Skip to main content

သာသနာတော်ကြီး နေလို လလို

ဤသတ္တလောကကြီး၌ မြတ်ဗုဒ္ဓဘုရားရှင်သည် သတ္တဝါခပင်း ဝေနေယျအပေါင်းတို့ မကောင်း မှုရှောင် ကောင်းမှုဆောင်လျက် ကောင်းကျိုးလိုရာအဖြာဖြာနှင့် ပြည့်စုံစေခြင်းငှာ အကြောင်းအကျိုး ထောက်ရှု၍ သာသနာတော်အနှစ်ငါးထောင် ထားတော်မူခဲ့လေ၏။ ထိုသာသနာတော်သည်ကား ယခုအခါ တစ်ဝက်ပင်ကျိုးလေပြီ။

သာသနာတော်ကြီး ဆက်လက်တိုးတက် စည်ပင်ပြန့်ပွားစေ ခြင်းငှာ အစိုးရမင်းအဆက်ဆက် ချီးမြှောက်တော်မူကြသဖြင့် သာသနာတော်၏ ရေသောက်မြစ်ကြီးသည် ကြီးထွားရှင်သန်ဖွံ့ဖြိုးလျက် အသီး အရွက်၊ အခက်အလက်တို့သည် ဝေဘာရွှန်းမြ လှပနေဆဲပင်ဖြစ်ပါ၏။

ပြီးခဲ့သည့်ရက်ပိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌက အမိန့် ၁/၂၀၂၂ ကိုထုတ်ပြန်လျက် ဆရာတော် ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်ဆောင် စာချဆရာတော်များ၊ ဝိပဿနာဓုရ ပဋိပတ္တိ ဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့် ဓမ္မကထိကနှင့် ပြည်တွင်း ပြည်ပသာသနာ ပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်း နေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း အပ်နှင်းလိုက်ကြောင်း ကြေညာခဲ့ပါသည်။

ဘွဲ့တံဆိပ်တော်များ

ဤတွင် ပြည်ပဘွဲ့ခံဆရာတော်ကြီးနှစ်ပါး အပါအဝင် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၀ ပါး၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၁၉ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး၂၃ပါးနှင့် သီလရှင်ဆရာကြီး သုံးပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၉ ပါးနှင့် သီလရှင်ဆရာကြီး ခုနစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၂၁ ပါးနှင့် သီလရှင်ဆရာကြီး ၁၈ ပါး ဖြစ်ပါသည်။

ထို့ပြင်တဝ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော် တွင် ပြည်တွင်းဘွဲ့ခံဆရာတော် သုံးပါးနှင့် ပြည်ပဘွဲ့ခံဆရာတော်တစ်ပါး ဖြစ်ပါသည်။ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ ဆရာတော်မှာခြောက်ပါးဖြစ်သည်။ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့ တံဆိပ်တော်ရ ဆရာတော်မှာ ရှစ်ပါးဖြစ်ပါသည်။ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အရေအတွက်မှာ များပါ သည်။ စုစုပေါင်း ပြည်ပဘွဲ့ခံဆရာတော်ကြီးတစ်ပါး အပါအဝင် ၄၁ ပါး ဖြစ်ပါသည်။

မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်တွင်မူဆရာတော်ကြီး ၅၅ ပါး၊ သီလရှင်ဆရာကြီး ခြောက်ပါး၊ လူပုဂ္ဂိုလ်သုံးဦးဖြစ်ပါသည်။သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်တွင် ဆရာတော်ကြီး ၄၂ ပါးနှင့် သီလရှင် ဆရာကြီး ခုနစ်ပါးအပြင် လူပုဂ္ဂိုလ်ခြောက်ဦး ပါဝင်ပါသည်။ အဂ္ဂ မဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်တွင် ခြောက်ပါးဖြစ်ပါသည်။ မဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော် ၁၀ ပါး ဖြစ်ပါသည်။ ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော် အရေအတွက် မှာလည်း စုစုပေါင်း ၁၀ ပါးပင် ဖြစ်ပါသည်။

အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရသူ တစ်ဦးသာ ရှိပြီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ တံဆိပ်ရသူ အမျိုးသမီးသုံးဦး ဖြစ်ပါသည်။

သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်ရသူ အမျိုးသားခြောက်ဦး ဖြစ်ပြီး သီဟသုဓမ္မသိ ဘွဲ့တံဆိပ်ရ အမျိုးသမီးနှစ်ဦး ဖြစ်ပါသည်။ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရသူ အမျိုးသား သုံးဦးဖြစ်ပြီး သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ အမျိုးသမီး လေးဦးဖြစ်ပါသည်။

ဤကား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များပင် ဖြစ်ပါသည်။ သာသနာတော်ကြီး အဓွန့် ရှည်ကြာစွာ ပြန့်ပွားရေးအတွက် ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် အလှူအတန်း များစွာ ဆောင်ရွက်သော လူပုဂ္ဂိုလ်များအား ဆက်ကပ်လှူဒါန်းပေးအပ်သော ဘွဲ့များပင်ဖြစ်ပါသည်။ ဤသို့ သာသနာသုံးရပ် ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသကဲ့သို့ ပရိယတ္တိစာပေကျမ်းဂန် သင်အံလေ့ကျင့် အားထုတ်တော်မူသော သုတဗုဒ္ဓဟုဆိုအပ်သည့်ဆရာတော် သံဃာ တော်များလည်း များစွာရှိပါသည်။

တိပိဋကဓရ တိပိဋကကောဝိဒ စာမေးပွဲ

ယခုအခါ ထေရဝါဒ ဗုဒ္ဓသာသနာတော်ထွန်းကားရာ မြန်မာနိုင်ငံ တွင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေး) စာမေးပွဲကြီး ကျင်းပလာခဲ့သည်မှာ (၇၄)ကြိမ်မြောက်ပင် ရှိချေပြီ။ ထိုစာမေးပွဲကြီးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ ဆရာတော်ကြီးများ ဦးဆောင်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ဇန်နဝါရီ ၅ ရက်မှစတင်ကာ ၉ ရက်အထိ ငါးရက်တိုင်အောင် ကျင်းပလျက်ရှိကြောင်း၊ ဝင်ရောက် ဖြေဆိုသော သံဃာတော် ၁၉၂ ပါးရှိကြောင်း သိရပါသည်။

တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကိုရရန် အလွန်ခက်ခဲပါသည်။ တိပိဋကဓရ တိပိဋကကောဝိဒ စာမေးပွဲသည် ကမ္ဘာပေါ်တွင် ရက် အကြာဆုံးစာမေးပွဲတစ်ခု ဖြစ်သကဲ့သို့ အောင်မြင်ရန်လည်း အလွန် ခက်ခဲသည့် စာမေးပွဲတစ်ခုဖြစ်ကြောင်း သိရပါသည်။

စာမေးပွဲကိုဖြေရန် ဘုရားရှင်ဟောသည့်ပါဠိတော်များထဲမှ စာအုပ်ပေါင်း လေးဆယ်ခန့်နှင့် ကျမ်းပေါင်း ၅၄ ကျမ်းကို လေ့လာရကြောင်း၊ စာမျက်နှာပေါင်း ၁၆၇၅၅ မျက်နှာကိုလေ့လာရပြီး အဋ္ဌကထာ ၅၁ အုပ် ကိုလည်း အလွတ်ကျက်မှတ်ရကြောင်း၊ ဋီကာ ၂၆ ဋီကာကိုလည်း လေ့လာကျက်မှတ်ရကြောင်း မှတ်သားသိရှိရပါသည်။ အုပ်ရေအားဖြင့် ၂၀၊ စာမျက်နှာပေါင်း ၈၀၈၀ ရှိသည့် ပါဠိတော်ကြီးကို အာဂုံပြန်ဆိုနိုင်ရုံ မက သဘောရေးဖြေ အောင်မြင်မှသာ တိပိဋကကောဝိဒဘွဲ့ကို ရပါသည်။

မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ ရရှိသောဆရာတော် ၁၃ ပါးသာ ရှိသေးကြောင်း၊ တိပိဋကဓရ ရွေးချယ်ရေး အဖွဲ့ကို ၁၉၄၇ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် ပထမ အကြိမ်တိပိဋက ရေးဖြေစာမေးပွဲကြီး၌ခြောက်ပါးဝင်ရောက်ဖြေဆိုရာ တစ်ပါးမှ အောင်မြင်မှု မရှိကြောင်း၊ ၁၉၅၀ ပြည့်နှစ် တတိယအကြိမ် ငါးပါး ဝင်ရောက်ဖြေဆိုရာ အရှင်ဝိစိတ္တသာရ တစ်ပါးသာ အာဂုံ ရေးဖြေ နှစ်ဌာနစလုံး အောင်မြင်တော်မူခဲ့ကြောင်း သိရပါသည်။

“သာသနဋ္ဌိတိယာ ပနပရိယတ္တိပမာ” သာသနာ တည်ဖို့ရန်မှာ ပရိယတ္တိသည် ပဓာနဖြစ်ကြောင်း၊ ဆရာတော် သံဃာတော်များ သင်ယူကျက်မှတ် လေ့လာအပ်သော ပရိယတ္တိသည် လူနတ်တို့၏ အကျိုးစီးပွား ချမ်းသာများရန် ဖြစ်သည့်အပြင် သာသနာတော် အရှည်ခံ့၍ တည်တံ့ခြင်း၏ ပဓာနဖြစ်ကြောင်း မှတ်သားသိရှိရပါသည်။

နေလို လလို ထွန်းပနေဦးမည်

အချုပ်အားဖြင့်ဆိုရသော် မြတ်စွာဘုရားရှင် ထားတော်မူခဲ့သည့် သာသနာတော်ကြီး နေလို လလို ထွန်းပစေခြင်းငှာ အပိုင်း သုံးပိုင်း ပါဝင်နေသည်ကို တွေ့ရပေသည်။ ချီးမြှင့်ထောက်ပံ့ရမည့် နိုင်ငံတော် အပိုင်း၊ ပရိယတ္တိ ပဋိပတ္တိ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူကြသော ဆရာတော်သံဃာတော်များအပိုင်း၊ လှူဒါန်းထောက်ပံ့ကြသော ဒါယကာ ဒါယိကာမများအပိုင်းဟူ၍ ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်က လည်း သာသနာတော်ကြီးကိုရဟန်းတော်များက ဓမ္မာနုဂ္ဂဟတရားဖြင့် ချီးမြှောက်ကြရန်၊ ဒါယကာ ဒါယိကာမများက အာမိသာနုဂ္ဂဟပစ္စည်း ဖြင့်ချီးမြှောက်ကြရန် တာဝန်ပေးဝေတော်မူခဲ့ပါသည်။

သို့ပါ၍ မြန်မာနိုင်ငံ၏ ထေရဝါဒသာသနာသည် သူ့အပိုင်းနှင့်သူ ညီညွတ်မျှတစွာ တက်ညီ လက်ညီဆောင်ရွက်နေသမျှ ကာလပတ်လုံး နေလိုလလို ထွန်းပနေဦးမည်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ သာသနာသည် အနှစ် ငါးထောင်မက တည်ပါစေသား၊ တည်စေသား။

မြင့်မောင်စိုး