Skip to main content

ပြည်ထောင်စုငြိမ်းချမ်းရေးသာယာရေးတွင် ပူးပေါင်းပါဝင်ကြမည်

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၃ နှစ်ကျော်ပြီ။ ကာလအားဖြင့် လူ့သက်တမ်းတစ်ခု ခန့်ရှိပြီ။ လွတ်လပ်ရေးရပြီး မွေးဖွားလာသော တိုင်းရင်းသား ပြည်သူအချို့မှာ လွတ်လပ်သော တိုင်းပြည်တွင် နေထိုင်ခဲ့ကြသော်လည်း လွတ်လပ်ရေး၏ အသီးအပွင့်၊ လွတ်လပ်ရေး၏ ခံစားခွင့်တို့ကို တင်းပြည့်ကျပ်ပြည့် မရခဲ့ကြပါဟုဆိုရမည်။ အဘယ်ကြောင့် မရခဲ့ကြပါသနည်း။ လက်နက်ကိုင်ပဋိပက္ခများကြား မငြိမ်းချမ်းသောဘဝများတွင် နစ်မွမ်းနေကြရသောကြောင့် ဖြစ်သည်။

သို့ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် အထူးလိုအပ်နေသည်မှာ ငြိမ်းချမ်းရေးပင် ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခများသည် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည်။ သဘောထားအမြင်၊ ယုံကြည်ချက်၊ ခံယူချက် မတူကွဲပြားမှုများ ကြောင့်  ပဋိပက္ခများမှာ ယနေ့ ထက်တိုင် အဆုံးမသတ်နိုင်သေးပေ။ နှစ်ပေါင်း ၇၀ ကျော်ကြာ မငြိမ်းချမ်းသော ဘဝများမှာ ကြေကွဲစရာ၊ စိတ်မကောင်းစရာများပင် ဖြစ်သည်။ ရလဒ်မှာ မငြိမ်းချမ်းသော အရပ်ဒေသများမှ တိုင်းရင်းသားပြည်သူများ ဒုက္ခသုက္ခများနှင့် နိမ့်ကျသောဘဝများတွင် ရှင်သန်နေကြရသည်။ ယင်းတို့ကို အားလုံးက နားလည်ကြပါသည်။ ကာယကံရှင် များက ပို၍ပင်သိကြပါသည်။ ပို၍ပင် ခံစားကြရပါသည်။ ငြိမ်းချမ်းရေးကို လိုလားကြပါသည်။ သို့သော် ငြိမ်းချမ်းရေးနှင့် အလှမ်းမနီးသေးပါ။

သူ့စည်းကိုယ့်စည်း

ဤပြည်ထောင်စုကြီးတွင် ရှေးနှစ်ပေါင်း ထောင်ချီကတည်းက တိုင်းရင်းသားလူမျိုးများ အားလုံး အတူတကွလက်တွဲနေထိုင် ခဲ့ကြသည်။ တစ်မိုးအောက်၌ တစ်အိမ်တည်းအတူနေ မိသားစု အချင်းချင်းဖြစ်ကြသည်။ သဘောထားမတူကွဲပြားမှု များကြောင့် ညီအစ်ကိုမောင်နှမအချင်းချင်း စိတ်ဝမ်းကွဲသလိုဖြစ်ခဲ့ကြသည်။ ဤပြည်ထောင်စုအိမ်ကြီးမှ ခွဲခွာလျှင် “အမိမဲ့သား ရေနည်းငါး” ကဲ့သို့ ဖြစ်ကြမည်ကိုလည်း နားလည်ကြသည်။ သဘောထား မတိုက်ဆိုင်သော်လည်း အကြောင်းရှိသော် သွေးကမနေသည် ကိုလည်း သိနေကြသည်။ ပေါင်းစပ်ညှိသော် ခွင့်လွှတ်သည်းခံနိုင်သည်ကိုလည်း နားလည်ကြသည်။ ရေမြေသဘာဝ၊ လူမျိုးကွဲပြားမှု နှင့် ယုံကြည်ချက်၊ ခံယူချက်မတူညီမှုတို့ကြောင့်သာ နီးလျက်နှင့်ဝေးနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကို မရမနေကြိုးပမ်း နေရသည်။ ငြိမ်းချမ်းရေးကို စိတ်ရှည်သည်းခံ စောင့်မျှော်နေကြသည်။ နားလည်လက်ခံရပ်တည်နေနိုင်ကြသည်။သူ့စည်းကိုယ့်စည်း အကန့်အသတ်နှင့် နေနေကြသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးရရှိရေးကို အစိုးရအဆက်ဆက် တို့က ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ပဏာမခြေလှမ်းအဖြစ် NCA တွင် လက်မှတ်ရေးထိုးကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များလည်းရှိသည်။ လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း ရှိသည်။ ငြိမ်းချမ်းရေးကို လိုလားသော်လည်း ရံဖန်ရံခါ ထိတွေ့မှုအချို့ရှိသည်။ တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ  အားလုံး၏ အကျိုး စီးပွားကိုရှေးရှု၍ငြိမ်းချမ်းရေးကို အလေးထား ဦးစားပေးသည်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်းဖြစ်၍ စိတ်ဝမ်းမကွဲလိုပေ။ ခိုက်ရန်ဖြစ်ပွားခြင်းကို အထူးရှောင်ရှား လိုသည်။ ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းအဖြစ် အပြည့်အဝခံယူ ထားသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့  ထိတိုင် ရပ်ဆိုင်းပေးထားသည်။ စစ်ပွဲ၏ အနိဋ္ဌာရုံများ၊ ဆိုးကျိုးများ၊ စစ်ပွဲမရှိ၍ နေထိုင်ရသော ဘဝအခြေအနေများကို အားလုံးက နားလည်ကြသည်။

သမိုင်းကို နားမလည်သူ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ များသောအားဖြင့် ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသတွင်သာ ရပ်တည်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အပစ်အခတ်ရပ်ဆိုင်းထားသည့် အကျိုးတရားကို နားလည်ကြသည်။ ရံဖန်ရံခါတွင် ဖောက်ဖျက် ထိတွေ့မှုများရှိခဲ့သည်။ မည်သို့ပင် ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခများသည် ကာလရှည်ကြာလာပြီဖြစ်ရာ စစ်ရေးအတွေ့အကြုံ၊ နိုင်ငံရေး အတွေ့အကြုံ ဒုက္ခဆင်းရဲ အတွေ့အကြုံများ ရရှိနေကြပြီ။ ငြိမ်းချမ်းခြင်း၏ အကျိုး၊ မငြိမ်းချမ်းခြင်း၏ရလဒ်တို့ကို သိနေကြသည်။ တပ်မတော်နှင့်အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လည်းငြိမ်းချမ်းရေးကိုလိုလားကြမည်မှာ မလွဲပေ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခံယူချက်မှာ ၎င်းတို့ တိုင်းရင်းသား အခွင့်အရေးအတွက် ဖြစ်သည်။ တိုင်းပြည် အာဏာရယူရေးအတွက်မဟုတ်ပေ။ ယခုအခါ တိုင်းပြည်အာဏာရရှိရေးအတွက် လက်နက်ကိုင် လိုသည့် လူတန်းစားများ ပေါ်ပေါက်လာသည်။ လက်နက်ကိုင်သံသရာအတွင်း၌ နစ်မွမ်းနေသော တိုင်းပြည်တွင် လက်နက်ကိုင်နည်းလမ်းကို ရွေးချယ်ခြင်းသည် နိုင်ငံ၏သမိုင်းကို နားမလည် ကြသည့် မိုက်မဲသူများဟု ဆိုရမည်ဖြစ်သည်။

 

တည်ဆဲဥပဒေများကိုလိုက်နခြင်းမရှိဘဲ နိုင်ငံတော်အစိုးရကို နိုင်ငံပြင်ပမှ ဆန့်ကျင်တော်လှန်ရန် ကြိုးစားခြင်းသည် မျက်ကန်းတစ္ဆေခြောက်နေခြင်း သာဖြစ်သည်။ ၎င်းတို့၏ မရိုးသားမှုကြောင့် အာဏာ လက်လွှတ်လိုက်ရသည်ကို မကျေမချမ်း ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် အာဏာ ရရှိရေးကို ကြံစည်ကြသူများမှာ CRPH နှင့် NUG တို့ဖြစ်သည်။ ၎င်းတို့က သွေးထိုး မြှောက်ပင့်သွေးထိုးပေးနေသော အကြမ်းဖက် အဖျက်သမားများသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည်။ အကြမ်းဖက်အဖွဲ့ NUG သည် စက်တင်ဘာလ ၇ ရက်နေ့က ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေရန် အရေးပေါ် အခြေအနေဟု ကြေညာခဲ့သည်။ ငြိမ်းတော့မည့်မီး ထတောက်သကဲ့သို့ဖြစ်သည်။ မထူးဇာတ်လမ်းခင်းသည့် သဘောဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွက် ပရိုမိုးရှင်းလုပ်ခြင်းသာဖြစ်သည်။ ၎င်းတို့၏လက်အောက်ခံ PDF ဟုဆိုသူ လူမိုက်များက ကျောက်ကျွဲခတ်သလိုအပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ကြသည်။ အများပြည်သူဆိုင်ရာ အဆောက်အအုံများကို အလစ်အငိုက် တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ကြသည်။ နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖျက်သမားများကို ဥပဒေကြောင်း အရ ထိထိရောက်ရောက် အရေးယူလျက် ရှိသည်။

အကြမ်းဖက်ကိုလက်မခံ

အစောပိုင်းကာလများတွင် NLD အစွန်းရောက်များက ပြည်တွင်းမှ အသိမဲ့ အစွန်းရောက်လူငယ် အချို့အား တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့် ချိတ်ဆက်ပေး၍ (EAO) တို့၏ နေရာအချို့တွင် စစ်ရေးဆိုင်ရာ အဖျက်လုပ်ရပ်ဆိုင်ရာသင်တန်းများ တက်ရောက်စေခဲ့သည်။ သင်တန်းတက်ပြီး မြို့ပေါ်သို့ပြန်လာကာ လူသတ်အဖျက်လုပ်ရပ်များ လုပ်ကိုင်ခဲ့ကြသည်။ NUG အကြမ်းဖက်အဖွဲ့သည် စက်တင်ဘာလ ၇ ရက်နေ့တွင် အရေးပေါ်အခြေအနေဟု ကြေညာကာ ပြည်တွင်း၌ လက်နက်ကိုင်အကြမ်း ဖက်တိုက်ခိုက်မှုများပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ၎င်းတို့နှင့်လက်တွဲပါရန် စည်းရုံးခဲ့ကြသည်။

အဆိုပါလုပ်ရပ်သည် နိုင်ငံတော်အစိုးရကို အတိအလင်း ထိပါးစော်ကားလာခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များအား ၎င်းတို့၏နယ်မြေ အတွင်း၌ NUG အကြမ်းဖက်အဖွဲ့များကို လက်ခံထားခြင်း ရှိ/မရှိ နိုင်ငံတော်အစိုးရက တရားဝင်မေးမြန်းခဲ့သည်။ EAO အဖွဲ့ အများစုက ၎င်းတို့နှင့် သက်ဆိုင် သည့်နယ်မြေများတွင် NUG အကြမ်းဖက်သမားများမရှိကြောင်း တရာဝင်ပြန်ကြားခဲ့သည်။ ထို့အပြင် EAO အဖွဲ့ အများစုသည် NUG အကြမ်းဖက်အဖွဲ့နှင့် လက်တွဲခြင်းမရှိဘဲ အကြမ်းဖက်သမား PDF များ တိုင်းပြည်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ပြုလုပ်နေသည့် အကြမ်းဖက် လုပ်ရပ်များကို မထောက်ခံကြောင်း အသီးသီးထုတ်ဖော် ပြောကြားကြသည်။

ယခုအခါ အကြမ်းဖက်အဖျက်သမားများသည် နိုင်ငံအတွင်းရှိ မြို့ရွာတောတောင်များ၌ ပုန်းခို၍ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်။ အုပ်ချုပ်ရေး၊ လုံခြုံရေးတပ်ဖွဲ့များနှင့် အလှမ်းဝေးသည့် ကျေးလက်များတွင် အဖျက်လုပ်ရပ်များ၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်မှုများ၊ လုံခြုံရေးတပ်ဖွဲ့များကို ချောင်းမြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ရွာခံများမှာ ဓားစာခံများသဖွယ်ဖြစ်ကြရသည်။ PDF များနှင့် အတူ မြို့ရွာများကို စွန့်ခွာလိုက်ပါ ရှောင်ပြေးကြရသည်။ လုံခြုံရေးတပ်ဖွဲ့များက နယ်မြေတည်ငြိမ် အေးချမ်းရေးကို ရှင်းလင်း ဆောင်ရွက်သောအခါ အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့်ဖိနှိပ်ရက်စက် နေသည်ဟု အနောက် နိုင်ငံများနှင့် ကုလသမဂ္ဂ ကြားသိရအောင် ပြည်ဖျက်မီဒီယာများက သတင်းလွှင့်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြမ်းဖက်မှုများ အပြီးတိုင်ချုပ်ငြိမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်လျက် ရှိသည်။ ရပ်ရွာပြည်သူလူထု နေထိုင်ရာဒေသများ ငြိမ်းချမ်းသာယာဝပြောရေး လုပ်ငန်းများကို အလေးထား လုပ်ဆောင်လျက် ရှိသည်။ NUG အကြမ်းဖက်အဖွဲ့မှာ ပြည်ပနိုင်ငံအချို့နှင့် လွတ်မြောက်ရာဒေသမှ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်လျက်ရှိသည်။ PDF အကြမ်းဖက်တို့က အဖျက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသော်လည်း တဖြည်းဖြည်း ချုပ်ငြိမ်းလျက်ရှိသည်။ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို အားလုံးက သိရှိလာကြသည်။ နိုင်ငံအများစုနှင့် အဖွဲ့အစည်း များ၏ အသိအမှတ်ပြုမှုများ လျော့ကျလာသည်။

ကမ်းကုန်အောင်ပြုလုပ်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်လှုပ်ရှားနေကြသော EAO အဖွဲ့များနှင့် NUG အကြမ်းဖက် အဖွဲ့မှာ ရည်ရွယ်ချက် မတူကွဲပြား ခြားနားသည်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ သည် ၎င်းတို့၏ လူမျိုးရေး၊ ဝါဒရေး၊ ဒေသအရေးအတွက် လက်နက်ကိုင် ရပ်တည်နေခြင်း ဖြစ်သည်။ အပေးအယူမျှတမှုဖြင့် ငြိမ်းချမ်းရေးကို လိုလားလျက်ရှိသည်။ NUG အကြမ်းဖက် အဖွဲ့မှာ တိုင်းပြည်အာဏာကို ၎င်းတို့ရရှိရေးအတွက် မအောင်မြင်သောသမိုင်းကို ဆက်လက် ရေးထိုးနေကြသူများဖြစ်သည်။ ပြန်လမ်းမရှိသောလမ်းကို လျှောက်မိသောအခါ တိုင်းပြည် အလုံးစုံပျက်စီးရေးကို ပြည်တွင်းရှိ အကြမ်းဖက် အဖျက်သမားများအား မြှောက်ပင့်ပေးပြီး လူသတ် အဖျက်လုပ်ရပ်များကို ကြံစည်အားထုတ်လုပ်ကိုင်  နေကြသူများဖြစ်သည်။ နိုင်ငံနှင့် ပြည်သူအကျိုး စီးပွားအတွက် ပူးပေါင်းလက်တွဲဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းမှုအဖြေရှာဖွေရေးကို ဆောင်ရွက်သူများ မဟုတ်ပေ။ တစ်ပါတီ အာဏာပြန်လည် ရရှိရေးအတွက် တိုင်းပြည်နှင့် လူထုအကျိုးစီးပွားပျက်ပြားရေးကိုကမ်းကုန်အောင် ပြုလုပ်နေကြသော အစွန်းရောက် အဖျက်သမားများသာဖြစ်သည်။

NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်ဝေခံ အကြမ်းဖက်အဖျက်သမားများ၏ တည်ငြိမ် အေးချမ်းရေး ပျက်ပြားအောင်၊ အများပြည်သူ ဒုက္ခဆင်းရဲရောက်အောင် လုပ်ဆောင်နေမှုများကို ပြည်တွင်းမှ တိုင်းရင်းသားပြည်သူများသာမက နိုင်ငံတကာကပါ  သိရှိလာကြပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်လာကြပြီ ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝပြောရေးအတွက် နိုင်ငံတော်နှင့်အတူ တိုင်းရင်းသား ပြည်သူများ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်ကြတော့မည်ဟု အကြွင်းမဲ့ ယုံကြည်ထား ပါကြောင်း။ ။

 

မောင်သောမန