ကင်းမမှ ထန်တလန်၊ လုပ်ကြံ ဂျီနိုဆိုက် မီဒီယာတိုက်ခိုက်မှုများ
ကိုမြန်မာ
“သစ္စာဝါဒ က ဖိနပ်စီးနေစဉ်တွင်၊ မုသာဝါဒ က ကမ္ဘာတစ်ပတ် ပတ်ပြီးခဲ့လေပြီ။” ဟူသော ဆိုရိုးစကားမှာ ယခုကဲ့သို့ တစ်စက္ကန့်တွင် ကမ္ဘာကို ခုနစ်ပတ်ခွဲခန့်ပတ်နိုင်သည့် လျှပ်စစ်သံလိုက် လှိုင်းသုံး အင်တာနက်ခေတ်ကြီးတွင် ပို၍ ပို၍ သွေးထွက်အောင် မှန်လှသည်။ အောက်တိုဘာလ ၂၉ ရက် နေ့လယ်ပိုင်းမှစ၍ ချင်းပြည်နယ် ထန်တလန်မြို့တွင် “လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မီးရှို့မှုကြောင့် တစ်မြို့လုံး မီးလောင်ပျက်စီးလျက်ရှိသည်” ဟူသော သတင်းများက သတင်းမီဒီယာများနှင့် လူမှုမီဒီယာ စာမျက်နှာများစွာတွင် တောမီးလောင်သလို ပျံ့နှံ့လာခဲ့သည်။ မြို့လယ်ရှိ အဆောက်အဦများ မီးလောင်နေမှုကိုလည်း အားကောင်းသောအဆင့်မြင့်ဒရုန်းကင်မရာမှ ရိုက်ကူးထားသောကြည်လင်ပြတ် သားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများလည်း အချိန်နှင့်တစ်ပြေးညီပင်အင်တာနက်လိုင်းပေါ်တွင် ပေါ်ထွက် လာခဲ့သည်ကို တွေ့ရသည်။
ရည်ရွယ်ချက်ရှိရှိဖြင့် တမင်လုပ်ကြံဖန်တီး
ထိုကဲ့သို့ တာဝန်မဲ့သည့် မီဒီယာများက ထင်သလို ထုတ်လွှင့်၍ ကောင်းနေချိန်တွင် တာဝန်ရှိသူများဘက်ကတော့ သတင်းမှန်၊ မြေပြင်အချက်အလက်မှန်များကို ရယူရှာဖွေစိစစ်နေရသည့်အတွက် ချက်ချင်း မတုံ့ပြန်နိုင်။ နောက်တစ်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ကျမှ သတင်းထုတ်ပြန်နိုင်ခဲ့သည်။ ထိုသို့ အချိန်နောက်ကျမှ တုံ့ပြန် နိုင်သည့်အတွက် အားမလို အားမရဝေဖန်ကြမှုများလည်းရှိခဲ့သည်။ သို့ရာတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ အသိအမြင်ဗဟုသုတများသည့် လေ့လာသူများကမူ အစိုးရဘက်မှ တရားဝင်သတင်းထုတ်ပြန်ချက် ထွက်မလာမီကပင် ဤကိစ္စသည် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်လုပ်ကြံ ဖန်တီးခဲ့သော လုပ်ရပ်ဖြစ်ကြောင်းကို သုံးသပ်နိုင်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ယခု ထန်တလန်ဖြစ်စဉ်သည် ယခင်တစ်ကြိမ် စစ်ကိုင်းတိုင်း ကင်းမကျေးရွာ မီးရှို့ ခံရမှုဖြစ်စဉ်၏ ပုံတူသဖွယ်ဖြစ်နေပြီး ကင်းမဖြစ်စဉ်ထက် ပို၍စနစ်တကျ အကွက်ချ စီစဉ်မှုများက ပိုမိုထင်ရှားလာသောကြောင့်ဖြစ်သည်။
ပထမဦးစွာ ကင်းမဖြစ်စဉ်တွင် ကင်းမ ရွာသူ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေချိန်တွင် PDF အကြမ်းဖက်အုပ်စုများက ရွာတွင်းရှိ ယင်းတို့ မလိုလားသူ၏အိမ်ကို စတင်မီးရှို့ခဲ့ပြီး တစ်ရွာလုံးသို့ မီးကူး စက်လောင်ကျွမ်းသောအခါကျမှ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးလျက် အွန်လိုင်းမီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ခဲ့ကြသည်။ ထိုထုတ်လွှင့်မှု များကိုပင် ဘာမျှစိစစ်အတည်ပြုမှုများ မပြုလုပ်ဘဲ အနောက်အုပ်စု သံရုံးများက လုံခြုံရေးတပ်ဖွဲ့များ၏ လက်ချက်ဟု မဆင်မခြင် စွပ်စွဲ ဝေဖန်ခဲ့ကြသည်။ အနောက်မီဒီယာကြီးများကလည်း အလားတူ ဖော်ပြခဲ့ကြသည့်အပြင် အချို့မီဒီယာများမှ ကင်းမ၀သူ PDF အဖွဲ့ဝင် တစ်ဦးကို အပြစ်မဲ့ရွာသူတစ်ဦးအသွင်ယူစေလျက် လုပ်ကြံအင်တာဗျူးများပင် ပြုလုပ်ကာ အသံလွှင့်ခဲ့သေးသည်။ သို့ရာတွင် ချက်ချင်း ဆိုသလိုပင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာတွင်းရှိ အဘိုးအို၊ အဘွား အိုတို့ကို မီးကြားမှဆွဲထုတ်ပွေ့ချီသယ်ထုတ်ကာကယ်ဆယ်လာသည့်ရုပ်သံဗီဒီယိုမှတ်တမ်းများပေါ်ထွက်လာမှ လုပ်ကြံစွပ်စွဲမှုများ အသံ တိတ်သွားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် လုပ်ကြံမီဒီယာ တိုက်ခိုက်မှုများက လုံးလုံးလျားလျား လက်လျှော့သွားသည်တော့ မဟုတ်ပေ။ အကွက်ကောင်း၊ အခါ ကောင်းကို စောင့်မျှော်နေခဲ့ရာမှ ယခု ထန်တလန်ကိစ္စပေါ်ပေါက် လာခြင်းဖြစ်၏။ မြို့ရွာများကို မီးရှို့ တိုက်ခိုက်ခြင်းမှာ စင်စစ်၌ စစ်ရေး သက်သက် မဟုတ်၊ မီဒီယာနည်းလမ်းများနှင့် ပေါင်းစပ်ထားသည့် နိုင်ငံရေးတိုက်ကွက်လည်းဖြစ်သည်။ အမှန်ဖြစ်ရပ် အနည်းငယ်ကို အခြေခံ၍ တမင်ဖန်တီးထားသော သတင်းတု၊ လုပ်ကြံသတင်းများကို ခပ်များများ ပေါင်းစပ် ဖြည့်သွင်းကာ လျင်မြန်စွာ ပျံ့နှံ့သော သတင်း မီဒီယာနည်းလမ်းများကို အသုံးပြုလျက် ပရိသတ်လူထု၏ စိတ် လှုပ်ရှားခံစားမှုများကို နှိုးဆွလှုံ့ဆော်၍ ယင်းတို့၏ အတွေးအမြင် သဘောထားများကို လိုသလို ပုံသွင်းထိန်းကျောင်းကာ မိမိတို့လိုလား သည့် နိုင်ငံရေးရလဒ် မျှော်မှန်းချက်ကို ဖန်တီးယူခြင်းမှာ နိုင်ငံရေး နည်းလမ်းတစ်ခုအဖြစ် ယခုအခါ ခေတ်စားလာလျက်ရှိသည်။ ယင်းကို “အမှန်နယ်လွန် နိုင်ငံရေး” (Post-truth Politics)ဟု ခေါ်ဝေါ်လာခဲ့ ကြသည် (Defining Post-truth: Structure, Agents, and Styles by Ari-Elmeri Hyvönen, 2018)
ယခုလည်း မြို့ရွာများ မီးလောင်ခဲ့သည့် အမှန်သတင်းအချက် အလက်ကိုအခြေခံ၍ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့များက တိုက်ခိုက် ဖျက်ဆီးမီးရှို့ခြင်းဖြစ်ပါသည်ဟု တွင်တွင်ကျယ်ကျယ် လုပ်ကြံ သတင်းဖြန့်ချိခြင်း၌ နိုင်ငံရေးအရ ရည်မှန်းချက်အမျိုးမျိုး ရှိနိုင်သည်။
ပထမအချက်မှာ - မြန်မာနိုင်ငံတွင် ဆီးရီးယား၊ လစ်ဗျားစသည့် နိုင်ငံများကဲ့သို့ မြို့ရွာများ ပြာပုံအတိ ပျက်စီးနေသည့် ပြည်တွင်း စစ်ကြီးဖြစ်နေပြီဟု ကမ္ဘာတစ်ဝန်းကို သတင်းဖြန့်ချိလျက် ပြည်ပမှ ဝင်ရောက်စွက်ဖက် ပါဝင်မှုများကို လမ်းဖွင့်ပေးလိုခြင်းဖြစ်သည်။
ဒုတိယအချက်မှာ -ပြည်တွင်းရှိမသိနားမလည်သော ပြည်သူများ ကို အကြောက်တရား ဖန်တီးပြီးတပ်မတော်နှင့် နိုင်ငံတော်အစိုးရအပေါ် အထင်လွဲမှား မုန်းတီးဆန့်ကျင်လာစေရန် သွေးခွဲ ရန်တိုက်ပေးလို ခြင်းဖြစ်သည်။
တတိယအချက်မှာ -ဖြစ်စဉ်တွင် လုံခြုံရေးတာဝန်များကို မှန်မှန် ကန်ကန် တရားဥပဒေ နှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်း များနှင့်အညီထမ်းဆောင်ခဲ့ကြသော တပ်ဖွဲ့ဝင်များအားစစ်ရာဇဝတ်မှု၊ လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်သောရာဇဝတ်မူ၊ လူမျိုးတုံးသတ်ဖြတ် မှု စသော ကြီးလေးသော စွပ်စွဲချက်များဖြင့် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံးအသီးသီးတွင် လုပ်ကြံတရားစွဲဆို အပြစ်ပေးနိုင်ရန် ကြိုးပမ်း ခြင်းဖြင့် နိုင်ငံတပ်မတော်နှင့် လက်ရှိနိုင်ငံကို ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသည့် နိုင်ငံအစိုးရကို နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန် ဖြစ်သည်။
ကြိုတင်အကွက်ချစီစဉ်ထားခြင်းဖြစ်နိုင်
ထန်တလန် ဖြစ်စဉ်ကို လေ့လာကြည့်ပါက ယင်းသို့တိုက်ခိုက် နိုင်ရန် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများကို အချိန်ယူ ဆောင်ရွက်ခဲ့ကြကြောင်းတွေ့ရသည်။ ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၂၀ မျှ သာ ဝေးကွာသော ထန်တလန်မြို့ကလေးသည် ယခင်က အေးချမ်း သာယာလှပသော မြို့ကလေးဖြစ်ခဲ့သည်။ သို့ရာတွင် ချင်းပြည်နယ်တောင်ပိုင်းမှ မင်းတပ်၊ မတူပီ စသော မြို့များတွင် CNF နှင့် CDF အဖွဲ့များ ဆူပူတိုက်ခိုက်အုံကြွမှုများကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ထိုနယ်များမှ အကြမ်းဖက်တိုက်ခိုက်သူများ တိမ်းရှောင်ထွက်ပြေး လာကာ ထန်တလန်ဒေသဘက်သို့ ရောက်ရှိလာခဲ့ချိန်မှစ၍ ထန်တလန်မြို့ ကလေး၏ အေးချမ်းသာယာမှုများ စတင်ပျက်စီးခဲ့ ရတော့သည်။ မြို့တွင်းရှိ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ တိုက်ခိုက်ခြင်းခံခဲ့ရပြီး မြို့သူ မြို့သား အများအပြားမှာ ဘေးလွတ်ရာသို့ ရှောင်ရှားပုန်းအောင်းခဲ့ ကြရသည်။ ထန်တလန်သည် လူသူကင်းမဲ့သော မြို့တစ်မြို့ ဖြစ်လာ ခဲ့ရတော့သည်။ ထို့နောက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြည်နယ်မြို့တော်ဟားခါးမှ ဆက်သွယ်သည့်ကားလမ်းပေါ်ရှိသီးမစ် တံတားကို ဖောက်ခွဲဖျက်ဆီးကာ မြို့ကို ပြင်ပနှင့်အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ထိုသို့ ဖြတ်တောက် မှုကြောင့် ထန်တလန်မြို့မှ မီးလောင်ချိန်တွင် ဟားခါးမှ မီးသတ်ကားများ လာရောက်မီးငြိမ်း သတ်နိုင်ခြင်း မရှိသလို ဟားခါးဘက်မှ တပ်ကူများ အင်အားဖြည့် တင်းခြင်းမပြုနိုင်အောင် ကြိုတင်အကွက်ချစီစဉ် ထားခြင်း ဖြစ်နိုင် သည်။
ထို့အပြင် ထန်တလန်တွင် မီးရှို့ တိုက်ခိုက်မှုအတွက် အချိန်ယူ၍ မီဒီယာအပိုင်းမှ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး တိုက်ခိုက်ရာ၌လည်း နိုင်ငံတကာတွင် အထိရောက်ဆုံးဖြစ်နိုင်မည့် အကောင်းဆုံးအချိန်ကို ရွေးချယ်ထား ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထန်တလန်မြို့တွင်း၌ ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အိမ်များမီးလောင်ရာတွင် မီးငြိမ်းသတ်ရန် သွားရောက်ခဲ့ သည့် ခရစ်ယာန်သင်းအုပ် ဆရာတစ်ယောက်အား CDF များက ဒလန်ဟု စွပ်စွဲသတ်ဖြတ်ပြီး လက်ကိုဖြတ်ကာ နာရီ၊ လက်စွပ် စသည် တို့ကို ယူဆောင်သွားခဲ့သည်။ ထိုဖြစ်ရပ်များကို မီဒီယာသို့ ထုတ်လွှင့် ဖြန့်ချိရာတွင်မူ အမှန်တရားကိုပြောင်းပြန်လှန်၍ ဘာသာရေးအရ ခွဲခြား ဖိနှိပ်သတ်ဖြတ်မှုသဖွယ်ဖြစ်အောင် အကျယ်တဝင့် ပုံကြီး ချဲ့ခဲ့ကြသည်။ (ထိုမတိုင်ခင်က၊ လုံလဲတောင်တန်းသာသနာပြု ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီး၍ ဘုန်းတော်ကြီးအား လုပ်ကြံ သတ်ဖြတ် ခဲ့ကြခြင်းကိုမူ ဖုံးကွယ်ထားခဲ့သည်။) ထိုသို့ အမုန်းစကား ပွားစေရန်ကြံစည်လုပ်ဆောင်မှုကိုလည်း နိုင်ငံတကာ မီဒီယာနယ်ပယ်၌ ထိန်းချုပ် ဟန့်တားမှု မရှိခဲ့ပေ။ ထို့အပြင် NUG အဖွဲ့မှ ဒေါက်တာ ဆာဆာ ကထိုကာလ နောက်ပိုင်းတွင်လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက် ဟူသော စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုကာ စတင် နှတ်ကြောင်းပေးလှုံ့ဆော်လာခဲ့သည်ကို တွေ့ရသည်။ UK Campaign for Burma စသော ပြည်ပမှ မြန်မာနိုင်ငံအပေါ် ဝင်ရောက်စွက်ဖက် လိုသည့် အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံ၏အနောက်မြောက် ဘက် ဒေသများ၌ လုံခြုံရေးပျက်ပြားကာ ပြည်တွင်းစစ်ဖြစ်နေသည့် အခြေအနေမျိုးရောက်ရှိနေသည်ဟု စွပ်စွဲကာ ဗြိတိန်နိုင်ငံမှ ကမကထ ပြု၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ဤကိစ္စကို တင်ပြဆွေးနွေးစေ ရန် တိုက်တွန်းလှုပ်ရှားလာခဲ့သည်ကို တွေ့ရသည်။
ထန်တလန် တိုက်ခိုက်မီးရှို့မှုဖြစ်ပွားခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှာ အီတလီနိုင်ငံ ရောမမြို့တွင် ဂျီ၂၀ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် အောက်တိုဘာလ ၃၀ ရက်နေ့ မတိုင်မီတစ်ရက်ဖြစ်နေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထိုထိပ်သီးအစည်းအဝေး တက်ရောက်ရန် အီတလီသို့ လာရောက်ရင်း ဗာတီကန်ရှိ ရိုမန် ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံမည့် ကာလမတိုင်မီ ကလေးတွင် ကပ်လျက်ဖြစ်နေသည်မှာ တိုက်ဆိုင် မှုမှ ဟုတ်ပါလေစဟု တွေးထင်ရလောက်အောင် အချိန် ကိုက်ဖြစ်နေ သည်မှာ အံ့ဩဖွယ်ပင်။
နောက်ထပ်ထူးခြားမှုတစ်ခုမှာ မီးလောင်ချိန်နှင့်အကိုက်ပင် CDF အဖွဲ့က အဆင့်မြင့် အားကောင်းသော ဒရုန်းတစ်စင်း လွှတ်တင်ကာ ထန်တလန်မြို့တွင်း မီးလောင်နေမှုကို ကောင်းကင်မှ ကြည်လင် ပြတ်သားစွာ ရိုက်ကူးခဲ့ပြီး ယင်းပုံရိပ်များကိုလည်း ASEAN Heritage and History ဟူသော အင်တာနက်စာမျက်နှာက ပါးရဲထိုးထားသော ချင်းအမျိုးသမီးပုံနှင့်တွဲ၍ ချက်ချင်းတင်လာခဲ့သည်ကို တွေ့ရသည်။ ဤဖြစ်ရပ်က ကြိုတင်ပြင်ဆင်ချိတ်ဆက်၍ ကြံစည်လုပ်ဆောင် ထားမှုများကို ထင်ဟပ်နေသည်။ “ကြောင်သည် ကြာကြာရေမငုပ်နိုင်” ဆိုသော စကားအတိုင်းပင် လူမှုမီဒီယာများ၌ထန်တလန် မီးလောင်မှု ကို ဓာတ်ပုံရိုက်၍ တင်လာကြရာတွင် ယင်းမီးလောင်မှုသည် တိုက်ပွဲများ အကြား၌ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် မီးလောင်ရ ခြင်းမဟုတ်ဘဲ CNF ၊ CDF အဖွဲ့ များ ကိုယ်တိုင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကို ယင်းတို့ကိုယ်တိုင် ဓာတ်ပုံ၊ ဗီဒီယိုများ အေးအေး ဆေးဆေး ရိုက်ကူးနေခဲ့ကြကြောင်း ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ အရ တွေ့ရှိရသည်။ (ဒရုန်းလွှတ်တင်သည့် ဓာတ်ပုံ Link https:// www. Facebook.com/1649751183/posts/10217776615881004/ 8:GODE 830 Link https://www.facebook.com/ 100013635930616/posts/1288218518309334/ ၊ CDF တစ်ဦးနှင့် မီးလောင်နေသည့် အိမ်ပုံ https://www.facebook.com. 100037730252712/posts/ 583234746277529)
နိဂုံးချုပ်ရပါလျှင် ဤသို့ အမှန်တရားကို အမှားအလီလီ အုပ်ဖုံး၍ လူတို့၏ အသိဉာဏ်ကိုကျုံးသွင်း မှိုင်းတိုက်ကာ နိုင်ငံရေးအရလိုရာဆွဲ ဖန်တီးမှုများကြောင့် လက်တွေ့ဘဝတွင် မည်သူတို့ အကျိုးရှိ၍ မည်သူတို့ ထိခိုက်နစ်နာကြရသည်ကို မှန်မှန်ကန်ကန် ဆင်ခြင်ကြံဆ၍ နားလည်သဘောပေါက်သင့်ကြပြီ ဖြစ်ပါသည်။ “အစွယ်လိုသူ မိဖုရား၊ အသွားစေသူ မင်းဧကရာဇ်” ဆိုသကဲ့သို့ နိုင်ငံရေးအာဏာကို လိုချင်မျှော်လင့်၍ မသိနားမလည်သူများကို ဖိနင်းစေခိုင်းကာ ကိုယ်တိုင်ကမူ ရပ်ဝေးမြေခြား၌ ထောက်ပံ့ပေးလှူ မှုများနှင့် အမြိုင့်သားနေထိုင်သူ ကီးဘုတ်သူရဲကောင်းများက ကြီးပွား နေချိန်တွင် ပြည်တွင်း၌မူ အပြစ်မဲ့ပြည် သူများအကြား ကျီးလန့် စာစား ပုန်းရှောင်နေရသည့်ဘဝ၊ဒလန်ဟု အမည်တပ်ကာ ရက်ရက် စက်စက် သတ်ဖြတ်လုပ်ကြံခံ နေရသည့်ဘဝ၊ မိမိတို့၏အသက်အိုးအိမ် များ အဓိပ္ပာယ်ကင်းမဲ့စွာ ပျက်စီးဆုံးရှုံးနေရသည့် ဘဝကို ကြုံတွေ့နေရ ခြင်းမှာ ရင်နာဖွယ်ကောင်းလှ၏။ အပြင်မှ မြှောက်ပင့်သွေးထိုးတိုင်း နားယောင် ယုံမှားကာ ဆိုးရွားလှသောတောပုန်းအကြမ်းဖက်ဘဝသို့ လမ်းမှားရောက်သွားကြသူ မျိုးဆက်သစ်များသည်လည်း ယခုကဲ့သို့ ပြည်သူလည်းအကျိုးပျက်စီး၊ နိုင်ငံလည်းအကျိုးမရှိသည့်လုပ်ရပ် အမှားများကို ပြန်လည်ဆန်းစစ်ဆင်ခြင်ကာ အချိန်မနှောင်းမီ မိမိတို့ ဘဝကို ပြုပြင် သင့်ကြပြီဖြစ်ပါ၏။ ယခုကဲ့သို့ လုပ်ကြံသတင်းမှားများ ကို မှား မှန် မခွဲခြားတတ်ဘဲ “ လိုင်းပေါ်တင်သမျှ လုံးဝဥသုံ မျက်စိ မှိတ်၍ယုံ” နေတတ်ကြသည့် ပြည်သူများအနေဖြင့်လည်း အမြင် ကျယ်ကျယ်ထား၍ နားစွင့်မျက်စိဖွင့်ကာ အရာရာကိုချင့်ချိန် တိုင်းထွာ ဉာဏ်ပညာသုံး၍ ဆုံးဖြတ်နိုင်ကြပါစေရန် တိုက်တွန်းလိုက်ရပါသတည်း။ ။