ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) နှင့် သတိပြုသင့်သော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ
မြန်မာတို့၏ အခြေခံစားသောက်ကုန်များတွင် စားသုံးဆီသည် တစ်ခုအပါအဝင်ဖြစ်ရာ နေ့စဉ်အစားအစာ ချက်ပြုတ် ကြော်လှော်မှုတို့အတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်နေပါသည်။ မိရိုးဖလာသုံးစွဲခဲ့ကြသော ပြည်တွင်းဖြစ် မြေပဲဆီ၊ နှမ်းဆီတို့ကိုသာမကပဲ လူဦးရေတိုးတက် လာမှု၊ စီးပွားရေးစနစ်ပုံစံပြောင်းလဲလာမှုနှင့် Globalization ကြောင့် ပြောင်းလဲလာသော အစားအစာယဉ်ကျေးမှု စသည်တို့ကြောင့် ပြည်ပမှ တင်သွင်းလာသော စားသုံးဆီအမျိုးမျိုးတို့ကိုပါ ယဉ်ပါးစွာ သုံးစွဲနေကြပြီဖြစ်ပါသည်။
စားသုံးသူမိဘပြည်သူများ၏ ဆီသုံးစွဲမှုမြင့်မားလာသောကြောင့် ဝယ်လိုအား များလာခြင်းနှင့်အတူ စားသုံးဆီဈေးကွက် လည်း ကျယ်ပြန့်လာပေရာ လုပ်ငန်းရှင်အချို့က မီဒီယာတွင် ကြော်ငြာအားကောင်းစွာဖြင့် စားသုံးဆီအမယ်သစ်များ အတွက် ဈေးကွက်ဝေစု ရရှိရန် ကြိုးစားနေသည်ကိုလည်း တွေ့မြင်နိုင်သကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် နေထိုင်မှုပုံစံသစ်ဖြစ်သော (Stay at Home/Work from Home) ကာလတွင် စားသုံးဆီမျိုးစုံကို Online တင်ပြီး အိမ်အရောက်ဝန်ဆောင်မှုပေး (အိမ်ရောက်ငွေချေ) စနစ်ဖြင့် ရောင်းချနေမှုများ လည်း ရှိနေပြီဖြစ်ပါသည်။
စားသုံးဆီ ရောင်းချသည့်ပုံစံ
မည်သို့ပင် ဈေးကွက်ကျယ်ပြန့်လာသည်ဖြစ်စေ စားသုံးဆီ ရောင်းချသည့်ပုံစံကို လေ့လာမည်ဆို လျှင် လက်လီခြင်တွယ်ပြီး (ခွက်မှောက်၊ ခွက်လှန်) ရောင်းချသောပုံစံနှင့် ပလတ်စတစ်ပါကင်ဘူးဖြင့် ရောင်းချသောပုံစံဟူ၍ နှစ်မျိုးသာ တွေ့နိုင်ပါသည်။ ပါကင်ဘူးဖြင့်ရောင်းချသော ပုံစံတွင် ၁ လီတာမှစ၍ ၂ ဒသမ ၅ လီတာ၊ ၉ လီတာ စသည်ဖြင့် အရွယ်အစားအမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား (ကုန်အမှတ်တံဆိပ်) မျိုးစုံဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ အချို့သော စားအုန်းဆီတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေသူများကိုယ်တိုင် ကိုယ်ပိုင်ကုန်အမှတ်တံဆိပ်ကပ်ဘူးများဖြင့် ဈေးကွက်အတွင်း ရောင်းချနေသည်ကို တွေ့ရှိရပါသည်။
ဤသို့ ကုန်အမှတ်တံဆိပ်ကပ်ရောင်းသော ဆီအမျိုးမျိုးတို့တွင် ဟင်းသီးဟင်းရွက်ဆီ (Vegetable oil) လည်းပါဝင်နေပြီး ဈေးကွက်အတွင်း စားသုံးဆီရောင်းနေသူများ၏ ပြောပြချက်များအရ အခြား ဟင်းချက်ဆီများ (မြေပဲဆီ၊ နေကြာဆီ၊ ပဲပုပ်စေ့ဆီ စသည်ဖြင့်) ထက် ဈေးနှုန်းသက်သာသည့်အပြင် ဟင်းသီးဟင်းရွက်များမှ ထုတ်ယူ ထားသောဆီဖြစ်သော ကြောင့် သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါအခံရှိသူများ ဝယ်ယူကြကြောင်း၊ ရောင်းအားကောင်း သော ဆီအမျိုးအစား ဖြစ်ကြောင်း သိရှိရပါသည်။ ဆီဘူး၏ကုန်အမှတ်အသားတွင်လည်း ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီနှင့် ငရုတ်ပွသီးပုံများဖြင့် သရုပ်ဖော်ထားသည်ကို ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) အမည်ဖြင့် ရောင်းချနေသော ဆီဘူးတိုင်းတွင် တွေ့ရှိနေရပါသည်။ အမှန်စင်စစ် အဆိုပါ ဟင်းသီးဟင်းရွက်များသည် ဆီထွက်သီးနှံအုပ်စုဝင် သီးနှံများ မဟုတ်ကြသောအခါ “ဟင်းသီးဟင်းရွက်ဆီ” ဆိုသည်မှာ မည်သည့် ဆီအမျိုးအစား ဖြစ်ကြောင်း သေချာစွာသိရှိရန် လိုအပ်လာပြီဖြစ်ပါသည်။
အဆင့်မြင့် စားအုန်းဆီများ
သို့ဖြစ်ရာ ပါကင်ဘူးအတွင်းရှိ ကုန်ပစ္စည်းအကြောင်းကို သေချာစွာ သိလိုလျှင် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို လေ့လာရမည် ဖြစ်သောကြောင့် “ဟင်းသီးဟင်းရွက်ဆီ” များ၏ ကုန်အညွှန်းအမှတ်အသား များတွင် ဖော်ပြထားသော အဓိက ပါဝင် ပစ္စည်း (Main Ingredient) ကို အချိန်အနည်းငယ်ယူ၍ ရှာဖွေဖတ်ရှု ကြည့်ရာတွင် Refined Palm Olein IV-60 ဟုတစ်မျိုး၊ RBD Palm Olein IV-60 ဟုတစ်သွယ်၊ Refined Palm Olein 100 % ဟုတစ်ဖုံနှင့် Blended with RBD Soy Bean Oil 15% ဟုတစ်နည်း တွေ့ရှိရမည်ဖြစ်ပါသည်။ တွေ့ရှိချက်များကို ဘာသာပြန်လိုက်မည် ဆိုပါက “ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil)” ဆိုသည်မှာ “သန့်စင်ပြီးသော အဆင့်မြင့် စားအုန်းဆီများသာဖြစ်သည်” ဟုဆိုရမည်သာ ဖြစ်ပါသည်။
ဈေးကွက်အတွင်း မည်သည့်ဆီဘူးမျိုးတွင်မဆို မြေပဲဆီ အမည်တပ်လျှင် မြေပဲစေ့၊ မြေပဲတောင့်ပုံ၊ နေကြာဆီ အမည်တပ်လျှင် နေစေ့ပုံ၊ ပဲပုပ်ဆီအမည်တပ်လျှင် ပဲပုပ်စေ့ပုံ စသည်ဖြင့် ပင်ရင်းဆီထွက် သီးနှံအမည်နှင့်ပုံတို့၏ ယှဉ်တွဲဖော်ပြမှုသည် ရိုးရှင်း၍ စားသုံးသူကို ကုန်ပစ္စည်းနှင့်ပတ်သက်ပြီး စိတ်ကျေနပ်မှုဖြစ်စေပါသည်။ သို့ရာတွင်ဆီ အုန်းပင်မှရသောအသီး (ဆီအုန်းသီးကို ကြိတ်ချေ၍ အဆင့်ဆင့် သန့်စင်ပြီးသောအခါမှ ရရှိလာသည့်အဆင့်မြင့် စားအုန်းဆီကို ဆီထွက်သီးနှံမဟုတ်သော ဟင်းသီးဟင်းရွက်များနှင့် ပုံဖော်သည့်အပြင် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) ဟုအမည်တပ်ခြင်းမှာ စားသုံးသူများအတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါသည်။
ကမ္ဘာပေါ်တွင် စားသုံးရန်အတွက် သတ်မှတ်ထားသောဆီ (Edible Oil) နှင့် အဆီ (Edible Fat) အုပ်စုများကို-
(က) ဝက်ဆီအုပ်စု (Pork Fat)၊
( ခ) အမဲဆီအုပ်စု (Beef Fat)၊
(ဂ) နို့ထွက်ပစ္စည်းမှထုတ်လုပ်သောအဆီအုပ်စု (Dairy Fat)၊
(ဃ) ကြက်၊ ဘဲ၊ ငန်းတို့မှရသော အဆီအုပ်စု (Poultry Fat)၊
(c) ဆီထွက်သီးနှံမှ ထုတ်လုပ်သော အဆီအုပ်စု (Vegetable Fathi
( စ) ငါးဆီအုပ်စု (Fish Oil)၊
(ဆ) ဆီထွက်သီးနှံမှထုတ်လုပ်သော ဟင်းသီးဟင်းရွက်ဆီအုပ်စု (Vegetable Oil) ဟူ၍ အုပ်စု ခုနစ်မျိုး ခွဲခြားထားပေရာ စားသုံးဆီ ထုတ်ယူနိုင်သော ဆီထွက်သီးနှံပင်များမှ ထုတ်လုပ်ရရှိ သော စားသုံးဆီတိုင်းသည် (Vegetable oil) အုပ်စုထဲတွင် ပါဝင်နေပါသည်။
ထင်ယောင်ထင်မှား ဖြစ်စေနိုင်
ဤသို့ဆိုလျှင် စားအုန်းဆီအပါအဝင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာ ဆီ၊ ပဲပုပ်ဆီ၊ ကနိုလာ (ပန်းမုန်ညင်းဆီ) နှင့် ပြောင်းဖူးစေ့ဆီ အားလုံး တို့သည် ဟင်းသီးဟင်းရွက်ဆီ (Vegetable oil) အုပ်စုဝင် စားသုံးဆီများ ဖြစ်ကြပေသည်။သို့သော်လည်း ဈေးကွက်တွင် စားအုန်းဆီကိုသာ ကိုယ်ပိုင်အမည်မဖော်ပြဘဲ ဆီအုပ်စုအမည်ဖြင့် ဖော်ပြသည့်အပြင် သရုပ်ဖော်ပုံမှာလည်း ဟင်းသီးဟင်းရွက်များဖြင့်သာ ဖော်ပြရောင်းချ နေခြင်းကြောင့် စားသုံးသူအတွက် ကုန်ပစ္စည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ရှင်းလင်းစွာမသိရဘဲ ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ကျန်းမာရေးအတွက် စားသုံးဆီကို ရွေးချယ်စားသောက်နေရသော စားသုံးသူဖြစ်ခဲ့လျှင် ကြီးမားသော ဆုံးရှုံးနစ်နာမှုကို ဖြစ်ပေါ်စေမည်မှာ ဧကန်ဖြစ်ပေသည်။
စားသုံးဆီ၏ အရည်အသွေးစစ်တမ်းတွင် အရေးပါသော အဆီအက်စစ်ဖွဲ့စည်းပုံအရ ပြည့်ဝအဆီ အက်စစ်နှင့် မပြည့်ဝအဆီ အက်စစ်တို့ တစ်ဝက်စီနီးပါးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော စားအုန်း ဆီသည် မိုနိုမပြည့်ဝဆီဖြစ်သော မြေပဲဆီ၊ ပိုလီမပြည့်ဝဆီဖြစ်သော နေကြာဆီတို့ကို အရည်အသွေးပိုင်းအရ မယှဉ်နိုင်သည်ကို စားသုံးသူများက သိရှိထားပါသည်။ ဤအချက်ကို စားအုန်းဆီတင်သွင်းရောင်းချသူများကလည်း သိရှိပြီးဖြစ်ပေရာ စားအုန်းဆီ၏ ကိုယ်ပိုင် အမည်ကိုဖျောက်၍ ဆီအုပ်စုအမည်ကိုသာ ပေါ်လွင်စေလျက် ဈေးကွက်ထိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဟုယူဆရပါသည်။ တစ်နည်းအားဖြင့် မြန်မာစားသုံးသူတို့၏ အားနည်းချက်ဖြစ်သော ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို သေချာစွာဖတ်ရှု လေ့လာသည့် အလေ့အကျင့်မရှိဘဲ သရုပ်ဖော်ပုံကိုသာ ကြည့်၍ ဆုံးဖြတ်ဝယ်ယူ တတ်ခြင်းဟူသောအချက်ကို ပိုင်နိုင်စွာ အသုံးချခံရခြင်းပင် ဖြစ်ပါသည်။
လုပ်ငန်းရှင်များ လေ့လာသိရှိထားသင့်
စားသုံးသူကာကွယ်ရေးဥပဒေအရ “စားသုံးသူများတွင် မိမိဝယ်ယူမည့် ကုန်စည်အတွက်လိုအပ်သော သတင်းအချက် အလက် ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရှိကြောင်း” ၊ “ကုန်စည်နှင့် ပတ်သက်၍ မှားယွင်းသောဖော်ပြခြင်းဖြစ်စေ၊ မမှန်ကန် သောကြော်ငြာခြင်းဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ စားသုံးသူကလွဲမှားစွာ လက်ခံစေရန် ရည်ရွယ်၍ ဆောင်ရွက်လျှင် လိမ်လည်လှည့်ဖြားခြင်း” ဟု ခေါ်ဆိုနိုင်ကြောင်း၊ ထို့ပြင် ကုန်စည်နှင့် စပ်လျဉ်းသည့် ဝိသေသလက္ခဏာကိုဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းကို ဖြစ်စေ၊ စားသုံးသူကို လွဲမှားယူဆမှုဖြစ်စေလျှင် ထင်ယောင်ထင်မှားဖြစ်စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းစသည်ဖြင့် ဖော်ပြထားသည်ကို ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) ဖြန့်ဖြူးနေသော လုပ်ငန်းရှင်များ လေ့လာသိရှိထားသင့်ပါသည်။
အဆိုပါဥပဒေ၏ အခန်း(၁)၊ ပုဒ်မ-၂၊ ပုဒ်မခွဲ(၄)ပါ အဓိပ္ပာယ်သတ်မှတ်ချက်အရ “ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှု အပြင်အဆင်ပေါ် တွင် စာဖြင့်ရေးသား၍ ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်း တစ်ရပ်ရပ်ဖြင့် ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသား ကိုဆိုသည်” ဟုပါရှိပြီး ကုန်စည်နှင့် သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်ဖြစ်နေပါကလည်း ယင်းဥပဒေပါ ပုဒ်မ-၇၃ အရ နှစ်နှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။
သို့ပါသောကြောင့် ဟင်းသီးဟင်းရွက်ဆီ (Vegetable oil) ဖြန့်ဖြူးသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ဖြန့်ဖြူးရောင်းချနေသော ကုန်စည်၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုများကို အလေးထားဆောင်ရွက်သည့်အနေဖြင့် ဆီအမည်စာသားကို ဟင်းသီးဟင်းရွက်ဆီ (သန့်စင်ပြီးသော အဆင့်မြင့်စားအုန်းဆီ) ဟု လည်းကောင်း၊ ဟင်းသီးဟင်း ရွက်ပုံများကိုလည်း ဆီအုန်းပင်၊ ဆီအုန်းခိုင်၊ ဆီအုန်းသီး စသည်ဖြင့် သင့်လျော်သော ရုပ်ပုံများကို လည်းကောင်း ပြောင်းလဲသုံးစွဲသင့်ပါကြောင်းကို စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်ခြင်းမှ ကင်းဝေးစေရန် ရည်သန်၍ အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။
ကိုးကား။ စားသုံးသူကာကွယ်ရေးဥပဒေ
(၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)
အိအိချော (စားသုံးသူရေးရာဦးစီးဌာန)