Skip to main content

ဝိပ္ပလ္လာသတရားတို့ ဖုံးလွှမ်းပြီဆိုမှဖြင့်

ဝိပ္ပလ္လာသတရားဆိုတာ မှောက်မှားသောတရားလို့အဓိပ္ပာယ်ရတယ်။ မှောက်မှားသောတရားက သုံးပါးရှိပြန်တယ်။ သညာဝိပ္ပလ္လာသက အမှတ်မှားသောတရား၊ ဒိဋ္ဌိဝိပ္ပလ္လာသက အယူမှားသောတရား၊ စိတ္တ ဝိပ္ပလ္လာသက အထင်မှားသောတရား။

ဆိုတော့ကာ ဝိပ္ပလ္လာသတရားတို့ ဖုံးလွှမ်းသွားရင် ဘာဖြစ်နိုင် သလဲ။ အကျိုးဆက်ကတော့ အမှန်ကို အမှန်လို့မမြင်နိုင်တော့ဘဲ မှောက်မှောက်မှားမှားတွေမြင်ပြီး ကိုယ့်ရဲ့အကျိုးစီးပွားတွေ ဆုတ်ယုတ် ပျက်စီးဆုံးရှုံးစေတတ်ပါတယ်။

ပုထုဇဉ်နဲ့ အရိယာတို့ရဲ့ ဉာဏ်အမြင်

အသိမိတ်ဆွေ ဘကြီးတစ်ဦးက စာရေးသူကို ဝိပ္ပလ္လာသတရား တို့နဲ့ပတ်သက်ပြီး ပုထုဇဉ်နဲ့ အရိယာတို့ရဲ့ ဉာဏ်အမြင်အဆင့်ဆင့် ရှုမြင်ကွာခြားမှုတွေနဲ့ပတ်သက်ပြီး ဥပမာ ဥပမေယျတွေနဲ့ ရှင်းပြခဲ့ဖူးတယ်။

စပါးခင်းထဲက စာခြောက်ရုပ်နဲ့ ဥပမာပေးရှင်းပြရာမှာ ပုထုဇဉ် လူသားတို့ရဲ့ အမြင်က လယ်သမား လုပ်ထားတဲ့ စာခြောက်ရုပ်ကို လူလို့ထင်မှတ်ပြီး စပါးနှံတွေကို မစားဝံ့ဘဲ ကြောက်လန့်တကြား အဝေးကို ပျံပြေးသွားကြရတဲ့ ကျေးငှက်တိရစ္ဆာန်တို့ရဲ့ မှောက်မှား တတ်တဲ့အမြင် သဘော အတိုင်းပါပဲတဲ့။

အရိယာသောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်တွေကျတော့ စာခြောက်ရုပ်ကို အဝေးကကြည့်တဲ့ အခါမှာ လူလို့ တဒင်္ဂဖျတ်ခနဲ ထင်မှတ်မိသော်ငြား အနီးသို့ရောက်လာသည်နှင့်အမျှ အမှန်ကို အမှန်အတိုင်း ပြန်မြင်လာတတ်ကြတယ်တဲ့။ သို့ကလို အမှန်ကို အမှန်အတိုင်းပြန်မြင်ကြရာမှာ အနာဂါမ်ပုဂ္ဂိုလ်ကသကဒါဂါမ်လောက် မကြာမြင့်ဘူး။ သကဒါဂါမ်ပုဂ္ဂိုလ်က သောတာပန်ပုဂ္ဂိုလ် လောက် မကြာမြင့်ဘူးတဲ့။

ဝိပ္ပလ္လာသဆိုတဲ့ မှောက်မှားတတ်သောတရားတွေ လုံးဝကင်းစင် နေတဲ့ ရဟန္တာပုဂ္ဂိုလ်တွေကတော့ စာခြောက်ရုပ်ကို အဝေးက ကြည့်ကြည့်၊ အနီးကကြည့်ကြည့် စာခြောက်ရုပ်ဟာ စာခြောက်ရုပ်ပဲ၊ လူမဟုတ်ဘူးလို့ အမှန်ကိုအမှန်အတိုင်း ရှုမြင်နိုင်ကြတယ်တဲ့။

စာရေးသူငယ်စဉ်ကကြားနာခဲ့ဖူးတဲ့ ဝိပ္ပလ္လာသဆိုတဲ့ မှောက်မှား တတ်သောတရားသဘောတွေက ပစ္စက္ခမျက်မှောက်ကာလမှာတော့ စာတွေ့မျှသာမဟုတ်ဘဲ လက်တွေ့သိမြင်လာရပြီလို့ပဲဆိုရမယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှာ လူအချို့ဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မှောက်မှောက် မှားမှားတွေဖြစ်လာကြတယ်။ အထူးသဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြတဲ့ Non CDM ဝန်ထမ်း တွေအပေါ် ဝိပ္ပလ္လာသတရားတွေ ဖုံးလွှမ်းကာ လွဲမှားစွာရှုမြင်လာခဲ့ကြတယ်။

လက်ရှိနွေဦးတော်လှန်ရေးလို့ဆိုတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ မပေါ်ပေါက်မီ ကနဦးနေ့ရက် တွေမှာ ဝိပ္ပလ္လာသတရားတွေ ဖုံးလွှမ်းနေတဲ့လူအုပ်စုအချို့ဟာ ရပ်ကျိုးရွာကျိုး ဒေသအကျိုးအတွက် လာရောက်တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဂုဏ်သိက္ခာညှိုးနွမ်းစေရန် လူအုပ်စု အားကိုးနဲ့ ခြိမ်းခြောက်အော်ဟစ် သံပုံးတီးပြီး ဆန္ဒပြခဲ့ကြတယ်။

ကိုယ့်ရင်သွေးငယ်တွေရဲ့ အနာဂတ်ဘဝ လှပသာယာစေဖို့ရပ်ရွာ မှာ လာရောက်ပညာသင်ကြားပေးတဲ့ ကျောင်းအုပ်ဆရာမကြီးကို သားသည်မိခင်အမျိုးသမီးအချို့က ဒီမိုကရေစီရရှိရေးဆိုတဲ့ အကြောင်း ပြချက်နဲ့ ရိုင်းရိုင်းစိုင်းစိုင်းအော်ဟစ်ဆန္ဒပြကြတယ်။ အမျိုးသမီးတစ်ဦးက “ထွက်ခဲ့စမ်း၊ နင်တို့ ပုန်းမနေကြနဲ့”လို့ စိန်ခေါ် ခဲ့တယ်။

မြို့တစ်မြို့မှာ ဆေးရုံအုပ်ကြီးကို ဆေးရုံပေါ်က ဆင်းသွားဖို့၊ ဆေးရုံသော့အပ်ဖို့လူအုပ်စုနဲ့ ဝိုင်းအနိုင် ကျင့်ခဲ့ကြတယ်။ မြို့ခံပြည်သူ လူထုရဲ့ကျန်းမာရေးကို တာဝန်သိသိ ဝတ္တရားရှိရှိထမ်းရွက်နေတဲ့ ဆရာဝန်ကြီးက “ဆေးရုံထဲက လက်ရှိလူနာတွေအပေါ် ဘယ်သူ တာဝန်ယူမလဲ”လို့ ကျင့်ဝတ်သိက္ခာနဲ့ အညီ မေးခွန်းပြန်ထုတ်တော့ သပိတ်ခေါင်းဆောင်လူစွာတစ်ဦးက “လက်ရှိလူနာတွေကို ဘယ်ကို လွှဲပေးမယ်၊ ညာကို လွှဲပေးမယ်” လို့ မရေမရာ အရပ်စကားဆိုပြီး တုံ့ပြန်တယ်။

သို့ကလို လူအချို့ရဲ့ အသိဉာဏ်ခေါင်းပါးမိုက်မဲမှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ခွန်းတုံ့ မပြန်တော့ဘဲ ဆေးရုံအတွင်း ပြန်လှည့် ဝင်သွားတဲ့ဆရာဝန်ကြီးကို ဝိပ္ပလ္လာသတရားတွေဖုံးလွှမ်းနေတဲ့ လူအုပ်စု အချို့က လက်ခုပ်လက်ဝါးတီးပြီး ဝိုင်းလှောင်ကြတယ်။ ပညာတတ်တွေလို့ တံဆိပ်ကပ်ထားတဲ့ မြို့နေလူတန်းစားအချို့ကတော့ CDM မှာ မပါဝင်တဲ့ NonCDM ဝန်ထမ်းတွေကို လူမှုကွန်ရက်ပေါ်က တစ်ဆင့် Social Punishment လုပ်ပြီး ခြိမ်းခြောက်အရှက်ခွဲကြတယ်။

နိုင်ငံ့ဝန်ထမ်းတွေ

နွေဦးတော်လှန်ရေးလို့ဆိုကြတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ လုပ်ဆောင်လာတဲ့အခါမှာတော့ ဝိပ္ပလ္လာသတရားတွေ အားကြီးပြီး အစွန်းရောက်လာကြတဲ့ အကြမ်းဖက်သမားတွေဟာ ရပ်ရွာနဲ့ဒေသ အကျိုးကိုပါတီနိုင်ငံရေးနဲ့မရောယှက်ဘဲတာဝန်သိသိသစ္စာရှိရှိအမှုထမ်း နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်လာခဲ့ကြ ပြန်တယ်။

CRPH NUG အကြမ်းဖက်အဖွဲ့ရဲ့ သွေးထိုးမြှောက်ပင့်ပေးမှုတွေ ကြောင့် PDF အကြမ်းဖက်သမားတွေဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ထဲရှိ မြို့နယ်လျှပ်စစ် ရုံးအတွင်းဝင်ရောက်လာပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစန်းအေးကို သေနတ်နဲ့ပစ်ခတ်လုပ်ကြံ သတ်ဖြတ် ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာလူမျိုး တို့ရဲ့ ဓလေ့ထုံးစံအရ သက်ပျောက်ဆွမ်းကပ်တဲ့ နောက်တစ်ရက် စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းအချိန်မှာလည်း အကြမ်းဖက် သမားတွေဟာ မြို့နယ်လျှပ်စစ်ရုံးကို ဗုံးနဲ့ နောက်တစ်ကြိမ်လာရောက် ပစ်ကြပြန်တယ်။

ဩဂုတ်လ ၂၉ ရက်နေ့ကလည်း PDF အကြမ်းဖက်သမားတွေဟာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့ရှိ တိုင်းဒေသကြီး တိုင်းရင်းသား ဖွံ့ဖြိုးရေးသင်တန်းကျောင်း ပညာရေးနှင့်လေ့ကျင့်ရေးဌာန ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဒန်နဲ့ ယာဉ်မောင်းကိုဝေလင်းအောင် တို့နှစ်ဦးနဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဘုမ္မော်ရပ်ကွက် စာရေး တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်စန်းစန်းတို့ကို သေနတ်နဲ့ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။

အောက်တိုဘာလဆန်း ၅ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မီးရထားစက်ရုံမှ လျှပ်စစ်လက်ထောက်အင်ဂျင်နီယာ ဦးစံထွန်း မြိုင်ဟာ မြစ်ငယ်မြို့မဈေးမှ ဈေးဝယ်အပြီး ဆိုင်ကယ်နဲ့ ပြန်လာစဉ်မှာ အကြမ်းဖက်သမားတွေက သေနတ်နဲ့ သုံးချက်ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြပြန်တယ်။

တစ်ရက်တည်းမှာပဲ နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းကြိုပို့ဖယ်ရီကားတစ်စီးကို အကြမ်းဖက်သမားတွေက ခြောက်လှန့်လုပ်ဆောင်ခဲ့ကြတယ်။ “Non CDM တွေကို သတိပေးတဲ့အနေနဲ့ တိုက်ခိုက်မှုလုပ်ခဲ့တာပါ” လို့လည်း ဆိုတယ်။

အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းမှာလည်း စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ် ချောင်းရိုးကျေးရွာက Non CDM ဆရာမ တစ်ဦးကိုအကြမ်းဖက်သမားတွေက နေအိမ်မှာလုပ်ကြံ သတ်ဖြတ်ခဲ့ကြ ပြန်ပါတယ်။

အမှတ်မှားခြင်း၊ အယူမှားခြင်း၊ အထင်မှားခြင်းဆိုတဲ့ ဝိပ္ပလ္လာသ တရားတွေ ဖုံးလွှမ်းအားကြီးလာတာနဲ့ အမျှ လူပုဂ္ဂိုလ်အချို့ဟာ အမှား ကိုအမှန်၊ အမှန်ကိုအမှားရယ်လို့ မှောက်မှောက်မှားမှားတွေ ထင်မြင် ယူဆခဲ့ကြပြီး မလုပ်သင့်မလုပ်ထိုက်တဲ့ပြစ်မှုကြီးတွေကို လုပ်ဆောင် လာခဲ့ကြပါတယ်။

တကယ်တော့ နိုင်ငံ့ဝန်ထမ်းအမှုထမ်းဆိုတာ ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ရွာသာယာလှပရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးစတဲ့လူမှုစီးပွားဘဝ အဝဝအဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်က နိုင်ငံတော်ကိုယ်စား ပြည်သူ့အမှုတော်ကို ထမ်းဖို့၊ ပြည်သူ့ဝန်ကို ဆောင်ရွက်ဖို့ ခန့်အပ်တာဝန်ပေးထားသူတွေသာ ဖြစ်ပါတယ်။

ငါးနှစ်သက်တမ်းအလိုက် ပြောင်းလဲ

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ပစ္စက္ခအချိန်မှာ ပိုမို သတိပြု ဆင်ခြင်စဉ်းစားတတ်ဖို့ လိုအပ်ပါတယ်။ ၂၀၁၀-၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရခေတ်က တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း တွေက ၂၀၁၅-၂၀၂၀ ခုနှစ်က တက်လာတဲ့ NLD အစိုးရကို မကြိုက် ဘူးဆိုပြီး CDM လုပ်လို့မရပါဘူး။ ဒီမိုကရေစီအစိုးရဆိုတာ ငါးနှစ် သက်တမ်းအလိုက် ပြောင်းလဲနေမှာပါ။

နိုင်ငံတော်ရဲ့ ယန္တရားကြီး ပုံမှန်လည်ပတ်ဖို့ နိုင်ငံ့ဝန်ထမ်းတွေက ဘယ်အစိုးရတက်တက် ပြည်သူလူထု အတွက် သူ့တာဝန်နဲ့ဝတ္တရားအရ သူ့အလုပ်သူလုပ်နေကြရမှာပဲ ဖြစ်ပါတယ်။

လဝကဝန်ထမ်းတွေက အနိမ့်ဆုံးအဆင့် နိုင်ငံသားတိုင်းလိုအပ်တဲ့ နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်နိုင်ဖို့၊ လူဦးရေနဲ့သန်းခေါင်စာရင်းရဖို့၊ ဆရာ ဆရာမတွေက မိမိရင်သွေးငယ်တွေ အနာဂတ်မှာလူတစ်လုံး သူတစ်လုံး ပညာတတ်ကြီးဖြစ်စေဖို့၊ EPC လျှပ်စစ်ဝန်ထမ်းက နိုင်ငံ သားတိုင်းမရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်စွမ်းအားရရှိဖို့၊ ဆရာဝန်၊ သူနာပြု စတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေစိုးမိုးဖို့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြည်သူလူထုရဲ့ စည်းစိမ်ဥစ္စာတွေကို မီးဘေး အန္တရာယ်က ကာကွယ်ပေးဖို့၊ စည်ပင်သန့်ရှင်းရေးဝန်ထမ်းက မြို့ရွာ အင်္ဂါရပ်နဲ့ အညီ သန့်ရှင်းသာယာစေအောင် အမှိုက်တွေကိုသိမ်းဆည်း ပေးဖို့စတဲ့ပြည်သူ့ဝန်ကိုကဏ္ဍအလိုက် တာဝန် ကျေပွန်စွာ ထမ်းဆောင် သွားကြရမှာဖြစ်ကြောင်းပါ။

ပြည်သူလူထုအတွက် နိုင်ငံတော်ကိုယ်စား နိုင်ငံ့ယန္တရားကို သို့ကလို ဟန်ချက်ညီညီ ချိတ်ဆက် အကောင်အထည်ဖော်ဆောင်ရွက် နေတဲ့ကြားကတစ်ခါတစ်ရံ တစ်နေရာ တစ်ဌာနက ချို့ယွင်း အားနည်း မှုပေါ်ပေါက်လာခဲ့လို့ ဟန်ချက်ပျက်သလိုမျိုးဖြစ်ခဲ့ရင်တောင် ပြည်သူ လူထုဟာ အခက် အခဲအချို့နဲ့ ကြုံတွေ့တတ်ကြရပါတယ်။ အစွန်း ရောက်လူစားတွေသဘောကျ ဝန်ထမ်းအားလုံးသာ CDM လိုက်လုပ် ကြရမယ်ဆိုရင်တော့ ပြည်သူ့ဘဝဟာ မတွေးဝံ့စရာပါ။

ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလမှာ ကျင့်ဝတ် သိက္ခာနဲ့ ညီညွတ်တဲ့ဆရာဝန်၊ သူနာပြု စတဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ တာဝန်သိမှု၊ သစ္စာရှိမှုတို့ကြောင့် မြန်မာပြည်သူလူထုအများစု အသက်နဲ့ခန္ဓာမြဲခဲ့ရတယ်လို့ ဆိုရမှာပါ။

“အာရောဂျုံ ပရမံလာဘ်” ဆိုတဲ့အတိုင်း ကျန်းမာခြင်းရဲ့ လာဘ်လာဘကို နာမကျန်းဖြစ်မှ နားလည်သဘောပေါက်တတ်ကြ သလို ကျေးလက်တွေမှာလည်း ဆရာဝန်မရှိမှ ဆရာဝန်တစ်ဦးရဲ့ တန်ဖိုးကို နားလည်သဘောပေါက်လာတတ်ကြတယ်။

အောက်တိုဘာလ ၅ ရက်နေ့က နိရဉ္စရာ သတင်းစာမျက်နှာမှာ “ဆရာဝန်မရှိဘဲ နှစ်နှစ်ခန့်ကြာပြီ ဖြစ်သည့် တောင်ကုတ်မြို့နယ် ငမောက်ချောင်းတိုက်နယ်ဆေးရုံသို့ ဆရာဝန်တစ်ဦးရောက်ရှိလာ၍ ဒေသခံများ သောင်းသောင်းဖြဖြကြိုဆို” ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။

“ယခုကဲ့သို့ ဆရာဝန်ရောက်ရှိလာပြီဖြစ်၍ ငမောက်ချောင်း တစ်ကျွန်းလုံး ပျော်ရွှင်နေကြသည်” ဟုလည်း သွားရောက်ကြိုဆိုခဲ့ကြ သည့် ဒေသခံများက နိရဉ္စရာအား ပြောသည်။

အမော်ကျွန်းကျေးရွာမှ ဒေါ်ခင်မြင့်သိန်းက “အရင်တုန်းက သူနာပြု အပြာဝတ်နှစ်ယောက်နဲ့ပြရတယ်။ ဆရာဝန်မရှိဘဲ တစ်နှစ် ကျော် နှစ်နှစ်နီးပါးနေခဲ့ရတယ်။ အသည်းအသန်လူနာတွေကို နှစ်နာရီ ကြာသွားရတဲ့ တောင်ကုတ်ဆေးရုံကြီးကိုပို့ပြီး ကုသခဲ့ရတယ်။ အခုလို ဆရာဝန်က ကျွန်မတို့ဆီ လာပေးတဲ့အတွက် ဝမ်းသာပါတယ်။ တစ်ကျွန်းလုံး ပျော်နေကြတယ်။ ထွက်လည်း ကြိုနေကြပါတယ်” ဟု ပြောသည်။

ငမောက်ချောင်းတိုက်နယ်ဆေးရုံသည် ပန်းတင်ကျွန်းမှ ကျေးရွာ ၁၂ ရွာက အားထားနေရသည့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံဖြစ်ပြီး တောင်ကုတ်မြို့နှင့် ရေမိုင် ၁၃ မိုင်ခန့် ဝေးကွာကြောင်း သိရသည်။

အဆိုပါဆေးရုံတွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာဝန်က လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မေလခန့်မှစတင်ပြီး သင်တန်းတက်မည် ဟုဆိုကာ ပြောင်းရွှေ့သွားသည့်အတွက် ဆရာဝန်မရှိဘဲ အထက်တန်း သူနနာပြုနှစ်ဦးဖြင့် ဆေးရုံလည်ပတ်နေခဲ့ရကြောင်း “ငမောက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟန်ရွှေက “ဆရာဝန်က စစ်တွေက ပြောင်းလာတာလို့သိရတယ်။ မြို့နယ် ဆရာဝန်ကြီး ကိုယ်တိုင်လာပို့တာပါ။ လူနှစ်ရာလောက်လာကြိုကြတယ်” ဟုပြောသည်။

ငမောက်ချောင်းတိုက်နယ်ဆေးရုံသို့ ပြောင်းရွှေ့လာသည့် အဆိုပါ တွဲဖက်တိုက်နယ်ဆရာဝန် ဒေါက်တာဇေယျာထွန်းကလည်း “ဒေသခံများက လိုလိုလားလားကြိုဆိုကြသဖြင့် ဝမ်းသာမိကြောင်း ပြောသည်။” " သို့ကလို အမှန်ကိုအမှန်အတိုင်း နားလည်သဘောပေါက် ရှုမြင် တတ်ကြတဲ့ ဒေသခံ ပြည်သူတွေနဲ့ ကျေးလက်ဒေသမှ မိဘပြည်သူတွေရဲ့ ကျန်းမာရေးအတွက် သမားဂုဏ်သိက္ခာ ကျင့်ဝတ်တွေနဲ့အညီ တိုက်နယ်ဆေးရုံကို တာဝန်သိသိ သစ္စာရှိရှိလာရောက်၍ အမှုတော် ထမ်းဆောင် ပေးတဲ့ ဆရာဝန်တစ်ဦးရဲ့ သတင်းကို အစအဆုံး ဖတ်လိုက်ရတော့ ဝမ်းသာကြည်နူးဖြစ်ရတယ်။

ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ထောက်ခံ နေကြသူ အစွန်းရောက်ဝါဒီတွေကတော့ ယခုထက်တိုင် ဝိပ္ပလ္လာသ တရားတွေ ဖုံးလွှမ်းနေကြပြီး လယ်ကွင်းထဲက စာခြောက်ရုပ်ကို လူလို့ မှားယွင်းထင်မြင်ယူဆနေကြဆဲ။ ပြည်သူ့ဝန်ကို တာဝန်သိသိ၊ သစ္စာရှိရှိထမ်းရွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းတွေကို လည်း ရန်သူလို့ မှောက်မှောက်မှားမှား အမှတ်မှား၊ အယူမှား၊ အထင်မှားနေကြဆဲဖြစ်ကြောင်းပါဗျာ။

ပြည်ထောင်စုသားတစ်ဦး