ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သည်။ ထိုနေ့သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြ ကုန်သော ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သည့် နေ့တစ်နေ့ဖြစ် သည့်အပြင်မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်မှုကို အခိုင်အမာသက်သေပြနိုင်သည့် သမိုင်းမှတ်တိုင်စိုက်ထူခြင်းကြောင့် နိုင်ငံအတွက် တန်ဖိုးအနဂ္ဂထိုက်တန်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို စတင်မွေးဖွားသန့်စင်ပေးလိုက်သော နေ့ထူးနေ့မြတ်ဖြစ်သည်ဟု ဆိုရပေမည်။
ပင်လုံစာချုပ်နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တိုင်းရင်းသားကိုယ်စားလှယ်ပေါင်းစုံတို့ အကြိမ်ကြိမ် ဆွေးနွေးကြပြီးနောက် တောင်တန်းနှင့် မြေပြန့် တစ်ပေါင်းတည်း လွတ်လပ်ရေးယူမည်ဟူသော ဆွေးနွေးဆုံးဖြတ်ချက် ချမှတ်ကြသည့် ပင်လုံ စာချုပ်ကို ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားမျိုးချစ် ခေါင်းဆောင်များ၏ ကြိုးပမ်းမှု၊ တိုင်းရင်းသား ပေါင်းစုံတို့၏ စည်းလုံးညီညွတ်မှုတို့ကြောင့် ပင်လုံစာချုပ်ကြီးပေါ်ပေါက် လာခဲ့ရသည်။ ပင်လုံစာ ချုပ်ချုပ်ဆိုပြီး နောက်တစ်နှစ်အတွင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ခြင်းကြောင့် ပြည်ထောင်စုစိတ်ဓာတ်၏တန်ဖိုးသည် နှိုင်းဆမရအောင် ကြီးမားသည် (ဝါ) တန်ဖိုးအနုဂ္ဃထိုက်တန်သည်ကို တွေ့ကြရမည်ဖြစ်သည်။
ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်ကို ပြည်ထောင်စုနေ့ဟုသတ်မှတ်ကာ နိုင်ငံတော်က အခမ်းအနားများ နှစ်စဉ်ကျင်းပလာခဲ့ သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအရေးကြီးပုံ
တိုင်းရင်းသားလူမျိုးအသီးသီး ပူးပေါင်းနေထိုင်ကြသော ဤပြည်ထောင်စုကြီးသည် နိုင်ငံတော် ၏ အသက်ပင်ဖြစ်သည်။ ပြည်ထောင်စုမြန်မာ နိုင်ငံဟူ၍သတ်မှတ်ထားသော ပထဝီမြေပြင်ပေါ်တွင် ပေါက်ဖွားကြသည့်ပြည်ထောင်စုသားများ၏ စုဝေးဆောင်ရွက်မှု အမှန်တကယ်လိုအပ်ပေ သည်။ ညီညွတ်မှုမရှိ၊ တစ်ယောက်တစ်ပေါက်လုပ်ကြမည် ဆိုပါက အားလုံးပျက်စီးဆုံးရှုံးမှု ရလဒ်သာရှိပြီး ညီညာဖြဖြဆောင်ရွက်ကြပါလျှင် အားလုံးအကျိုးရှိမည်ဖြစ်သည်။ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်အရေးကြီးပုံ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မြေတည်းနေတစ်ရေ တည်းသောက်၊ တစ်အူထုံဆင်းတိုင်းရင်းသား လူမျိုးအချင်းချင်း မရှိအတူ၊ ရှိအတူ၊ အေးအတူ ပူအမျှ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းနေထိုင်လိုသည့် တစည်းတလုံးတည်းသော မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်သည်။
ပြည်ထောင်စုစိတ်ဓာတ် ပျက်ပြားလာသည်နှင့်အမျှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ ပြိုကွဲပြီး အချုပ်အခြာအာဏာပါ ဆုံးရှုံးနိုင်သည်ကို ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ သတိချပ်ရပေမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြည်နယ်နှင့်တိုင်း ဒေသကြီးများဖြင့် စုပေါင်းဖွဲ့စည်းထားသောကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော ပြည်ထောင်စုတိုင်းရင်းသားများ နေထိုင်သော ပြည်ထောင်စုနိုင်ငံတော်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံ၏အင်အားမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ပေါင်းစည်းညီညွတ်မှုနှင့် မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွားတိုင်းရင်း သားတို့၏ စိတ်ရောကိုယ်ပါ ခိုင်မာသော စည်းလုံး ညီညွတ်ခြင်းသာလျှင် အရင်းခံပဓာနဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း အင်အားသည်သာ စစ်မှန်သော ပြည်သူ့အင်အားဖြစ်၍ ထိုစစ်မှန်သော ပြည့်အင်အားသည်လည်း ပြည်တွင်းမှာသာရှိသည်။ သို့ဖြစ်ရာ ပြည့်အင်အားကို ပြည်တွင်းမှာသာ တည်ဆောက်ရယူ အပ်ပေသည်။
ပြည်တွင်းအင်အားကို တည်ဆောက်ရာတွင် အတိတ်သမိုင်းတွင်စွဲထင်ခဲ့သော မုန်းစရာ၊ နာစရာ တို့ကို ချေဖျက်ပစ်ကြပြီး ဖြူစင်သော စိတ်ထား၊ ရိုးသားသောအတွေးအမြင်တို့ဖြင့် တစ်ဦးကို တစ်ဦး ကောင်းကျိုးလိုလား၊ စေတနာပွားကာ၊ မေတ္တာရှေ့ထား တွေးခေါ်လုပ်ကိုင်ကြရန် လိုအပ်ပေသည်။ ပြည်ထောင်စုနိုင်ငံဖြစ်သည့်အလျောက် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ စည်းလုံးညီညွတ်ချစ် ကြည်မှု စိတ်ဓာတ်(ဝါ) စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်သည် မရှိမဖြစ် လိုအပ်ပါသည်။ ထိုစိတ်ဓာတ်သည် ပြည်ထောင်စုမြန်မာ နိုင်ငံအတွက် အသက်သွေးသဖွယ် အရေးကြီးလှပါသည်။
တစ်တိုင်းပြည်လုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်နေစေရန် ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဦးတည်ချက် (၉) ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးနေပြီဖြစ်သဖြင့် ထိုလုပ်ငန်းစဉ်များ ပေါက် မြောက်အောင်မြင်အောင် နိုင်ငံတော်အစိုးရဝန်ကြီးဌာနအသီးသီးက မနားမနေ ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့မြင်နေရပြီ ဖြစ်သည်။
ပူးပေါင်းပါဝင်ဆောင်ရွက်
တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ကြီး (၂၀၂၁)ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့သည်-
“ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခြင်းလုပ်ငန်းများမှာ တိုင်းရင်း သားအားလုံး၊ သက်ဆိုင်သူအားလုံးက ပူးပေါင်း ဆောင်ရွက်ပေးကြပါ။”
“နိုင်ငံတော်မှာ လိုအပ်လျက်ရှိတဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ လာစေရေးနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေဖို့အတွက် တိုင်းရင်းသားပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်သယာဝပြောရေးသူ အားလုံးကပူးပေါင်းဆောင်ရွက်ကြပါ။”
“ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ကြပါ။”
“တိုင်းရင်းသားများရဲ့ မတူကွဲပြားမှုများကို အပြန်အလှန်အသိအမှတ်ပြု လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ကြပါ။”
အထက်ပါ အချက်များသည် ပြည်ထောင်စုကြီး (ပြည်ထောင်စုအမွေ) အဓွန့်ရှည်တည်တံ့ခိုင်မြဲ
ရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အေးချမ်းသာယာ ဝပြောရေးနှင့် စစ်မှန်သောပြည်ထောင်စု စိတ်ဓာတ်ထာဝစဉ်ရှင်သန်ခိုင်မာရေးတို့အတွက် စွဲမြဲစွာလက်ခံထားပြီး လုပ်ကိုင်ဆောင်ရွက်ရမည့် ပြည်ထောင်စုသားအားလုံးတို့၏ တာဝန်ဖြစ် သဖြင့်တိုင်းရင်းသားပြည်သူအားလုံးက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်သာ လိုပေတော့သည်။
သို့မှသာ မတူကွဲပြားမှုများကို အပြန်အလှန်အသိ အမှတ်ပြုလေးစားလိုက်နာပြီး ဒီမိုကရေစီ ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ခိုင်မာစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည်ဆောက်ရာ၌ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူ သည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
ထို့အပြင် မျက်မှောက်ကာလရာစုသစ်တွင် ကိုလိုနီ သူငယ်နာမစင်သေးသော အင်အားကြီးနိုင်ငံ တို့သည် ၁၉ ရာစုကဲ့သို့မဟုတ်တော့ဘဲ ၎င်းတို့၏ ဗီဇလက္ခဏာအရ တတိယနိုင်ငံများအပေါ် ဗိုလ်ကျ စိုးမိုးရေးနှင့် ကြီးနိုင်ငယ်ညှဉ်းဝါဒတို့ဖြင့် ၎င်းတို့ ကြိုးဆွဲရာကရမည့် ရုပ်သေးရုပ် သဖွယ်ဖြစ်အောင် စီးပွားရေး၊ ငွေရေးကြေးရေး၊ အတွေးအခေါ်၊ ယဉ်ကျေးမှုစသည်တို့ဖြင့် အဘက်ဘက်က လွှမ်းမိုးခြယ်လှယ်လာသကဲ့သို့ အင်အားချည့်နဲ့ နေစေရေးအတွက် နိုင်ငံအ တွင်း တည်ငြိမ်အေးချမ်း မှု ကင်းမဲ့နေအောင်၊ စည်းလုံးညီညွတ်မှု ပြိုကွဲနေအောင်၊ တစ်ဦးနှင့် တစ်ဦး သံသယအငြိုးဖြင့် မုန်းတီးနေအောင်၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ပျက်စီးနေအောင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လာသည်ကို တွေ့ကြရပေသည်။
ကိုလိုနီလက်သစ်ဝါဒီတို့၏ ပရိယာယ်ဝေဝုစ်ကို လျှော့မတွက်ဘဲ မပြတ်သောအမျိုးသားရေး သတိဖြင့် အဖျက်အမှောင့် လုပ်ဆောင်မှုများကို တိုက်ဖျက်ရင်း၊ အမျိုးသားရေး ကိုယ်ခံအား အစစ်အမှန်ဖြစ်သည့် မျိုးချစ်စိတ်ဓာတ်နှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ စေရန် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့၏ သွေးစည်းညီညွတ်သည့် အစဉ်အလာကောင်းကို အမြဲထာဝရတည်ဆောက် ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် လွတ်လပ်ရေးအတွက် အသက်သွေး၊ ချွေးတို့ အမြောက်အမြား ပေးဆပ်စတေး၍ ရင်းနှီးတည်ဆောက်ထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ကျွန်ုပ်တို့ ဘိုးဘွားများက ကျွန်ုပ်တို့အား အမွေအနှစ်အဖြစ် လက်ဆောင်ပေးအပ်ထားရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော ဘိုးဘွားအမွေအနှစ်ကို အသက်နှင့် ထပ်တူချစ်ခင်မြတ်နိုးပြီး အမြဲတည်တံ့နေစေရန် အသက်ပေး၍ ကာကွယ်စောင့်ရှောက်ထိန်း သိမ်းသွားကြရပါမည်။
“တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ တို့ပြေ၊ တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှဝါဒ ဖြူစင်တဲ့၊ တို့ပြေ၊ တို့မြေ။ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန် ပြုပေ၊ ထိန်းသိမ်းစို့လေ” ဟူသော မြန်မာ့အသံ ရေဒီယိုမှ နေ့စဉ်နံနက်တိုင်း၌ ထုတ်လွှင့်ပေးလျက် ရှိသည့် နိုင်ငံတော်သီချင်း (ခြေဆင်း) ဖြင့် တိုက်တွန်း ရေးသားတင်ပြရင်း (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု လိုက်ရပါသတည်း။ ။
ဦးအောင်