Skip to main content

ကမ္ဘောဇဌာနီမှ တန်ဆောင်တိုင်ဆီသို့

အရှေ့တောင်ကြောဘက်ဆီမှတိုက်ခတ်လာသော ထင်းရှူးရနံ့လေအေးတို့သည် လူအုပ်အကြားသို့ ဖြန့်ကြက်တိုးနေသည်။ လတ်ဆတ်သော ထင်းရှူးရနံ့လေအေးကြောင့်  ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွား၏။ လူအုပ်ကြားတိုးဝှေ့နေစဉ်က သတိမထားမိသော လေအေးကို လူအုပ်နှင့် လွတ်ကင်းချိန်မှ အားရပါးရရှူမိသည်။ စိတ်ရောကိုယ်ပါ အေးချမ်းသွားတော့၏။ စိတ်အေးချမ်းသွားမှ ဝန်းကျင်ပတ်လည်ကို မျှော်ကြည့်လိုက်တော့ မြင်မြင်သမျှသည် လူပင်လယ်ကြီးပမာ။ အဆုံးအစ ကလနားသတ်ကိုမမြင်ရ။ ထိုအထဲတွင် အများသူငါလို မိမိသည်လည်း စီးမျောလျက်ရှိနေ၏။

ထိုသို့သော မြင်ကွင်း၊ ရသနှင့် အတွေ့အကြုံတို့သည်တစ်နှစ်တည်းသာမဟုတ်။ နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလရောက်တိုင်း တွေ့နေကျ၊ မြင်နေကျ၊ ခံစားနေကျ။ ထိုနေရာက မောတို့ဌာနေ တောင်ကြီးမြေမှ အဝေရာမီးပုံးပျံကွင်းကြီးတွင် အများသိကြသည်က တောင်ကြီးရိုးရာ တန်ဆောင်တိုင် မီးပုံးပျံပွဲ။ တောင်ကြီး မြို့သူမြို့သားများသာမက ပြည်တွင်းခရီးသွား ဧည့်သည်များ၊ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ စည်ကားသိုက်မြိုက်စွာ လာရောက် လည်ပတ်ကြသည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခု ဖြစ်၏။

နိုင်ငံသိ၊ ကမ္ဘာသိ တောင်ကြီးတန်ဆောင်တိုင်ဆိုသည်ကမကြာသေးမီကမှ ကျင်းပလာခဲ့သည့် ရိုးရာမီးပုံးပျံပွဲ တစ်ခုမဟုတ်ချေ။ ကြာခဲ့လေပြီ။ ကာလအပိုင်းအခြားအားဖြင့် ဆိုရလျှင် နှစ်ပေါင်း ၇၀ ကျော် တိုင်ခဲ့လေပြီ။ သို့သော်လည်း တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲဆိုသည်က အချိန်တိုက်စားမှုကြောင့် မှေးမှိန်လျော့ပါးသွားတတ်လေ့ရှိသည့် သဘောထက် ပို၍ပို၍ ခိုင်မာလာသည့် ဒြပ်မဲ့ရိုးရာ ယဉ်ကျေးမှုပွဲတစ်ခုဟုဆိုက ပို၍မှန်ပေလိမ့်မည်။ ပိုမှန်စေသည့် အထောက် အထားများကလည်း အခိုင်အမာ ရှိနေ ပေသည်ကိုး။

တန်ဆောင်တိုင်ကျင်းပရာ မောတို့ဌာနေ

မြန်မာနိုင်ငံအတွက် မီးပုံးပျံပွဲ အခေါ်အဝေါ်သည်ကပင် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲကို ရည်ညွှန်းသလိုဖြစ်နေသည်။ မီးပုံးပျံပွဲလို့ ဆိုလိုက်လျှင် တောင်ကြီး တန်ဆောင်တိုင်ကို ပြေးမြင်မိကြသည် မဟုတ်ပါလား။ တန်ဆောင်တိုင် မီးပုံးပျံပွဲနှင့်အပြိုင်  လူသိများသည်က ရိုးရာမီးပုံးပျံပွဲကြီး ကျင်းပသည့် အလှတရားတို့ စုဝေးရာ ကမ္ဘောဇဌာနီ မောတို့ပြည် တောင်ကြီး မြို့ပင် ဖြစ်ပါ၏။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကို ရောက်ဖူး ကြပေလိမ့်မည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေရှိ ရှမ်းပြည်တောင်တန်းပေါ်တွင် တည်ရှိသည်။ တောင်ပေါ်မြို့ ဖြစ်သည့်အလျောက် ရာသီဥတုမှာ သာမန်အချိန်တွင်ပင် အေးမြမြနှင့်။ ထို့အပြင် ချယ်ရီပန်း၊ စိန်ပန်းပြာတို့နှင့် လှပတင့်တယ်နေသည့် မြို့။ တန်ဆောင်တိုင်ကာလတွင် မြူနှင်း မှုန်များအကြား ခိုက်ခိုက်တုန် ချမ်းအေးလှ၏။ နံနက်ပိုင်းတွင် မြူနှင်းများနှင့် တောင်ကြီးမြို့မှာ တိမ်ပင်လယ်ကြီး အတွင်း လွင့်မျောနေသည့် မြို့ကြီး တစ်မြို့ပမာ။ လှပလွန်း သာယာလွန်း အေးချမ်းလွန်းသည်မှာ တုနှိုင်းမဲ့ဟုဆိုလျှင် ပိုမည်မထင်။

တောင်ကြီးမြို့ကို ၁၈၉၀ ပြည့်နှစ်က တည်ထောင်ခဲ့ရာ ယခုအခါ မြို့တည် နှစ်ပေါင်း ၁၃၀ ကျော်လေပြီ။ တောင်ကြီး မြို့တွင် ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ ပလောင်၊ အင်းသား၊ ဓနု၊ တောင်ရိုး စသည့် တိုင်းရင်းသားများ စုစည်းနေထိုင်ကြသည်။ မောတို့ဌာနေ တောင်ကြီးမြို့ဟု ဆိုလိုက်လျှင် ရာသီဥတုသာ အေးချမ်းသည်မဟုတ်။ တောင်ကြီးမြို့သူ၊ မြို့သား များနှင့် ဒေသခံတိုင်းရင်းသား တို့၏ စိတ်ရင်းစိတ်ထား၊ အနေအထိုင်၊ အပြောအဆိုမှာလည်း ရိုးသား၏၊ ဖြူစင်၏၊ အေးချမ်းလှ၏။ အေးချမ်းသော မျက်နှာ၊ ချိုသာသောအပြုံး၊ နူးညံ့သောစကားတို့သည် တောင်ကြီးမြို့သို့ အလည်အပတ် လာရောက်သူတိုင်းအတွက် နှစ်ဖြာသော ကိုယ်စိတ်သုတ ပြည့်စုံစေပါ၏။ ထို့အပြင် တောင်ကြီးမြို့ ပတ်ဝန်း ကျင်တွင်လည်း ဘုရားဖူးစရာ၊ အလည်အပတ်သွားစရာ၊ လေ့လာစရာနေရာ၊ အနားယူစရာများစွာ ရှိနေသည်။ တောင်ကြီးမြို့၏ ထင်းရနံ့ သင်းသော လေနုလေအေးရှူရှိုက်ရင်း မြင်ကွင်း တစ်ဆုံး တောင်စွယ်တောင်တန်းနှင့် မိုးကုပ်စက်ဝိုင်းကြီးကို ကြည့်ရှုခံစားနိုင်ပါ၏။ သဘာဝအလှ ချယ်ရီပန်းနှင့် စိန်ပန်းပြာတို့ကို လည်း အလှတွင်အယဉ်ဆင့် ပဏာတင့်စွာ ရှုမြင်ကြည်နူးနိုင်ပါ၏။

ထိုသို့ ကာယသုခ၊ စိတ္တသုခ ရသစုံလွင်စွာပေးနိုင်စွမ်းသော တောင်ကြီးမြို့သို့ ရောက်ဖူးကြပါသော်လည်း အချို့မှာမူ အကြောင်းအမျိုးမျိုးကြောင့်တောင်ကြီး တန်ဆောင်တိုင်ပွဲနှင့် မကြုံကြိုက်တတ်ကြ။ အခွင့်အခါမသင့် တတ်ကြ။ သို့သော် တောင်ကြီးမြို့သို့ရောက်လျှင် တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲ နွှဲပျော်နိုင်မှ ပြည့်စုံသည်ဟု ညွှန်းလိုလှ၏။ ကိုယ်တွေ့ကြုံမှ ခံစားဖူး၊ ကြည်နူးဖူးကြပေလိမ့်မည်။

အချိန်ယူပြင်ဆင်ကြရ

တောင်ကြီး တန်ဆောင်တိုင်ပွဲကို နှစ်စဉ်တန်ဆောင်မုန်းလတွင် ကျင်းပသည်။ ပွဲကျင်းပသည့် ရက်သည်လည်း ပုံမှန်အားဖြင့် ၁၀ ရက်ကြာလေ့ရှိသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ပိတ်ပွဲ ကျင်းပလေ့ရှိသည်။ ပွဲတော်ရက်အတွင်း မီးပုံးပျံများကို နေ့ရောညပါ လွှတ်တင်ကြသည်။ နေ့ခင်းတွင်လည်း စည်ကားလှ၏။ နေ့လွှတ် မီးပုံးပျံအရုပ်များက ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးနှင့် အပြိုင်လွှတ်နေကြသည်ကိုး။ လွှတ်သူများကလည်း လွှတ်၊ အားပေးနေသည့် ပရိသတ်ကလည်း အားပေးကြ၊ ဈေးတန်းလည်သူများကလည်း လည်ကြ၊ ဈေးရောင်းသူများက ရောင်းကြ၊ တိုင်းရင်းသားစုံ၊ လူမျိုးစုံ၊ အရွယ်စုံနှင့် ရှုမငြီးနိုင်သည့် ယဉ်ကျေးမှု ပဒေသာ ပွဲကြီးဖြစ်အဖြစ် မြင်ရပါသည်။

ထိုသို့သော ပွဲတော်အတွက် ကြိုတင် ပြင်ဆင်ကြရသည်က ရက်ပိုင်းနှင့်မရ၊ လနှင့်ချီ၍ ကြိုတင်ပြင်ဆင်ကြရသည်။ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲသူများကလည်း ကြိုတင်ပြင်ဆင်ကြရ သကဲ့သို့  မီးပုံးပျံ အဖွဲ့များကလည်း တအုန်းအုန်း တရုန်းရုန်းနှင့် ကိုယ့်အဖွဲ့နှင့်ကိုယ် ပြင်ကြရ၏။ မီးပုံးပျံဆိုသည်ကလည်း ကိုယ်လုပ်ချင်တိုင်း လုပ်၍မရ။ မီးပုံးပျံ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ဦးစီးလုပ်ကြရသည်။ စည်းကမ်းချက်၊ သတ်မှတ်ချက်များနှင့် ညီရသည်။ မီးပုံးပျံတွင် ချိတ်ဆွဲမည့် ယမ်းများဆိုသည်က စိတ်ကူးတည့်သလို ထည့်ချင်တိုင်း ထည့်၍မရ။ ပညာသား ပါသည်။ ချိန်သားကိုက်ရန် လို၏။ အန္တရာယ်ကင်းရန် အထူးဂရုပြုရသည်။ လှပ၍ မျက်စိ ပသာဒဖြစ်ရန်လိုသည်။ အမှတ်ပေး စည်းမျဉ်းများနှင့်လည်း ကိုက်ညီရန် လိုအပ်သည်။ ထို့အတွက် အချိန်ယူ ပြင်ဆင်ကြရသည်။

ထိုထက် ပို၍အရေးကြီးသည်မှာ ရိုးရာအတိုင်းဖြစ်ရန်ပင်။ အသင့်သုံးယမ်းများကို အသုံးမပြုရန် တားမြစ်ထားသည်။ သို့ဖြစ်သည့်အတွက် အစဉ်အလာ ရိုးရာအတိုင်း မီးပုံးပျံချိုးရန် ပညာနှင့် အတွေ့အကြုံ လိုအပ်၏။ မီးပုံးပျံ ကိုယ်ထည်အတွက် ရှမ်းစက္ကူ ညှပ်ခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ယမ်းစပ်ခြင်း၊ ငွေမင်စပ်ခြင်းများကို ကိုယ်တိုင်လုပ်ကြရ သည်။ သို့အတွက် အချိန်ပေးကြရသည်။ ငွေကုန်ကြေးကျလည်း များ၏။ ယမ်းစပ် ခြင်းမှာ ပညာသားပါလှသလို မီးပုံးချိုးရာ တွင်လည်း ချိတ်ဆွဲမည့် ယမ်းနှင့် ကိုက်ညီရန် လိုအပ်ပေသည်။ မီးပုံးပျံကကြီး၍ ယမ်းနည်းနေပါက အထက်သို့ မြန်မြန်တက်သွားပြီး မျက်စိပသာဒ ကျတော့မည်မဟုတ်။ မီးပုံးပျံသေး၍ ယမ်းအလေးချိန်များပါကလည်း မီးပုံးပျံသည် အထက်သို့ မတက်နိုင်သဖြင့် ယမ်းများက မြေပြင်နားတွင်ကပ်၍ ကွဲထွက်ကာ အန္တရာယ်ဖြစ်ပေလိမ့်မည်။ သို့ဖြစ်သည့်အတွက် အချိန်ယူပြင်ကြရ၏။ ရိုးရာမီးပုံးပညာရှင်များ၏ စစ်ဆေးမှုလည်း ခံကြရ၏။ ကြည့်ရှုရသူများ အတွက် တဒင်္ဂခဏတာအချိန်ဖြစ်သော်လည်း ပြင်ဆင်ရသည်က အချိန်များစွာ လိုအပ်သည်၊ စည်းလုံးမှု လိုအပ်သည်။ ရိုးရာချစ်စိတ် လိုအပ်သည်။

ရိုးရာမပျက်

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲသည် တန်ဆောင်တိုင်ကာလအတွင်း နတ်ပြည်မှ ဆင်းသက်လာသည့် မြတ်စွာဘုရားအား ရည်မှန်း၍ မီးပူဇော်ခြင်းမှ စတင်ခဲ့ကြောင်း မှတ်သားရသည်။ ဘာသာရေးနှင့် သက်ဆိုင်သော ရိုးရာ ယဉ်ကျေးမှုပွဲတော်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ၁၀ ရက် ကျင်းပလေ့ရှိပြီး မီးပုံးပျံများကို နေ့ရောညပါ လွှတ်တင်ကြသည်။ ပွဲတော် ၁၀ ရက် အတွင်း ညလွှတ်ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း၊ နေ့လွှတ် အရုပ်ခြေလေးချောင်း စသည့်မီးပုံးပျံများ လွှတ်တင်ယှဉ်ပြိုင်ကြသည်။

မီးပုံးပျံ ယှဉ်ပြိုင်ရာတွင်လည်း ကုန်ကြမ်းပစ္စည်းများဖြင့်သာ ရိုးရာမပျက် လုပ်ဆောင်ရခြင်း၊ မီးပုံးပျံ လွှတ်တင်ရာတွင်လည်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေသည့် စာသားများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကိုထိခိုက်စေသည့်ရုပ်ပုံနှင့် စာသားများ၊ အရက် ဘီယာ ဆေးလိပ် ကြော်ငြာများ ရေးဆွဲထားခြင်း၊ ချိတ်ဆွဲထားခြင်းများကို တားမြစ်ထားသည်။ နေ့ခင်းလွှတ်မည့် မီးပုံးပျံများမှာ မီးရှူးမီးပန်း ယမ်းများမပါ။ မြတ်စွာ ဘုရားရုပ်ပုံတော်များ အပါအဝင် အရုပ် မျိုးစုံပါဝင်သည်။ နေ့လွှတ်အရုပ် များကို စိန်နားပန်မီးပုံးဟုခေါ်၍ ညတွင် လွှတ်သည့် မီးပုံးပျံများကို ညမီးကြီးဟု ခေါ်သည်။ ညမီးကြီးသည် ယမ်းများ ပါဝင်ပြီး ညတွင် လွှတ်ရ သည့်အတွက် မျက်စိပသာဒရှိလှသည်။

တောင်ကြီးမြို့တွင် ထိုသို့မီးပုံးပျံလွှတ်တင်၍ မီးပူဇော်ခြင်းကို ၁၉၄၁ ခုနှစ်ကပင် စတင်ခဲ့ပြီး မီးပုံးပျံရိုးရာ လက်မှုပညာ တို့ကို လက်ဆင့်ကမ်း သင်ယူထိန်းသိမ်း လာခဲ့ကြသည်မှာ ယနေ့အထိပင်ဖြစ်၏။ တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု များပင်ဖြစ်သည်။ တောင်ကြီး ရိုးရာ မီးပုံးပျံပွဲကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ အခြားသောနိုင်ငံများတွင် ယင်းတို့၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုများ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေချိန်တွင် မိမိတို့တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်စေချင်လှသည်။ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး အတွက်သာမက ခရီးသွားလုပ်ငန်း အတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက်၊ ဒေသအတွက်၊ နိုင်ငံအတွက် အဘက်ဘက်မှ အကျိုးရှိသော ကြိုးပမ်းမှုပင် ဖြစ်ပါသည်။ ရိုးရာမပျက်သော တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်လျှင် နိုင်ငံ့ဂုဏ်ဆောင် တိုင်းရင်းသားရိုးရာပွဲတော် ဖြစ်လာပေလိမ့်မည်။

အပျော်များထဲမှ အပြေးများ

တောင်ကြီးမီးပုံးပျံပွဲကို ယခုအခါ အဝေရာကွင်းအတွင်း ကျင်းပသည်။ မီးပုံးပျံပြိုင်ပွဲများကို ၁၉၅၁ ခုနှစ်ကပင် ကျင်းပလာခဲ့ရာ ယင်းကာလအတွင်း ပွဲကျင်းပသည့်နေရာ အပြောင်းအလဲများလည်း ရှိခဲ့သည်။ လက်ရှိမီးပုံးပျံပြိုင်ပွဲကျင်းပသည့် အဝေရာကွင်းသို့ ၂၀၀၇ | ခုနှစ်တွင် စတင်ပြောင်းရွှေ့ ကျင်းပခဲ့သည်။ နေရာမည်သို့ပင်ပြောင်းလဲစေကာမူ အနှစ်သာရမှာ အတူတူပင်ဟု ခံစားရသည်။

ညပိုင်းတွင် ယှဉ်ပြိုင်ကြသည့် ညမီး ကြီးများ လွှတ်တင်လျှင် မီးပုံးပျံကြီးများ မီးရှူးမီးပန်းများ တဖွားဖွားနှင့် ကောင်းကင်သို့ တက်သွားသည်ကို တောင်ကြီးမြို့ မည်သည့်နေရာမှမဆို ကြည့်လျှင် မြင်ရပါ၏။ သို့သော် အဝေးမှ ကြည့်ရသည်ကို သိပ်အားမရကြ။ မီးပုံးပျံလွှတ်တင်ရာ အဝေရာကွင်းသို့ လာကြည့်ကြသည်။ ထိုထက်ပိုသည်က မီးပုံးပျံလွှတ်သည့် အဝန်းအဝိုင်းထဲ အထိ ဝင်ကာ မီးပုံးပျံလွှတ်ရန် ပြင်ဆင်သည်မှအစ မီးပုံးပျံတက်သွားသည်အထိ အနီးကပ်ကြည့်ကြ၊ အားပေးကြသည်။ လက်ခုပ်တီးကြ အားပေးကြသည်က ဘေးမှကြည့်နေသူ များကိုပင် ကူးစက်သည်။ သို့သော်တောင်ကြီးတန်ဆောင်တိုင်မီးပုံး ပျံပွဲသည် ပျော်ရွှင်ရကြည်နူး ရသည်သာ မဟုတ်။ ပြေးရသည့်နှစ်များလည်း ကြုံတွေ့ဖူးပါသည်။

တစ်နှစ်က မှတ်မိသေးသည်။ မိသားစု လေးယောက်သား မီးပုံးပျံလွှတ်တင်သည်ကို အနီးကပ် သွားကြည့်ကြသည်။ မီးပုံးပျံလွှတ်ရန် ပြင်သူကပြင်၊ ရှမ်းအိုး စည်တီးသူကတီး၊ ကသည့်သူက ကကြ၊ ကြည့်တဲ့သူက ကြည့်ကြ။ ကြိတ်ကြိတ် တိုးနှင့်။ မီးပုံးပျံမှိုင်းဝလာသည့်အခါ အဖွဲ့ သားများက မီးပုံးပျံတွင်ချိတ်ဆွဲထားသော မီးရှူးမီးပန်းစနက်တံကို မီးရှို့၍ မီးပုံးပျံထိန်းကြိုး များကို လွှတ်လိုက်ကြသည်။ မီးပုံးပျံကြီး တက်သွားသည်နှင့် အားလုံးကဟေးကနဲ ဝိုင်းအော်ကြသည်။ ရှမ်းအိုးစည်ကလည်း မြိုင်လှသည်။ မီးပုံးပျံကြီးတက်၍ ထန်းတစ်ဖျား မရောက်မီ လေတစ်ချက်ဝှေ့လိုက်သည်။ မီးပုံးပျံကြီးမှာ ကွင်းအစပ်ရှိ ဓာတ်မီးတိုင်နှင့် သွားချိတ်မိပါတော့သည်။ သွားပြီဟုတော့ ထင်လိုက်သည်။ ချက်ချင်းဆိုသလို မီးသတ်တပ်ဖွဲ့ ဝင်များ ရောက်လာသော်လည်း ဓာတ်မီးတိုင်ထိပ်ဖြစ်နေ သဖြင့် မီးပုံးပျံကြီးနှင့် မီးရှူးမီးပန်းများကို ချက်ချင်းဆွဲချမရ ဖြစ်နေသည်။ ယင်းအချိန်မှာပင် မီးရှူးမီးပန်းများစပြီး ကွဲထွက်ပါလေတော့သည်။ ကြည့်နေသူများလည်း စပြေးပြီ။ တဖြည်းဖြည်းနှင့် မီးရှူးမီးပန်းများက ဘေးပတ်ပတ်လည်သို့ တရှူးရှူး တဖောင်းဖောင်းဖြင့် ဖွားကနဲ ဖွားကနဲ လွင့်စဉ်ကွဲထွက်လာရာ ကွင်းထဲမှ လူအုပ်ကြီးလည်းပြေး၊ မိမိတို့မိသားစုလည်း ခြေဦးတည့်ရာ ပြေး၍ အကာအကွယ်ယူရသည်ကို မှတ်မှတ်ရရကြုံခဲ့ရသည်။ အအေးဒဏ်ပင် မသိတော့ ချွေး များပင် ပျံရသည့် အတွေ့အကြုံပင်။

မီးသတ်အဖွဲ့သားက ဓာတ်တိုင်ထိပ်တွင် ချိတ်နေသည့် မီးပုံးပျံကြီးကို မီးရှူးမီးပန်းများ ပေါက်ကွဲနေသည့်ကြားမှ ရအောင်ဆွဲချ၍ ငြိမ်းသတ်လိုက်ကြသဖြင့် မီးရှူးမီးပန်းများလည်း ရပ်သွားသည်။ ထိခိုက်သေဆုံးမှု ဘာမှမရှိ။ မီးရှူးမီးပန်း ထိသူ အနည်းငယ်သာ တွေ့ရသည်။ မိမိတို့လည်း ကွင်းဘေးရှိ ဈေးဆိုင်အတွင်း အကာအကွယ်ယူနေရာမှ ဟင်းချ၍ ထွက်လာနိုင်သည်။ မိမိတို့မှာ အမောဖြေ၍ မပြေသေးမီ ကွင်းအတွင်းသို့ လူများအားလုံး ပုံမှန်အတိုင်းပင် ပြန်ရောက်လာကြသည်။  အစီအစဉ်များ အတိုင်း မီးပုံးပျံလွှတ်ရန် ပြင်နေကြပြန် သည်။ မိမိတို့မှာသာ ဆက်ကြည့်ရအခက် ပြန်ရအခက်နှင့် ပျော်လည်းပျော်ရသည် တစ်ခါတစ်ရံ မောလည်းမောရပါ၏။ ရသစုံပေးနိုင်စွမ်းသော ပွဲပင်တကား။

ဖိတ်ခေါ်ပါရစေ မောဌာနေ

မြန်မာနိုင်ငံကိုသယံဇာတပေါကြွယ်ဝ သည့်နိုင်ငံဟု အများကညွှန်းဆိုလေ့ရှိကြသည်။ မိမိအနေဖြင့်မူ ထိုထက်ပိုချင်ပါ၏။ မြန်မာနိုင်ငံသည် သယံဇာတသာပေါကြွယ်ဝသည်မဟုတ်။ တိုင်းရင်းသား အစုံစုံနှင့် ယဉ်ကျေးမှုအဖုံဖုံလည်း ပေါကြွယ်ဝသည်ဟု ဆိုချင်လှပါ၏။ ထိုသို့ဆို၍ ကိုယ့်ဘက်ကိုယ်ယက်တတ်သည့် လိပ်မျိုးဟု ကင်ပွန်းတပ်မည်ဆိုပါကလည်း ဂုဏ်ယူစွာ ကျေကျေနပ်နပ် ခံယူနေပါမည်။ ထိုယဉ်ကျေးမှုအစုံစုံများထဲမှ တောင်ကြီး တန်ဆောင်တိုင် ရိုးရာယဉ်ကျေးမှုပွဲကိုလည်း မိမိတို့တွေ့မြင် ခံစားကြည်နူးရသကဲ့သို့ ချစ် မိတ်ဆွေများကိုလည်း မီးပုံးပျံပွဲ၏ ရသအဖုံဖုံကို ခံစားကြည့်စေလိုလှပါသည်။

ယခုနှစ်တွင်မူ တောင်ကြီးတန်ဆောင် တိုင်ပွဲတော် မကျင်းပနိုင်တော့ချေ။ တန်ဆောင်တိုင်ပွဲ မကျင်းပနိုင်သော်လည်း ယင်း၏အငွေ့အသက်များမှာ မသိစိတ်တွင် ဝေ့ဝဲနေပါ၏။ တောင်ကြီးမြို့နှင့် တန်ဆောင်တိုင် မီးပုံးပျံပွဲဆိုသည်က နှစ်ကိုယ့် တစ်စိတ်ပမာ။ ခွဲခြား၍ မရစကောင်း။ ကမ္ဘာတည်သရွေ့ ယှဉ်တွဲရှိနေပေဦးမည်။ သို့ဖြစ်ရာကမ္ဘောဇဌာနီမှ ရိုးရာတန်ဆောင်တိုင် ပွဲကြီးဆီသို့ အခွင့်အခါကြုံခဲ့လျှင် အလည်တစ်ခေါက် လာရောက်ဖို့ ဖိတ်မန္တကပြုလိုလှပါ၏။

သိန်းထွန်း (IR)