” ဟု နိုင်ငံအား တိုက်တွန်းရန် ဆုံးဖြတ်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်သွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဗမာနှင့် တိုင်းရင်းသား မဲဆန္ဒရှင်အားလုံးနီးပါး၏ အကျိုးစီးပွားကိုဆန့်ကျင်လျက် နေရပ်စွန့်ခွာ “ရိုဟင်ဂျာ” ဆိုသူများအတွက် ပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟူသည့် လက်တွေ့မကျသော မျှော်လင့်ချက်ကြောင့် အမေရိကန်နှင့် NLD တို့အကြား ဆက်ဆံရေးသည် ယိုယွင်းလာခဲ့သည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ မည်သည့်ပါတီကို အနောက်အုပ်စုက လိုလားနှစ်သက်ပါမည်နည်း။ မြန်မာ့ဒီမိုကရေစီသင်္ကေတဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ကို အနောက်နိုင်ငံများ၏ လိုလားနှစ်သက်မှုစာရင်းမှ ဖယ်ရှားပြီးနောက် ထိုစာရင်းတွင် မည်သူကျန်ခဲ့သည်ကို မေးခွန်းထုတ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံအပေါ် အနောက်တိုင်းအစိုးရများ၏ စံပုံစံအမြင်များနှင့် လက်တွေ့ မကျသည့် မျှော်လင့်ချက်များသည် NLD ၏သမိုင်း အစဉ်အလာအရ ဖြစ်တည်လာမှုကို မရည်ရွယ် ဘဲ အဆုံးသတ်စေခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များအတွင်း များပြားသော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် နိုင်ငံရေးအရ အထီးကျန်ဆန်စေခြင်းများကြောင့် မြန်မာနိုင်ငံအနေဖြင့် ဆယ်စုနှစ်တစ်ခုကြာ ဖွံ့ဖြိုးတိုးတက်မှု ပျောက်ဆုံးသည့်နည်းတူ ပိတ်ဆို့အရေးယူမှုများနှင့် နိုင်ငံတကာ၏ စံနှုန်း အခြေပြု ဝေဖန်မှုများသည် NLD အတွက်လည်း အထောက်အကူမဖြစ်ခဲ့ချေ။
ဒေါ်အောင်ဆန်းစုကြည်အပေါ် အနောက်နိုင်ငံများ၏ ထောက်ခံမှုဆုံးရှုံးခြင်းသည် ရှုပ်ထွေးသည့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် သူမ၏ ထိန်းကျောင်းညှိနှိုင်းနိုင်စွမ်းကို ပျောက်ဆုံး သွားစေခဲ့သည်။ မည်သို့ပင်ဆိုစေ “ရိုဟင်ဂျာ” ဆိုသူများ ထွက်ပြေးပြီးနောက် အနောက်နိုင်ငံ များ၏ ပိတ်ဆို့အရေးယူမှုများနှင့် စုံစမ်းစစ်ဆေးမှုများသည် တပ်မတော်အပေါ်တွင်လည်း အရိပ်မည်းထိုးလာခဲ့သည်။ အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်ပတ် သက်သူများ (stakeholders)၊ ယင်းတို့၏ အခက်အခဲများ၊ အကန့်အသတ်အတားအဆီးများ၊ နိုင်ငံရေးအုပ်စုသဘောထား ကွဲလွဲမှုများ ပိုမိုဆိုးရွားစေနိုင်သည့် အန္တရာယ်များ အပါအဝင် မြန်မာ့ဒီမိုကရေစီ ပုံစံအား နားမလည်နိုင်ခြင်းသည် နားလည်ရန် ခက်ခဲလျက်ပင်ရှိသည်။
လက်ရှိအခြေအနေတွင် သက်ဆိုင်သူအားလုံးမှ အဖြေတစ်ခုရှာရန်အတွက် အရေးကြီးသည်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ် တိုးတက်မှုများအပေါ် အကျိုးသင့်အကြောင်းသင့် ဆင်ခြင်တုံ တရားနှင့် အချက်အလက် အခြေပြုအမြင်ထားရှိရေးဖြစ်သည်။ ဤသို့အဖြေရှာရာတွင် ဖြစ်နိုင်ခြေအများဆုံးဖြစ်သည့် အာဆီယံနည်းလမ်း (သို့) အခြား နိုင်ငံစုံနည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်မှု များမှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတကာ မီဒီယာများတွင် မြန်မာနိုင်ငံအား ကျရှုံးနိုင်ငံအဖြစ်လည်းကောင်း၊ ငြိမ်းချမ်းသော ဆန္ဒပြသူများအပေါ် စစ်တပ်မှ တစ်ဖက်သတ်အကြမ်းဖက်မှုအဖြစ်လည်းကောင်း မှားယွင်းသည့်ဇာတ်ကြောင်းပြော ပုံဖော်မှု များကြီးစိုးနေခြင်းသည် စာနယ်ဇင်းကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိချေ။
စွပ်စွဲချက်ကိန်းဂဏန်းများ
ဥပမာအားဖြင့် အမေရိကန်မှ ငွေကြေးထောက်ပံ့ထားသည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB) သည် အရပ်သား အသေအပျောက် စွပ်စွဲချက် ကိန်းဂဏန်းများ အပေါ် လက်ဝါးကြီးအုပ်ထားသည်။ AAPPB ၏ စာရင်းတွင် သေဆုံးကြောင်း အတည်မပြုနိုင်သည့်သူများ၏ အမည်စာရင်းများ ပါဝင်နေပါ၏လော။ ယင်းစာရင်းတွင် နယ်စပ်ဒေသများသို့ ထွက်ပြေးသူများ၏ အမည်စာရင်းများကို ထည့်သွင်း ထားပါ၏လော။ အမှန်တကယ်မရှိသည့် အမည်များနှင့် ပိုမိုထည့်သွင်းထားသည့် အမည်များ ထည့်သွင်းထားခြင်း ရှိ/မရှိ မည်သူက သိနိုင်ပါမည်နည်း။
အထက်ပါမေးခွန်းများနှင့် မသက်ဆိုင်ဘဲ လုံခြုံရေးတပ်ဖွဲ့များ၊ အစိုးရဝန်ထမ်းများနှင့် အရပ်သား များအပေါ် အစိုးရဆန့်ကျင်သည့် အကြမ်းဖက်များမှ သေကျေပျက်စီးအောင် တိုက်ခိုက်သည့် ပမာဏသည် AAPPBမှ စွပ်စွဲသည့်ကိန်းဂဏန်းများ ထက်ကျော်လွန်နေပြီ ဖြစ်သည်။ “The 74 media” ၏ သတင်းဖော်ပြချက်တစ်ခုအရ NUG “ကာကွယ်ရေးဝန်ကြီး” က ဇွန်လနှင့် ဇူလိုင်လ များအတွင်း တပ်မတော်သား (သို့) ထောက်ခံသူ ၁၁၀၀ ကျော် ကိုသတ်ဖြတ်နိုင်ခဲ့သည်ဟု အခိုင်အမာဆိုကြောင်း ဖော်ပြထားသည်ကိုသိရသည်။ နိုင်ငံရေးအငြင်းပွားမှုသည် မည်သည့် ဘက်တွင်မျှ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေခြင်းမရှိသင့်သော်လည်း လုံခြုံရေးတပ် ဖွဲ့ဝင်များနှင့် အရပ်သားများအား သတ်ဖြတ်မှုအပေါ် ကြွားလုံးထုတ်နေသည့် NUG အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့ထောက်ခံပေးရမည်နည်းဆိုခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
France 24 ကဲ့သို့သော မီဒီယာများသည် ဆန္ဒ ပြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအားမြားများ နှင့် ဓာတ်ဆီပုလင်းဗုံးများဖြင့် တိုက်ခိုက်မှု ဗီဒီယိုအား တင်ဆက်ထားချိန်တွင် အကြမ်းမဖက်သော ဆန္ဒပြမှုများအဖြစ် သတင်းဖော်ပြခဲ့သည်။ France 24 သည် CIA မှ David Eubank ၏ မျက်နှာစာ အဖွဲ့အစည်းဖြစ်သော Free Burma Rangers ၏ အဝတ်ဆီပရေး တပ်ဖွဲ့ဝင်များသည် ဗီဒီယိုဖိုင်ကို အသုံးပြု၍ ဗြိတိန်နှင့် အမေရိကန်တို့မှထောက်ပံ့ထားသော အစိုးရဆန့်ကျင်သူ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများအား တွေ့ဆုံမေးမြန်းခဲ့သည်။
ဟောင်ကောင်မှ စတင်သည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်သည့် “Milk Tea Alliance” ကဲ့သို့သော နိုင်ငံရေးလမ်းကြောင်းများမှ တစ်ဆင့် သို့မဟုတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အချိတ်အဆက်ရှိသည့် Global Movement for Myanmar Democracy ကဲ့သို့သော အဖွဲ့အစည်း များမှတစ်ဆင့် မြန်မာ့ပြည်တွင်းရေးတွင် နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်မှုများသည် အပြုသဘော ဆောင်သော ရလဒ်များနှင့် ပြန်လည်သင့်မြတ်ရေးကို ဦးတည်လိမ့်မည်မဟုတ်ချေ။ အနောက်တိုင်းပုံစံ စီးပွားရေးပိတ်ဆို့မှုများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ ပိုနေမြဲကျားနေမြဲအခြေအနေကို ယခု မည်သို့ကိုင်တွယ် ဆောင်ရွက်သွားနိုင်ပါမည်နည်း။ မြန်မာ့တပ်မတော်အနေဖြင့် အနောက်တိုင်းပုံစံ စီးပွားရေးပိတ်ဆို့မှုများကို အတိုင်းအတာတစ်ခု အထိကိုယ်ခံအားရရှိလာလိမ့်မည်မှာ သေချာသည်။ ပိုမိုပြင်းထန်လာသော ပြည်တွင်းပဋိပက္ခ များနှင့် အတိုက်အခံပြုမှုများ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သောဝေဖန်မှုများနှင့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် တပ်မတော်မှ ကြိုတင်မျှော်မှန်းထားခဲ့ရသည့် တုံ့ပြန်မှုများဖြစ်သည်။ - အကောင်းဘက်ကကြည့်ရှုပါက ကျယ်ကျယ်ပြန့်ပြန့်အရေးယူမှုများ ဖြစ်ပေါ်နိုင်ခြေနည်းပါးသည်။ ကျယ်ပြန့်သည့်အရေးယူ ပိတ်ဆို့မှုများ ချမှတ်မှုသည် မြန်မာနိုင်ငံအား လစ်ဘရယ်ဒီမိုကရေစီ လားရာသို့ မည်သို့မျှ ပိုမိုရွေ့လျားစေနိုင်မည်မဟုတ်သော်လည်း သာမန်ပြည်သူများကို ထိခိုက်စေလိမ့် မည်ဖြစ် သည်။ အနောက်နိုင်ငံများသည် ဒဏ်ခတ်မှုများဖြင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး လမ်းကြောင်း ကို ပြောင်းပြန်လှန်နိုင်လိမ့်မည် မဟုတ်သော်လည်း မြန်မာအစိုးရနှင့် လုံးလုံး လျားလျား မပတ်သက်သည့်အနေအထားသို့ ရောက်အောင်၎င်းတို့ဘာသာ ၎င်းတို့တွန်းပို့နေသည်။ ရက်သတ္တပတ်ချီ၍ ကြာမြင့်လာပြီဖြစ်သည့် နယူးယောက်ရှိ ယခင်ကမကြုံစဖူးဖြစ်သည့် ခန့်အပ်လွှာ အငြင်းပွားမှုကြောင့် ကုလသမဂ္ဂ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တင်းမာမှုများ ကို အမှန်တကယ်လျှော့ချရန်နှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန်လိုအပ်သည့် ညှိနှိုင်းထိန်းကျောင်းနိုင်မှုကို ဆုံးရှုံးခဲ့ရသည်။
NUG အနေဖြင့် စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ကြားစေ့ရေး မဆောင်ရွက်နိုင်သကဲ့သို့ တပ်မတော်ကိုလည်း ဖြုတ်ချနိုင်မည်မဟုတ်ချေ။ ထိုသို့ဖြစ်လင့်ကစား အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ကို စည်းရုံးရန် ခက်ခဲမည်ပင် ဖြစ်သည်။ ကြိုးကြားကြိုးကြားဖြစ်သည့် လမ်းပေါ်ရှိအကြမ်းဖက်မှုများနှင့် ပစ်မှတ် ထားလုပ်ကြံသတ်ဖြတ် မှုများသည် နိုင်ငံ၏ဒုက္ခများကို ပိုမိုဆိုးရွားစေလိမ့်မည်သာဖြစ်သည်။ NUG ကို မည်သည့်နိုင်ငံကမျှ အသိအမှတ်မပြုချေ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အိမ်စောင့်အစိုးရနှင့် အပြုသဘော ထိတွေ့ဆောင်ရွက်မှုသည် အမှန်တကယ် လိုအပ်လက်တွေ့ကျပြီး မြန်မာပြည်သူများအတွက် ကောင်းမွန်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိနိုင်ငံ ရေးသမားများက ကောင်းစွာ သိရှိကြသည်။
စီးပွားရေးနှင့် နိုင်ငံရေးဆက်ဆံမှုများ
အိမ်စောင့်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ သည် ကမ္ဘာ့နိုင်ငံရေးထက်ဒေသတွင်း နိုင်ငံရေးများ နှင့် လက်တွေ့ကျသော စီးပွားရေးနှင့် နိုင်ငံရေးဆက်ဆံမှုများကို ပိုမိုအာရုံစိုက်လာဖွယ်ရှိသည်။ မြန်မာနိုင်ငံတွင်းအခြေအနေနှင့် မသက်ဆိုင်ဘဲ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် လာမည့်နှစ်များတွင် စီးပွားရေးဆက်သွယ် ဆောင်ရွက်မှုများ ဆက်လက် တိုးတက်လာလိမ့်မည် ဖြစ်သည်။ စင်စစ်တွင် အာဆီယံ၊ တရုတ် (ဟောင်ကောင်မှတစ်ဆင့်)၊ ဂျပန်၊ ကိုရီးယားနှင့် အရှေ့တိုင်းအင်အားများသည် မြန်မာနိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်များဖြစ်ကာ ယင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၈ ခုနှစ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အားလုံး၏၈၇ ရာခိုင်နှုန်းရှိသည်။ အရှေ့တိုင်း စီးပွားရေးအင်အားကြီးနိုင်ငံ များ၏ လက်တွေ့ကျသည့် ရင်းနှီးမြှုပ်နှံမှုများနှင့်နှိုင်းစာပါက အမေရိကန်နှင့် ဥရောပနိုင်ငံများ ၏ စီးပွားရေးခြေရာမှာ မြန်မာနိုင်ငံတွင် အနည်းငယ်သာ ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း၊ မဟာမဲခေါင်ဒေသခွဲအောက်ရှိ ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ၊ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် အိန္ဒိယနိုင်ငံ၏ Act East Policy တို့တွင် ပါဝင်သည့် ပေါင်းကူးဆက်သွယ်ရေး အစီအစဉ်များ၊ တစ်ခုနှင့်တစ်ခု ထပ်နေသည့် စီးပွားရေးစင်္ကြံများတွင်ပါဝင်၍ သဘာဝစီးပွားရေး အချက်အချာ ဆုံချက်အဖြစ် ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိအောင် ဆောင်ရွက်သွားနိုင်လိမ့်မည် ဖြစ်သည်။
လေ့လာသူတစ်ဦး