Skip to main content

ရေကြည်ထွက်အောင် တူးကြပါ

ဤဆောင်းပါးကို စာတတ်-စာဖတ်-စာဖတ်တတ်စာငတ်-စာမပြတ်ဟူသော ကျောရိုးအတိုင်း တင်ပြသွားပါမည်။

 

ယခုခေတ်တွင် စာမတတ်သူဦးရေ အလွန် နည်းပါးသွားပါပြီ။ “အ”သုံးလုံးကျေးဇူးကြောင့်ယခင် စာမတတ်သူများသည် ယခုရေးတတ်၊ ဖတ်တတ် လာကြသည်။ စာရေးသူပြောချင်သော စာတတ်ဆိုသည်မှာ ပညာတတ်ကြီး မဖြစ်ချင်နေပါစေ။ အနည်းဆုံး စာကို ဖြောင့်ဖြောင့် တန်းတန်းဖတ်နိုင် နားလည်နိုင်သော အဆင့်ကို ဆိုလိုပါသည်။ စာအုပ် တစ်အုပ်ကို ဖတ်နိုင် စွမ်းရှိသော အဆင့်ကို ဆိုလိုပါသည်။ ဒီလိုစာတတ်သူတွေ ပေါပေါများများရှိရန် လိုအပ်ပါသည်။ တစ်နိုင်ငံလုံး စာတတ်ကြလျှင် အကောင်းဆုံးပါပေ။

ကောင်းပါပြီ။ စာတတ်သူတွေ အများအပြား ရှိနေပါပြီတဲ့။ ထိုအထဲမှ ဘယ်နှယောက် စာဖတ် ကြပါသနည်း။ စာရေးသူပြောချင်သော စာဖတ်ဆိုသည်မှာ လုပ်ငန်းဆိုင်ရာစာ၊ ကျောင်းသင် ခန်းစာ စာဖတ်ခြင်းကို မဆိုလိုပါ။ ဗဟုသုတရှာမှီးရန် အလို့ငှာ၊ စိတ်အပန်းဖြေရန် ရသတစ် မျိုးမျိုး ခံစား ရန်အလို့ငှာ ပြင်ပစာပေဖတ်ရှုခြင်းကို ဆိုလိုပါသည်။

 

၂၀၁၇ ခုနှစ် အမျိုးသားစာပေဆုနှင်းသဘင် တွင်တွေ့သော တိုင်းဒေသကြီးအဆင့် တာဝန်ခံ ရသော ပုဂ္ဂိုလ်တစ်ဦးကို စာရေးသူ၏စာအုပ်လက်ဆောင်ပေးလိုသဖြင့် ပြင်ပစာပေဖတ်ရှုချိန် ရှိ၊ မရှိ ပဋိသန္ဓာရ စကားခံကြည့်ရာ စာမဖတ်ကြောင်း၊ အချိန်မပေးနိုင်ကြောင်း ဖြေလေသည်။ “စာဖတ် လျှင်သိတယ်၊ စာမဖတ်တော့မသိဘူး။ သိခြင်းနှင့် မသိခြင်း အများကြီးကွာသွားတယ်” ဟူသော ဆရာချစ်ဦးညို ၏စကားကို သတိရလိုက်သည်။ နောက်ပိုင်းတွင် ထိုပုဂ္ဂိုလ်၏ ပြောစရာလုပ်ရပ်တွေ ကြားသိသောအခါ မအံ့ဩမိပေ။ - စိတ်၏ကျေနပ်နှစ်သိမ့်မှုကို ရရှိခြင်း

စာတတ်ပြီဆိုလျှင် နောက်တစ်ဆင့် တက်ရမှာက စာဖတ်ရန်ဖြစ်သည်။ စာဖတ်ခြင်းကြောင့် အသိဉာဏ်ပညာ ပြည့်ဝခြင်း၊ ဗဟုသုတကြွယ်ဝခြင်း၊ စဉ်းစားတွေးခေါ်တတ်ခြင်း၊ ဝေဖန် ပိုင်းခြားတတ်ခြင်း၊ အကောင်းအဆိုး၊ အကျိုးအပြစ်အမှား အမှန်ကို ခွဲခြားသိမြင် လာသဖြင့် ဆုံးဖြတ်ချက်မှန်၊ အလုပ်မှန်လာခြင်း၊ ရသတစ်ပါးပါးကို ခံစားရသော အခါတွင် စိတ်၏ ကျေနပ်နှစ်သိမ့်မှုကို ရရှိခြင်း ဟူသော အကျိုးကျေးဇူးများကို ရရှိသည်။

 

ထို့ကြောင့် စာဖတ်ရန် တိုက်တွန်းချင်သည်။ စာဖတ်မှ “ထိပ်” ကိုရောက်မည်။ စာအုပ်ကိုချစ်မှ စာအုပ်က ပြန်ပြီးအကျိုးပြုမည်။ လူသားများ တီထွင်ခဲ့ကြသော ပစ္စည်းများအနက် တန်ဖိုး အရှိဆုံး၊ တန်ခိုးအထက်ဆုံးနှင့် ဩဇာအသက်ရောက်ဆုံး အရာဝတ္ထုသည် စာအုပ်ဖြစ်ကြောင်း ဖတ်မှတ်ဖူးသည်။ “လူခါးတောင်းကျိုက်လျှင် ကူလီပဲဖြစ်မည်။ ဉာဏ်ခါးတောင်းကျိုက်မှ ထိပ်ဆုံးသို့ရောက်မည်”ဟု ဆရာဦးအောင်သင်းက ရေးသားခဲ့သည်။ ။

 

စာဖတ်၍ ထိပ်ရောက်သူတွေ အများကြီး ရှိသည်။ ဥပမာ သုံးယောက်ပြပါမည်။ ။

 

ဝန်ဇင်းမင်းရာဇာ။ ငယ်မည် မောင်ညိုဖြစ်၏။ လယ်သမားဖြစ်၍ ဆင်းရဲသည်။ သူက စာပေဖတ်ရှု လေ့လာမှုတွင် ဝါသနာကြီးသည်။ လယ်ထွန်ရင်း စာဖတ်သည်။ လယ်နားချိန် စာဖတ်သည်။ အိမ်မှာ နေရင်းလည်းဖတ်သည်။ ယောက္ခမကမကြည်ဖြူချေ။ စာတိုပေစများကို ဖတ်လွန်း၊ မှတ်လွန်းအားကြီးတော့ ရွာနီးချုပ်စပ်မှ “စာတိုငညိုဟု အမည် တွင်သည်။ တစ်နေ့ မိတ္ထီလာရွာသို့ ဘုရင်ကြွလာ သည်။ ကန်ပေါင်ပေါ်က နတ်ကွန်းအကြောင်းမေး သည်။ ရွာလူကြီးက မဖြေနိုင်ချေ။ မောင်ညို စာဖတ်၍ သူသိနိုင်ကြောင်း လူကြီးများက လျှောက် တင်သဖြင့် ခေါ်မေးသည်။ “နတ်ကွန်းမဟုတ်ကြောင်း၊ ဘေးလောင်းတော်၊ ဘိုးလောင်းတော် ကြွလာစဉ် မိဖုရားကွယ်လွန်ကြောင်း၊ မိဖုရားကို မြတ်နိုးတော် မူလွန်း၍ ရုပ်တုထုပြီး ကန်ပေါင်မှာမြှုပ်နှံခဲ့ကြောင်း၊ အပေါ်မှာ နတ်ကွန်းသဖွယ် ဆောက်ထားခြင်းသာ ဖြစ်ကြောင်း မောင်ညိုက လျှောက်တင်သည်။ ကန်ပေါင်ကို တူးကြည့်တော့ ရုပ်တုတွေ့သည်။ မောင်ညိုကို နန်းတော်ခေါ်သွားပြီး ဝန်ကြီးခန့်သည်။ သမိုင်းတွင် ဝန်ဇင်းမင်းရာဇာဟု ထင်ရှား၏။ စာဖတ် သောအကျိုးကြောင့် တိုင်းပြည်၏ ထိပ်မဟုတ်သည့် တိုင် သူ့ဘဝ၏ ထိပ်ကိုမူ ရောက်ခဲ့၏။

ပခုက္ကူ ဦးအုန်းဖေ။ ငယ်စဉ်ကဆိုးခဲ့မိုက်ခဲ့သည်။ ဓားပြဖြစ်သည်။ ထောင်ကျသောအခါ ပခုက္ကူ ထောင် ထဲတွင်ရှိသော စာကြည့်တိုက်မှ စာအုပ်များ အကုန် ဖတ်သည့်အပြင် သူသဘော ကျသော စာကြောင်း စာပုဒ်များကို မှတ်စုကူးယူလာသည်။ စာပေက သူ့ အသိဉာဏ်ကို ဖွင့်ပေးလိုက်သည်။ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်တော့သည်။ စီးပွား တိုး၍ လူကုံထံ ဖြစ်လာသည်။ စာပေကြောင့် သူ့ဘဝပြောင်းလဲရသည်ဆိုပြီး စာပေကို ကျေးဇူးဆပ်ချင် သည်။ လူငယ်များ အားကျစေချင်၊ စာဖတ်စေချင် သည်။

 

စာပေပြိုင်ပွဲနှင့် ပညာသင်ဆု ထို့ကြောင့် ကျပ် ၇၆ သိန်းကျော် (၁၉၉၂ ခုနှစ်က ငွေတန်ဖိုးပါ) မတည်၍ စာပေပြိုင်ပွဲနှင့် ပညာသင် ဆုငွေ ပဒေသာပင်ထူထောင်ခဲ့သည်။ သူကိုယ်တိုင် လည်း စာရေးဆရာဖြစ်သွားသည်။ နိုင်ငံခြားခရီး များပင် သွားခဲ့ရသည်။ သူကွယ်လွန်သော်လည်း သူထူထောင်ခဲ့သော စာပေပြိုင်ပွဲနှင့် ပညာသင်ဆုမှာ ယနေ့ထက်တိုင်အောင် ရှင်သန်နေဆဲဖြစ် သည်။ ဦးလေးအုံးသည် စာဖတ်သောကြောင့် သူ့ဘဝ၏ ထိပ်ကိုရောက်ခဲ့သည်။

 

အေဘရာဟင်လင်ကွန်း။ ဆင်းရဲသောမိဘက မွေးဖွားသည်။ တောထဲမှာသစ်လုံးအိမ်နှင့် နေရ သည်။ ပင်ပင်ပန်းပန်း အလုပ်လုပ်ရသည်။ အတန်းကျောင်းမနေခဲ့ရချေ။ အမေနှင့်မိထွေးက စာသင်ပေးသောကြောင့် စာတတ်သည်။ စာတတ်တော့ စာဖတ်သည်။ ရရာစာအုပ်ဖတ်သည်။ မိုင်ချီ ဝေးသောနေရာက စာအုပ်ကို ခြေကျင်သွားသည်။ ညရောက်မှ ထပ်ခိုးအိပ်ခန်းတွင် မီးအိမ်ထွန်းဖတ်သည်။ ဖတ်ပြီးတော့ ခြေကျင်ပဲပြန်သွားအပ်သည်။ စာဖတ်နာလာတော့ ဥပဒေ စာအုပ်များ ဖတ်သည်။ လေ့လာသည်။ တောရှေ့နေဖြစ်လာသည်။ ရွေးကောက်ပွဲဝင်ရာရှုံး၏။ ထပ်ဝင်ပြန်ရာ ရှုံးပြန်၏။ နောက်ဆုံးတော့အရွေးခံရပြီးဥပဒေပြုအမတ်ဖြစ်လာ သည်။ သမ္မတ ရွေးပွဲဝင်သည်။ အမေရိကန် ပြည်ထောင်စု၏ သမ္မတဖြစ်လာသည်။ လူမည်းများ ကို ကျွန်ဘဝမှ လွတ်မြောက်စေသူ၊ အမေရိကန်နိုင်ငံကို နှစ်ခြမ်းကွဲမည့်ဘေးမှ ကယ်တင်ပေးသူအဖြစ် သမိုင်း တွင်ထင်ရှားသည်။ စာဖတ်သောကြောင့် နိုင်ငံ၏ထိပ်သို့ ရောက်ခဲ့သော ဥပမာဖြစ်သည်။

ထို့ကြောင့် စာဖတ်ကြပါဟု တိုက်တွန်းချင် သည်။ စာစုံဖတ်စေချင်သည်။ နေ့တိုင်းစာဖတ်ချိန် ပေးစေချင်သည်။ ဘယ်သွားသွား စာတစ်အုပ်ယူသွား ပြီး ကားစောင့်ရင်း၊ ရထားစောင့်ရင်း၊ လေယာဉ် ထွက်ချိန်စောင့်ရင်း၊ ကားရထား/လေယာဉ်စီးရင်းဖတ်နိုင်ပါသည်။ ယုတ်စွအဆုံး အိမ်သာတက်ရင် လည်း စာဖတ်နိုင်သည်ပင်။

စာဖတ်၍ ထိပ်ရောက်သည်ကိုရေးပြီးသောအခါ စာမဖတ်၍ ကွဲသည်ကိုလည်းရေးချင်သည်။ မိမိ ဘာသာနေလျှင် ကိစ္စမရှိ။ စာမဖတ်ဘဲ သူများကို ဆရာသွားလုပ်တော့ အရှက်ကွဲသည်။ ။

 

လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်

 

လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ၈၈ ပွင့်လင်းအဖွဲ့ဝင်တစ်ယောက်က “တပ်မတော် အင်အား ရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ဆောင်ပုဒ်ကိုတော့ ရဲရဲပဲပြောမယ်၊ တစ်မျိုးမ ထင်ပါနဲ့၊ အတွေးအခေါ်အရ မှားယွင်းနေတယ်။ လုံးဝလက်မခံပါဘူးဟု ကျောက်ဆည် မြို့တွင် လူသိရှင်ကြား ဟောပြောခဲ့သည်။ ။

 

သူသာစာဖတ်နာခဲ့လျှင် သို့မဟုတ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူဖြစ်၍ စကားမကျွံမီ လေ့လာ မေးမြန်းစူးစမ်းလျှင် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည်မှာ ဆောင်ပုဒ် (motto) မဟုတ်ဘဲ သီချင်းစာသားဖြစ်သည်ကို လည်းကောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဆိုသည်မှာ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်ဆိုသည် ကိုလည်းကောင်း၊ ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်၏ဆန္ဒအရ ဆရာရွှေတိုင် ညွန့်က ရေးဖွဲ့သီကုံးပေးသော သီချင်းဖြစ်သည်ကိုလည်းကောင်း သိပေလိမ့်မည်။ သိလျှင် ဗိုလ်ချုပ်ကိုတော့ စော်ကားလိမ့်မည်မထင်ပါ။ မသိတော့ ဗိုလ်ချုပ်ကို စော်ကားရာရောက်သည်။ ရှေ့တွင်ရေးခဲ့သော ဆရာချစ်ဦးညိုပြောသည့် “သိခြင်းမသိခြင်း၏ကွာဟချက်သည် အဲဒါပဲဖြစ် ၏။ စာမဖတ်လို့ဖြစ်၏။

လူငယ် စာပေဆိုင်ရာစာအုပ်တစ်အုပ် ၂၀၁၅ ခုနှစ်က အမျိုးသားစာပေဆု စိစစ်ရာ တွင် စာရေးဆရာတစ်ယောက်ရေးသော လူငယ် စာပေဆိုင်ရာစာအုပ်တစ်အုပ်ကို ဖတ်မိသည်။ တစ်နေရာမှာ ..“ယနေ့လူငယ်၊ နောင်ဝယ် လူကြီးလို့ မည်သူက ထွင်လိုက်မှန်းမသိဘူး။ သစ်ပင်ပေါက်လာရင် အပင်ငယ်လေးကနေ အပင်ကြီးဖြစ်လာတာသဘာဝပဲ။ ငယ်ရာကနေ ကြီးလာတယ်ဆိုတာထုံးစံပဲ။ဒီနေ့လူငယ်ဆိုတာက လည်း နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမှာ ဓမ္မတာ ပဲ။ ဘာမှမဆန်းတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး သုံးနေတယ်...ဆိုသည့် သဘောမျိုးရေးထားသည်။

ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည် မှာ ဘယ်သူကမှ ထွင်တာမဟုတ်ဘဲ ဂန္ထဝင်ကဗျာ ဆရာကြီး ဇော်ဂျီ၏ “အို-တက်လူတို့ ကဗျာမှ ပါဒနှစ်ခုကို ကောက်နုတ်ထားခြင်းဖြစ်သည်။ အဓိပ္ပာယ်အလွန်လေးနက်ပြီး လူငယ်များကို လွတ် လပ်ရေးအတွက် လမ်းညွှန်ပေးသော ဇာတိမာန် ကဗျာဖြစ်သည်။ ဆရာဇော်ဂျီ၏ ကဗျာကို၊ ၎င်း စာရေးဆရာ မသိသည်မှာ ထင်ရှား၏။ ဆရာဇော်ဂျီ ၏ လူသိများကျော်ကြားသော ကဗျာများအနက် ၎င်းကဗျာသည်တစ်ပုဒ်အပါအဝင်ဖြစ်ပြီး တစ်ချိန် က အထက်တန်းကျောင်းသုံး ကဗျာစာအုပ်တွင် ပြဋ္ဌာန်းခဲ့ဖူးသည်။ ထို့ကြောင့် ၎င်းကဗျာကို

ကျောင်းဆရာဖြစ်သော စာရေးဆရာ မသိခြင်းမှာ အံ့သြဖို့ကောင်း၏။

နောက်တစ်ယောက်လည်း ၈၈ မျိုးဆက် သစ်ပွင့်လင်းကျောင်းသားကြီးပဲဖြစ်သည်။ သူက ရန်ကုန်မြို့၌ တပ်မတော်ကို ပုတ်ခတ်ပြောဆိုရာ တွင် အချက်အလက်အမှားများ အများကြီးပါသွား ခဲ့သည်။ မှားသမျှကောက်နုတ်ပြလျှင် နောက်ခံ ရာဇဝင်ပြန်ရှင်းပြရသည်နှင့်စာရှည်မည်စိုး၍ အချက် အချို့ကိုသာ ဆွဲထုတ်ရေးပါမည်။ သူက အောင်ဆန်းအက်တလီစာချုပ်ကို ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ဦးအောင်ဆန်းက လက်မှတ် ရေးထိုးခဲ့သည်ဟု ပြည်သူတို့ကို ဟောပြောခဲ့သည်မှာ မှားယွင်း နေ၏။ အမှန်မှာ မြန်မာနိုင်ငံ ဘုရင်ခံ အမှုဆောင်ကောင်စီ ကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုး ခြင်းဖြစ်သည်။ ပြည်သူ့ရဲဘော် အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတစ်ခုပါဟု လွဲမှားစွာ ပြောပြန်သည်။ စင်စစ်ပြည်သူ့ရဲဘော် အဖွဲ့သည် နိုင်ငံရေးပါတီ မဟုတ်။ နယ်ချဲ့ ဗြိတိသျှက လွတ်လပ်ရေး မပေး လျှင် ပြန်ချရန် တပ်မတော်၏ အရန်အင်အား အဖြစ် ကန္ဒီစာချုပ်အရတပ်မတော်ထဲ ဆက်ပါခွင့် မရသော စစ်သားဟောင်းများနှင့်ဖွဲ့ ထားသည့် စစ်တိုက်ရမည့်အဖွဲ့ဖြစ်ပြီး ဖဆပလ လက်အောက် တွင်ထားသည်။ ဗိုလ်ချုပ်အစီအမံသည် ဖဆပလက နိုင်ငံရေးလုပ်မည်။ ပြည်သူ့ရဲဘော် ကလျှို့ဝှက်ထားသော လက်နက်များဖြင့်စစ်တိုက်မည်။ တပ်မတော် ကိုကူညီမည်။ နောက်ထပ် ပြောပါသေးသည်။ ဖဆပလဟာ အရပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အရပ်သားစစ်စစ် နိုင်ငံရေး ပါတီပါတဲ့။ တော်တော့် ကို စာမဖတ်တာဖြစ်သည်။

ဖဆပလတွင် တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ် (ပြည်သူ့အရေးတော်ပုံ)ပါတီဟူသော အဖွဲ့ သုံးဖွဲ့ ပါဝင်ပြီး ဖွဲ့စည်းထားသည်။ ဂျပန်ကို

တော်လှန်သည်။ နယ်ချဲ့အင်္ဂလိပ်ပြန်ဝင်လာတော့ ကန္ဒီစာချုပ်အရ တပ်မတော်ကို အင်အားလျှော့ပြီး ပြန်လည်ဖွဲ့စည်းလိုက်ရသောကြောင့် ဖဆပလတွင် မရှိတော့သည့် တပ်မတော်နေရာတွင် ဗိုလ်ချုပ်က စစ်သားဟောင်းများဖြင့် ပြည်သူ့ရဲဘော်အဖွဲ့ဆိုပြီး ထည့်ပေးခြင်းဖြစ်သည်။ နောက်အမှားတစ်ခုသည် ဦးအောင်ဆန်းကသိမ်ဖြူမဲဆန္ဒနယ်မှ ဝင်ပြိုင်သည် ဆိုသော ဟောပြောချက်ဖြစ်၏။ ဗိုလ်ချုပ်အမှန် တကယ် ဝင်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်မှာ သိမ်ဖြူ မဟုတ်။ လမ်းမတော်မဲဆန္ဒနယ်ဖြစ်သည်။ ထိုသူ၏ အလွဲပြော၊ အမှားပြောချက်များကအန္တရာယ်ကြီး သည်။ ရိုးသားသော၊ မသိနားမလည်သော ပြည်သူ များ၏ဦးနှောက်ထဲကို အဆိပ်ရည်များ ထည့်ပေး လိုက်ခြင်းဖြစ်သည်။ သိနားလည်သော ပြည်သူများ ရှေ့မှောက်တွင်မူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမည်ခံပြီး ကိုယ့်နိုင်ငံ၏ လွတ်လပ် ရေးသမိုင်းကြောင်းကို ဂဃနဏ ဖတ်မထားသူ အရှက်ကွဲ သည်။ သိက္ခာကျသည်။ ။

စာဖတ်လျှင် ထိပ်သို့တက်လှမ်း၍ စာမဖတ် ပါက အလျဉ်းမသင့်လျှင် သိက္ခာကျအရှက်ကွဲ တတ်ပုံကို သာဓကဆောင်ပြခြင်းဖြစ်သည်။

စာလည်း တတ်ပြီ။ စာလည်း ဖတ်ပြီ။...ဆိုလျှင် ဘာလိုပါသေး လိုတာပေါ့။ “စာဖတ်တတ်ရန်လိုပါသေးသည်။

ဆရာမကြီးစောမုံညင်းက “ငါးဟင်းစားသလို စာဖတ်ပါဟုပြောခဲ့သည်။ ငါးဟင်းစားလျှင် အရိုး ထွင်ပြီးအသားကိုစားသလို စာဖတ်လျှင် မကောင်း သည့်စာကိုဖယ်ပြီး ကောင်းသည့်စာကို ရွေးဖတ်ဖို့ ဆိုလိုသည်။

တစ်ဖန် စာဖတ်ရုံနှင့်မပြီးသေး။ မှတ်ဖို့လည်း လိုပါသေးသည်။ မှတ်ဉာဏ်ကောင်းသူများက ကွန်ပျူတာဦးနှောက်ထဲမှာ သိမ်းဆည်းထားသည်။ တချို့ကကိုယ်အလိုရှိသော စာကြောင်း၊ စာပိုဒ်ကို မှတ်စုထုတ်ကူးယူသည်။ ကိုယ်ပိုင်စာအုပ်ဖြစ်လျှင် အလံထိုး မျဉ်းသားမှတ်၏။ သတင်းစာ၊ ဂျာနယ် များကျတော့ ကိုယ်လိုချင်တာကို cutting ဖြတ်ကာ ဖိုင်တွဲသည်။ ။

သုတတွေ၊ ရသတွေပေးနေတာ စာတစ်အုပ်ဖတ်ပြီးလျှင် စာရေးသူက ဘာပေး ချင်တာလဲ။ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို မိအောင်ဖမ်းရသည်။ ဖမ်းမိပြီဆိုလျှင် စေတနာ

လား၊ဝေဒ နာလားပေါ်လွင်လာသည်။ စာဖတ်သူက စေတနာဖြင့် သုတတွေ၊ ရသတွေ ပေးနေတာလား။ ဝေဒနာနဲ့ ဖျက်ဆီးနေတာလား။ စာဖတ်သူအကျိုး အတွက် ရေးတာလား။ စာရေးသူနာမည်ရဖို့။ လူသိဖို့၊ အထင်ကြီးခံဖို့ ရေးတာလား။ တစ်ဦးတစ်ဖွဲ့ ကို အဆိုးမြင်စေပြီး ကျန်တစ်ဦးတစ်ဖွဲ့ကို အကောင်းမြင်အောင်ရေးတာလား။ ယုတ္တိယုတ္တာ ရှိသလား။ မရှိဘူးလား။ ဓမ္မဓိဌာန်လား၊ ပုဂ္ဂလဓိဋ္ဌာန်လား။ ရေးသင့်တဲ့အကြောင်းအရာလား။ မရေးသင့် တဲ့အကြောင်း အရာလား စသည်တို့ကို စဉ်းစားရ မည်။ ချင့်ချိန်ရမည်။ စာရေးသူရေးသမျှယုံခြင်း သည် အဆင့်နိမ့်သော စာဖတ်သူဖြစ်၍ စဉ်းစား တွေးခေါ်ပြီးမှ လက်သင့်ခံခြင်းသည် အဆင့် မြင့်သော စာဖတ်သူဖြစ်သည်။

စာအဖတ်များလာလျှင် မူကွဲတွေ့လာတတ် သည်။ အချက်အလက်နှစ်မျိုးတွေ့ လာတတ်သည်။ ထိုအခါတွင် ဘယ်မူကွဲကမှန်သလဲ၊ ဘယ်စာရေး ဆရာရေးတာက ဖြစ်နိုင်သလဲဆိုတာ ဆက် လက် စူးစမ်းရန်၊ စဉ်းစားရန်မှာ စာဖတ်သူ၏ အလုပ်ဖြစ် သည်။ ဥပမာ အာဇာ နည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရသော အကြောင်းကိုရေးရာတွင် စာအုပ် တစ်အုပ်၌ “(၁) ဗိုလ်ချုပ်ကို လျှို့ဝှက်သက်တော် စောင့်များချပေးလိုတဲ့အတွက် စိတ်ချရတဲ့ရဲဘော်တွေ ပေးပါလို့ ဦးကျော်ငြိမ်းက ဗိုလ်နေဝင်းထံ တောင်း

ကြောင်း၊ (၂) မောင်းပြန်သေနတ်များကိုင်ဆောင် ထားသော အရပ်ဝတ်အရပ်စားနှင့် စစ်သား များမှာ တပ်ရင်း(၄)မှရဲဘော်များဖြစ်ကြောင်း၊ (၃) လုပ်ကြံမှု ဖြစ်ပွားသော ဇူလိုင်လ ၁၉ ရက်ကသက်တော်စောင့် များမရှိကြဘဲ ပျောက်ကွယ်နေသည်မှာ ဗိုလ်နေဝင်း ၏ အစီအစဉ်ဟု ယုံကြည်ရကြောင်း တွေ့ရသည်။ သက်တော်စောင့်များ မရှိသည့်လက်သည်မှာ ဗိုလ်နေဝင်းဟု တဲ့တိုးမစွပ်စွဲရုံ တစ်မည်ဖြစ်သည်။ ဗိုလ်နေဝင်းဟု ယုံကြည်သည်။ ယုံကြည်တာတောင်မှ မုချယုံကြည်သည်ဟု ဆင်ဝှေ့ရန်ရှောင်ရေးကာ စာဖတ်သူကို လှည့်စားသည်။ အဆင့်နိမ့်သော စာဖတ်သူဖြစ်လျှင် ဦးစောလူများ ဝင်လို့ရအောင် ဗိုလ်နေဝင်းက အစောင့်များကို ရုပ်သိမ်း ပေးလိုက် သည်၊ ဟပေးလိုက်သည်ဟု ထင်သွားမည်မှာမလွဲချေ။

 

နောက်စာအုပ်တစ်အုပ်တွင် ဤအကြောင်း အရာကို ရေးသားရာ၌ “(၁) BOD ခေါ် British Ordinance Dep မှ မောင်းပြန်သေနတ်နှင့် ခဲယမ်း များ လိမ်ထုတ်သွားသောသတင်းကို SB ကရသည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း နိုင်ငံခြားခရီး ထွက်နေချိန်ဖြစ်၍ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးပျော်ဘွယ်ဦးမြက ပြည်ထဲရေးကိုတွဲကိုင်နေသည်။ (၂) ဦးမြက ပြည်ထဲရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိသော သောင်းကျန်းမှုနှိမ်နင်းရေးတပ်နောင် UMPက တပ်စိတ်တစ်စိတ်ကို တာဝန်ချထား လိုက်သည်။ ဗိုလ်ချုပ်သဘောထားကိုသိတဲ့အတွက် ဦးမြနှင့် ဗိုလ်ချုပ်အပါးတော်မြဲတို့က ဗိုလ်ချုပ်ကို အသိမပေးချေ။ (၃) တစ်နေ့ လက်နက်ကိုင်အစောင့် တွေကို ဗိုလ်ချုပ်ကအမှတ်မထင်မြင်၍ အပါးတော် မြဲကိုမေးသည်။ အကျိုး အကြောင်း တင်ပြသည်။ ဗိုလ်ချုပ်က သူ့ကိုဘယ်သူကမှ ဘာမှ မလုပ်ပါဘူးဆို ပြီး အစောင့်တွေကို ဖယ်ခိုင်းလိုက်သည်။ ဦးမြနှင့် အပါးတော်မြဲတို့က အစောင့်တပ်စိတ်ကို ရုပ်သိမ်း လိုက်ရသည်ဟုတွေ့ရသည်။ ။

 

အချက်သုံးချက်ကွဲလွဲမှုများ ဤမူကွဲနှစ်ခုမည်သည်က အမှန်ဖြစ်နိုင်သနည်း။ အချက်သုံးချက် ကွဲလွဲမှုတွင် ပထမနှင့် ဒုတိယ အချက်များက အရေးမကြီး။ တတိယအချက်က အလွန်အရေး ကြီးသည်။ သက်တော်စောင့်များကို ဗိုလ်နေဝင်းကဖယ်လိုက်တာလား။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ဖယ်ခိုင်းတာလား။ စာရေးဆရာ နှစ်ယောက်ကို ဆန်းစစ်ရမည်။ ပထမ စာအုပ်ကို ရေးသူက တပ်ခေါင်းဆောင်တွေအပေါ် မကောင်းမြင်စာအုပ်တွေ တောက်လျှောက်ရေးလာ သူဖြစ်၏။ ဒုတိယစာအုပ်ကိုရေးသူမှာ ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ တက္ကသိုလ် နေဝင်းဖြစ် သည်။ ဘယ်သူရေးတာက အမှန်ဖြစ်သည်ကို စာရေး ဆရာပေါ် မူတည်၍ စာဖတ်သူကဆုံးဖြတ်ရမှာဖြစ် သည်။ သာမန်စာဖတ်သူအဆင့်တွင် တင်းတိမ်မနေ ဘဲ စာရေးသူကိုပင် လေ့လာသုတေသနပြုနိုင်သည့် အဆင့်ထိရောက်ရှိအောင် စာဖတ်တတ်စေ ချင်ပါ သည်။ ရင့်ကျက်သောစာဖတ်သူတချို့သည် သူတို့ အမြင်နှင့်သူတို့ Black List စာရေးဆရာစာရင်း ထားပြီး Black List တွေ၏စာအုပ်ကို မဖတ်ကြောင်း သိရသည်။ ဒါကတော့ တစ်ဖက်စွန်းရောက်သွားပြီဟု ထင်ပါသည်။ ဖတ်တော့ဖတ်သင့်ပါသည်။ ဘာ ထားလဲ သိရတာပေါ့။ ကိုယ်က အဆင့်မြင့် စာဖတ် သူဖြစ်နေပြီပဲ။ ကိုယ်ကချင့်ချိန်ပိုင်းခြားနိုင်သူပဲ။ ကိုယ်ကလက်မခံလျှင် ပြီးတာပဲမဟုတ်ပါလား။

 

ဤသို့ စာဖတ်တတ်လာပြီဆိုလျှင် စာဖတ်ခြင်း၏ အရသာကို သိလာပါလိမ့်မည်။ ထိုအခါ.. စာဖတ်ခြင်းတွင် ပျော်မွေ့လာပါလိမ့်မည်။ ထိုအခါစာငတ် သောအဆင့်သို့ ရောက် လာပါပြီ။

 

ဝမ်းဗိုက်က အစားအစာစားချင်လျှင် ဗိုက်ဆာ လာသလို စိတ်ကစာဖတ်ချင်သောအခါ “စာကိုတောင့်တလာတာမျိုးဖြစ်ပါသည်။ ဝမ်းဗိုက်ကို ဖြည့်တင်းဖို့ စားစရာတစ်ခုခုကို ရှာဖွေရ သကဲ့သို့ စိတ်၏ဆာလောင်မွတ်သိပ်မှုကို ဖြည့်တင်းပေးရန် “စာ အာဟာရဖြစ်သော “စာအုပ်ကို အငမ်းမရ ရှာဖွေလာပါလိမ့်မည်။

ဘယ်မှာရှာမည်နည်း။

တစ်ချိန်က စာအုပ်အငှားဆိုင်များရှိခဲ့ဖူး၏။ အပျော်ဖတ် ၀တ္ထုများသည်။ အားနည်းမည့် စာအုပ် ဆိုင်ပေါ်မတင်။သုတစာအုပ်ရှာမှရှား။ ခုတော့ အငှားဆိုင်လုပ်ကွက် ပျောက်သွားပြီ။ စာအုပ် အရောင်း ဆိုင်များမှာ သုတ၊ ရသကြိုက်ရာရွေး ဝယ်နိုင်သော်လည်း စာအုပ်ဈေးကကြီး လွန်းသည်။ ပလက်ဖောင်း အဟောင်းဆိုင်များတွင်တော့ စာအုပ်စုံစုံလင်လင်တွေ့နိုင်သည်။ ကိုယ်လိုချင်သော စာအုပ်အမည်ပြော လိုက်လျှင် ဆိုင်ရှင်က တစ်ရက်နှစ်ရက်အတွင်း ရှာပေးသည်။ သို့သော် အဟောင်းဆိုပေမယ့် ဈေးချ ထားသော အပုံထဲက စာအုပ်မဟုတ်လျှင် အံ့ဖွယ် ဈေးဆိုလိမ့်မည်။ မိတ်ဆွေသူငယ်ချင်းများထံမှ ငှားဖတ်က သူ့မှာရှိတာပဲငှားနိုင်မည်။ တချို့ Book Crazy တွေက မငှားပေ။ ဒီလိုနေရာများမှာ ကိုးကား ချင်သော (Reference) စာအုပ်၊ ဂျာနယ်၊ သတင်းစာ ရှာရသည်မှာ မဟာအခက်အခဲဖြစ်တော့၏။

 

တစ်နေရာပဲကျန်သည်။ အဲဒါက “စာကြည့် တိုက်။ စိတ်အစာကျွေးဖို့၊ မှီငြမ်းစာရှာဖွေဖို့ စသည်ဖြင့် စာပေအာဟာရကို မပြတ်ဖြည့်ဆည်းပေးသော နေရာသည် စာကြည့်တိုက်ဖြစ်၏။ လောက်လောက် လားလား စာကြည့်တိုက်တွေရှိလျှင် စာငတ်သူတွေ အတွက် “စာမပြတ် တော့ပေ။ ထို့ကြောင့် စာငတ်သူတွေ စာမငတ်ရအောင် စာကြည့်တိုက်တွေ ထူထောင် ပေးရမည်။စာကြည့်တိုက်တစ်ခုဖြစ်မြောက်ရန် အင်္ဂလိပ် ( အက္ခရာဘီ (B) ငါးလုံးလိုအပ်၏။ ၎င်းတို့မှာ

B - Building (အဆောက်အအုံ၊အခန်း)

B - Budget (ဘဏ္ဍာငွေ)၊

 B - Books (စာအုပ်များ)၊

B - Borrowers (ငှားရမ်းသူများ၊စာဖတ်သူများ)၊

B - Brain (စာကြည့်တိုက်၏ ဦးနှောက် သို့မဟုတ် စာကြည့်တိုက်မှူး) ဖြစ်သည်။ ၎င်းတို့အနက် စာကြည့်တိုက်မှူးက အခရာကျ သည်။ စာကြည့်တိုက်တစ်ခု၏ အောင်မြင်မှုသည် စာကြည့် တိုက်မှူးနှင့် ဘဏ္ဍာငွေကြေးပေါ်တွင် မူတည်၏။

 

ဤလောက၌တန်ဖိုးအရှိဆုံးနေရာသည် စာကြည့်တိုက် (The most precious place is library) ဟု ပြောကြသည်။ ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်သည် ( အမေရိကန်နိုင်ငံတွင်ရှိပြီး စာအုပ် သန်းပေါင်းရာနှင့်ချီရှိသည်ဟုဆို၏။ ဒုတိယကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်မှာ အင်္ဂလန် နိုင်ငံ တွင်ရှိ၏။ အင်္ဂလန်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခု တည်ထောင်လျှင် မဖြစ်မနေ ပါရမည့် အရာမှာစာကြည့်တိုက်ဟုသိရ၏။

 

တိုးတက်သောနိုင်ငံမှာ ပြည်သူများစာဖတ်ကြသည်။ ပြည်သူတွေ စာများများဖတ်လျှင် နိုင်ငံတိုးတက် သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် မိမိတို့နိုင်ငံတွင် စာကြည့်တိုက်တွေ ဖြစ်ဖြစ်မြောက်မြောက်နှင့် များများစားစား ပေါ်ပေါက်လာအောင် ပြုလုပ် ပေးရန်လိုအပ်သည်။ ။

စာကြည့်တိုက်ဖောင်ဒေးရှင်းတစ်ခုဖွဲ့စည်း

 

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်ရှိ မြို့နယ်ပြန်ဆက်ရုံးများတွင် စာကြည့်တိုက်ပါကြောင်း သိရှိရသဖြင့် မြို့နယ် | တိုင်းတွင် စာကြည့်တိုက်တစ်ခုစီ ရှိနေပြီဟု မှတ်ယူနိုင်သည်။ တစ်ဖန်မြန်မာနိုင်ငံတွင် ကျေးရွာပေါင်းခြောက်သောင်းကျော်ရှိရာ ကျေးရွာတိုင်းတွင် စာကြည့်တိုက်ရှိရန် လုပ်ငန်း ပမာဏမှာ နည်းနည်း နောနောမဟုတ်ပေ။ သို့ရာတွင် ၂၀၁၀-၂၀၁၅အစိုးရ က ကျေးရွာများတွင် စာကြည့်တိုက် ဖွင့်လှစ်နိုင်ရန် စနစ်တကျစီမံကိန်းချမှတ်၍ အကောင်အထည်ဖော် ပေးခဲ့သည်။ အင်္ဂလန်ကဲ့သို့ ကျေးလက်နေပြည်သူ များ၏အသိဉာဏ်ပွင့်လင်း၍ဗဟုသုတတိုးပွားလာအောင် ရွာသူရွာသားများ စာဖတ်စေရန် ရည်ရွယ် သည်။ ဤအကျိုးပြုလုပ်ငန်းအတွက် လုံလောက် သောငွေကြေး မတည်ပေးကာ စာကြည့်တိုက်ဖောင် ဒေးရှင်းတစ်ခု ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်း သည် လေးငါးနှစ်အတွင်း ကျေးရွာများသို့ဆင်း၍ လုပ်ငန်းဆောင်ရွက်ခဲ့ရာ အတော်အတန် ဖြစ် မြောက် အောင်မြင်ခဲ့သည်။ ၂၀၁၅-၂၀၂၀ အစိုးရ လက်ထက်တွင်မူ ဖောင်ဒေးရှင်းသည် အစိုးရ၏ အားပေးကြည့်ရှုမှု ကင်းကွာသွားသောကြောင့် ခဲယဉ်းစွာ ရပ်တည်လုပ်ဆောင် နေရသည်မှာ ဝမ်းနည်းဖွယ်ပင်။

 

ထို့ပြင် ဝါသနာရှင်တွေလုပ်နေကြသော (က) ရွေ့လျားစာအုပ်အငှားလုပ်ငန်း (ခ) အီလက် ထရွန်နစ်/အွန်လိုင်းအငှားလုပ်ငန်းများ ပေါ်ထွန်း နေကြောင်း တစ်လောကသတင်းများတွင် တွေ့ရ သည်။ အဆိုပါ ဝါသနာရှင်တို့၏ စေတနာကား ချီးကျူးဖွယ်၊ လေးစားဖွယ်ကောင်း၏။ မိမိအတွက် အကျိုးအမြတ်မယူဘဲ စာဖတ်ဖြစ်စေလိုသည့် စစ်မှန်သောစေတနာကို အခြေခံ လုပ်ဆောင်သဖြင့် အားပေးထောက်ကူကြစေချင်ပါသည်။ ယနေ့ ထိုစေတနာရှင်လုပ်ငန်းတွေ ဆက်လက်ရှင်သန်နေ သေးသလားဆိုသည်ကိုမူ စာရေးသူ မျက်ခြည် ပြတ်သွားခဲ့ပါသည်။ ။

အခြေတကျဖွင့်လှစ်ပြီး စာကြည့်တိုက်များ

 

အခြေတကျဖွင့်လှစ်ပြီး စာကြည့်တိုက်များ လည်းရှိကြသည်။ ကျောင်းစာကြည့်တိုက်များ၊ တက္ကသိုလ်စာကြည့်တိုက်များ၊ ရန်ကုန်တက္ကသိုလ် များ ပင်မစာကြည့်တိုက်၊ အချို့မြို့နယ်၊ ရပ်ကွက်များရှိ ပုဂ္ဂလိကစာကြည့်တိုက်များ၊ အထက်တွင် ရေးခဲ့သော မြို့နယ် ပြန်ဆက် စာကြည့်တိုက်များ၊ စာပေဗိမာန်စာကြည့်တိုက်နှင့် ကလေးစာကြည့်တိုက်၊ အမျိုးသား စာကြည့်တိုက်များရှိကြသည်။

 

တပ်မတော်သားများနှင့် မှီခိုသူများအတွက် တပ်ရင်း၊ တပ်ဖွဲ့များတွင် စာကြည့်တိုက်များ ဖွင့်ပေး ထားကြောင်းသိရသည်။ စစ်ကျောင်းကြီးများ၊ အကယ်ဒမီများ စစ်ဦးစီးတက္ကသိုလ်နှင့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တို့တွင် အထင်ကရ စာကြည့်တိုက်တွေရှိသည်။ ရဲဘော်ဆယ်ယောက် တစ်ဖွဲ့ Pool လုပ်၊ တစ်ယောက် ၁၀၀၀/၁၅၀၀ ကျပ်လောက်ထည့်၊ လစဉ် စာအုပ်ဝယ်ပြီး လဲလှယ် ဖတ်လျှင်တစ်နှစ်တွင် အနည်းဆုံးစာအုပ် ၁၀၀ ကျော် ဖတ်ပြီးဖြစ်ကြောင်း၊ စာအုပ် လည်း အပိုင်ရကြောင်း၊ Pool ငွေမှာ ခေါက်ဆွဲတစ်ပွဲစာတောင် မရှိကြောင်း၊ တပ်မတော်နေ့ ဟောပြောပွဲတစ်ခုတွင် စာရေးသူကပြောခဲ့ဖူးသည်။ အရပ်သားလူငယ် များလည်း စာဖတ် ဝါသနာပါသူများစု၍ စမ်းသပ် ကြည့်နိုင်သည်ပင်။

 

စာဖတ်သဖြင့် စိတ်မလေခြင်းသည် လက်ငင်း အကျိုးဖြစ်သည်။ မကောင်းတာတွေမတွေးဖြစ်။ မလုပ်ဖြစ်တော့ ဗဟုသုတ အသိအမြင်ကြွယ်ဝ သည်။ အထက်တွင်ရေးခဲ့သော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ခံစားရသည်။ အိုင်ကျူမြင့်သော လူသားအရင်းအမြစ်တွေ ဖြစ်လာမည်။ ဒီလိုလူတွေများလာလျှင် နိုင်ငံ တိုးတက်ကြီးပွားမည်။ ရေကြည်ထွက်အောင် တူးလက်စရေတွင်းကို ဝိုင်းဝန်းတူးဖော်ကြ ပါစို့။ ။

 

ကို(စစ်တက္ကသိုလ်)