အမျိုးသားစာပေတစ်သက်တာဆုရှင် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)
ယမန်နေ့မှ အဆက်
ဆရာ သိုက်ထွန်းသက်ကလည်း ဆရာ၏ မြန်မာစာပေဝမ်းစာပြည့်ပုံကို ဆရာ့အသက် (၈၀) ပြည့် အမှတ်တရ စာအုပ်တွင် “ဆရာကိုကအက္ခရာဗျည်းနှင့် အသံထွက်ပြဗျည်းများအကြောင်း ဇယား ဆွဲပြသည်။ က-ခ-ဂ-ဃ-င၊ စ-ဆ-ဇ-ည ဆိုပြီး ကဝဂ်၊ စဝဂ်၊ ဋဝဂ်၊ တဝဂ်၊ ပဝဂ် ခွဲပြသည်။ ကကြီး ခခွေး ဗျည်း အားလုံးကို ပထမဇယားတိုင်ပါ က-စဋ-တ-ပ-ယ တို့နှင့်လည်းကောင်း၊ ပဉ္စမ ဇယားတိုင်ပါ င၊ ည၊ ဏ၊ န၊ မ၊ သ တို့နှင့် လည်းကောင်း “သတ်” လို့ရကြောင်း၊ သို့သော် ဒုတိယ၊ တတိယ၊ စတုတ္ထဇယား တိုင်ပါ ခ-ဂ-ဃ၊ ဆ-ဇ-စု၊ ဌ-၃-ပ၊ ထ-ဒ-ဓ၊ ဖ-ဗ-ဘ ဗျည်းများနှင့် “မသတ်”ကြောင်း ပြောသည်။ ထိုသို့သတ်ရာတွင် က-စ-ဋ-တ-ပ နှင့် သတ်ပါက အသံ မပြောင်းသော်လည်း က-ည-ဏ-န-မ တို့ဖြင့် သတ်ပါက အသံပြောင်းသွားတတ် ပုံကို “သရကပင်” နှင့် “ညောင်ပင်'၊ “ချစ်တယ်” နှင့် “ခင်တယ်” တို့ဖြင့် ဥပမာပေး ရှင်းပြသည်။ သရက်ပင်နှင့် ချစ်တယ်တို့မှာ အသံမပြောင်းသော်လည်း ညောင်ပင်က “ညောင်ဗင်' ဟု လည်းကောင်း၊ ခင်တယ်က “ခင်ဒယ်” ဟုလည်းကောင်း ပထမအက္ခရာမှ တတိယအက္ခရာသို့ ပြောင်းသွားပုံဖြစ် သည်။ ဆရာကိုက ကျွန်တော်တို့ဟောက်နေသည်ကိုသည်မျှဖြည့်ပေးရုံနှင့် ကျွန်တော့်မှာ မေ့မသွားအောင် ဇယားဆွဲ မှတ်ထားရသည်။ သည်မျှလောက်နှင့် မတင်းတိမ်နိုင်သဖြင့် ဆက်လေ့လာစရာ စာအုပ်တွေ ရှာရသည်” ဟုမှတ်သားစဖွယ် တင်ပြထားသည်ကိုလည်း လေ့လာရပါသည်။
ဆရာကိုလေး (အင်းဝဂုဏ်ရည်) ၏ ကဗျာအယူအဆနှင့် ပတ်သက်၍ “ကဗျာမှာတော့ ဦးကိုလေးဟာ ဂန္ထဝင်ဘက်က ရပ်တည်တယ်လို့ ဆိုရမယ်။ သူများမှာမရှိတဲ့ ကာရန် မြန်မာမှာရှိတာ ဘာကြောင့် ဖျက်ပစ်ဖြုတ်ပစ်ရမှာလဲ။ စာတစ်လုံး၊ စကားတစ်ခု၊ အဓိပ္ပာယ် တစ်ခုထွက်တဲ့ မြန်မာဘာသာစကားရဲ့ သဘာဝကို ဘယ်လိုဖျက်ပစ်လို့ရမှာလဲ။ ကာရန်ဆိုတာ အင်မတန်ချစ်စရာကောင်း တယ်။ မြန်မာကဗျာရဲ့ သဘာဝတစ်ခု၊ မြန်မာကဗျာရဲ့ ယဉ်ကျေးမှုပါ။ အချို့ကဗျာဆရာတွေဟာ ကဗျာကို ကာရန်မသုံးတော့ဘဲ ရစ်သမ်နဲ့ရေးတယ်ဆိုပြီး ရေးနေ ကြစဉ်မှာလည်း ဆရာဦးကိုလေးက မဖျောက်ဖျက်ပါဘူး။ သူ့ကဗျာက ကာရန်တွေနဲ့ လှပနေဆဲ” ဟူ၍ ဆရာချစ်မောင် (အဝကျွန်း) က ရုပ်ရှင်တေး ကဗျာမဂ္ဂဇင်းတွင် ပြောဖူးသည်။
စင်စစ် “အင်းဝကလူထုကဗျာဆရာ” စာအုပ်သည် ဆရာနှင့် ပတ်သက်၍လေ့လာစရာ၊ မှတ်သားစရာ အပြည့်ဟုပင် ဆိုရပါတော့ မည်။
မွန်းတည့်အမီ
ဆရာကိုလေး(အင်းဝဂုဏ်ရည်) ၏ “မွန်းတည့်အမီ” ကဗျာစာအုပ် ၂၀၁၂ ခုနှစ် ဧပြီလက လူထုကြီးပွားရေးစာအုပ်တိုက်မှ ထွက်ရှိလာသည်ကို တွေ့ရပါသည်။ ထိုစာအုပ်တွင်လည်း နှစ်ခြိုက်စရာ၊ လေ့လာစရာ ကဗျာအများအပြားပါရှိပါသည်။ ထိုစာအုပ်တွင် ကဗျာပေါင်း ၈၇ ပုဒ်မျှ ပါဝင်သည်ကို တွေ့ရသည်။ “လမ်းသစ်ကဗျာ” စာအုပ်နှင့်ဆိုလျှင် ၄၇ နှစ်မျှ နှစ်ပေါင်း ကွာခြားခဲ့သည်။ မြန်မာကဗျာလောကသည် အစဉ်တစိုက် ဆိုသလိုပင် တိုးတက်ပြောင်းလဲနေ သည်ဟု ကဗျာဖတ်သူ တစ်ဦးအနေဖြင့် ထင်မြင်မိပါသည်။ ဆရာ၏ကဗျာရေးဟန်သည်လည်း ထူးထူးခြားခြား ပြောင်းလဲလာသည်ဟု ယူဆမိပါသည်။ ရေးဟန် ပိုသွက်၊ ပိုမြူးကာ လန်းဆန်းလာသည်ဟု ထင်မိသည်။ စကားလုံးများ ဆစ်ယူလာသည်။ ကဗျာသံစဉ်စည်း သွက်လက်ချက်ချာ လာဟန်ကိုလည်း ခံစားမိပါသည်။
“မွန်းတည့်အမီ ́စာအုပ်တွင် စာကျင်၊ အမေ၊ ဒသမ သုည သုည နှစ်ခွန်၊ ဘွဲ့ရိုး... စသော ကဗျာများ၌ အသံဆစ်ယူထားပုံ၊ စကားလုံးဆစ်ယူထားပုံသွက်လက်သော ကဗျာဟန်များကို တွေ့နိုင်ပါသည်။
“ကိုလေး (အင်းဝဂုဏ်ရည်) က လူရွှင်ဗျ။ သူနဲ့တွေ့ရရင် ရွှင်ရတယ်။ ပျော်ရတယ်။ သူက ကဗျာဆရာဆိုသူတွေ အများစုလို ငေးငိုင် မှိုင်ငူ ငြူစူ မာန်ကြွ ဒေါသူပုန်ထနေသူ မဟုတ်၊ သူနဲ့ တွေ့လိုက်ပြောလိုက် ဆိုလိုက်ရရင် ကိုယ့်ရဲ့ မှိုင်းဝေတဲ့ စိတ်တွေတောင် လန်းဆန်းမြူးကြွ သွားရတယ်။ ကိုလေးက မျက်နှာမူရာ ကြည်သာရွှင်ပြုံးသလို သူ့စကားတွေ၊ သူ့ကဗျာတွေဆို တာကလည်း မြူးထူးလန်းဆန်းနေတာပါပဲ။ သူ့ကဗျာတွေမှာ အညည်းလေး ဖောက်ဖောက်၊ အပြုံးလေး နှောက်နှောက်၊ ဖတ်ရသူရင်ထဲမှာ အပြုံးလေး ရောက်ရောက်လာတယ်”ဟုဆရာဦးဝင်းတင်က အမှာတွင် တင်ပြထားသည်မှာ ဆရာ ကိုလေး၏ ကဗျာဟန်သဘောကို လှစ်ပြ ထားသည်ဟု မှတ်ယူမိပါသည်။
ဆရာကိုလေး (အင်းဝဂုဏ်ရည်) ၏ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရလျှင် ဆရာ့ မျက်နှာကိုမြင်ပြီး ဆရာ့စိတ်ဓာတ်ကို တွေးမိပါသည်။ လောကကို ဟာသနှင့် တရားသဘောနှောပြီး မြင်ပုံ၊ ဆရာ၏ ရဲဘော်ရဲဘက်စိတ်၊ ဆရာ့မေတ္တာ၊ သိမ်မွေ့လှသည့် သံဝေဂပွားရာ အသုံးအနှုန်းလေးများနှင့် ခေတ်၏ပုံရိပ်များကို ခံစားလာရပါသည်။
ဆရာမောင်သာနိုး၏ အမှာတွင် “ကျွန်တော်က ကိုလေးကဗျာအချို့ကို အင်္ဂလိပ်လို ဘာသာပြန် ဖူးသူပါ။ သူ့ကဗျာ တွေထဲက ပြန်စရာရွေးရင် ကောင်းနိုး ရာရာတွေဟာ လူထုကဗျာတွေ ဖြစ်နေ တာတွေ့ရတယ်။ လူထုကဗျာပုံစံမဟုတ်တဲ့ လေးလုံးစပ်၊ ဒွေးချိုး၊ တြိချိုးစတဲ့ ကဗျာသဏ္ဌာန်မျိုး စုံ သူရေးပါတယ်။ ဒါပေမယ့် လူထုကဗျာပုံစံဟာ ကိုလေးရဲ့ တံဆိပ်အမှတ်အသား (hallmark) ကဗျာ ဖြစ်တယ်” ဟု ကဗျာနမူနာများ ထုတ်ပြကာ သုံးသပ်ထားသည်မှာလည်း သတိပြုစရာ ကောင်းလှပါသည်။
ဆရာသည် လူထုဘဝရုပ်ပုံလွှာများကို ပီပြင်စွာထုဆစ်သည့် ကဗျာဆရာတစ်ဦးဖြစ်သလို လယ်တောကိုလည်း ချစ်သူ၊ သဘာဝအလှကိုလည်း မြတ်နိုးသူ ဟု မြင်မိပါသည်။
“မွန်းတည့်အမီ” ကဗျာစာအုပ်တွင် ဆရာကြီး ဒဂုန်တာရာက “ယခုကျွန်တော် အသက် ၉၀ ကျော်ပြီ။ အသက်မေးလျှင် ချက်ချင်းပြန်မဖြေနိုင်။ စဉ်းစားရသည်။ ကျွန်တော့်မြေးမလေးက “အဘိုး ဆရာကိုလေးကို ဘယ်မှာ သိတာလဲ” ဟု မေးသည်။ ကျွန်တော် ကဗျာများကို ဖတ် သည်။ ယနေ့ ခေတ်ပေါ်ကဗျာဆရာ ရေးသူတို့မှာ သူတို့စကားပြေကို ကဗျာဟု ထင်ကြသည်။ ကဗျာကို ကာရန်မပါဘဲရေးလျှင် ယင်းစာစုသည် စကားပြေစာစုသာ ဖြစ်မည်။ အချို့စကားပြေ ရေးသူများသည် သူတို့၏ စာစုကို ကဗျာဟုထင်ကြသည်။ ကျွန်တော်က ကဗျာကို ကဗျာလို ရေးမှကြိုက်သည်။ မြေးမလေးက ထပ်မေးသည်။ “အဘိုး ဘယ်မှာဆရာ ကိုလေးကို တွေ့တာလဲ'သည်မှာတွေ့တာပဲ။ ဘာသည်မှာ တွေ့တာလဲ။ ကျွန်တော်က ခေတ်ပေါ်ကဗျာထဲမှာ တွေ့တာလေ။ ကိုလေးကတော့ ကဗျာကို ရှေးကလို ရေးသည်။ ဒါကို ခေတ်သမားများက ကဗျာမဟုတ်ဟု ပြောကြသည်။ သို့ဖြစ်လျှင် ကဗျာသည် အဘယ်နည်း။ ယခု ဤသို့ဆိုလျှင် ကဗျာသည် အဘယ်နည်း” ဟု ပညာပါသောအမှာဖြင့် ဆန်းစစ် တင်ပြထားသည်ကို တွေ့ရပေသည်။
ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ ရင်တွင်းစကားသံ
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သည့် ၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲ အခမ်းအနားကြီးတွင် ဆရာ၏ပီတိ စကားသံ၊ ဩဝါဒစကားများ ကို မှတ်သားသိရှိခဲ့ရပါသည်။
“တစ်သက်တာ စာပေဆုရတဲ့ အတွက် ကြည်နူးတယ်။ အင်းဝဂုဏ်ရည်ဆိုတာ ကျွန်တော်တက် ခဲ့တဲ့ကျောင်းကို ဂုဏ်ပြုပြီး နာမည်နောက်မှာတွဲပြီး ပေးထားတာပါ။ “ကျွန်တော်တို့ဌာနေ ရွှေအင်းဝ’ ကဗျာနဲ့ စာပေလောကထဲကို ရောက်လာတာပါ။ ကဗျာရဲ့အလုပ်ကိုက လှုံ့ဆော်မှုပဲ။ စာဖတ်တဲ့သူကို လှုံ့ဆော်ရာမှာ ကဗျာနဲ့ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ကိုရပ် စတာတွေ လူသားတွေ အကုန်လုံး စစ်ပွဲရပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ် ကြီးပေါ်လာအောင် စာပေက စွမ်းဆောင်နိုင်တယ်။ ကဗျာက စွမ်းဆောင်နိုင်တယ်။ တကယ် တော့ စာပေဆိုတာ နူးညံ့တယ်။ စာပေက အသည်းထဲကို ချိန်တယ်။ ကျွန်တော်တို့ရဲ့ စာပေတွေက အသည်းထဲကို စိမ့်ဝင်အောင် ရသပိုင်းနဲ့ ပြောတာဆိုတော့ ပိုစွဲတယ်။ ကဗျာဆိုတာ စာပေရဲ့ အမြင့်ဆုံးအပိုင်းပဲ။ ဒီနေ့ခေတ်မှာ ရသ စာပေ အားနည်းသွားတဲ့အတွက် လူငယ်တွေ ရိုင်းသွားတယ်။ ဒါကို ပြန်ဖော်ထုတ် ရမယ်”
“ကျွန်တော်က ခြောက်တန်း ကျောင်းသားဘဝက ကဗျာစရေးတာပါ။ ပထမဆုံးကဗျာအဖြစ် မြန်မာ့လမ်းစဉ်သတင်းစာမှာ “ကျွန်တော်တို့ဌာနေ ရွှေအင်းဝ’ ဆိုတာ ရေးဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ လမ်းသစ်ကဗျာများ စာအုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ “မွန်းတည့်အမီ' ကဗျာစာအုပ်နဲ့ တော်ဘုရားလေးကဗျာဆု ရခဲ့ပါတယ်။ အခုရတဲ့ဆုနဲ့ ပတ်သက်လို့ ကျွန်တော်နဲ့ မတန်ဘူးလို့ ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လေးစားတဲ့ စာရေးဆရာကြီး ဆရာမကြီး တွေကို ရစေချင်ပါတယ်။ ကဗျာနဲ့ ပတ်သက်လို့ လူငယ်တွေကို ပြောချင်တာ က ကဗျာကို နိုင်ငံခြားက ယူရေးတဲ့အခါ အတွင်းက မြန်မာသံလေး ပါစေချင်ရင် မြန်မာပုံစံပြန်ရမယ်လို့ပြောချင်ပါတယ်” ဟု ကဗျာနှင့်ပတ်သက်၍ ဆရာ၏ ရင်တွင်းစကားသံကို မှတ်သားဖွယ် ကြားခဲ့ရပါသည်။
မြန်မာစာပေလောကအတွက် အဖိုး မဖြတ်နိုင်သည့် ကဗျာရတနာများကို ဘဝ တစ်လျှောက်လုံး ကြိုးပမ်းအားထုတ် ရေးသားခဲ့၊ ရေးသားဆဲဖြစ်သော စာပေဝမ်းစာပြည့်ဝလှသည့် အမျိုးသား စာပေ တစ်သက်တာဆုရှင် ကဗျာဆရာကြီး ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ ရေးရာများကို ကဗျာချစ်သူတစ်ဦး အနေဖြင့် လက်လှမ်းမီသမျှ 'ခြင်းပွဲမှသည် မွန်းတည့်အမီ အထိ တတ်နိုင်သမျှ စူးစမ်းလျက် စေ့ငုတင်ပြခဲ့ပါသည်။ ဆရာကြီး သက်တော်ရာကျော်ရှည်၍ စာပေအကျိုး ဆက်လက်ထမ်းဆောင်နိုင်ပါစေ သတည်းဟုဆန္ဒပြုတင်ပြလိုက်ရပါသည်။
စာကိုး
၁။ အလယ်တန်း ကဗျာလက်ရွေးစင် (ပညာရေးဝန်ကြီးဌာန) ၁၉၇၀ပြည့်နှစ်
၂။ လမ်းသစ်ကဗျာများ (ကိုလေးအင်းဝဂုဏ်ရည်) ၁၉၆၅ ခုနှစ်
၃။ နဒီငါးသွယ် (ကဗျာဆရာငါးဦး)အင်ကြင်းမြိုင်စာပေ၊ ၁၉၉၁ ခုနှစ်
၄။ ပုဏ္ဏားတိုင်ရသစာတမ်း(ကြည်နိုင်)အားမာန်သစ်စာပေ၊ ၂၀၀၁ ခုနှစ်
၅။ မွန်းတည့်အမီကဗျာများ(ကိုလေးအင်းဝဂုဏ်ရည်)လူထုကြီးပွားရေးစာအုပ်တိုက်၊ ၂၀၁၂ ခုနှစ်
၆။ အင်းဝက လူထုကဗျာဆရာ သို့မဟုတ် ကိုလေး (အင်းဝ ဂုဏ်ရည်) အသက် (၈၀) ပြည့် အမှတ်တရ - ပဉ္စဂံစာအုပ်တိုက်၊ ၂၀၁၆ ခုနှစ်
၇။ ကိုလေး (အင်းဝဂုဏ်ရည်) ကဗျာပေါင်းချုပ် - စိတ်ကူးချိုချို စာအုပ် တိုက်၊ ၂၀၁၆ ခုနှစ်
ရှင်စောဖြူ (စာပေဗိမာန်)