Skip to main content

ဆောင်းခိုငှက်တို့ဝင်ရောက်ချိန် ကာကွယ်ထိန်းသိမ်းရန်လို

နှစ်တစ်နှစ်၏ ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ကို မေလတွင်တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် ကျင်းပကြပြီး ထိုလများတွင် ကျရောက်သော ဒုတိယပတ်၏ စနေနေ့ကို ကမ္ဘာ့ရွှေ့ ပြောင်းငှက်များနေ့အဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ (Wond Migratory Bird Day) ကို ၂၀၀၆ ခုနှစ်မှအစပြု၍ ရွှေ့ပြောင်းငှက်နှင့် ၎င်းတို့ကျက်စားရာဒေသများ ထိန်းသိမ်းရေးအတွက် လိုအပ်ချက်များကို ဦးစားပေးသည့် လူထုအသိပညာပေးရေးအစီအစဉ် မြှင့်တင်ရေး လှုပ်ရှားမှုကို ကမ္ဘာ့တစ်ဝန်း၌ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့သည် ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ ဖြစ်သည်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ရွှေ့ ပြောင်းငှက်များနေ့ ဆောင်ပုဒ်မှာ (Sing. Fly, Soar like a bird) ဖြစ်သည်။

ဆောင်းခိုငှက်များသည် ၎င်းတို့သားပေါက်နေ ထိုင်ကျက်စားရာ ကမ္ဘာ့မြောက်ခြမ်း အအေးပိုင်း ဒေသဆောင်းရာသီ၏ တိုတောင်းလွန်းသောနေ့တာ၊ အေးခဲ၍ပြင်းထန်သော ရာသီဥတု၊ အစာရေစာ အခက်အခဲများကို ရှောင်ရှား၍ မျိုးဆက်တည်တံ့ခြင်း နှင့် အသက်ဆက်ရှင်သန် နိုင်စေရန် ပူနွေးသောကမ္ဘာ့တောင်ဘက်ခြမ်းဒေသများသို့ ခေတ္တပြောင်းရွှေ့ ဆောင်းခိုကြရခြင်း ဖြစ်သည်။

ထိုသို့ ကမ္ဘာအနှံ့နယ်မြေမှ ရွှေ့ပြောင်းဆောင်း ခိုရန်ပျံသန်းရာ လမ်းကြောင်းကြီးကိုးခုရှိပြီး ပျံသန်း ရာလမ်းကြောင်းတစ်လျှောက် မြစ်များ၊ တောင်များ၊ တောင်တန်းနှင့် ပင်လယ်များ အစရှိသည်တို့ကို မှတ်သားကာ အလိုရှိရာနေရာသို့အရောက် ခရီးမိုင် ပေါင်း ထောင်သောင်းချီ၍ ဖြတ်ကျော်ပျံသန်းကြရသည်။ ဆောင်းခိုငှက်များတွင် ရေဘဲကဲ့သို့သော ငှက်များအပါအဝင် ကုန်းငှက်များနှင့် ကမ်းခြေနေ ငှက်များလည်း ပါဝင်စုံလင်လှသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသို့ပျံသန်းလာကြသော ဆောင်းခို ငှက်များသည် ပျံသန်းရာလမ်းကြောင်းကြီး ကိုးခု အနက် East Asian Australasian Flyway လမ်းကြောင်းနှင့် Central Asian Flyway လမ်းကြောင်းတို့ကို အသုံးပြုလေ့ရှိကြပြီး အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ၍ ကုန်းငှက်များမှာ မြန်မာနိုင်ငံအနှံ့အပြားနှင့် ရေငှက်များသည် မြန်မာနိုင်ငံ၏ ရေချိုရေဝပ်ဒေသ များအပြင် ပင်လယ်ကမ်းခြေများတွင် ကောင်ရေသိန်းဂဏန်းခန့် လာရောက်၍ ဆောင်းခို ကျက်စားကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ ဆောင်းခိုငှက်များ အဓိက ကျက်စားရာနေရာများမှာ အင်းတော်ကြီးကန်၊ အင်းလေးကန်၊ ပလိပ်အင်း၊ ပြူးကန်၊ မိုးယွန်းကြီးအင်း၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်း၊ မိန်းမလှကျွန်းနှင့် တနင်္သာရီကမ်းရိုးတန်းဒေသများ ဖြစ်သည်။ အဆိုပါ ဒေသများတွင် ကျက်စားကြပြီး  မေလတွင် လာရာလမ်းဖြစ်သော ကမ္ဘာ့မြောက်ခြမ်း  ဒေသများသို့သားပေါက်ရန် မျိုးဆက် တည်တံ့ရေးမိုင်ထောင်သောင်းချီခရီးဝေး ပျံသန်းခရီးနှင်ကြရ ဦးမည်ဖြစ်သည်။

ထိုသို့ ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ပျံသန်း၍ နှစ်စဉ်လာရောက်ဆောင်းခိုသော ငှက်မျိုး စိတ်များ ကျက်စားရာနေရာကို နိုင်ငံတကာ အရေးကြီးရေဝပ်ဒေသ (Ramsar Site အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁၁၃၆ မျိုးရှိပြီး ဆောင်းခိုကျက်စားသောငှက်မျိုးစိတ် ၄၀၀ ပါဝင်ကာ အဆိုပါ ဆောင်းခိုငှက် များထဲ၌ ရေငှက်မျိုးစိတ် ၂၀၆ မျိုးခန့်ရှိခဲ့ကြောင်း ငှက်စာရင်း ကောက် သုတေသနပြုနေသူအချို့၏ မှတ်တမ်းများအရသိရသည်။

ဆောင်းခိုငှက်များ နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုအန္တရာယ်များကြောင့် မျိုးစိတ် အရေအတွက်သာမက အကောင်အရေအတွက်ပါ လျော့နည်းကျဆင်းလာသည်ကို ငှက်စာရင်း ကောက်ယူသုတေသနပြုနေသူများက သတိပြုမိခဲ့ကြ သည်။ အချို့သောငှက်မျိုးစိတ် များသည် မကြာမီကာလတွင် ကမ္ဘာပေါ်မှ မျိုးသုဉ်းပျောက် ကွယ်တော့မည့် မျိုးဆက်ပျက်သုဉ်း လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းဆောင်းခိုငှက်ကောင်ရေ ကျဆင်း လာရခြင်း  အကြောင်းရင်းများမှာ ကျက်စားနယ်မြေများ လျော့နည်းဆုံးရှုံးမှု၊ ရေဝပ်ဒေသများ တိမ်ကော ပျက်စီးပျောက်ကွယ်မှု၊ လူတို့အသုံးပြုမှု များပြားခြင်းနှင့် ဆောင်းခိုငှက်များကို ဖမ်းဆီးသတ်ဖြတ်စားသောက်မှုတို့ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသည် ရေပျော်ငှက်များအတွက် လုံလောက်သော အစာရေစာများ ကို ထောက်ပံ့ပေးစွမ်းနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှု နည်းပါးခြင်းတို့ကြောင့် ဆောင်းရာသီကာလတွင် ဆောင်းခိုငှက် အများအပြား နှစ်စဉ်လာရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။ သို့ရာတွင် ဝမ်းနည်းဖွယ်ရာအဖြစ် ဆောင်းခိုငှက်များကို အလှမွေးငှက် အဖြစ်လည်းကောင်း၊ စားသောက်ဖွယ်ရာ အသားဟင်းလျာ အဖြစ်လည်းကောင်း ဖမ်းဆီးရောင်းချခြင်းနှင့် သတ်ဖြတ်ရောင်းချနေခြင်းများ ပိုမိုများပြားလာမှုကို မြန်မာနိုင်ငံ မြို့ကြီးအချို့နှင့် မြို့ ရွာကျေးလက်အချို့တွင် တွေ့မြင်နေရသည်။

ကိုဗစ်-၁၉ ရောဂါမဖြစ်ခင် နှစ်ကာလများ၌ မြန်မာနိုင်ငံရှိ အရေးကြီးရေဝပ်ဒေသများဖြစ်သော မိုးယွန်းကြီးအင်း၊ အင်းတော်ကြီး ကန်၊ မိန်းမလှကျွန်း၊ အင်းလေးကန်၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်းတို့တွင် ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် တစ်ပြိုင်တည်း ကျင်းပလေ့ရှိရာ ယခုအခါကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ကျင်းပနိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံရှိအရေးကြီးရေဝပ်ဒေသနှင့် အခြားကုန်းတွင်း ဒေသအနှံ့အပြားသို့ လက်ရှိကာလတွင် ဆောင်းခို ငှက်များ စတင်ဝင်ရောက်နေပြီဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် အဆိုပါဆောင်းခိုငှက်များကို ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ် ခြင်း မပြုလုပ်ခြင်းဖြင့် မိမိနိုင်ငံ မိမိဒေသ၏သက်ရှိလောကနှင့် သဘာဝ ဝန်းကျင်ကို ထိန်းသိမ်း ရာရောက်မည်ဖြစ်သည်။

အိမ်သာ၍ ဧည့်လာခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ဂေဟစနစ်များ ကောင်းမွန်နေခြင်းကြောင့်သာ ဆောင်းခိုငှက်များ လာရောက်နေထိုင်ကျက်စားကြခြင်းဖြစ်၍ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များတွင် လူသားများကိုသာမက တောရိုင်းတိရစ္ဆာန် ကျေးငှက် များကိုလည်း  ခရီးသွားဧည့်သည်များအဖြစ် ပြည်သူများက  လက်ခံပေးရန်၊ စောင့်ရှောက် ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ နောင်သားစဉ်မြေးဆက်အထိ ယင်းငှက်များကို ဆက်လက် မြင်တွေ့လေ့လာကြည့်ရှုခွင့်ရ ရှိစေနိုင်မည်ဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းဆောင်းခို ငှက်များအား ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

 သတင်းဆောင်းပါးနှင့်ဓာတ်ပုံ- ပိန်းဇလုပ်သိန်းညွန့်