Skip to main content

စံပြုကိုးကားနိုင်သည့် ဒီအင်န်အေ မျိုးရိုးဗီဇ မှတ်တမ်း

ယနေ့အခါတွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးသည့် လုပ်ငန်းကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိပါသည်။ လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ မဲပေးနိုင်ရန် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကို ဦးစားပေးဆောင်ရွက်နေသည်ဟု မြင်မိပါသည်။ တကယ်တော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းသည် တစ်ကြိမ်တစ်ခါ ဆောင်ရွက်ရုံမျှဖြင့် ပြီးစီးသည့် လုပ်ငန်းမဟုတ်ပါ။ နိုင်ငံတည်ရှိနေသရွေ့နိုင်ငံသား ဟုတ်၊ မဟုတ်စိစစ်နေရပေဦးမည်။ နိုင်ငံသားသည် မဲပေးရုံသက်သက် အခွင့်အရေး ရသည်မဟုတ်ပေ။

နိုင်ငံသားတစ်ဦးသည် သူရော မိဘနှစ်ဦးပါ နိုင်ငံသားဖြစ်လျှင် လွှတ်တော်အဆင့်ဆင့်တွင် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံပိုင်ခွင့်၊ အစိုးရအဖွဲ့တွင် နိုင်ငံတော်အကြီးအကဲသမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ယင်းတို့နှင့်အဆင့်ညီ တာဝန်များကို ဆောင်ရွက်ခွင့် ရှိပါသည်။

နိုင်ငံတော်၏ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို ပဲ့ကိုင်နိုင်သူများ အထိ ထမ်းဆောင်ခွင့်ရှိပါသည်။ သို့ဖြစ်၍နိုင်ငံသားစိစစ်ရေးလုပ်ငန်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာသုံးရပ် တည်တံ့ခိုင်မြဲရေးအတွက် အရေးပါဆုံး ကဏ္ဍမှာ ရှိနေသည်ဟု ခံယူပါသည်။ ထိုသို့ နိုင်ငံသားတစ်ဦးချင်းမှသည် နောက်ဆုံးသမ္မတ ရွေးချယ်တာဝန် ပေးသည်အထိ အရေးပါသည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းသည် အားနည်းချက်ကင်းရန် လိုအပ်ပါသည်။ ယခုအကြံပြုတင်ပြမည့် နည်းပညာ အကူအညီကို ရယူဆောင်ရွက်ပါက အားနည်းချက်ကင်းနိုင်သမျှ ကင်းစွာဖြင့် ဆောင်ရွက်နိုင်မည်ဟု မြင်မိပါ၍ ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။

တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား

မြန်မာနိုင်ငံတည်စကတည်းက ဥမကွဲ သိုက်မပျက်၊ အေးအတူပူအမျှ အတူတကွနေထိုင် လာခဲ့ကြသူများသည်မြန်မာတိုင်းရင်း သားများဖြစ်ကြသည်။ မြန်မာတိုင်းရင်းသား ဟူသမျှသည်မွေးရာပါအခွင့်အရေး၊ တစ်နည်းအားဖြင့်တိုင်းရင်းသား အခွင့်အရေးကို ရရှိကြပေသည်။ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားအဖြစ်တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူဟူသည့် မွေးရာပါအခွင့်အရေးကို ခံစားခွင့် ရှိပေသည်။ ဗြိတိသျှလက်အောက် ရောက်နေချိန်တွင် သူတို့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ခေါ်လာသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှ ဝင်ရောက် နေထိုင်လာသူများနှင့် တိုင်းရင်းသား မဟုတ်သူများသည် အထက်ပါ မွေးရာပါအခွင့်အရေး မရကြပေ။ ဥပဒေအရ စစ်ဆေးအတည်ပြုပြီးမှသာ နိုင်ငံသား ဖြစ်ကြရသည်။ ဥပဒေအရ နိုင်ငံသားဖြစ်လာသော် ငြားလည်း တိုင်းရင်းသားအဖြစ် ခံယူ၍မရပေ။ တိုင်းရင်းသားတိုင်းသည် မွေးရာပါ နိုင်ငံသားပါ။ သို့သော် နိုင်ငံသားတိုင်းသည် တိုင်းရင်းသားအဖြစ် မရနိုင်ပါ။ နိုင်ငံသားတိုင်း သည်လည်းတိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားမဟုတ်ကြပါ။

မှတ်တမ်းများအရ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးရှိပါသည်။ တိုင်းရင်းသားများသည် ယခင်က မိမိတို့လူမျိုးစုအလိုက် စုပေါင်းနေထိုင်လေ့ ရှိသည်။ လူနေမှုပုံစံ ပြောင်းလဲလာသည်နှင့်အမျှ ပြည်တွင်း၊ ပြည်ပ၊ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေထိုင်ကြသည်။ တိုင်းရင်းသား အချင်းချင်း သွေးနှောကြသည်။ ထို့အတူ ပြင်ပမှ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတွင်းသို့ ဝင်ရောက် နေထိုင်သည့် နိုင်ငံခြားသားနှင့်လည်း သွေးနှောကြသည်။ ထိုသွေးနှောသူများနှင့် ဥပဒေအရ နိုင်ငံသား ဖြစ်လာသူများက တိုင်းရင်းသားဟု ဆိုလာလျှင် (သို့မဟုတ်) တိုင်းရင်းသားအခွင့်အရေးကို တောင်းဆို လာလျှင် တိုင်းရင်းသား ဟုတ်၊ မဟုတ် တိကျခိုင်မာသည့် အထောက်အထားဖြင့် အဆုံးအဖြတ်ပေးရန် မလွဲမသွေ လိုအပ်လာပေလိမ့်မည်။ သို့မှသာမွေးရာပါ နိုင်ငံသား” (သို့မဟုတ်)မြန်မာတိုင်းရင်းသားမှ ဖြစ်သည့်နိုင်ငံသားများသာ ရသင့်ရထိုက်သည့် အခွင့်အရေးကို ကာကွယ်နိုင်ပေမည်။

နိုင်ငံ၏ ပထဝီအနေအထား

မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရ ကမ္ဘာတွင် လူဦးရေ သန်း ၁၂၀၀ ခန့်ရှိသည့် အိန္ဒိယနှင့် သန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံတို့၏ကြားတွင် တည်ရှိနေပြီး မြေအကျယ်အဝန်းနှင့် လူဦးရေမဆံ့ကာ လူဦးရေပေါက်ကွဲထွက်နေသည့် (Population Explosion) ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် အိမ်နီးနားချင်း ဖြစ်နေပါသည်။ ရေသည် ရေထုများရာမှ နည်းရာသို့ စီးဆင်းသကဲ့သို့ လူဦးရေထူထပ်ရာမှ ကျဲရာသို့ ပြောင်းရွှေ့မည့် အန္တရာယ်ကိုလည်း ရင်ဆိုင်နေရသည်။

 ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခြင်း

နိုင်ငံ၏ ပထဝီအနေအထား၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့် နောင်တွင်လူမျို၍ တိုင်းရင်းသားလူမျိုးသာမဟုတ် အချုပ်အခြာအာဏာနှင့် အမျိုး၊ ဘာသာ၊ သာသနာပါ ပျောက်ကွယ်နိုင်မည့်အရေးကို ကြိုမြင်၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်းရှိတိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီ၏ စံပြုကိုးကားနိုင်သည့် ဒီအင်န်အေ မျိုးရိုးဗီဇ ဖွဲ့စည်းမှုမှတ်တမ်းဆောင်ရွက်ထားရှိရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ၂၀၁၇ ခုနှစ်တွင် ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့ဖူးပါသည်။

ယင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးခဲ့သော်လည်း ထိုစဉ်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မှတ်တမ်းသာ တင်သင့်ပါကြောင်း သဘောထားပေးခဲ့ပါသည်။ သို့သော်လည်း နိုင်ငံ၏ ရေရှည်အကျိုးအတွက် အဆိုရှင်က အတည်ပြုပေးရန် တင်ပြခဲ့သဖြင့် မဲခွဲရာ အဆိုရှင်ဘက်မှရှုံး၍ မှတ်တမ်းသဘောသာ တည်ရှိခဲ့ပါသည်။ မြန်မာတိုင်းရင်းသားများ၏ မွေးရာပါအခွင့်အရေး ကို တိုင်းရင်းသား မဟုတ်သူများက ရယူရန်ကြိုးပမ်းနိုင်မှုကို ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်း ဆုံးရှုံးသွားခြင်းဟု မြင်မိပါသည်။ ယနေ့အထိ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။

စံပြုဒီအင်န်အေလက်ဗွေဆိုသည်မှာ

အားလုံးသိပြီးသားဖြစ်သည့် ရိုးရိုးလက်ဗွေသည် လူတစ်သန်းလျှင် တစ်ယောက်သာ မတော်တဆ တူနိုင်ပါသည်။ မျိုးရိုးဗီဇ အမှတ်အသား ဒီအင်န်အေ (DNA = Deoxyribonucleic Acid) ကတော့ တစ်ယောက်နှင့်တစ်ယောက် ထပ်တူညီနိုင်မှု မရှိနိုင်ပေ။ သို့သော် မိသားစု၊ ဆွေမျိုးများတွင် အကုန်မတူသော်လည်း ဆွေမျိုးတော်စပ်မှု လက္ခဏာများ တွင်တော့ တူညီမှုရှိနေပေသည်။

ကိုရီးယားရုပ်ရှင်ကားများတွင် သားသမီး ဟုတ်၊ မဟုတ်၊ မိဘဆွေမျိုး ဟုတ်၊ မဟုတ် ဒီအင်န်အေ စစ်ဆေးကြသည့်အကြောင်းကို ပြသသည့်ဇာတ်လမ်းမျိုးစုံ ကြည့်ဖူးကြပါ လိမ့်မည်။ လူတစ်ဦးနှင့်တစ်ဦး သွေးသားတော်စပ်မှု ရှိ၊ မရှိကို ဒီအင်န်အေစစ်ဆေး ကြည့်၍ သိနိုင်ကြောင်း ပြသခြင်းဖြစ်ပေသည်။ ထို့အတူ မှုခင်းများတွင်လည်း ကျူးလွန်သူ ကျန်ရစ်ခဲ့သည့် သွေးစက်၊ အသားစ၊ ဆံပင်၊ မွေးညင်းများမှ ဒီအင်န်အေကို သံသယရှိသူ၏ ဒီအင်န်အေနှင့် တိုက်ဆိုင်စစ်ဆေးမှုကို ပြုလုပ်ကာ တရားခံ ဟုတ်၊ မဟုတ် စိစစ်နိုင်သည်။ သို့အတွက် ဆွေမျိုးတော်စပ်သူ၊ တိုင်းရင်းသားမျိုးတူ လူမျိုးစုတစ်ခုချင်းသည်လည်း ဒီအင်န်အေ စစ်ဆေး၍ လူမျိုးစုတူညီသူများ ဟုတ်၊ မဟုတ် စိစစ်သတ်မှတ်နိုင်သည်။ လက်ဗွေဖြင့် တိုက်ဆိုင်စစ်ဆေး၍ တူညီလျှင် ဥပဒေအရ ငြင်း၍မရပေ။ ဒီအင်န်အေက ရိုးရိုးလက်ဗွေထက် ပိုမိုတိကျသည့်အတွက် ဒီအင်န်အေလက်ဗွေ (DNA Fingerprint) ဟု သုံးနှုန်းကြသည်။

အိမ်နီးနားချင်းနှင့် အာရှနိုင်ငံများ၏ ဆောင်ရွက်ထားရှိမှု

စံပြုဒီအင်န်အေ မှတ်တမ်းထားရှိမှုနှင့်ပတ်သတ်၍ လေ့လာမိသလောက် တင်ပြရမည် ဆိုလျှင် -

အိမ်နီးနားချင်းနိုင်ငံများတွင် နေထိုင်သည့် တိုင်းရင်းသားများ၏ ဒီအင်န်အေမှတ်တမ်း ထားရှိခဲ့ကြောင်း သိရှိရပါသည်။ ယင်းတို့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တိုင်းရင်းသား လူမျိုးစု ၂၁ စု၊ အိန္ဒိယနိုင်ငံတွင် လူမျိုးစု ၁၅ စု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူမျိုးစုကိုးစု၊ ထိုင်းနိုင်ငံတွင် လူမျိုးစုသုံးစု တို့ဖြစ်ပါသည်။ မိမိတို့နိုင်ငံနှင့် လာအိုနိုင်ငံတို့သာ ထိုမှတ်တမ်း ထားရှိရန် ကျန်ရှိပါတော့သည်။ အာရှနိုင်ငံများတွင်လည်း ဗီယက်နမ် တစ်စု၊ သီရိလင်္ကာ လေးစု၊ နီပေါ နှစ်စု၊ မလေးရှား နှစ်စု၊ ကိုရီးယားတစ်စု၊ ဂျပန်နှစ်စု၊ ဖိလစ်ပိုင်တစ်စု၊ ပါကစ္စတန်တစ်စုနှင့် စင်ကာပူတွင် တရုတ်လူမျိုးစု တစ်စုတို့ကို ဒီအင်န်အေမှတ်တမ်း ထားရှိပြီး ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

မြန်မာနိုင်ငံတွင် ဒီအင်န်အေမှတ်တမ်းထားရေး ကြိုးပမ်းခဲ့မှု

 

ဒီအင်န်အေ လက်ဗွေနည်းပညာ (DNA Fingerprinting) ကိုအသုံးပြု၍ မြန်မာတိုင်းရင်း သားများ၏ ဒီအင်န်အေ မှတ်တမ်းထားရှိရန်နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း၌ အသုံးပြုရန် စီမံချက်ရေးဆွဲ၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနသို့ ဦးစီးအရာရှိတစ်ဦးက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက်တွင် တင်သွင်းခဲ့ဖူးပါသည်။

ယခု ၂၁ နှစ်ခန့် ကြာခဲ့ပါပြီ။ အကောင်အထည် မပေါ်ခဲ့ပေ။ သက်ဆိုင်ရာဌာနအနေဖြင့် နိုင်ငံ အတွက်၊ တိုင်းရင်းသားများအတွက် အလွန်အန္တရာယ်ကြီးသည့် နည်းမျိုးစုံဖြင့် လူဦးရေစီး ဝင်မှုကို ခေတ်မီနည်းပညာအသုံးပြု၍ ကာကွယ်ရန် တာဝန်ရှိပါသည်။ ထိုအချိန်က အကြီးအကဲလုပ်သူအနေဖြင့် မိမိမရင်းနှီးသော နည်းပညာတစ်ခုခုကိုသုံး၍ နိုင်ငံတော်အတွင်းသို့ လူစီးဝင်မှုဟန့်တား နိုင်ရေးနှင့် နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားအဖြစ် မှားယွင်းအသိအမှတ်ပြုရေးမှ ကာကွယ်နိုင်ရေးအတွက် တင်ပြလာမှုကို တင်ပြသူနှင့် အခြားဝန်ကြီးဌာနများမှ တတ်ကျွမ်းသူများကို မေးမြန်းကာ လူမျို၍ တိုင်းရင်းသားမျိုး ပျောက်မည့်အရေးကို ကာကွယ်သင့်သည်ဟု မြင်မိပါသည်။

တိုးတက်လာသည့် ဒီအင်န်အေနည်းပညာ၏ အားသာမှု

ယနေ့တွင် နည်းပညာတိုးတက်လာမှုကြောင့် တိုင်းရင်းသားများ၏ မျိုးရိုးဗီဇ စံပြု ဒီအင်န်အေ မှတ်တမ်းထားရှိမည်ဆိုလျှင် တိုင်းရင်းသားလူမျိုး တစ်စုချင်း၏ လူမျိုးစုလက္ခဏာ မှန်ကန်မှုကိုတိကျစွာ အဖြေပေးနိုင်ပေသည်။ ယနေ့ အသုံးပြုနေသော ဒီအင်န်အေလက်ဗွေ ရှာဖွေနည်းများမှာ -

(က) ရိုးရိုးဒီအင်န်အေလက်ဗွေဖြင့် ရှာဖွေခြင်း၊

(ခ) မိုက်တိုခွန်ဒရီးယား ဒီအင်န်အေဖြင့် ရှာဖွေခြင်း ၊

(ဂ) ဒီအင်န်အေသုံးမျိုး၏ မတူညီမှုပုံစံ (STR = Short Tandem Repeat) ဖြင့် ရှာဖွေခြင်း တို့ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတကာတွင် တတိယ နည်းဖြစ်သည့် STR နည်းကို အသုံးပြုနေကြပါသည်။ ယင်းနည်းသည် မိခင်၏မျိုးရိုး၊ ဖခင်၏မျိုးရိုးနှင့် မိဘနှစ်ပါးစလုံးတွင် ပါဝင်သည့် တစ်ဦးချင်းစီ၏ ဒီအင်န်အေများကို ဆန်းစစ်လေ့လာသည့် နည်းဖြစ်၍ အထက်ပါ (က) နှင့် (ခ) နည်းနှစ်နည်းထက် ပိုမိုတိကျသည့်ရလဒ်ကို ပေးစွမ်းနိုင်ပါသည်။

ပြည်တွင်းတွင် ပညာရှင်လုံလောက်မှုများ

မိမိတို့နိုင်ငံ၌ ၂၀၀၀ ပြည့်နှစ်ခန့်အချိန်က ပြည်တွင်းတွင် ဒီအင်န်အေလက်ဗွေပညာကို တတ်မြောက်သူ တစ်ဦးစ၊ နှစ်ဦးစသာ ရှိပါသေးသည်။ ၂၀၁၇ ခုနှစ် ပြည်သူ့လွှတ်တော်တွင် အဆို တင်သွင်းသည့်အချိန်၌ ပညာရှင်အမြောက်အမြား ရှိနေပြီဖြစ်ပါသည်။ အဆိုရှင်အား တပ်မတော် ဆေးတက္ကသိုလ်၊ ဇီဝဓာတုဗေဒဌာနမှ ပါမောက္ခနှင့် ဆရာများက စာတမ်းမြောက်မြားစွာ ရှာဖွေပေးခဲ့ပါသည်။ လက်တွေ့လုပ်ဆောင်နိုင်မည့် အခြေအနေ များကိုလည်း ထိုပညာရှင်များနှင့် ဆွေးနွေးပြီးမှ နိုင်ငံတွင် လုပ်ဆောင်နိုင်မည့်အခြေအနေ ရှိပါသဖြင့် ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။

ယနေ့နိုင်ငံအတွင်းတွင် ပညာရှင်အများအပြား ရှိနိုင်သောဌာနများမှာ -

(က) ဆေးသုတေသနဦးစီးဌာနများ၊

(ခ) ဇီဝဓာတုနှင့် မျိုးရိုးဗီဇဗေဒဌာနများ (တပ်မတော်ဆေးတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များ၊ စိုက်ပျိုးရေးနှင့်တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်များ)

(ဂ) ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များရှိ ရုက္ခဗေဒ၊ သတ္တဗေဒနှင့် အဏုဇီဝဗေဒဌာနများ၊

(ဃ) မှုခင်းဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ ဖြစ်ပါသည်။ သို့ဖြစ်၍ ဤစီမံချက်ကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံခြားမှ ပညာရှင်များ ငှားရမ်းရန်လုံးဝမလိုအပ်ဟု မြင်မိပါသည်။

နိုင်ငံတော်အတွက် ဖြစ်ထွန်းလာမည့် အကျိုးကျေးဇူးများ

အထက်ပါ ခေတ်မီဒီအင်န်အေ လက်ဗွေနည်းပညာကို အသုံးပြု၍ မြန်မာတိုင်းရင်းသား တစ်မျိုးချင်းစီ၏ လူမျိုးစုလက္ခဏာကို တိတိကျကျ ဖော်ညွှန်းနိုင်မည့်စံပြုကိုးကားနိုင်သည့် ဒီအင်န်အေ မျိုးရိုးဗီဇဖွဲ့စည်းမှုမှတ်တမ်းထားရှိခြင်းဖြင့် နိုင်ငံတော်အနေဖြင့် ရေရှည်ရရှိမည့် အကျိုးကျေးဇူးများမှာ -

(က) မြန်မာတိုင်းရင်းသား ဟုတ်၊ မဟုတ် စိစစ်နိုင်ခြင်း၊

(ခ) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) အရ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွင် ပိုမိုတိကျခိုင်မာသည့် နိုင်ငံသားများအဖြစ် စိစစ်နိုင်ရေးကို အထောက်အကူပြုနိုင်ခြင်း၊

(ဂ) မြန်မာတိုင်းရင်းသားများနှင့် တိုင်းရင်းသား မဟုတ်သူများ သွေးနှောရာတွင် ပေါ်ပေါက်လာမည့် ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။

ထို့အပြင် နိုင်ငံတော်အနေဖြင့် သမိုင်းဆိုင်ရာနှင့် နိုင်ငံတကာဆက်ဆံရေးရာတို့တွင် ပျူလူမျိုးနှင့် မြန်မာဆက်စပ်မှုကို ဖော်ထုတ်နိုင်ခြင်း၊ ကမ္ဘာ့လူမျိုး အသီးသီး၏ မျိုးရိုးဆင်း သက်မှု ပုံကြမ်းစီမံကိန်း (Draft Phylogenetic Tree of World People) တွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ (Genomic Diseases) ကုသနိုင်ရေးအတွက် နိုင်ငံတကာသုတေသန လုပ်ငန်းများတွင် ပါဝင်နိုင်ခြင်း၊ အိမ်နီးနားချင်းနိုင်ငံများရှိ လူမျိုးများနှင့် မြန်မာတိုင်းရင်းသားများ၏ မျိုးရိုးဗီဇဆက်နွှယ်မှု ရှိ၊ မရှိ စိစစ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ပါသေးသည်။

နိုင်ငံတကာပညာရှင်များ၏ လေ့လာမှုစာတမ်းများတွင် ဖော်ပြထားချက်များအရ အိန္ဒိယနှင့် ဘင်္ဂါလီလူမျိုးများ၏ မျိုးရိုးဗီဇ တို့သည် အာရှအရှေ့ပိုင်း၊ အရှေ့တောင်အာရှဒေသရှိ လူမျိုးများ၏ မျိုးရိုးဗီဇ ဒီအင်န်အေနှင့် လုံးဝကွဲပြားနေကြောင်း သိရပါသည်။

တိုင်းရင်းသားအခွင့်အရေး

တိုင်းရင်းသားများသည် မွေးရာပါအခွင့်အရေး ရကြသည်။ ဥပဒေအရ နိုင်ငံသားဖြစ်လာကြသည့် တိုင်းရင်းသားမဟုတ်သူ များသည် မွေးရာပါအခွင့် အရေးမရနိုင်ပေ။ မွေးရာပါ အခွင့်အရေး ရရှိစေရန် တိုင်းရင်းသားဖြစ်လိုကြသည်။ တိုင်းရင်းသား ဟုတ်၊ မဟုတ် ပတ်ဝန်းကျင်ရှိ လူများ၏ သူပြော၊ ငါပြော သက်သေအထောက်အထားများနှင့် ပြောပြချက်များကိုသာ အခြေပြုသည့်မှတ်တမ်းများဖြင့် မလုံလောက်တော့ပေ။ ခေတ်မီနည်း ပညာ အကူအညီရယူရန် လိုအပ်လာပေပြီ။ လူစီးဝင်မှုပြဿနာ၏ အရေးကြီးသည့် ရေရှည်အကျိုးဆက်မှာ ထိုစီးဝင်လာသူများက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားဖြစ် လာပြီး သူတို့သည်လည်း မြန်မာတိုင်းရင်းသားဟုဆိုကာတိုင်းရင်းသားအခွင့်အရေးတောင်းဆိုလာပါလိမ့်မည်။

လက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏ ပုဒ်မ ၅၉ (ခ)၌ နိုင်ငံတော်သမ္မတနှင့် ဒု-သမ္မတများ၏ အရည်အချင်းများကို သတ်မှတ်ရာတွင်မိမိနှင့် မိမိ၏ မိဘနှစ်ပါးစလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသောတိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်ဟု အတိအလင်း ပြဆိုထားပါသည်။ မြန်မာတိုင်းရင်းသားများသာ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ၏အထွတ်အထိပ်အခွင့် အရေးပင်ဖြစ်ပါသည်။ ထိုအခွင့်အရေးမျိုးကို လိုချင်သဖြင့် သွေးနှောသူများ (သို့မဟုတ်) တိုင်းရင်းသား မဟုတ်သည့် နိုင်ငံသားများက တိုင်းရင်းသားဟု တောင်းဆို လာနိုင်ခြင်းကို ယခုတင်ပြခဲ့သည့် ဒီအင်န်အေ လက်ဗွေနည်းပညာဖြင့် စိစစ်ကာကွယ်ထားနိုင်ပါမှ နိုင်ငံတော်အကြီးအကဲ သမ္မတတာဝန်ယူမည့်သူသည် တိုင်းရင်းသားနိုင်ငံသားစစ်စစ် ဖြစ်လာပေလိမ့်မည်။ သို့မှသာနိုင်ငံတော်၏အချုပ်အခြာအာဏာသည်လည်း မယိမ်းမယိုင် တည်ရှိနေပေလိမ့်မည်ဟု ခံယူမိပါသည်။

မြန်မာတိုင်းရင်းသားများသည် ရှေးပဝေသဏီကတည်းကပင် ဥမကွဲသိုက်မပျက်၊ အေးအတူ ပူအမျှ နေထိုင်ခဲ့ကြသည်။ ခေတ်သစ်လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင်လည်း တစ်အူထုံဆင်း ညီရင်းအစ်ကိုမောင်ရင်းနှမများ စည်းလုံးညီညွတ် ပေါင်းစည်းမှု ကတိပြု စာချုပ်ဖြင့် ခိုင်မာစွာ စုစုစည်းစည်းနေထိုင်လာခဲ့သည်မှာ စိန်ရတုပင် တိုင်ခဲ့ပါပြီ။

နိုင်ငံ့ခေါင်းဆောင်များကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်အတည်ပြုခြင်း မပြုမီ မြန်မာတိုင်းရင်းသားများ၏စံပြု ကိုးကားနိုင်သည့် ဒီအင်န်အေမျိုးရိုးဗီဇမှတ်တမ်းဖြင့် တိုက်ဆိုင် စစ်ဆေးနိုင်မှသာ တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားစစ်စစ် ခေါင်းဆောင်များကို တင်မြှောက်နိုင်မည်ဖြစ်ပါသဖြင့် အဆိုပါမှတ်တမ်းကို ဆောင်ရွက်ထားသင့်ပါကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။

ကိုးကား

(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

(၂) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး (၂၀၁၇)။

ဒေါက်တာမောင်သင်း