Skip to main content

အမျိုးသားအောင်ပွဲနေ့ တို့မမေ့

 

မြန်မာနိုင်ငံသားများ တက္ကသိုလ်ပညာ မသင်ကြားနိုင်အောင် ကန့်သတ်ထားသော ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့သည်မှာ ယခုဆိုလျှင် (၁၀၁) နှစ်မြောက် ခဲ့ပြီ ဖြစ်သည်။ အမျိုးသားနေ့ဟူသည်ကား ဗြိတိသျှ မင်းကြီး မတ်ဟန်းတား၏ယူနီဗာစီတီ အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာ ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့)တွင် ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင်(ယုဒသန်) ကောလိပ်ကျောင်း သားများက ကန့်ကွက်သပိတ်မှောက် ဆန္ဒပြခဲ့သောနေ့ကြီး ဖြစ်သည်။

တက္ကသိုလ် အက်ဥပဒေကြမ်း နယ်ချဲ့ဗြိတိသျှအစိုးရသည် ၎င်းတို့နယ်ချဲ့ရာ၌ အကောင်းဆုံးလက်နက် အဖြစ် ပညာရေးစနစ် တက္ကသိုလ် အက်ဥပဒေကြမ်းကြီးကို ၁၉၂၀ ပြည့်နှစ် ဇူလိုင်လ ၁၂ရက်နေ့ ဘုရင်ခံ၏ ကောင်စီအစည်းအဝေးတွင် တင်သွင်း၍ အဆိုပြုခဲ့ရာ တစ်ပြည်လုံး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့သည်။ ထိုဥပဒေကြမ်းတွင် ပါရှိသော အချက်များမှာ

(၁) မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။ တက္ကသိုလ်လက်အောက်တွင် ကောလိပ်ကျောင်းတစ်ကျောင်းသာ ရှိရမည်။

(၂) ကောလိပ်ကျောင်း၌ ပညာသင်လိုသူများ ကျောင်းအိပ်ကျောင်းစားသာ ဖြစ်ရမည်။

(၃) တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိတော့ဘဲ အစိုးရကပြုလုပ်သော ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတစ်ခုတွင် ထူးချွန်စွာတတ်မြောက်အောင်မြင်မှ တက္ကသိုလ်ဝင်ခွင့် ရမည်။

(၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာဘွဲ့တန်းတွင် တစ်ခါဖြေဆို၍ မအောင်မြင်ပါက နောက်နောင်ဖြေဆိုခွင့်မပြု။

(၅) ဟိုက်စကူးဖိုင်နယ်အောင်၍ တက္ကသိုလ်သို့ ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ်ကို ကောင်းမွန်စွာ လိုက်နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေရမည်။

(၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်သည့်အခါ တက္ကသိုလ်ပညာများကို လိုက်နာရန် အရည်အချင်းမရှိသေးဟုဆိုလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့်ရဦး မည်မဟုတ် စသောအချက်များ ဖြစ်သည်။

ပထမကျောင်းသားသပိတ် စတင် ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ရက်နေ့တွင် ရန်ကုန်ကောလိပ်ကျောင်းသား ၁၁ဦး ဖြစ်ကြသည့် ကိုဘခင်၊ ကိုဖိုးကွန်း၊ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုထွန်းဝင်း၊ ကိုဖေသိန်း၊ ကိုဘရှင် (သံတွဲ)၊ ကိုညီပိတ်၊ ကိုဘရှင်(ထားဝယ်)၊ ကိုလှတင်နှင့် ကိုမောင်အေးတို့သည် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်တွင် စုဝေးပြီး ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာ အဓိဋ္ဌာန်ပြုခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားကြီးများ ဦးဆောင်သော ပထမကျောင်းသားသပိတ် စတင်ခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့လေတော့သည်။

ယင်းသို့ သပိတ်မှောက်လိုက်ခြင်းသည် တက္ကသိုလ်ပညာရေးဖြင့်သာ သက်ဆိုင်သည့် အရေး မဟုတ်ဘဲ မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည် လွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကြီးကို စတင်လိုက်ခြင်းပင် ဖြစ်သည်။ ထိုသပိတ်ကြီးမှ တဖွားဖွားပေါ်ထွက်လာသော ဝံသာနုစိတ်ဓာတ်ဖြင့် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ရာ မြန်မာနိုင်ငံလွတ်လပ်ရေး အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျီစီဘီအေ ဝံသာနုအသင်းချုပ်ကြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဂျီစီဘီအေ ဝံသာနုအသင်းချုပ်ကြီးတစ်ရပ်ပြုလုပ်ကာ အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။

(၁) မြန်မာနိုင်ငံအရပ်ရပ် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်။ ။

(၂) ရန်ကုန်မြို့၌ အမျိုးသားတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်။

(၃) အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားသော အသင်းခွဲများက တည်ထောင်ထားခဲ့သော ကျောင်းများကိုလည်း အမျိုးသားကျောင်းများ အဖြစ် ပြောင်းလဲရန်။

(၄) အမျိုးသားကျောင်းများကို စုပေါင်းအုပ်ချုပ်ရန်၊ လိုအပ်သော စီစဉ်ညွှန်ကြားချက်များကို ပြုလုပ်နိုင်ရေးအတွက် အမျိုးသားပညာရေးတစ်ခု ဖွဲ့စည်းထားရှိရန်။ ။

အထက်ပါ ဆုံးဖြတ်ချက်များကို ဦးမောင်ကြီး (M.A) ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး အမှုဆောင်အဖွဲ့ဝင် ၃၂ ဦးတို့ဖြင့် ဖွဲ့စည်းလိုက်သည်။ ဤသို့ဖြင့် ၁၉၂၁ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်း၌ အမျိုး သားကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ရာများ မကြာမီ နယ်မြို့ကြီးများတွင် အမျိုးသားကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သည်။

အမျိုးသားနေ့အဖြစ် သတ်မှတ် ၁၉၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ ကျင်းပသော ဂျီစီဘီအေ ပြည်လုံးကျွတ် ညီလာခံ ကြီး၌ အမျိုးသားနေ့ သတ်မှတ်ကျင်းပရန် စဉ်းစား ကြသောအခါ အချို့က သီပေါဘုရင် ပါတော်မူသော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့၊ အချို့က ဦးဥတ္တမ အဖမ်းခံရသောနေ့တို့ကို အကြံပေးကြ သည်။ ၁၉၂၀ ပြည့်နှစ် သပိတ် ၁၁ ဦး ကော်မတီတွင် ပါဝင်သော ဦးမြင့်က ဂျီစီဘီအေ ကွန်ဖရင့်သို့ ကျောင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီး နန်းကျသောနေ့၊ အဖမ်းခံရသောနေ့များသည် မင်္ဂလာမရှိ၊ နယ်ချဲ့ဗြိတိသျှကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်သောနေ့ဖြစ်သည့် ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အကြံပေးလေသည်။ ထိုမန္တလေးကွန်ဖရင့်ကြီးမှ အမျိုးသားနေ့ကို တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပရန်ဆုံးဖြတ်ခဲ့ရာ ယနေ့တိုင် အမျိုးသား အောင်ပွဲနေ့ကို နှစ်စဉ်ကျင်းပဆဲဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့သည် နာမည်နှင့် လိုက်အောင် အမျိုးသားစိတ်ဓာတ်၊ ဇာတိမာန်များ တက်ကြွစေပြီး ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ဂုဏ်ယူခြင်း၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုးဘက်က အားပေးခြင်းသည် အမျိုးသားစိတ်ဓာတ်ပင် ဖြစ်သည်။ ။

ဤသို့ဖြင့် ခေတ်အဆက်ဆက်မှ မျိုးချစ် သူရဲကောင်း၊ မျိုးချစ်ကျောင်းသားကြီးများက အသက်သွေးချွေး ပေးဆပ်၍ ကျားကုတ်ကျားခဲ ရယူခဲ့သော အမိမြေ၊ အမိစာပေ၊ အမိယဉ်ကျေးမှု စသည်တို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ လက်ရှိ လူငယ်ခေါင်းဆောင်များပင် ဖြစ်ပါကြောင်း (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မျိုးချစ်စိတ်များ ပြန်လည်နိုးကြားလာစေရန် ဖော်ပြလိုက်ပါသည်။ ။

ခင်ဦးစိုးဝေ