Skip to main content

ပဋိပက္ခနွံကြား မူးယစ်ကျွန်များမဖြစ်စေလို

မူးယစ်ဆေးဝါး ရိုက်ခတ်မှုအန္တရာယ်ရှိနေသည့် ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့ အစည်းမဆို အနိဋ္ဌာရုံနှင့် နောက်ဆက်တွဲပြဿနာများက ကြီးမား လှသည်။ အထူးသဖြင့် အနာဂတ်၏ မျိုးဆက်သစ်များအဖြစ် တင်စားရသည့် ယနေ့လူငယ်များ၏ စိတ်ဓာတ်နှင့် ခံယူချက်ကို စိတ်ကြွ မူးယစ်ဆေးအန္တရာယ်က အကြီးအကျယ် ချိုးဖျက်တိုက်စားနေသည်မှာ အထူးစိုးရိမ်ဖွယ် ဖြစ်သည်။

 

ယနေ့ပြဿနာအရပ်ရပ်ကိုကြည့်ပါ။ လူတွေ၏ စိတ်ခန္ဓာတွေ တစ်ခဏချင်း ပြောင်းလဲ သွားလောက်အောင် ဖန်တီးပေးနေသည့် အခြေအနေအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးဖြင့် စိတ်ကြွ ဆေးများ အန္တရာယ်က ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေသည်ကို မြင်အောင် ကြည့်စေချင်ပါ သည်။

 

ဆက်စပ်နေသည့် မူးယစ်ဆေးပြဿနာနှင့် အကြမ်းဖက်ပဋိပက္ခ

 

ကမ္ဘာ့ဒေသအနှံ့ တရားမ၀င် မူးယစ်ဆေးဝါးဈေးကွက်ပမာဏက ကြောက်ခမန်းလိလိကြီးမားလှ သည်။ မူးယစ်ဆေးနှင့် စိတ်ကြွဆေးအစ ဓာတုပစ္စည်းအမျိုးအစားအလိုက် ထုတ်လုပ်မှု အရင်းအမြစ်၊ ယိုစီးမှုလမ်းကြောင်း နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် သတ်သတ်မှတ်မှတ် သူ့လမ်းကြောင်းနှင့်သူ ရှိနေသည်။

 

မူလထုတ်လုပ်ရာ နေရာနှင့် အစပြုရာလမ်းကြောင်းကို ခန့်မှန်းရန် ခဲယဉ်းလှသလို စစ်ဆင်ရေး များဆင်နွှဲ၍ တိုက်ဖျက်နေလင့်ကစား ဆင်းရဲမှု၊ မညီမျှမှုနှင့်ဥပဒေကို ဖော်ဆောင်နိုင်မှု၊ ငွေရလွယ်၍ မူးယစ်ဆေးနေရာတွင် အစားထိုးမည့် ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် နယ်စပ်ပထဝီဝင် အနေအထား အကန့်အသတ်ဖြစ်နေခြင်းက အဆိပ်ပင်ရေလောင်း သကဲ့သို့သာဖြစ်နေသည်။ အာရှဒေသအတွင်း တိုးပွားလာသော စိတ်ကြွဆေးပြဿနာသည် ဒေသတွင်းအုပ်စုဖွဲ့ ရာဇဝတ်မှု များ၊ အကြမ်းဖက်မှု ပဋိပက္ခမျိုးစုံနှင့်လည်း အပြန်အလှန်ချိတ်ဆက်နေရာ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ ငြိမ်းချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အငြင်းပွားစရာ မလိုလောက် အောင် အကြီးအကျယ် ခြိမ်းခြောက်နေသည်မှာ ထင်ရှားလှပါသည်။

 

မူးယစ်ဆေးကြောင့် အကြမ်းဖက်ရာဇဝတ်မှုများ တိုးပွားသလို တိုးပွားလာသည့် ရာဇဝတ်မှု များက တစ်ဖန်မူးယစ်ဆေးဝါးထုတ်လုပ်မှုကို တွန်းအားပေးနေပြန်သည်။ သတင်း အချက် အလက်များအရ မူးယစ်ဆေးဝါး ဝယ်လိုအားသုံးစွဲမှုထက်ပင် ရောင်းလိုအားပမာဏက များလွန်းပြီး ပိုလျှံနေသည်ဟုပင် ကြားသိနေရသည်မှာ နိုင်ငံအတွက်၊ လူငယ်တွေအတွက် အထူးစိုးရိမ်စရာအန္တရာယ်ကြီးတစ်ခုကို ပိုက်ထားရသလို ဖြစ်နေပါသည်။

 

စိတ်ကြွဆေးအကြောင်း အန္တရာယ်များနှင့်တကွ သိရှိနားလည်ထားရန်လိုအပ်

 

ကမ္ဘာတစ်ဝန်း စိတ်ကြွဆေး Amphetamine – type stimulants ATS ထုတ်လုပ်မှုတွင် အရှေ့နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်လုပ်မှုက ၅၀-၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင် ပတ်သက်နေသည်။ ဒေသတွင်းထုတ်လုပ်မှုပမာဏတွင် မြန်မာနိုင်ငံက အများဆုံးဟု ဆိုနေပြန် သည်။ ယခင်က နေရာယူခဲ့သည့် ဘိန်းနှင့်ဘိန်းဖြူ ထုတ်လုပ် သုံးစွဲမှု တဖြည်းဖြည်း လျော့ကျလာသော်လည်း စိတ်ကြွဆေးပြား ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ သုံးစွဲမှုက အစားထိုး မြင့်တက်လာနေသည်ကို တွေ့ရသည်။ ဘိန်းကပိုဈေးကြီးပြီး ဝယ်ရန်လည်း ခက်သည်  ဟု ဆိုသည်။ စိတ်ကြွဆေးက ဈေးပိုသက်သာပြီး နေရာတိုင်းမှာ လွယ်လွယ်လည်း ဝယ်လို့ရနေ သည်။ ဖြန့်သူလည်းပေါသလို လက်ဆင့်ကမ်း သယ်ဆောင်ပေးသူလည်း မရှား။

 

အထူးသဖြင့် ဆယ်ကျော်သက်လူငယ်တွေ အသုံးများလာကြသည်။ ကျောင်းသားဘဝ အလယ်တန်း၊ အထက်တန်းလောက်ရောက်ပြီ ဆိုလျှင်ကို ရရာဘဆေးပြား၊ WY၊ အိုက်စ် စသည်ဖြင့် ရင်းနှီးနေပြီ ဖြစ်သည်။ စိတ်လေလွင့်ပြီး လက်တည့်စမ်းချင်သူ လူငယ်များ မူးယစ် သားကောင် အလွယ်တကူဖြစ်လာနေသည်။ တချို့ လူငယ်တွေက အကျိုးအမြတ်များသည့် အရောင်းအဝယ်လောက၊ ငွေရလွယ်သည့် ကယ်ရီလောကထဲ မသိမသာ ရောက်သွားပြီး ကိုယ်တိုင်သုံးစွဲသူ ဖြစ်သွားသည်။ ဘာမှမဟုတ်သည့် လက်ခွဲ အရောင်းအဝယ်သမား  ဘဝနှင့် အဖမ်းခံလိုက်ရသည်လည်းရှိသည်။ မိဘဆရာသမားများ အနေဖြင့်လည်း ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်တပည့် ဆေးသမားဖြစ် မည့်အရေး စိုးရိမ်ကြ၊ ပူပန်ကြရသလို မူးယစ်ဆေး ကြောင့် အသက်ဆုံးရှုံးရမည့်အရေး၊ လူဖြစ်ရှုံးမည့်အရေး ဘုရားတနေကြမှာပဲဖြစ်သည်။

 

မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးများအကြောင်း လေ့လာမှုအားနည်းလျှင်၊ သိရှိမထားလျှင် ဆေးသုံး ထားသလား၊ ဆေးပြတ်တာလားဆိုသည်ကို ရုတ်တရက်သတိမထားမိ ဖြစ်တတ်သည်။ ယခုလို ကာလတွင် အထူးသဖြင့် မိဘများ၊ ဆရာ ဆရာမများက စိတ်ကြွဆေးဝါး  အန္တရာယ်နှင့် ပတ်သက်၍ အချက်အလက်များကို တီးမိခေါက်မိ သိရှိထားရန် လိုအပ်နေပါသည်။ စစ်ဆင်ရေး များ စီမံချက်များပြုလုပ်၍ ဖမ်းဆီးမှုပမာဏ တိုးတက်လာသော်လည်း ထုတ်လုပ်မှု၊ သယ်ဆောင်ဖြန့်ဖြူး ရောင်းဝယ်မှု၊ သုံးစွဲမှုပမာဏကား လျော့ကျမသွားသည်ကို  တွေ့နေရသည်။

 

ပုံစံအမျိုးမျိုးဖြင့် ဓာတုအသွင်ပြောင်းစိတ်ကြွမူးယစ်ဆေးများ

 

ယခင်က မိမိတို့သိထားသည့် မူးယစ်ဆေးက ဘိန်းနှင့်ဘိန်းဖြူ ဖြစ်သည်။ နောက်တော့ စိတ်ကြွဆေးဆိုသည့် စကားလုံးကနေရာ ယူလာသည်။ သစ်ထွက်ပေါ်လာသည့် အစားထိုး ဓာတုဆေးဝါး များပင်ဖြစ် သည်။ ဓာတုဆေးဝါးများဖြင့် ဖန်တီးထုတ်လုပ်ထားသော အမည်သစ် များဖြင့် အသွင်ပြောင်း စိတ်ကြွမူးယစ်ဆေးများသည် ယခင်ဘိန်းဖြူ၊ မော်ဖင်း၊ ဆေးခြောက်များ ထက်အာနိသင်ပိုပြင်းသည်။ ပမာဏအနည်းငယ်ဖြင့်ပင် အသက်အန္တရာယ်ပေးနိုင်သည့် မူးယစ် ဆေးအမျိုးအစားများဖြစ်သည်။

 

စိတ်ကိုပြောင်းလဲသွားစေသောကြောင့် စိတ်ကြွရူးသွပ်ဆေးဟု လည်ခေါ်ကြသည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ် ရှုမြင်ရမည်ဖြစ်သလို လူမှုစီးပွားဘဝများသို့လည်း များစွာ သက်ရောက်မှုရှိသည်ကို ရပြုရန်လိုသည်။ ယခုအခါ ငွေကြေးခဝါချမှု အကြမ်းဖက် မှုခင်းများနှင့်လည်း ဆက်စပ်နေပြန်သောကြောင့် လုံခြုံရေးအမြင်ဖြင့်လည်း သုံးသပ်နိုင်ရန် လိုအပ်နေပြန်သည်။

 

စိတ်ကြွမူးယစ်ဆေးအမျိုးမျိုးအနက် အမ်ဖီတမင်း Amphetamine အမျိုးအစား တစ်ခုဖြစ်သော ATS ဟုခေါ်သည့် မက်အမ်ဖီတမင်းဆေးသည် မြန်မာနိုင်ငံတွင်ထင်ရှားပြီး အရှေ့တောင်အာရှ သည် ATS ထုတ်လုပ်ရရာဒေသတစ်ခုအဖြစ် ပို၍ကျော်ကြားသည်။ အမျိုးအစား များပြား ခြားနားပြီး ဒေသတစ်ခုနှင့်တစ်ခု သုံးစွဲပုံမတူသလို အခေါ်အဝေါ်လည်း ကွဲပြားကြသည်။ ဆေးပြားအသွင်၊ အမှုန့်အသွင်၊ ပုံဆောင်ခဲ အသွင်ပုံသဏ္ဌာန်အမျိုးမျိုးရှိကြသည်။ တချို့က မျိုချ၍ ရသည်။ အာနိသင်ချက်ချင်းရစေရန် တချို့က ရှူသွင်းသည်။ ဆေးလိပ်ထဲ ထည့်သောက်သလို ဆေးကိုအမှုန့်ဖြစ်အောင်ပြုလုပ်ပြီး ရေနဲ့ ရောကာ သွေးကြောထဲထိုးသွင်း၍ အာရုံကို အရူးအမူးခံစားကြသည်။ ထိုနည်းက သွေးကြောမှတစ်ဆင့် ဦးနှောက်သို့ အလျင်အမြန် ရောက်စေသောကြောင့်ဖြစ်သည်။ သုံးစွဲသည့် ပမာဏနှင့် သုံးစွဲပုံကို မူတည်၍ ရေတိုရေရှည် သက်ရောက်မှု ကွဲပြားကြသည်။ သို့သော် အန္တရာယ်ပေးတာချင်းကတော့ တူတူပင်ဖြစ်သည်။

 

ထိုင်းနိုင်ငံတွင် “ကျွန်” ဟူသည့် စိတ်ကြွဆေးက လူကြိုက်များသလို မြန်မာနိုင်ငံတွင် “ရာဘ” ရူးသွပ်ဆေး၊ “ရာမ” မြင်းဆေးများ ကို လူသိများအသုံးများကြသည်။ တရုတ်နိုင်ငံတွင် သုံးစွဲသည်မှာ “မာ-ဟောင်-ဆူ” အမည်ဖြင့်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် “အိုက်စ်” နှင့် တရုတ်တွင် “ဘင်းတူ” ဟူသောအမျိုးအစားများသည် “အိုက်စ်" ရခဲသား ပုံဆောင်ခဲသဏ္ဌာန်ဖြင့် အသုံးများကြသည်။ “မက်အမ်ဖီ တမင်း”နှင့် မေ့ဆေးတစ်မျိုးဖြစ်သည့် “က်တမင်း"တို့ ပေါင်းစပ် ရာမှဖြစ်လာ စိတ်ရွှင်မြူးထူးစေသည့် “အက်စ်တာစီ” ဆိုသည့် စိတ်ကြွဆေးတစ်မျိုးလည်း ရှိသေးသည်။ ထိုင်းနိုင်ငံတွင် “ယာအီး"  ဟုခေါ်၍ တရုတ်နိုင်ငံတွင် “ယောင်- ထုတ်- ဝမ်" ဟုခေါ်သည်။  

 

စိတ်ကြွဆေးလက္ခဏာနှင့်ပြဿနာများ

 

စိတ်ကြွဆေးကပေးသည့် အဓိကထိခိုက်သည့် ခန္ဓာအစိတ်အပိုင်းသည် ဗဟိုအာရုံကြောစနစ်ပင် ဖြစ်သည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းအားလုံး အန္တရာယ်အပြုခံလိုက်ရသည်။ ရုတ်တရက်အပြင်းအထန် ခေါင်းကိုက်ပြီး ကိုယ်အပူချိန် တိုးလာတတ်သည်။ နှလုံးခုန်မြန်၍ အသက်ရှူမြန်ကာ အသက်ရှူ မမှန်ဖြစ်ရသည်။ ဂနာမငြိမ်ဖြစ်လာလိမ့်မည်။ ချွေးထွက်များလာသည်။ မျက်စိသူငယ်အိမ် ကျယ်လာသည်။ သွေးတိုးလာသည်။ လိင်စိတ်များ၍ လိင်စိတ်တက်ကြွစေသည်။ စကား အများကြီးပြောပြီး ဝမ်းသာရွှင်မြူး၍ အလွန်ပျော်နေတတ်သည်။ သွားကြိတ်တတ်ပြီး သွားပြဿနာမကြာခဏပေါ်နိုင်သည်။ အစာအိမ်နာ ပြဿနာရှိလာတတ်သည်။ မောပန်းနွမ်းနယ်နေပြီး အိပ်မပျော် အိပ်မရ ဖြစ်လာသည်။

 

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများလာပြီး ခွန်အားတိုးလာသလို ခံစားရသော်လည်း အမှန်မှာ အာဟာရချို့တဲ့လာသည်ကိုသာ တွေ့ရသည်။ ခံတွင်းပျက်၍ အစာမစားဖြစ်ဘဲပိန်လာသည်။ ရေရှည်တွင် လေဖြတ်ဝေဒနာပါ ခံစားရတော့သည်။ တဖြည်းဖြည်း မသုံးရမနေနိုင်ဖြစ်လာပြီး ဆေးကိုစွဲလမ်းသွားသည်။ စိတ်တက်ကြွနေတတ်သလို စိတ်လည်းကျတတ်သောကြောင့် စိတ်အတက်အကျမြန်သည်ဟု ဆိုရမည်။ စိတ်တက်ကြွလွန်း၍ ထိခိုက်အနာတရဖြစ်လွယ်သည်။

 

ဆေးပြတ်၍ အချို့က မိမိကိုယ်မိမိ သတ်သေသည့်အဆင့် ရောက်သွားတတ်သည်။ စွမ်းဆောင်ရည်ကောင်းစေသည်ဟု ဆိုသော်လည်း သုတေသနရလဒ်များအရ ဘာမျှမထူးခြား သည့်အပြင် ပို၍ပင် ဆိုးသွားကြောင်း ရလဒ်များက ဖော်ပြနေသည်။ တစ်ခါတစ်ရံ စိတ်ဆိုး ဒေါသထွက်သလို တစ်ခါတစ်ရံ စိတ်သောကဖြစ်ကာ ပူပန်နေတတ် သည်။ အရာရာကို ယုံမှားသံသယဝင်နေတတ်သည်။ အမြင်မှား အထင်မှားဖြစ်တတ်သည်။ ဘာကိုမှ အာရုံစိုက်၍ မရသောကြောင့် ကျောင်းစာမလိုက်နိုင်ဘဲ ပညာရေးပြဿနာဖြစ်ရသည်။ ခံနိုင်ရည် အားနည်း လာသောကြောင့် မိတ်လည်းပျက်ရသည်။ နောက်ဆုံး အာရုံ ချောက်ချား ထင်ယောင်ထင်မှား ကယောင်ကတမ်းဖြစ်ပြီး စိတ်ဖောက်ပြန်ခြင်းနှင့် အဆုံးသတ်ရတော့သည်။

 

ဆေးပြတ်ပြီဆိုလျှင် ခေါင်းကိုက်ခြင်း၊ စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ခေါင်းနောက် ၍ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ပူပန်ခြင်း စသည့် ဆေးပြတ်သည့်လက္ခဏာများကိုလည်း သတိထားမိ ရန် လိုအပ်သည်။ စိတ်ကြွဆေးဟူသည် သုံးစွဲနေသည့် တိုတောင်းသော ကာလအတွင်း ယဉ်ပါး သွားတတ်ပြီး ဆေးပမာဏကိုတိုး၍ သုံးစွဲရ သည့်အခြေအနေသို့ ရောက်သွားသည်။ ထိန်းမရ အောင် စိတ်ဓာတ်ကျခြင်း/ ပူပန်ခြင်း၊ ကြောက်စိတ်မွှန်ခြင်း၊ သွေးလေချောက်ချားခြင်း၊ အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ကစဉ့်ကလျား ဖြစ်ခြင်းနှင့် တစ်ရက်မှ နှစ်ရက်ခန့်အထိ အချိန်အတော်ကြာအောင် အိပ်တတ်ခြင်း စသည့်လက္ခဏာများသည် ဆေးယဉ်ပါးသည့် လက္ခဏာများပင်ဖြစ်သည်။

 

ယနေ့ခေတ်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် အကြမ်းဖက်ပဋိပက္ခများ ယှဉ်တွဲနေခြင်းသည် သမားရိုးကျ စိန်ခေါ်မှုတစ်ခုထက် ဖြေရှင်းရပိုခက်ခဲပါသည်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုသလို ပဋိပက္ခအတွင်းကျွံဝင်ပြီး မူးယစ်နွံအတွင်း နစ်မွန်းသွားရသည့် သားသမီးအရွယ် လူငယ်လူရွယ်များအတွက် မိဘနေရာမှနေ၍ ကိုယ်ချင်းစာမိပါသည်။

 

ဘယ်လို ဘယ်ပုံစံ မူးယစ်ဆေးမျိုးပဲဖြစ်ဖြစ် လုံးဝအကျိုးမပေး၊ မိမိကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝအားလုံး အနိဋ္ဌာရုံမျိုးစုံဖြင့် လူညွန့်တုံးကြေမွပျက်စီး မည်သာဖြစ်သည်ကို လူငယ်များ သာမက မိဘများပါ သိရှိနားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ ဆေးစွဲပြီး ဆေးသမားတစ်ယောက်၊ မူးယစ်ဆေးဝါးကြောင့် အဖမ်းခံရ၊ ပြစ်ဒဏ်ကျခံရပြီးသူ တစ်ဦးအဖို့ ပတ်ဝန်းကျင်အသစ်တွင် ဘ၀သစ်ကို ပြန်လည်ထူထောင်ရသည်မှာလည်း ခက်ခဲလွန်းလှပါ သည်။

 

ထို့ကြောင့်လည်း မိဘများ၊ ဆရာ ဆရာမများအနေဖြင့် နိုင်ငံတွက် အဖိုးတန် လူသား အရင်းအမြစ်များမဆုံးရှုံးစေရန်နှင့် မိမိတို့၏ တပည့်သားသမီးများကို တားမြစ်မူးယစ်ဆေးဝါး များ အန္တရာယ်မှ အချိန်မီကာကွယ်တားဆီးပြီး လိုအပ်သည့် ပဲ့ပြင်ထိန်းကျောင်းမှုများ ပြုလုပ် နိုင်ရန် ဖော်ပြပါအချက်အလက်များက များစွာအထောက်အကူ ပြုလိမ့်မည်ဟု ယူဆမိပါသည်။

 

ဒေါက်တာမြတ်မိုး