ဝစီဒုစရိုက်ကျူးလွန်သူများ
မကောင်းမှုဆိုသည်မှာ မကောင်းမှု
မကောင်းသောအကျင့်ကို “ဒုစရိုက်”ဟု ဗုဒ္ဓဘာသာဝင်တို့ သိထားကြ၏။ ပါဠိဘာသာစကား “ဒုစ္စရိတ”ကို မြန်မာမှုပြုထားခြင်း ဖြစ်သည်။ အကုသိုလ်ဟုလည်းခေါ်၏။ ပထမဆုံး အဆုံးအမ ဖြစ်သည့် မကောင်းမှုရှောင်ရန်အတွက် မကောင်းမှုဆိုသည်ကို သိထားရမည်။ မကောင်းသော အမှု ဆယ်မျိုးရှိ၏။ ဒုစရိုက်ဆယ်ပါးဟု ခေါ်၏။
ကျွန်ုပ်တို့ငယ်စဉ်က“ငါးပါးပဉ္စသီ” ဆိုသောသီချင်းကိုနားရည်ဝ ခဲ့ကြသည်။ မူရင်းသီဆိုသူမှာ ဒေါ်တင်တင်မြ။ “ငါးပါးပဉ္စသီ” သီချင်းသည် နှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့ ခေတ် ပစ္စက္ခအခြေအနေကို ထင်ဟပ်သတိပေးလျက်ရှိ၏။
ထိုသီချင်းတစ်ပိုဒ်တွင် “ယခုကာလ XXX မုသာဝါဒပြုတာ မှားကြသည် 90% ဒုစရိုက်ဆယ်ပါး တရားနဲ့အညီ ပြုမိုက်ကယ်မှား မှားကြမည် xx” ဟုဆိုထား၏။ ယနေ့အခြေအနေများကို ရည်ညွှန်းနေသည့်အလားပင်။ ဒုစရိုက်ဆယ်ပါးကိုပြုလုပ်ကြလျှင် အမှားကြီး မှားကြမည်။ အထူးသဖြင့် မုသာဝါဒခေါ်ဝစီဒုစရိုက်ကို ပြုလုပ်ကြပါက ပို၍ပင်မှားကြပေတော့မည်။
ဒုစရိုက်မှုများကို သိသိကြီးနှင့် ကျူးလွန်နေကြသည်လား သို့မဟုတ်ထေရဝါဒ၏အဆုံးအမတို့ကို ပေါ့ပေါ့တန်တန်သဘောထားကာ အဆုံးအမများနှင့် တဖြည်းဖြည်းဝေးလာသဖြင့် ဒုစရိုက် ဆယ်ပါး အကုသိုလ်တရားတို့ကို တကယ်သိနားလည်ခြင်း မရှိတော့သည် လား။ ယနေ့ခေတ်တွင် ဒုစရိုက်မှုများ ပို၍များလာ၏။ သို့ဖြစ်၍ မြတ်ဗုဒ္ဓ၏ ပြည့်စုံစင်ကြယ်သည့် အဆုံးအမတို့ကို ခံယူထားသည့် နိုင်ငံဖြစ်ပါလျက် မိမိတို့လူ့အဖွဲ့ အစည်းအတွင်း ငြိမ်းချမ်းမှု၊ ချမ်းမြေ့မှုများ ပျောက်ကွယ်လျက်ရှိ၏။ အထူးသဖြင့် ဝစီဒုစရိုက်မှု များကြောင့်ဖြစ်၏။
ဒုစရိုက်ဆယ်ပါးဟူသည် ၁။ သူ့အသက်သတ်ခြင်း၊ ၂။ သူ့ဥစ္စာ ခိုးခြင်း၊ ၃။ သူတစ်ပါးသားမယား ပြစ်မှားခြင်း၊ ၄။ လိမ်ပြောခြင်း၊ ၅။ ကုန်းချောခြင်း၊ ၆။ ဆဲရေးတိုင်းထွာခြင်း၊ ၇။ အကျိုးမဲ့စကား ပြောခြင်း၊ ၈။ သူတစ်ပါးကို မကောင်းကြံစည်ခြင်း၊ ၉။ သူတစ်ပါးကို သေကျေပျက်စီးအောင် ကြံစည်ခြင်း၊ ၁၀။ အယူမှားခြင်းတို့ ဖြစ်၏။ ပထမသုံးမျိုးသည် ကာယဒုစရိုက်များဖြစ်၏။ ဒုတိယလေးမျိုး က ဝစီဒုစရိုက်များဖြစ်၏။ တတိယသုံးမျိုးကား မနောဒုစရိုက်များ ဖြစ်၏။
ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် သုံးပါးတွင် မည်သည့် ဒုစရိုက်က အဆိုးရွားဆုံး ဖြစ်သနည်း။ သာမန်အားဖြင့် ကာယ ဒုစရိုက်က အဆိုးဆုံးဖြစ်မည်ဟု ထင်ကြလိမ့်မည်။ မနောဒုစရိုက်က စိတ်ထဲတွင်ကြံစည်ခြင်းဖြစ်၍ ဒုစရိုက်ဟုပင်ထင်ကြလိမ့်မည် မဟုတ်။ တကယ်တော့ ဝစီဒုစရိုက်မှုများက အဆိုးရွားဆုံးဖြစ်၏။ ဒုစရိုက်ဟူသည် မည်သည့်ဒုစရိုက်မှ ကောင်းသည်မဟုတ်။ ကျူးလွန်သူကို ထိခိုက်မည်။ ကျူးလွန်သူ၏ ပတ်ဝန်းကျင်ကိုထိခိုက်မည်။ ယခုဘဝတွင် လက်ငင်းထိခိုက်မည်။ သံသရာဘဝများ တွင်လည်း ထိခိုက်မည်။
ဒုစရိုက်မှု အဘယ်ကြောင့် ကျူးလွန်ကြပါသနည်း။ လောဘရှိသဖြင့် ကျူးလွန်၏။ ရနေသည် ထက် ပိုလိုချင်သည့်အခါ လောဘတကြီးဖြစ်လာ၏။ လောကနိယာမအတိုင်း လိုချင်သလောက် မရသည့်အခါ ဒေါသဖြစ်လာရသည်။ လောဘ၊ ဒေါသနောက် တွင် ပညာမဲ့ခြင်း၊ ဆင်ခြင်ဉာဏ် ကင်းမဲ့ခြင်းဆိုသည့် မောဟလိုက်လာ၏။ လောဘ၊ ဒေါသ၊ မောဟကြောင့် အဟိရိက-အရှက်ကင်းမဲ့လာသည်။ အနောတ္တပ္ပ အကြောက်ကင်းမဲ့လာသည်။ အရှက်(ဟီရိ)နှင့် အကြောက် (ဩတ္တပ္ပ) တရားနှစ်ပါးက လူ့လောကကြီးကို စောင့်ရှောက်နေသည့် လောက ပါလတရားတို့ ဖြစ်ကြ၏။ အရှက်နှင့် အကြောက်ကင်းမဲ့လာသည့်အခါ မည်သည့်မကောင်းမှုဒုစရိုက်ကိုမဆို ကျူးလွန်ဝံ့လာတော့၏။ လောကကြီးပျက်စီးမည်ကို အမှုမထားတော့။ မောဟအမိုက် မှောင် ဖုံးလွှမ်းနေသဖြင့် လောကကြီးပျက်စီးလျှင် ကျူးလွန်သူကိုယ်တိုင်ပါ ပျက်စီးမည်ကို မြင်နိုင်စွမ်း မရှိတော့။
အဆိုးရွားဆုံးဒုစရိုက် သို့မဟုတ် ဝစီဒုစရိုက်
ဒုစရိုက်ကံသုံးပါးတွင် ဝစီဒုစရိုက်က အဆိုးဆုံးဖြစ်၏။ အဘယ်ကြောင့်နည်း။ မနောဒုစရိုက်က စိတ်တွင်ကြံစည်ခြင်းဖြစ်၍ ကာယကံမြောက်၊ ဝစီကံမြောက်ဖြစ်မလာလျှင် ဒုစရိုက်မှုကြံစည် သူကိုသာ ထိခိုက်စေမည်။ ပတ်ဝန်းကျင်ကို မထိခိုက်နိုင်။ ကာယဒုစရိုက်သည် ထင်သာမြင်သာ ရှိသော်လည်း ဒုစရိုက်မှုကျူးလွန်သူ လက်လှမ်းမီသလောက် (ပတ်ဝန်းကျင်ကို)သာ ထိခိုက် သည်။ ၀စီ ဒုစရိုက်ကမူ သက်ရောက်မှု ပိုကျယ်ပြန့်၏။ ကျူးလွန်သူ၏ ပတ်ဝန်းကျင် အသိုက်အဝန်းကိုကျော်လွန်ကာ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေ၏။ လူ့အဖွဲ့အစည်း တစ်ခုလုံး ကို ထိခိုက်နစ်နာစေ၏။ ယနေ့ခေတ်လို စကားတစ်ခွန်း၊ အပြောတစ်ချက်၊ အရေးတစ်ပိုဒ်က တစ်ကမ္ဘာလုံး ပျံ့နှံ့သွားတတ်သည့်ခေတ်တွင် ပို၍ထိခိုက်စေသည်။ ထို့ကြောင့် ဝစီ ဒုစရိုက်က ပိုကြောက်စရာကောင်းကြောင်း ရဟန်းပညာရှိ၊ လူပညာရှိ များက သွန်သင်ဆုံးမကြခြင်းဖြစ်၏။
မုသာဝါဒခေါ် လိမ်လည်ပြောဆိုမှု၊ မဟုတ်မမှန်ပြောဆိုမှုသဘောမှာ ယေဘုယျအားဖြင့်
၁။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ဖြင့် အနှစ်ပြည့်နေသူအပေါ် စွပ်စွဲပြောဆိုခြင်း၊
၂။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ (အဂတိလေးပါး)တို့ဖြင့် ပြောဆိုခြင်း၊
၃။ ပညာမဲ့သဒ္ဓါ (မျက်ကန်းယုံကြည်မှု)ဖြင့် ပြောဆိုခြင်း၊
၄။ ကဲ့ရဲ့ရမည့်သူကို ချီးမွမ်းခြင်း၊
၅။ ချီးမွမ်းရမည့်သူကို ကဲ့ရဲ့ခြင်း၊
၆။ တရားကို မတရား၊ မတရားကိုတရားဟုပြောခြင်း၊
၇။ ဥပဒေဟုတ်သည်ကို ဥပဒေမဟုတ်၊ ဥပဒေမဟုတ်သည်ကို ဥပဒေဟု ပြောဆိုခြင်း၊
၈။ အမှန်လုပ်နေသည်ကို မမှန်လုပ်သည်၊ မမှန်လုပ်နေသည်ကို အမှန်လုပ်သည်ဟု ပြောဆိုခြင်း၊ ၉။ မပြောသည်ကို ပြောသည်၊ ပြောသည်ကို မပြောဟုဆိုခြင်း၊
၁၀။ တရားဝင်သည်ကို တရားမဝင်၊ တရားမဝင်သည်ကို တရားဝင်ဟုပြောခြင်းတို့ဖြစ်၏။
ဝစီကံ-ပြောခြင်းကို ပဓာနပြုဆိုရသော်လည်း မမှန်မကန်ရေးသားမှု၊ မမှန်မကန်ဟောပြောမှု၊ မမှန်မကန် သတင်းရေးသား ထုတ်လွှင့်မှု၊ မမှန်မကန်ကြေညာချက် ထုတ်ပြန်မှုများလည်း ပါဝင်သည်ကို သတိပြုရမည်ဖြစ်၏။ ယင်းတို့သည် ဝစီဒုစရိုက်များ ဖြစ်ကြ၏။ ထို့အတူ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း အချင်းချင်း ချစ်ကြည်မှုပျက်ပြား ကုန်းချောစကားပြောခြင်း-ပိသုဏဝါစာ။ ယဉ်ကျေးသိမ်မွေ့သည့် လူမျိုးကြီးဂုဏ်ပျက်ပြားစေသော ဆဲရေးတိုင်းထွာ၊ ရုန့်ရင်းကြမ်းတမ်း သည့်စကားများပြောဆိုခြင်း-ဖရုသဝါစာ။ အနှစ်ကင်းမဲ့သောစကား ပြောခြင်း-သမ္ဖပ္ပလာပတို့သည်လည်း ဝစီဒုစရိုက်များ ဖြစ်ကြ၏။ သတိထားမိသူတိုင်း သိမြင်ပါလိမ့်မည်။ ယနေ့ခေတ်တွင် ဝစီဒုစရိုက် များကို အမျိုးမျိုးအဖုံဖုံဖြင့် အကြီးအကျယ် ကျူးလွန်လျက်ရှိကြ၏။
ဝစီဒုစရိုက်သမားများကြောင့် လူအများကို အကျိုးစီးပွား ပျက်ပြားစေသည်။ လူအများကို ကိုယ်စိတ်နှစ်ပါးဆင်းရဲစေသည်။ သူတော်ကောင်းတရားများကို ကွယ်ပျောက်စေသည်။ လူ့အဖွဲ့ အစည်း၏ တည်ငြိမ်အေးချမ်းမှု၊ စည်ပင်သာယာဝပြောမှုကို ထိခိုက်ပျက်ပြားစေသည်။ ကျူးလွန်သူများကိုယ်တိုင်လည်း ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသည့်စကားအတိုင်း ကာလဝိပါက် နောက်ပိုး တက်ကာ မကောင်းသည့်ကံများ၏ ဖိစီးနှိပ်စက်မှုကို မကြာမတင်ခံစားရမည်။ သံသရာ ဘဝများတွင်လည်း မကောင်းမှုဒဏ်ကို တန်ပြန်ခံစားရပေမည်။
ခေတ်ပေါ်ဝစီဒုစရိုက်မှုများ
သည်ဘက်ခေတ်တွင် ဒုစရိုက်မှုများ ပို၍ကျူးလွန်လာကြသည်။ ယခင့်ယခင်ခေတ်တွေ ကလည်း ဒုစရိုက်မှုကျူးလွန်ကြသည်သာ။ သို့သော် သတင်းနှင့်ဆက်သွယ်ရေး နည်းပညာများကို သည်ဘက်ခေတ်တွင် လူတိုင်းလူတိုင်း အသုံးပြုနိုင်လာပြီးနောက် လူမှုဘဝများ၏ နေ့စဉ် ဖြစ်နေပျက်နေမှုများကို ဆိုရှယ်မီဒီယာများတွင် အသေးစိတ်နီးပါး သိမြင်ဖတ်ရှုလာရသည်။ အမှန်လည်းပါ မည်။ အမှားလည်းပါမည်။ စစ်တမ်းလုပ်စရာမလိုလောက်အောင် သေသေချာချာ သိလာရ သည့်အချက်က အိုင်တီနည်းပညာသုံး ဆိုရှယ်မီဒီယာများ၌ ရေးသား ပြောဆိုနေကြသည်များတွင် အမှန်က နည်းနည်း၊ အမှားက အများစု ဖြစ်နေသည်ဆိုသည့် အချက်ပင်။ ဝစီဒုစရိုက်လေးပါးစုံလှသည်။
သည်ဘက်ခေတ်တွင် Human Rights ဆိုသည့် အသံကျယ် လောင်လာ၏။ ယင်းနှင့်အတူ Freedom of speech; Freedom of Expression ဆိုကာ လွတ်လပ်ခွင့်များ တောင်းဆိုကြ၏။ ဒီမိုကရေစီ ပထမသက်တမ်းအစိုးရလက်ထက်တွင် နိုင်ငံတော်ကလည်း ထိုအခွင့် အရေးအတွက် လိုအပ်သည်များ ဖော်ဆောင်ပေး၏။ ဒီမိုကရက်တိုက်ဇေးရှင်းလုပ်သည်ဟု ဆိုနိုင်မည်။ ထို့ကြောင့် သည်ဘက်ခေတ်တွင် လွတ်လပ်စွာ ထုတ်ဖော်ကြ၊ ပြောဆိုကြ၊ ရေးသားကြ၊ သတင်း ရေးကြ၊ ထုတ်ကြ၊ လွှင့်ကြ၊ ကြေညာချက်တွေ ထုတ်ကြသည်။ လွတ်လပ်ခွင့် ရလာသည်။ သို့သော် လွတ်လပ်ခွင့်ကို စည်းမရှိကမ်းမရှိ အသုံးပြုလာကြ၏။
ထိုသို့လုပ်သည့်အခါ အတ္တစွဲများပါလာ၏။ ပုဂ္ဂိုလ်စွဲများပါလာ၏။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအပေါ် အခြေခံပြောဆိုလာ၏။ အဂတိလေးပါးဖြင့် ရေးသားလာကြ၏။ တစ်ဦးချင်းလည်း ပြောဆို ရေးသားလာ၏။ အဖွဲ့လိုက်လည်း ရေးသားပြောဆိုလာ၏။ သတင်းဌာနအချို့သည် လည်းကောင်း၊ ကျင့်ဝတ်စောင့်ထိန်းရမည့်သူများ၊ အဖွဲ့အစည်း များသည်လည်းကောင်း ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ထုတ်လွှင့်ရေးသားပြောဆိုလာကြ၏။ အကြွင်းမဲ့လွတ်လပ်မှုဟူသည်မရှိ။ လွတ်လပ်မှုတိုင်းတွင် ထိန်းချုပ်မှုပါရှိရစမြဲ။ သို့သော် လွတ်လပ်မှုကိုသာ မြင်သည်။ ထိန်းချုပ် မှုကို မျက်ကွယ်ပြုထား၏။ သို့နှင့် ငါတကောကောသည့် လွတ်လပ်မှုဘက်သို့ နိမ့်ဆင်း သွားသည်။
ထို့ကြောင့်ပြောဆို ရေးသား ထုတ်လွှင့်၊ ထုတ်ပြန်ချက်များတွင် အမှန်တရားနည်းလာသည်။ အပြုသဘောဆောင်မှု ကင်းမဲ့လာ၏။ အမှားကအများစုဖြစ်လာ၏။ အဖျက်သဘော လွှမ်းမိုး လာ၏။ ထိုသို့ အမှန်ကနည်းနည်း၊ အမှားကများများ၊ အပြုသဘောကင်းမဲ့၊ အဖျက်သဘော လွှမ်းမိုးလာခြင်းများကြောင့် နိုင်ငံနှင့်လူမျိုးကို အကျိုးမဲ့ဖြစ်ရသည်။ နိုင်ငံသူ နိုင်ငံသားများ၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲရသည်။ ကြာလျှင် သူတော်ကောင်းတရားများကို ကွယ်ပျောက် စေလိမ့်မည်။ မိမိတို့လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှု၊ စည်ပင်သာယာဝပြောမှုကို ထိခိုက်ပျက်ပြားစေလိမ့်မည်။
အမိနိုင်ငံ တည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ သာယာဝပြောမှုကို လိုလားသူတိုင်း ဝစီဒုစရိုက်များကို သတိထားရမည်။ တစ်ဖက်တွင်လည်း လွတ်လပ်စွာပြောဆိုခွင့်ကို အလွဲသုံးကာ ယနေ့ခေတ် ၀စီ ဒုစရိုက်မှုကျူးလွန်နေသူများ၊ ကျူးလွန်နေမှုများကို မြင်အောင်ကြည့်ပြီး မဖြစ်သင့်သည်များ ဖြစ်မလာအောင် ကာကွယ်သွားကြ ရန်လိုမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
သစ္စာမြန်မာ