Skip to main content

ပြည်သူလူထု၏ အဆုံးအဖြတ်ဖြင့်

 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက်လို့ဆိုပြီး၊ ဓမ္မလို့ ဟစ်ကြွေးပြီး အဲဒါတွေနဲ့ဆန့်ကျင်ဘက် အဓမ္မမှု ကျူးလွန်နေသူတွေရဲ့ တော်လှန်ရေးဟာ လူထုအတွက် တစ်နေ့တခြား စိတ်ခြောက်ခြားဖွယ်ဖြစ် နေရပါတယ်။ သူတို့ကတော့ ဓမ္မလို့ ဆိုကြပေမယ့် လူထုအတွက်တော့ အဓမ္မတွေဖြစ်နေပါတယ်။ သူတို့ပြောတဲ့ ဓမ္မဆိုတာ ဘယ်ရှုထောင့်၊ ဘယ်လိုအမြင်၊ ဘယ်လိုခံယူချက်ဆို တာတော့ တိတိကျကျ မပြောတတ်ပါဘူး။ နားလည်လက်ခံထားတဲ့ ဓမ္မဝါဒီဟာ နားလည်မှု၊ ကိုယ်ချင်းစာတရား၊ အပြန်အလှန် လေးစားမှု၊ တရားမျှတမှုစတဲ့ ကျင့်ဝတ်တွေအပေါ် အခြေခံထားတာပါ။ တစ်ဖက်သတ်အမြင်၊ တစ်ဖက်သတ် လိုလားချက်၊ တစ်ဖက်သတ်ရှုထောင့်တော့ မဟုတ်တာ သေချာပါတယ်။ အရပ်စကားပြောရရင် ငါလိုချင်တာရရင် အားလုံးတရားတယ်၊ ငါလိုချင်တာမရရင် အားလုံးကမတရားဘူးဆိုတဲ့ အယူအဆကတော့ တရားမျှတမှုဆိုတာထက် အတ္တဝါဒီသဘော၊ တစ်ဖက်စွန်း သဘော သက်ရောက်နေပါတယ်။

ဒီတော့ ဓမ္မဆိုတာကို သူ့ဘက်၊ ကိုယ့်ဘက်၊ လူ့အသိုက်အဝန်းတစ်ခုလုံးဆိုတဲ့ အမြင်၊ ရှုထောင့် နဲ့ လုပ်ရပ်တွေနဲ့ တိုင်းတာဖို့ လိုလာပါတယ်။ လူ့အသိုက်အဝန်း၊ လူ့အဖွဲ့အစည်းမှာ လူမှု တရားမျှတမှုဖြစ်ဖို့ဆိုရင် အခုလို အကြမ်းဖက်လုပ်ရပ်တွေက အကျုံးဝင်ပါ့မလား။ တော်လှန်ရေး တစ်ရပ်မှာ အနစ်နာခံမှုတွေ၊ ပေးဆပ်မှုတွေ၊ ရင်းနှီးမှုတွေရှိရမယ်ဆိုပေမယ့် ဒီတော်လှန်ရေးဟာ ဘယ်သူ့အတွက်လဲ၊ ပြည်သူတွေအတွက်လား၊ အများကောင်းကျိုးအတွက်လားဆိုတာတော့ သိဖို့ လိုမှာပါ။

ဘာကြောင့်လဲဆိုတော့ အခုတိုက်ခိုက် သတ်ဖြတ်ခံနေရတာတွေက လက်နက်မဲ့ ပြည်သူတွေအပြင် ဘုန်းတော်ကြီးတွေတောင် ပါနေပါပြီ။ ဒီလိုသတ်ဖြတ်ခံနေရတဲ့သူတွေကရော ဒီနိုင်ငံရေး ဖြစ်စဉ်တွေမှာ တိုက်ရိုက်သက်ဆိုင်နေကြလို့လား။ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုတာမျိုး မနိုင်နိုင်ရာ လုပ်နေတာ၊ စိတ်ခံစားချက်နဲ့လုပ်နေတာကိုတော့ တရားမျှတမှုလို့ မခေါ်ထိုက်ပါဘူး။ အဖြူမဟုတ်ရင် အမည်းပဲဖြစ်ရမယ်ဆိုတဲ့အတွေးလောက်နဲ့ ငါတို့ကို မထောက်ခံသူဟာ တစ်ဖက်ကို ထောက်ခံအားပေး သူ ဖြစ်ရမယ်ဆိုပြီး ရန်သူသတ်မှတ်တယ်။ ဘယ်ဘက်မှမပါဘဲနေသူကိုလည်း ငါတို့ကိုမထောက်ခံလို့ဆိုပြီး ရန်သူသတ်မှတ်ပြန်ပါ တယ်။ အဲဒီလိုအမြင် မတူတဲ့သူတွေ၊ သဘောထားမတူသူတွေကို ဒလန်လို့စွပ်စွဲ။ ရန်သူလို့သတ်မှတ်နဲ့ အကြမ်းဖက် သတ်ဖြတ်နေကြတာ ဓမ္မလို့ ဆိုနိုင်မလား။ တရားမျှတမှုရော ဖြစ်နိုင်ပါ့မလား။

ဓမ္မအရေခြုံထား

ဒီလို အကြမ်းဖက်လုပ်ရပ်တွေကိုလုပ်ဖို့ ဦးဆောင်နေတဲ့သူတွေက ဓမ္မအရေခြုံထားပြီး လူငယ်တွေကို အကြမ်းဖက်မှုတွေမှာ အသုံးချနေကြပါတယ်။ လူငယ်တွေကို အကြမ်းဖက် နိုင်ငံရေးမှာ ဆွဲသွင်းလာကြပါတယ်။ လူငယ်နဲ့နိုင်ငံရေးဆိုတာ မကင်းပါဘူး။ လူငယ်တွေ နိုင်ငံရေးအသိအမြင်တွေ ကြွယ်ဝဖို့၊ နိုင်ငံရေးဆိုင်ရာတွေမှာ ဆုံးဖြတ်နိုင်စွမ်းရှိဖို့ နိုင်ငံရေးသိပ္ပံလို ဘာသာရပ်တွေတောင် သင်ကြားပေးနေတာပါ။ ဒီတော့ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားတာ၊ ကိုယ့်နိုင်ငံအရေးကို စိတ်ဝင်စားတာဟာ ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေ နိုင်ငံရေးမှာ စိတ်ဝင်စားလာအောင် သင်ကြားတာ၊ အတွေ့အကြုံ မျှဝေပေးတာ၊ လက်တွဲခေါ်ယူတာဆိုရင်တော့ ကောင်းတဲ့ အကျိုးရလဒ်တွေ မျှော်မှန်းနိုင်ပေမယ့် အကြမ်းဖက် နိုင်ငံရေး လှည့်ကွက်တွေထဲမှာ လူငယ်တွေကို အသုံးချတာကတော့ နိုင်ငံရေးသမားကောင်းတို့ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်မဟုတ်ပါဘူး။ ကျင့်ဝတ်မဲ့တဲ့ နိုင်ငံရေးပါပဲ။

ဖြူစင်ကြတဲ့လူငယ်တွေကိုဓမ္မအတွက်၊ တရား မျှတမှုအတွက်ဆိုပြီး အသုံးချနေတာကြောင့် လူငယ်တွေရဲ့ အနာဂတ်ဘဝအတွက် အမှားလမ်းပြပေးနေ သလိုလတ်တလော ကျောင်းသား လူငယ်တွေရဲ့ဘဝတွေ ထိခိုက်ပျက်စီးနေရပါတယ်။ တစ်ဖက်မှာဆိုရင် လည်း လက်နက်မဲ့ပြည်သူတွေ သတ်ဖြတ်ခံနေရပါပြီ။ ဘယ်ဘက်ကကြည့်ကြည့် ဆုံးရှုံးမှုတွေချည်းပဲ တွေ့နေရပါ တယ်။ အနာဂတ်နိုင်ငံရေးမှာလည်း ရရင်ရ မရရင်ချဆိုတဲ့ အစဉ်အဆက်မှားခဲ့တဲ့ အမှား  သံသရာထဲ ဆွဲခေါ်နေပြန်ပါတယ်။ ရိုးသားတဲ့လူငယ်တွေ၊ နိုင်ငံရေးအတွေ့အကြုံ နည်းပါးသေးတဲ့ လူငယ်တွေကို ဓမ္မအရေခြုံပြီး အသုံးချနေကြတာကြောင့် မြန်မာ့နိုင်ငံရေးမှာတော့ ဆိုးရွားလွန်းတဲ့ ဖြစ်စဉ်ဖြစ်ရပ်ဖြစ်နေပါတယ်။

ကတိနှင့် လက်တွေ့

အဲဒီတော့ ဒီနေ့ဓမ္မလို့ဆိုနေသူတွေဟာ ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး တွေမှာ ပါဝင်ခဲ့တဲ့သူတွေ အများစုပါ။ သူတို့အာဏာရစဉ်က၊ လုပ်ပိုင်ခွင့်ရစဉ်က ဘယ်လိုပြောခဲ့သလဲ၊ ဘာတွေကတိပေးခဲ့ကြသလဲ၊ ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာ မမေ့နိုင်သေးပါဘူး။ ဓမ္မဖြစ်ခဲ့ ကြပါသလားဆိုတာ အခုအချိန်ပြန်မေးရမှာပါ။ လူငယ်တွေဆိုတာ ခေါင်းထဲထားခဲ့သလား၊ နေရာပေးခဲ့ကြလားဆိုတာ ပြန်စဉ်းစားဖို့သင့်ပါတယ်။ အေဗိုက်နဲ့ဓားထိုး ခံသလို ဒုက္ခတွေ ပင်လယ်ဝေတဲ့အချိန်ကျမှ ပြည်သူတွေ၊ လူငယ်တွေကို ရှေ့တန်းတင်အသုံးချလာတာ တရားမျှတမှု ဖြစ်နိုင်/မဖြစ်နိုင် စဉ်းစားဖို့သင့်ပါတယ်။

ဒီတော့ NLD ကို အာဏာမရခင် အတိုက်အခံ အဖြစ်နေစဉ်ကအပိုင်း၊ အာဏာရရှိစဉ်အပိုင်းနဲ့  အာဏာလက်လွတ်တဲ့အပိုင်းဆိုတဲ့ အပိုင်းတွေကိုဆက်စပ်လိုက်ရင် NLD ခေါင်းဆောင်ပိုင်းရဲ့ ရုပ်လုံးကို မြင်သာနိုင်ပါတယ်။ ဒီလိုဆိုလို့ ပါတီတစ်ရပ် အပေါ်မှာ အလုံးစုံအဆိုးမြင်ဝါဒီအမြင်နဲ့ ကြည့်လို ခြင်း မဟုတ်ပါဘူး။ ဒါပေမဲ့ လက်နက်မဲ့လူထု အပေါ်အကြမ်းဖက်တိုက်ခိုက်နေတဲ့၊ ဘုန်းတော်ကြီးတွေကို အညိုကြီးစွာ သတ်ဖြတ်နေတဲ့ ကျောင်းဆရာ ဆရာမတွေကို ရက်စက်စွာ သတ်ဖြတ်နေတဲ့သူတွေကို ဦးဆောင်နေသူအများစုဟာ NLD ကမွေးထုတ် ထားတာကြောင့်မို့လို့ပဲဖြစ်ပါတယ်။ ဒီနေ့ ဓမ္မသမားတွေ တွင်တွင်ကျယ်ကျယ် ပြောနေတဲ့ ဖက်ဒရယ်တွေ၊ ဒီမိုကရေစီဆိုတာတွေဟာ လွန်ခဲ့တဲ့အစိုးရ သက်တမ်း ငါးနှစ်အတွင်းမှာ ပြန်ဆန်းစစ်ကြည့်လိုက် ရင် ပူပူနွေးနွေးအဖြေကိုရနိုင်ပါတယ်။ အချက်အလက်တွေ ခိုင်ခိုင်မာမာရှိနေဆဲပါ။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ထုတ်ပြရရင် ဖက်ဒရယ်ဆိုင်ရာမှာ လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ ဖက်ဒရယ်အရေးကိုဦးစားပေးခဲ့သလား၊ ပါတီအာဏာရရေး၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အာဏာရရှိရေးကို ဦးစားပေးခဲ့သလား လွှတ်တော်မှတ်တမ်းမှတ်ရာ တွေကိုကြည့်ရင်သိနိုင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက်တွေကို NLD ပါတီက ခါးခါးသီးသီးပယ်ချခဲ့၊ ကန့်ကွက်ခဲ့ကြပါတယ်။

ဒီလိုလုပ်ရပ်တွေမှာ အသေးအမွှားထဲကဆို ချောင်းဆုံတံတားကိစ္စကို လူတိုင်းသိပြီးသားပါ။ တံတားနာမည်လေးကိုတောင် မလိုက်လျောနိုင်ခဲ့ပါဘူး။ မွန်ပြည်နယ်မှာရှိတဲ့ တံတားနာမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားပေးတာဟာ ရိုးသားခဲ့ကြသလား။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ယခင်ကတည်းက နိုင်ငံ့ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး၊ တပ်မတော်ရဲ့ ဖခင်ကြီး ဆိုတာ အားလုံးကအသိအမှတ်ပြု လက်ခံထားကြပြီးသားပါ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင် ကြီးဖြစ်တဲ့အတွက် ဒါကိုပါတီတစ်ရပ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကိုအသုံးချဖို့ လုပ်ဆောင်တာ၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုတာတွေ ဟာ ဖက်ဒရယ်ကို လိုလားတယ်လို့ ပြောနိုင်မယ် မထင်ပါဘူး။ ပြီးခဲ့တဲ့ အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးအတွက် အသုံးချဖို့ကြိုးစားခဲ့တဲ့ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ စိုက်ထူခြင်းကလည်း တိုင်းရင်းသားတွေအကြား ဒွိဟတွေဖြစ် စေခဲ့တာမှာ ကယားပြည်နယ်က လူသိအများဆုံးကိစ္စပါ။ ဒီတော့ မေးစရာရှိလာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တွေကို တိုင်းရင်းသားတွေ ကန့်ကွက်တဲ့ကြားက လုပ်ဆောင်နေ ခြင်းဟာ ဖက်ဒရယ်အတွက်လား၊ ဒီမိုကရေစီအတွက်လား၊ ပါတီပုံရိပ်အတွက် အသုံးချနေခြင်း လားဆိုတာ အခု ချိန်မှာမေးခွန်းထုတ်ကြရမှာပါ။

လွှတ်တော်ပြင်ပအနေနဲ့ဆိုရင် တိုင်းရင်းသား အရေးတွေ၊ ဖက်ဒရယ်အရေးတွေ၊ ငြိမ်းချမ်းရေး တွေအပြင် နောက်ဆုံးဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေမှာတောင်တိုင်းရင်းသားတွေအခွင့် အရေးရခဲ့သလား၊ ညှိနှိုင်းခဲ့သလား၊ ပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအတွက် အခွင့်အရေး မရခဲ့ပါဘူး။ ဒါကြောင့်လည်း လွန်ခဲ့တဲ့အစိုးရ ငါးနှစ် သက်တမ်းမှာ ငြိမ်းချမ်းရေးဆိုလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ NCA မှာ လက်မှတ်ရေးထိုးတာနဲ့ ပြည်ထောင်စုသဘောတူညီချက် ၅၁ ချက် သဘောတူနိုင်ခဲ့ တာပဲ တွေ့ရပါတယ်။ ဒါတောင် NCA ဆိုတာ ဦးသိန်းစိန်အစိုးရ အကောင်အထည် ဖော်ခဲ့တဲ့ လမ်းကြောင်းပေါ်ခူးပြီးခပ်ပြီး အသင့်ရယူခဲ့ရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာတောင် ငြိမ်းချမ်းရေးကို တိုးတက်အောင်မဆောင်ရွက်နိုင်ခဲ့တဲ့အပြင် စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး ပိုမို လျော့ကျခဲ့ပါတယ်။

ဒါတွေကိုဖော်ပြရတာက အတိုက်အခံဘဝတုန်း ကလူထုကိုပြောခဲ့တာ၊ မဲဆွယ်ခဲ့တာ၊ ရွေးကောက်ပွဲ ကတိပေးခဲ့တာတွေဟာ အာဏာရှိလာချိန်မှာတော့ မဆောင်ရွက် ပေးခဲ့ဘဲနဲ့ အခြေခံဥပဒေကိုပဲ အပြစ်ပုံ ချ၊ ရှေ့လူကို လွှဲချလုပ်ခဲ့တာပါ။ အထက်က ပြောခဲ့သလို ချောင်းဆုံတံတားကိစ္စ၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွေဟာ အခြေခံဥပဒေနဲ့လည်းမပတ်သက်၊ စစ်တပ်နဲ့လည်း မပတ်သက်ပါဘူး၊ အုပ်ချုပ်ရေးကိစ္စ သက်သက်ပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာ လုပ်ပေးချင် စိတ်မရှိတာကိုပါ။ ကတိတွေဆိုတာ အာဏာရရှိရေး အတွက်ပဲ အသုံးချခဲ့တာကိုပါ။

ပြည်သူတွေကိုအသုံးချခဲ့ကြ

ရွေးကောက်ပွဲမတိုင်မီက ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး၊ အာဏာရရှိရေးအတွက် ဖက်ဒရယ် ကတိတွေ၊ ဒီမိုကရေစီကတိတွေနဲ့ ပြည်သူတွေကို လှည့်စားခဲ့ပါတယ်။ ပြည်သူတွေက ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုချင်မှန်းသိလို့ ပြည်သူတွေလိုချင်တဲ့ အရာတွေနဲ့ အယုံသွင်းခဲ့ပါတယ်။ အခုလာပြန်ပါပြီ။ အာဏာလက်လွတ်သွားတာနဲ့ ပြည်သူနဲ့တိုင်းရင်း သားတွေကို ဖက်ဒရယ် မက်လုံး၊ ဒီမိုကရေစီမက်လုံးတွေနဲ့ မှိုင်းတိုက်နေပြန်ပါပြီ။ အာဏာကို မတရားသိမ်းလို့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ဖို့ မဲဆွယ်နေပါတယ်။

တရားမျှတမှုလို့ဆိုရင် တစ်ဖက်တည်းကို ကြည့်လို့မရပါဘူး။ ဘက်စုံထောင့်စုံကနေ ကြည့်ဖို့လိုပါတယ်။ မျှတတဲ့အမြင်၊ မျှတတဲ့သဘောထား မရှိဘဲတစ်ဖက်တည်း သဘောထားတွေနဲ့ တရားမျှတမှုလို့ သတ်မှတ်လို့မရနိုင်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးတော့ NLD ကိုကျေကျေ နပ်နပ် အေးအေးချမ်းချမ်း အာဏာလွှဲပေးခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအချိန်က အာဏာလွှဲပေးမှ ပေးပါ့မလားလို့ သံသယစိတ်တွေဝင်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အေးချမ်းစွာနဲ့ အာဏာလွှဲပေးလို့ NLD ဟာ ၂၀၁၅ ကနေ ၂၀၂၀ အထိငါးနှစ်သက်တမ်းကို စိတ်တိုင်းကျ လုပ်နိုင်ခဲ့ပါတယ်။ အာဏာရတဲ့အချိန်မှာရွေးကောက်ပွဲ ကတိတွေကိုလည်း သတိမရတော့ ပါဘူး။ တိုင်းရင်း သားတွေကိုလည်း မမြင်တော့ပါဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေးကိုတောင်မှ ၂၀၂၀ ရွေးကောက်ပွဲနီးခါမှ မဲဆွယ်ကောင်းရုံ လုပ်ခဲ့တာပါ။ ဒီတော့ NLDပြောတဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုတာ ပြည်သူတွေကို အသုံးချဖို့ သက်သက်ပဲဖြစ်ပါတယ်။

ဒီလိုပြောနေတာက ဒီနေ့နိုင်ငံရေး အကျပ် အတည်းတွေရဲ့ အခြေခံအကြောင်းတရားတွေကို မြင်အောင်ကြည့်မှ အကျပ်အတည်းကိုဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာနိုင်မှာမို့လို့ပါ။ အကြောင်းတရား မရှိဘဲ အကျိုးတရားတွေဖြစ်မလာပါဘူး။ အခုလည်း NUG က အရင်နည်းလမ်းဟောင်းတွေအတိုင်း ဖက်ဒရယ်မျှော်လင့်ချက်၊ ဒီမိုကရေစီမျှော်လင့်ချက် တွေပေးပြီး စည်းရုံးနေတာ စိတ်သဘောထား မှန်၊ မမှန်ဆိုတာ NLD အတွေ့အကြုံအရ ယုံကြည်ဖို့ ခက်ခဲပါတယ်။ လူထုကိုသိမ်းသွင်းဖို့ နိုင်ငံရေး လှည့်ကွက်တွေ၊ တစ်ဖက်သတ် အကြောင်းအရာတွေ၊ စိတ်ခံစားမှုဖြစ်စေတဲ့လှုံ့ဆော်မှုတွေနဲ့ လှည့်စားပြီးအချင်းချင်း သွေးခွဲ၊ လုပ်ကြံသတ်ဖြတ်ခိုင်းနေတာကိုက NUG ရဲ့ သဘောထားအမှန်လို့ ဆိုရပါလိမ့် မယ်။ ဒါဟာ အဖြေရှာတဲ့နည်းလမ်းလည်း မဟုတ်ပါဘူး။ အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းနေတာပါ။

ကိုယ်ကျိုးအတွက်တရားမျှတမှု

နိုဝင်ဘာလ၁၈ရက်နေ့က NUCCရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မင်းကိုနိုင်ပြောဆိုတဲ့ စကစဘက် က စေ့စပ်ဆွေးနွေးရေးကို ဦးတည်လာရင်တောင် လုံးဝ ပြန်သွားစရာမလိုသလို၊ နှစ်ဖက်လုံးရဲ့ အခင်းအကျင်းကလည်း စေ့စပ်ညှိနှိုင်းရေးကို သွားနေတာမဟုတ် ဘူးလို့ပြောခဲ့တာဟာ ၎င်းတို့အနေနဲ့ စေ့စပ်ဆွေးနွေး ရေးထက်ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အလုံးစုံပျက်သုဉ်း ရေးကို ဦးတည်နေတာ တွေ့ရပါလိမ့်မယ်။ ဒါကို ကြည့်ရင် NLD နဲ့ NLD ကနေပေါက်ပွားလာတဲ့ CRPH နဲ့ NUG တို့ဟာ ဘုံအကျိုးစီးပွားအတွက် စေ့စပ်ဆွေးနွေးတဲ့လမ်းကြောင်းကို ဘယ်တော့မှ လက်မခံဘူးဆိုတာ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အကျပ်အတည်း ကိစ္စမှာလည်း ညှိနှိုင်းဖြေရှင်းရေးနည်းလမ်းကို လက်မခံဘဲ ထိပ်တိုက်ရင်ဆိုင်ရေးကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ ဒီကနေ့ဖြစ်နေတဲ့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရခြင်း ဖြစ်ပါတယ်။ အာဏာပြန်လည်ရရှိရေး တစ်ခုတည်းအတွက် ပြည်သူတွေ၊ လူငယ်တွေရဲ့ ဘဝနဲ့အနာဂတ်တွေကို ရင်းပြီး အသုံးချသွားဖို့ ဦးတည်ထားတယ်လို့

ကောက်ချက်ချနိုင်ပါတယ်။ သူတို့ အာဏာအလုံးစုံ ပြန်ရရှိဖို့အတွက် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတဲ့ ပေါ်ပြူလာစကားတွေနဲ့ လူငယ်တွေ၊ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေကို ဆက်လက်အသုံးချနေဦးမှာပါ။

ပြည်သူလူထု၏ အဆုံးအဖြတ်

ပြည်သူလူထုဟာ ကိုယ့်နိုင်ငံရဲ့ ကောင်းမွေ ဆိုးမွေတွေကို ခံစားကြရပါတယ်။ ကိုယ့်နိုင်ငံ တိုးတက်လာရင်လည်း တိုးတက်လာတဲ့ အလျောက်၊ ကိုယ့်နိုင်ငံဆင်းရဲရင်လည်း ဆင်းရဲတဲ့အလျောက်၊ အေးချမ်းရင်လည်း အေးချမ်းတဲ့အလျောက်၊မအေးချမ်း ချင်ရင်လည်း မအေးချမ်းတဲ့ အလျောက် အဲဒီအကျိုးတွေကို ခံစားကြရပါတယ်။ ဒီတော့ နိုင်ငံကို ဘယ်လို ပုံစံဖြစ်စေချင် သလဲ၊ အသွင်ကူးပြောင်းရေးကို ဆက်သွားမလား၊ ပျက်စီးရေးကိုဆက်သွားမလား ရွေးချယ်ကြရ မှာပါ။

ဒီတော့ကနေ့ဖြစ်နေတဲ့အကြမ်းဖက်သတ်ဖြတ် မှုတွေဟာ တရားမျှတမှုအတွက်လားဆိုတာ ပြည်သူလူထုကိုယ်တိုင်က မှန်မှန် ကန်ကန်သုံးသပ်ဆုံးဖြတ် ကြရမှာပါ။ ကိုယ့်ဆုံးဖြတ်ချက် တွေရဲ့ အကျိုးဆက်တွေကို ကိုယ်တိုင်ရင်ဆိုင်ခံစားကြရပါလိမ့်မယ်။ အရပ်စကားတစ်ခွန်းလို တစ်ခါအလိမ်ခံရရင် လိမ်တဲ့သူရဲ့ အပြစ်လို့ဆိုပါတယ်၊ နှစ်ခါအလိမ်ခံ ရရင်တော့အလိမ်ခံရသူရဲ့ အပြစ်လို့ပြောကြပါတယ်။ ထပ်ကာထပ်ကာ အလိမ်ခံနေရရင်တော့ ပြောဖွယ်မရှိတော့ပါဘူး။ ။

မျိုးငြိမ်းငယ်