Skip to main content

တိုင်းဖျက်ပြည်ဖျက် PDF အမြစ်ပြတ်ချေမှုန်းကြရမည်

နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတဲ့သတင်းကို ဖတ်ရှုလိုက်ရပါတယ်။ နိုင်ငံရေးအပြောင်းအလဲ စတင်စဉ်ကနေ နိုဝင်ဘာလလယ်အထိကာလမှာ အကြမ်းဖက်သမားတွေကြောင့် အနယ်နယ်အရပ်ရပ်က ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း ၁၂ ဦး သေဆုံး ၊ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ပညာရေးဝန်ထမ်းတွေတင် မကပါ ဘူး။ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ပြန်ကြား ရေး၊ မြေစာရင်း၊ လျှပ်စစ်၊ သစ်တော၊ အကောက်ခွန်၊ လဝက၊ ပို့ဆက်၊ ဆောက်လုပ်ရေးစတဲ့နိုင်ငံ့ဝန်ထမ်း တွေကိုလည်း အကြမ်းဖက် PDF တွေ သတ်ဖြတ်ခဲ့လို့ စုစုပေါင်း ၃၈ ဦးအထိ သေဆုံးခဲ့ကြပြီး ဝန်ထမ်း ၇၉ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ရပ်တည်ချက်မှန်စွာနဲ့ စွန့်ခဲ့ရတဲ့အသက်တွေ

နိုင်ငံတစ်နိုင်ငံမှာ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေဟာ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေ ဖို့အတွက် အခြေခံအကျဆုံးကဏ္ဍတွေ ဖြစ်ပါတယ်။ အထူးသဖြင့် မိမိတို့တိုင်းပြည်လို ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရတဲ့နိုင်ငံမှာ ပညာရေးမြင့်မားအောင် ကျန်းမာကြံ့ခိုင်အောင် အဲဒီကဏ္ဍတွေမှာ တာဝန်ယူနေကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဆရာဝန်၊ သူနာပြုတွေဟာ မရှိမဖြစ်အရေးကြီး တဲ့သူတွေ။ ဘာသာတရားအရလည်း ဆရာကို အနန္တောအနန္တငါးပါးထဲမှာ ဘုရားနဲ့ တစ်ကိုင်းတည်းထားရှိပြီး ဆည်းကပ် လေ့ရှိတဲ့ မိမိတို့နိုင်ငံအတွက်တော့ အကြမ်းဖက် PDF တွေရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းခံရတဲ့ဆရာ၊ ဆရာမတွေ အားလုံးအတွက် ယူကျုံးမရ ဖြစ်မိပါတယ်။

နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုကာလမှာ ဝန်ထမ်းအချို့ CDM လုပ်သွားကြတဲ့အခါ အများစုသောကဏ္ဍဟာ ပညာရေးနဲ့ ကျန်းမာရေးပဲ ဖြစ်ပါတယ်။ သို့သော် ဌာနမှာ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဝန်ထမ်းတာဝန်ဝတ္တရားတွေကို အမျိုးမျိုးနှောင့်ယှက်နေချိန်မှာတောင် ထမ်းဆောင်ပြီး ကျန်ရစ်ခဲ့ကြသူတွေဟာ ရှိသမျှအင်အားနဲ့ ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်လည်ပတ်မှု ယန္တရား မရပ်တန့်စေဖို့၊ နိုင်ငံရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စာသင်ကျောင်းတွေ အမြန်ဆုံးပြန်ဖွင့်ဖို့၊ ဆေးရုံဆေးခန်းတွေ အမြန်ဆုံးပြန်ဖွင့်ပြီး လူနာတွေကို ကယ်တင်ဖို့ကြိုးပမ်း နေကြသူတွေ ဖြစ်ပါတယ်။ ထိုသူတွေကို သတ်ဖြတ်၊ တိုက်ခိုက်တဲ့ အကြမ်းဖက် သမားတွေရဲ့ အတွေးအခေါ်၊ ဦးနှောက်နဲ့ ဆင်ခြင်တုံတရားကိုတော့ သြချလောက်ပါပေတယ်။

ကလေးတွေ  ကျောင်းတက်ချင်ကြတယ်

ပြီးခဲ့တဲ့ရက်က ရန်ကုန်မြို့က ဆွေမျိုးသားချင်း ကလေးတွေကို မေးမိ တယ်။ “ကလေးတို့ ကျောင်းတက်ချင်ကြသလား”လို့။ အားလုံးတစ်ညီ

တစ်ညွတ်တည်း “တက်ချင်တာပေါ့။ ဒါပေမယ့် သွားမတက်ရဲသေးဘူး။ သွားတက်ရင် ဒလန်ဆိုပြီး သတ်ခံရမှာ စိုးလို့”ဆိုပြီး ဖြေကြပါတယ်။ နုနယ်ငယ်ရွယ်တဲ့ ကလေးတွေဟာ စာသင်ကျောင်းခန်းထဲမှာ စုံစုံညီညီနဲ့ ပညာသင်ကြားရမယ့်အချိန်၊ အခုတော့ အကြမ်း ဖက်သမားတွေရဲ့ရန်ကို ကြောက်တာနဲ့တင် ကျောင်းကို ရဲရဲမတက်ရဲ၊ ကျောင်းဝင်းထဲကို လွတ်လပ်ပေါ့ပါးစွာ ပြေးမဝင်ရဲ။ ဒါတွေဟာ တိုင်းပြည်ကောင်းဖို့လား၊ ဖျက်ဆီးဖို့လား PDF တို့ရေ။

ပြည်သူအတွက် ဝန်ဆောင်မှုပေးနေ တဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ လျှပ်စစ် ဝန်ထမ်းတွေ၊ စည်ပင်နဲ့ ဆောက်လုပ်ရေး ဝန်ထမ်းတွေ၊ ပို့ဆက်ဝန်ထမ်းတွေ ကိုလည်း ဦးနှောက်မပါတဲ့ PDF က အလွတ်မပေးပြန်ပါဘူး။ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာ  အကြမ်းဖက်သမား တွေကြောင့် အသက်ပေးခဲ့ကြရတာရှိတယ်။ ထို့အတူ နယ်မြေလုံခြုံရေး တာဝန်ရှိသူတွေ၊ ဒလန်လို့ အမည်တပ်ခံရသူတွေ၊ ဝန်ထမ်းတွေ အကြမ်းဖက်ခံရပြီး သေဆုံး၊ ဒဏ်ရာ ရတဲ့အခါ လူမှုကွန်ရက်တွေကနေ ပေါ်ပေါ်တင်တင် ပျော်ရဲကြသူတွေကိုလည်း အံ့အားသင့်ဖွယ် မြင်တွေ့ရပါတယ်။ မည်သို့သောတရားနဲ့ လက်ကိုင်ထားပြီးလူ့ဘဝကို ဖြတ်သန်းပါ သလဲပေါ့။ သူတို့အခေါ်ကတော့ လူသားအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်တာတွေဟာ ဒလန်ရှင်းလင်းရေးတဲ့လေ။ အမှန်က အကြမ်းဖက်တာ၊ ရက်ရက်စက်စက် အကြမ်းဖက်တာ၊ တိုင်းပြည်ကို နာလန်မထူအောင် ဖျက်ဆီးနေကြတာ။

နယ်ချဲ့လက်ပါးစေ အကြမ်းဖက်သမားများ

ဒီလိုအကြမ်းဖက်မှုတွေ PDF တွေ လုပ်နိုင်အောင် နောက်ကွယ်ကနေ ချုပ်ကိုင်ကြိုးဆွဲ ပေးသူတွေက ဘယ်သူ တွေများလဲ။ မမျှတတဲ့ ရွေးကောက်ပွဲကနေ ပြည်သူနဲ့အတူဆိုတဲ့ ရွှေရည်စိမ် စကားတစ်ခွန်းပိုက်ပြီး လုပ်ချင်ရာလုပ်ဖို့ မှန်းထားလေသမျှ လွှတ်တော်ကို တစ်ရက်တောင် တက်ခွင့်ရမသွားရှာတဲ့ CRPH ပြည်ပြေးအဖွဲ့နဲ့၊ ဒီမိုကရေစီ အယောင်ပြအာဏာ ယစ်မူးပြီးတိုင်းပြည်ကို အပိုင်းပိုင်းခွဲရောင်းစားလိုတဲ့ NUG လေလှိုင်းအစိုးရတို့ပါပဲ။

အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းတွေလို့ဆိုလိုက်ရင် သံဃာအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့ အစည်းနဲ့ ဝန်ထမ်းအဖွဲ့အစည်း၊ တပ်မတော်ဆိုပြီး Institution တွေ နိုင်ငံမှာရှိပါတယ်။ တပ်မတော်ဟာ စနစ်တကျနဲ့ လေ့ကျင့်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တာ ကြောင့် ဖျက်ဆီးဖြိုလှဲဖို့မလွယ်ကူပါဘူး။ ဒါကြောင့် အကြမ်းဖက်အင်အားစုတွေဟာ ဝန်ထမ်းအဖွဲ့ အစည်းကို ပထမဦးစွာ ချဉ်းကပ်ခဲ့ကြပါတယ်။ သို့သော်လည်း CDM ဟာ သူတို့မျှော်မှန်းသလို မအောင် မြင်ခဲ့ဘဲ CDM တံခါးကြီးဟာလည်း ပြည်ပြေး ဇော်ဝေစိုးတို့လက်ထဲမှာ ဖွင့်ချည်၊ ပိတ်ချည် အခါခါပါပဲ။ ဝန်ထမ်းအဖွဲ့အစည်းတွေကို တိုးမပေါက်တဲ့ ဒီမိုအမည်ခံ အာဏာမတရား ရလိုသူတွေဟာ ကျောင်းသားလူငယ်တွေကို ပစ်မှတ်ထား မြှောက်ပင့်ပြီး လမ်းပေါ်ထွက်ခိုင်းခဲ့ပါတော့တယ်။

နိုင်ငံရေးအတွေ့အကြုံ အားနည်း၊ အမြော်အမြင်မရှိတဲ့ လူငယ်တွေဟာ လမ်းပေါ်ထွက်ရာကနေ နောက်က မြှောက်ပင့်ပေးသူ တွေကြောင့် တစ်ဆင့်ပြီးတစ်ဆင့်တက်ရင်း ပဋိပက္ခအဆင့်ဆင့်၊ အကြမ်းဖက်အဆင့်အထိ ရောက်ရှိသွားကြရတာပါ။ လက်နက်တွေ ပေးတယ်၊ ဖောက်ခွဲရေး နည်းပညာတွေ သင်ပေးတယ်၊ ပြီးတော့ နီးစပ်ရာ တိုက်ခိုက်ခိုင်းတော့တာပဲ မဟုတ်ပါ လား။ ဒီနေရာမှာ တပ်မတော်လို အင်အားတောင့်တင်းပြီး စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးကိုရှောင်ပြီး အခြား Institution တွေကို ပစ်မှတ်ထားကြတော့တာပါပဲ။  ဝန်ထမ်းတွေကို သတ်ဖြတ်၊ ခြိမ်းခြောက်၊ CDM မလုပ်ရင် ဒလန်ဆိုပြီး သတ်ဖြတ်၊  အုပ်ချုပ်ရေး ဝန်ထမ်းတွေကို နယ်မြေ မငြိမ်သက်အောင်၊ မအေးချမ်းအောင်၊ မအုပ်ချုပ်နိုင်အောင် ဒလန်စွပ်စွဲ သတ်ဖြတ်ရင်းနဲ့ ပြည်သူတွေအတွက် တရားနဲ့ သူတို့ဘက်ကို ယိမ်းယိုင်လာစေဖို့ ဇာတ်သွင်းနေခဲ့တာ အထင်အရှားပါပဲ ။

သံဃာဂိုဏ်းသင့်မယ့် လူသတ်သမားတွေ

ယခုနောက်ပိုင်းမှာ အကြမ်းဖက် အဖွဲ့တွေဟာ သံဃာတော်တွေကိုလည်း အလွတ်မပေး၊ ပစ်မှတ်ထားသတ်ဖြတ် နေတာကို သတင်းတွေမှာ တွေ့ရပါတယ်။ သံဂါယနာနှစ်ကြိမ် တင်ထားခဲ့ဖူးပြီး သာသနာရောင်ဝါ ထွန်းလင်းတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတော်အဖို့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ နေ့ရက်တွေပါ။ ဆန္ဒပြပွဲနေ့ရက်တွေရဲ့ အစပိုင်းကတည်းက သံဃာတော်တွေအပေါ် ယုတ်ညံ့တဲ့အပြုအမူမျိုးစုံနဲ့ စော်ကားခဲ့ကြတယ်။ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေကို အမျိုးမျိုးစော်ကား ပြစ်တင်ခဲ့ကြပါတယ်။ အဓမ္မဘက်ကို မလိုက်ကြဘဲ ဘာသာ၊ သာသနာအကျိုးကိုသာ တစိုက်မတ်မတ် ဆောင်ရွက်တော်မူကြတဲ့ ဆရာတော်တွေကို ဝစီနဲ့ စော်ကားရုံမက အသက်အန္တရာယ်ကိုပါ ထိခိုက်လာခဲ့ကြပါတယ်။

ဥပမာတစ်ခုမှာ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာ မင်္ဂလာမှန်ကျောင်း ဆရာတော်ဆွမ်း ဘုဉ်းပေးစဉ် အကြမ်းဖက်သမား အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆရာ တော်မှာ နဖူးမှနောက်စေ့ကို ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာတင် ပျံလွန်တော်မူခဲ့တာကို လူမှုကွန်ရက်တွေမှာ ဓာတ်ပုံတွေနဲ့တကွ မြင်တွေ့ခဲ့ရပါတယ်။ အခြေခံလူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေ အားလုံး ပျက်သုဉ်းနေတဲ့ အကြမ်းဖက်သမားတွေလို့ပဲ ရေရွတ်မိရင်း ဘာသာသာသနာအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မုဆိုးတွေတောင်မှ အမဲလိုက်တဲ့အခါ အစာစားနေတဲ့ သားကောင်၊ နို့တိုက်နေတဲ့ သားကောင်ဆိုရင် မပစ်ကြပါဘူး။ အခုဟာက ဘုရားနဲ့တစ်ဂိုဏ်းတည်း သံဃာတော်ကို ဆွမ်းဘုဉ်းပေးချိန်မှာ ရက်ရက်စက်စက် ပစ်သတ်လိုသတ်၊ လမ်းဆုံလမ်းခွမှာ အကြောင်းမဲ့ပစ်သတ်လိုသတ်၊ စာချဆရာတော်ကို မထီမဲ့မြင် ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုနေတဲ့ အသံဖိုင်တွေ လူမှုကွန်ရက်တွေ ကနေ အမြင်မတော်တဲ့ မြင်ကွင်းတွေ မြင်တွေ့ကြားသိနေရတာ ပြည်သူတွေရဲ့ စိတ်နှလုံး ညှိုးနွမ်းဖွယ်ရာ တွေပါပဲ။

မြှောက်ထိုးပင့်ကော် သစ္စာဖောက်မီဒီယာများ

ဒါကိုတောင် ပြည်ပအားကိုးတဲ့ မီဒီယာတု၊ မီဒီယာယောင်တွေ၊ မီဒီယာအမည်ခံ သစ္စာဖောက် တွေက ရိုးရိုး သားသားမဖော်ပြဘဲ သံဃာတော်တွေရဲ့ သိက္ခာကိုတောင်ချနင်းပြီး မဟုတ်မမှန် သတင်းတွေ၊ ထင်ယောင်ထင်မှား အရေးအသားတွေနဲ့ ဆိုးဆိုးရွားရွား အကြမ်းဖက်မှုကို နိုင်ငံတကာက အပြစ်မမြင်လေရအောင် ဆိတ်သားရေနဲ့ ဖုံးကွယ်ပေးနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

ပြည်ဖျက် PDF ရဲ့ အစွမ်းကုန်ရက်စက်မှုတွေ

ယနေ့အထိ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ သံဃာတော် ၁၂ ပါးခန့် ရှိလာခဲ့ပါပြီ။ အကြောင်းမဲ့ သေနတ်နဲ့ပစ်ခံရ၊ မီးရှို့သတ်ဖြတ်ခံရ၊ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံခဲ့ရတာပါ။ ထို့အတူ ပညာရေး နယ်ပယ်က ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ ၁၂ ဦးခန့်ရှိလာပြီး ဆရာ၊ ဆရာမ ခုနစ်ဦး နဲ့ ဝန်ထမ်းငါးဦး ပါဝင်ပါတယ်။ ထို့အတူ သေကံမရောက်ခဲ့ဘဲ ထိခိုက်ဒဏ်ရာ ရရှိတဲ့ ဆရာ၊ ဆရာမ ၁၃ ဦးနဲ့ ပညာရေးဝန်ထမ်း နှစ်ဦး ရှိခဲ့ပါတယ်။ ထို့အတူ နိုင်ငံတည်ငြိမ်အေးချမ်းအောင်၊ တရားဥပဒေစိုးမိုးပြီး ပြည်သူတွေ လုံခြုံမှုရှိ

အောင် ပရဟိတစိတ်အပြည့်နဲ့ ထမ်းဆောင်နေကြတဲ့ရပ်ကွက်၊ ကျေးရွာ မှူးတွေ၊ ရာအိမ်မှူး၊ ရပ်ကျေးစာရေးတွေ စုစုပေါင်း ၁၉၈ ဦးကို အကြမ်းဖက်သမားတွေက လူမဆန်စွာ သတ်ဖြတ် ပစ်ခဲ့ကြပါတယ်။ ဒဏ်ရာရရှိသူတွေလည်း ၁၄၈ ဦးခန့် ရှိခဲ့ပါတယ်။ ပြည်သူအတွက်၊ နိုင်ငံအတွက် နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အညီ အေးအေးချမ်းချမ်းနဲ့ တာဝန် ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း ၃၈ ဦးခန့်ဟာ အဆင်အခြင်မဲ့အတ္တလွန်ကဲပြီး အသိစိတ်ခေါင်းပါးနေတဲ့ အကြမ်းဖက်သမား၊ ပြည်ပြေးလက်ပါးစေ PDF တွေကြောင့် ကြွေလွင့်ခဲ့ရပါပြီ။

အတ္တကြီးသူတို့ကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက အရာမထင်၊ အကျည်းတန် ပျက်သုဉ်းသွားခဲ့ရပြီ။ နိုင်ငံအတွင်း ထိခိုက်ကွဲရမှုတွေကို ပြည်သူနဲ့အစိုးရလက်တွဲညီညီနဲ့ အကောင်းဆုံးပူးပေါင်းပြီး ဖယ်ရှားသွားကြမယ်၊ ခလုတ်ကန်သင်းတွေဖြစ်တဲ့ အကြမ်းဖက်သမားတွေကို အစိုးရ၊ ပြည်သူပူးပေါင်းမှုနဲ့ ဖော်ထုတ်အမြစ်ဖြုတ်ကြမယ်ဆိုတဲ့ ပြည်ထောင်စုချစ်စိတ် ခိုင်ခိုင်မာမာ ထားရှိကြပါစို့လို့ ပြည်သူ တစ်ရပ်လုံးကို တိုက်တွန်းလိုက်ရပါကြောင်း။ ။

သော်က