Skip to main content

လူမှုဘဝဖွံ့ဖြိုးဖို့ ပန်းခင်းလမ်းအတိုင်း လျှောက်လှမ်းစို့

 

အများသူငါ လျှောက်မယ့်လမ်းမှာ ကြဲထားတဲ့ပန်းအလှ ပန်းရနံ့တွေနဲ့ အေးမြခြင်းက ကြည်နူးစရာ ဖြစ်နေပါလိမ့်မယ်။ ပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးဖို့အတွက်၊ လှပတဲ့အနာဂတ်ပန်းတိုင် ရောက်ဖို့အတွက် လျှောက်ရတဲ့လမ်းမှာ ခင်းထားတဲ့ပန်းခင်းကြီးက ဝေဝေဆာဆာနဲ့ သက်ဝင်လှုပ်ရှားနေလေရဲ့။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ယူခင်းပေးထားတဲ့ပန်းခင်းလမ်းကို အမျိုးမျိုးတင်စားနိုင်ပါတယ်။ ကိုယ်သွားမယ့် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့၊ ကိုယ်လျှောက်နေတဲ့လမ်းလေးတစ်ခု အဆင်ပြေ ချောမွေ့စေဖို့ တန်ဆာဆင်ဖန်တီးထားတဲ့ အလှတရားတစ်ခုအနေနဲ့ ပန်းခင်းစီမံချက်ရဲ့ သဘောသဘာဝလေး တစ်ခုကို ခံစားကြည့်ကြပါစို့...၊

 

အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်တော့မည့် နိုင်ငံသားအခွင့်အရေးတစ်ခု

 

“နိုင်ငံသားတိုင်းရဲ့ အရေးကြီးလှတဲ့ နိုင်ငံသား အခွင့်အရေးတစ်ခုအတွက်၊ ပြည်သူအားလုံးရဲ့ လူမှုဘဝလှပတင့်တယ်ဖို့အတွက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပန်းခင်း စီမံချက်ဟာ ယခုနှစ်မေလကစပြီး အကောင်အထည်ပေါ်လာနေပါပြီ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၄၆ အရလည်း နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသား အဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်းဖြစ်စေရမည်” လို့ အတိအလင်း ဆိုထားတာ တွေ့ရပါလိမ့်မယ်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့ မွေးရာပါတိုင်းရင်းသား အားလုံးအနေနဲ့ ကိုယ်ပိုင် နိုင်ငံသားစိစစ်ရေးကတ်တစ်ခု ကိုင်ဆောင်ခွင့် ဆိုတာ နိုင်ငံသားအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ လက်လွှတ်မခံသင့်တဲ့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ဆိုတာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေခံ အထောက်အထား တစ်ခုပါ။ နိုင်ငံသား ဖြစ်ခွင့်ရှိတဲ့အရည်အချင်းအရ မြန်မာနိုင်ငံသားဖြစ်ကြောင်း ဆိုတာ ဒီလိုနိုင်ငံသားစိစစ်ရေးကတ် ရှိမှသာ အသိအမှတ်ပြုခံရတဲ့ သဘောပါပဲ။ ဒါကြောင့် ဥပဒေနဲ့အညီ နိုင်ငံသားအရည်အချင်း ပြည့်မီတဲ့ တိုင်းရင်းသားတိုင်း၊ နိုင်ငံသားတိုင်းဟာ နိုင်ငံသားဖြစ်မှု/ ဧည့်နိုင်ငံသားဖြစ်မှု/ နိုင်ငံသား ပြုခွင့်ရမှု စသည်ဖြင့် ဥပဒေနဲ့ အညီ သက်သေခံ ကတ်တစ်ခုခုတော့ ကိုင်ဆောင်ထားသင့်ပါတယ်။ နိုင်ငံသားဖြစ်တည်မှုဆိုပြီး အမျိုးမျိုးရှိနေရတာက မွေးရာပါတိုင်းရင်းသား မဟုတ်ပေမယ့် တည်ဆဲ ဥပဒေတွေအရ နိုင်ငံသားအရည်အချင်း ပြည့်မီတဲ့ နိုင်ငံသားတွေလည်း နိုင်ငံအတွင်းမှာနေထိုင်နေကြ လို့ဖြစ်ပါတယ်။ ထိုသူတို့အတွက်လည်း အသိအမှတ်ပြုကတ်တစ်ခုခုကို ပိုင်ဆိုင်ထားကြတော့ မယ့် အခွင့်အရေးတစ်ခု ငါတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာနေပြီ ဖြစ်တယ်ဆိုတာကို နားလည်သိရှိစေလိုပါတယ်။

 

အချုပ်အခြာအာဏာပိုင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရပါပြီ

 

ထို့အတူပါပဲ မိမိဟာ မိသားစုဝင်တစ်ဦးဦး ဖြစ်နေတယ်ဆိုရင်ထိုအိမ်ထောင်စုဝင်စာရင်းထဲမှာ ပါကိုပါရမှာ ဖြစ်ပါတယ်။ အိမ်ထောင်စုလူဦးရေ စာရင်းလည်း ရှိရမှာဖြစ်ပါတယ်။ ဒါဟာလည်း နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးတစ်ခုပါပဲ။ အိမ်ထောင်စုစာရင်းမှာပါတယ်ဆိုတဲ့ အထောက် အထားဟာ ထိုမိသားစုဝင်အဖြစ် အသိအမှတ်ပြု ခြင်းဆိုတဲ့ သက်သေခံတစ်ခုပါပဲ။ ကိုယ်က အိမ်ထောင်စုဝင်ဖြစ်တယ်ဆိုရင် နိုင်ငံသားစိစစ်ရေး ကတ်လိုပဲ တစ်သက်လုံးကိုင်ဆောင်ထားရမယ့် အရေးကြီးတဲ့အထောက်အထားတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံသားစိစစ်ရေးကတ်ရော၊ အိမ်ထောင်စုလူဦးရေစာရင်း အထောက်အထားရော နှစ်ခုစလုံးဟာ မိမိဘဝအတွက် တကယ်ကို အရေးပါကြောင်း ဆိုပါရစေ။ ပန်းခင်းစီမံချက်ကြောင့် ကိုယ့်မွေးဖွားရာဇာတိနယ်မှာနေတဲ့သူ အတွက်ရော၊ ရွှေ့ပြောင်းနေထိုင်သူအတွက်ပါ အိမ်ထောင်စုစာရင်းနဲ့ အတူ စိစစ်ရေးကတ်ဖြစ်ဖြစ်၊ ကိုင်ဆောင်သက်သေခံလက်မှတ်တစ်ခုခုဖြစ်ဖြစ် ပိုင်ဆိုင်ကြတော့မှာမို့ အားလုံးအတွက် အဆင်ပြေသွားကြတော့မှာလည်း ဖြစ်ပါတယ်။

 

ဘာပဲဖြစ်ဖြစ် နိုင်ငံသားစိစစ်ရေးကတ်တစ်ခု ပိုင်ဆိုင်ပြီး နိုင်ငံသားတစ်ဦးအဖြစ် အသိအမှတ် ပြုခံရခြင်းဟာ ဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ပါဝင်ခွင့်ရလိုက်တဲ့ သဘောဆိုတာ သိစေလိုပါတယ်။

 

ဒီမိုကရေစီလမ်းကြောင်းကို စည်းကမ်းနှင့်အညီ ချီတက်နိုင်ရေး ရည်ရွယ်

 

မွေးရာပါတိုင်းရင်းသားတစ်ဦးရဲ့ အခွင့်အရေးနဲ့ နိုင်ငံသားတစ်ဦးရဲ့ နိုင်ငံသားအခွင့်အရေးတွေ အတွက် အထောက်အကူပြုနေတဲ့ အာမခံချက်တစ်ခု အနေနဲ့ ပန်းခင်းစီမံချက်ဟာပေါ်ထွက်လို့လာနေပါပြီ။ တစ်နှစ်ခွဲခန့်ကြာမယ့် ဒီစီမံချက်ကြီးဟာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း နိုင်ငံသားစိစစ်ရေးကတ်၊ အသိအမှတ်ပြုမှု တစ်ခုခုနဲ့ အိမ်ထောင်စုစာရင်းမရှိသေးတဲ့ ပြည်သူတွေအတွက် အရေးတကြီးအကောင်အထည် ဖော်နေတဲ့ စီမံချက် တစ်ခုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မှတ်ပုံတင်မရှိဘဲ မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်အရေအတွက်ဟာ ၄ ဒသမ ၈၇ သန်း ရှိခဲ့တဲ့အတွက်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်အရ ပေါ်ပေါက်လာတဲ့ စီမံချက်တစ်ခု ဖြစ်ပါတယ်။ ယခုကာလဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ် ကာလပြဋ္ဌာန်းချက် တွေနဲ့အညီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ကာလ တစ်ခုဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ အခိုင်အမာကတိစကားဆိုထားပြီးလည်း ဖြစ်ပါတယ်။ အဓိကက ပြည်သူတွေ ဒီမိုကရေစီလမ်းကြောင်းကို စည်းကမ်းနဲ့အညီသွားနိုင်ရေးအတွက် ရည်ရွယ် တဲ့စီမံချက် တစ်ခုပါ။ ဒီတော့နောင်လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မိမိဆန္ဒအတိုင်း မဲပေးခွင့်ရှိရမှာ ဖြစ်တဲ့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ရှိရမယ့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ပိုင်ဆိုင်နိုင်ဖို့ အရေးဟာ ဦးစားပေးဆောင်ရွက်ရမယ့် စီမံချက်တစ်ခုဖြစ်နေတာမို့ အရေးကြီးလုပ်ငန်း တစ်ရပ်အဖြစ် သဘောထားပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအနေနဲ့ ရပ်ကွက်၊ ကျေးရွာတွေအရောက် ကြိုးစားအကောင် အထည်ဖော် ဆောင်ရွက်နေတာကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။ “မိုးပွင့်”၊ “သစ္စာ”မှသည် “ပန်းခင်း” ဆီသို့ အိမ်ထောင်စုစာရင်းမရှိသေးသူတွေ၊ နိုင်ငံအတွင်းနေထိုင်ကြောင်း သက်သေခံအထောက်အထား ကတ်တစ်ခုခု မကိုင်ဆောင်နိုင်သူတွေအတွက် သက်သေခံကတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ဟာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ စဉ်ဆက်မပြတ် ပြုလုပ်ပေးနေတဲ့လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ စီမံချက်နှစ်ခု ပြုလုပ်ပေးနိုင်ခဲ့တဲ့အနေအထားပါ။ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်အထိ မိုးပွင့်စီမံချက်တွေချမှတ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပေါင်း ၈ ဒသမ ၄ သန်း ထုတ်ပေးဆောင်ရွက်ပေးခဲ့ ဖူးပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ နိုင်ငံသားတွေ မဲပေးခွင့်မဆုံးရှုံးရေးအတွက် ဦးတည်ပြီး သစ္စာစီမံချက်ကို ချမှတ်အကောင်အထည် ဖော်ခဲ့ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပေါင်း ၆ ဒသမ၂သန်းကျော်အထိ ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးအတွက် ရှေးရှုပြီး ခေတ်အဆက်ဆက် ဆောင်ရွက်ပေးနိုင်မှုကို နှိုင်းယှဉ်ကြည့်တဲ့အခါ ယခုပန်းခင်းစီမံချက်က ၂၀၂ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကာလသာ ကြာမြင့်မှာဖြစ်တဲ့အတွက် ကာလအတိုဆုံး စီမံချက်တစ်ခုဖြစ်ပြီး ဝန်ကြီးဌာနရဲ့ အစီရင်ခံချက်အရလည်း နိုင်ငံတစ်ဝန်းလုံး လွှမ်းခြုံဆောင်ရွက်ပေးသွားမယ့် စီမံချက်ဖြစ်ကြောင်း သိရှိရပါတယ်။

 

ဖြည့်ဆည်းယူဆောင်လာရမည့်လိုအပ်ချက်များ

 

ထုံးစံအတိုင်း မရှိမဖြစ်အရေးပါတဲ့ နိုင်ငံသား စိစစ်ရေးကတ်တစ်ခုလုပ်ဖို့ လုပ်မယ့်သူကိုယ်တိုင် ဖြည့်ဆည်းပေးရမယ့် အချက်တွေလည်း ရှိလာပြန်ပါတယ်။ လုပ်မယ့်သူရဲ့ လိုင်စင်ဓာတ်ပုံ၊ အိမ်ထောင်စုလူဦးရေစာရင်း မူရင်းနဲ့မိတ္တူ၊ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မိတ္တူ၊ အသက်အထောက် အထားအတွက်တော့ မွေးစာရင်း ဒါမှမဟုတ် ကျောင်းထောက်ခံချက် လိုအပ်ပါတယ်။ ရပ်ကွက် တွင်းနေထိုင်ကြောင်း ထောက်ခံချက်နဲ့အတူ သွေးအမျိုးအစားလည်း လိုအပ်လာမှာ ဖြစ်ပါတယ်။ ဝေးလံတဲ့ အချို့တိုင်းရင်းသားဒေသတွေမှာတော့ သန်းခေါင်စာရင်းမရှိတဲ့ အခက်အခဲ စတဲ့အချို့သော လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုအပ် ချက်ကိုတော့ စိစစ်ထောက်ခံပေးမယ့် ငါးဦးပါ ပူးပေါင်းကော်မတီတွေ ဖွဲ့စည်းပြီး ကွင်းဆင်းလျှော့ ဆောင်ရွက်ပေးသွားမယ်လို့ သိရှိရပါတယ်။ ထိုငါးဦး ကော်မတီမှာဆိုရင် လဝကမြို့နယ်ဦးစီးမှူး၊ မြို့နယ် စီမံကိန်းဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

 

ယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်းရဲ့ စံနှုန်းတစ်ခုအနေဖြင့်လည်း တင်စားနိုင်

 

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုမှာ နေထိုင်ကြတဲ့ နိုင်ငံသားတိုင်းဟာ နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးမှုနဲ့ ဘယ်လိုမှမထိုက်တန်ပါဘူး။ ဒီအချက်ဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်းတစ်ခုရဲ့ စံနှုန်းတစ်ခုအဖြစ်နဲ့လည်း တင်စားလို့ရတယ်။ ကိုယ့်နိုင်ငံသားတွေ နိုင်ငံသားဖြစ်ခွင့် မဆုံးရှုံးအောင် ပန်းခင်းစီမံချက်က အကောင်အထည်ဖော်ပေးနေတာပါလားလို့ တိုင်းရင်းသား ပြည်သူတွေကိုယ်တိုင် ခံယူထားရမှာ ဖြစ်ပါတယ်။ ပန်းခင်းလမ်းဟာ ငါတို့လူမျိုးတွေအတွက်၊ ငါတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် လျှောက်လှမ်းရမယ့်လမ်းဆိုတာ နှလုံးသားဝယ် စွဲထင်နေရမှာဖြစ်ပါတယ်။ စီမံချက်ကိုက ပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရည်ရွယ်ထားပြီး အလုပ်ခွင်မပျက် ပြည်သူ့အကျိုးကို ရှေးရှုထားတာတွေ့ရတဲ့အတွက် ပြည်သူ့အရေးကို အလေးအနက်ထားခြင်းလည်း မည်ပါတယ်။ သက်ဆိုင်ရာ ရုံးတွေကိုသွားဖို့ ခက်ခဲ  အဆင်မပြေသူတွေ အတွက်ဆို အလွန်ကို လွယ်ကူမြန်ဆန်သွားပြီဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားက တိုင်းရင်းသားတွေ အတွက်လည်း ငြိမ်းချမ်းရေး အနှစ်သာရတစ်ခုကို ပန်းခင်းစီမံချက်က ပေးစွမ်း နိုင်မှာဖြစ်ပါတယ်။ ခံယူချက်ကောင်းတစ်ခုကို ခံယူထားကြသူတွေဖြစ်တဲ့အတွက် ကောင်းသောရလဒ်တစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ အလေးအနက်ယုံကြည်မိပါတယ်။ ။

 

စိန်ခေါ်မှုနှင့်အခွင့်အလမ်း

 

ပန်းခင်းစီမံချက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားအားလုံးအတွက် အမျိုးသားရေး ဂုဏ်သိက္ခာတစ်ခုကို မြင့်မားလာစေမယ်လို့ ယုံကြည်ထားပါတယ်။ ယခုစီမံချက်ဟာ လုပ်ငန်းပမာဏကြီးမားကျယ်ပြန့် များပြားသော်လည်း နိုင်ငံရေးမုန်တိုင်းတွေနဲ့ ကြမ်းတမ်းအကွေ့ အကောက်တွေကြားမှာ လုပ်ရတာပါ။ ဗုံးခွဲမှု၊ မီးရှို့မှု၊ အကြမ်းဖက်သတ်ဖြတ် ဆူပူမှုတွေအောက်မှာ ပြည်သူတွေအနေနဲ့ မဝံ့မရဲရှိနေကြမှာ သေချာပါတယ်။ လုံခြုံရေးကန့်သတ်ချက်တွေအောက်မှာ အချို့ တိုင်းရင်းသားတွေအနေနဲ့ သွားရလာရ ခက်ခဲမှုဟာ စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ ဒီအကျိုးဆက်ဟာ ပန်းခင်းစီမံချက်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သလိုဒီစီမံချက်ကပဲ အနာဂတ်ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုအဖြစ်လည်း ဖော်ဆောင်ပေးမယ်ဆိုတာကို တွက်ဆလို့ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဆက်စပ်သက်ဆိုင်ပါဝင်သူတွေရဲ့ စုစည်း ၊ ညီညွတ်မှု၊ ထိရောက်တဲ့စီမံခန့်ခွဲမှု၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်မှု၊ စေတနာနဲ့ဆက်သွယ်ဆက်ဆံမှု စွမ်းပကားတွေက စိန်ခေါ်မှုနဲ့ အခက်အခဲအားလုံးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပါလိမ့်မယ်ဆိုတာ ယုံကြည်ထားပါတယ်။

ယခုဆောင်ရွက်နေတဲ့လဝကရဲ့ ပန်းခင်းစီမံချက်ဟာ ကြိုးစားမှု၊ နားလည်မှု၊ စိတ်ရှည်မှု၊ စုစည်း၊ ညီညွတ်မှု၊ အမြော်အမြင်ရှိမှုတွေနဲ့ ခင်းထားတဲ့ ပန်းခင်းလမ်းဖြစ်ပါတယ်။ လေးနက်တဲ့ အမျိုးသားရေး ခံယူချက်နဲ့ ခိုင်မာတဲ့အမျိုးသားရေး ယုံကြည်ချက်တို့ကြောင့် ပြည်သူအားလုံးအတွက် ဦးတည်တဲ့ ပြည်သူအားလုံးလျှောက်တဲ့ ပန်းခင်းလမ်းဟာ အဆင်ပြေပြေလှလှပပနဲ့ ချောမွေ့အောင်မြင်မယ်ဆိုတာ အလေးအနက်ယုံကြည်မိပါတယ်။ ။

 

“ပန်းခင်းလမ်းမှာ အတူပါဝင်လျှောက်လှမ်းရင်း အခွင့်အလမ်းကောင်းတစ်ခုကို မလွတ်တမ်း ဆုပ်ကိုင်ကြပါစို့”။ ။

 

မိုးကေနိုင်