ဘာသာရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးမချပါနဲ့
တစ်နေ့က တာမွေဈေးပေါက်ဝတွင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး တစ်ကိုယ်တည်း ဟောပြောနေသည်ကို တွေ့ခဲ့ရသည်။ ရုပ်အသွင်က တိုင်းရင်းသူ သွင်ပြင် လက္ခဏာ။ လူ့သဘာဝ အရ နားစွင့်ကြည့်မိတော့ သူဟောပြောနေ သည့် အကြောင်းအရာ က ခရစ်ယာန် ဘာသာရေး တရားတော်များ။
စိတ်အလျဉ်က ရန်ကုန်ဘူတာကြီး စင်္ကြခုံးကျော်တံတားပေါ်တွင် အမြဲ မြင်တွေ့နေကျ ခရစ် ယာန်ဘာသာရေး အဖွဲ့ကို သတိရသွားမိသည်။ ထိုအဖွဲ့တွင် နိုင်ငံခြားသားသုံး၊ လေးဦးခန့်နှင့် မြန်မာ တိုင်းရင်းသားအဖွဲ့ဝင်အချို့ ပါဝင်ကြသည်။ နိုင်ငံခြားသားများက မြန်မာ ဝတ်စုံများနှင့် အမျိုးသားတို့မြန်မာပုဆိုး လုံချည်၊ အမျိုးသမီးတို့က မြန်မာထဘီတို့ ဝတ်ဆင်ထားကြသည်။ အများစုမှာ အသက်အရွယ်အားဖြင့် ငယ်ရွယ်နုပျို ကြပါသည်။
မှတ်မှတ်ထင်ထင်ဖြစ်လာ သူတို့သည် လမ်းသွားလမ်းလာများ ကို အပြုံးချိုချိုဖြင့် နှုတ်ဆက်ရင်း ခရစ်ယာန်ဘာသာရေး ဓမ္မစာစောင်များကို လေ့လာဖတ်ရှုကြဖို့ ဖိတ်ခေါ်သည်။ ပြီးတော့ ဝေငှ သည်။ သူတို့ဘာသာပြု အဖွဲ့ကို မြင်ပါများတော့ ကျွန်တော့် စိတ်တွင် မှတ်မှတ် ထင်ထင်ဖြစ်လာခဲ့ရသည်။ယခု မြို့ပတ်ရထားအစား YBS ဘတ်စ်ကားကိုသာ အစီးများလာ၍ သူတို့ သာသနာပြုအဖွဲ့နှင့် မဆုံဖြစ်တော့။
ကိုးကွယ်ရာဘာသာများ ကမ္ဘာပေါ်တွင် လူအများစုကိုးကွယ် ယုံကြည်ရာ ဟိန္ဒူဘာသာ၊ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကြီးလေးခုအပြင် ဂျူးဘာသာ၊ ဂျိန်း ဘာသာ၊ ကွန်ဖြူးရှပ်ဘာသာ၊ ရှင်တို ဘာသာ၊ တာအိုဘာသာ၊ ဆစ်ခ်ဘာသာ နှင့် ဇိုရိုအက်စတာ ဘာသာတို့ရှိကြသည်။
ကွန်ဖြူးရှပ်ဘာသာနှင့် တာအို ဘာသာတို့မှာ တရုတ်ပြည်ရှိဘာသာများ ဖြစ်၍ ရှင်တိုဘာသာမှာ ဂျပန်နိုင်ငံရှိ ဘာသာဖြစ်သည်။ ဂျိန်းဘာသာမှာ အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့ပြီး ဇိုရိုအက် စတာဘာသာသည် ပါးရှားပြည်၌ ခရစ် မပေါ်မီ နှစ်ပေါင်း ၈၇၀ ခန့်တွင် ပေါ်ပေါက်ခဲ့သည်။ ဂျူးဘာသာကား ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့ မပေါ်ပေါက်မီအချိန်ကပင် ရှိနေပြီး သော ဘာသာတရားဖြစ်သည်။
အာရှတွင်စတင်ပေါ်ပေါက် မှတ်သားဖွယ်ရာ ကောင်းသော အချက်ကား ဤထင်ရှားသော ဘာသာ ကြီးအားလုံးတို့သည် အာရှတိုက်တွင် စတင်ပေါ်ပေါက်လာခဲ့ကြသော ဘာသာ များဖြစ် ကြသည်။ အချို့ဘာသာတို့မှာ မိမိတို့ပေါ်ထွန်းရာ အရပ်ဒေသ၌ ဆိတ်သုဉ်းသွားခဲ့ပြီးနောက် အခြားအရပ် ဒေသများတွင် စည်ပင်ကြီးပွားလျက်ရှိကြသည်။
ဘာသာတရားတိုင်းတွင် သဘာဝထက်လွန်ကဲသော အံ့ဖွယ်ရာများနှင့် ပြည့်ဝနေသည်။ သိပ္ပံ နည်းဖြင့် သက်သေပြု၍ရနိုင်။ သို့တစေ ဘာသာတရား အားလုံး၏ အနှစ်သာရမှာ လူ့ဘောင် လူ့လောကကြီး ငြိမ်းချမ်းသာယာဝပြောစေရန်၊ လူသားအချင်းချင်း မေတ္တာတရားများ မျှဝေ နိုင်ရန်၊ ဘာသာတရား၏ အဆုံးအမကို ကိုယ်စီကိုယ်စီ လိုက်နာကျင့်ကြံ ကြိုးကုတ် အား ထုတ်ပြီး ပစ္စုပ္ပန်၊ တမလွန်ဘဝ အကျိုးစီးပွားဖြစ်ထွန်းစေရန်၊ ဆင်းရဲဒုက္ခအပေါင်းမှ လွတ် မြောက် စေရန်တို့အတွက်သာ ဖြစ်လေသည်။
လူအများစု ကိုးကွယ်ယုံကြည်ရာ ဘာသာကြီးလေးခုအနက် ဟိန္ဒူဘာသာ သည် ရှေးအကျ ဆုံးဖြစ်လေသည်။ အချိန်ကာလ အတိအကျကိုပင်ပြောရန်မလွယ် ကူပေ။ ဟိန္ဒူဘာသာရေး ကျမ်းများကို ရာစုနှစ်ပေါင်းများစွာအတွင်းကရေးသား ခဲ့ကြခြင်းဖြစ်ပေသည်။
ဟိန္ဒူဘာသာကို လေ့လာဆည်းပူးရန် ကျမ်းဂန်များစွာရှိလေသည်။ ၎င်းတို့ မှာ ဝေဒကျမ်းများ၊ ပူရာဏ်ကျမ်းများ၊ ဥပါနီသာဒ်ကျမ်းများ၊ သျှတ္တရကျမ်း၊ ဘာဂဝတ်ဂီတကျမ်း၊ ပိဋကကျမ်းများ၊ သိကုဂုရယ်လ်ကျမ်း၊ ဂုဂုဂရန့်ဆဟိကျမ်း တို့ဖြစ်ကြသည်။
ဝေဒကျမ်းများသည် သံသရာမှ လွတ်မြောက်နိုင်သည့်နည်းလမ်းကောင်း များကို ညွှန်ပြပေး သည်။ ဝေဒကျမ်းများကို လေ့လာလိုသူသည် ပရမတ္ထသဘောအရ မြဲသောအရာနှင့် မမြဲသော အရာ များကို ခွဲခြားသိမြင်တတ်ရပေမည်။
လောကီလောကုတ္တရာ သာယာမှုကို ခံစားလိုခြင်းမှ ရှောင်ရှားနိုင်ရန်လည်းလိုသည်။ စိတ်ကို တည်ငြိမ်အောင် စွမ်းဆောင်နိုင်မှု၊ ကိုယ့်ကိုချုပ်တည်း ထားနိုင်မှု၊ အရာရာကိုစွန့်ပစ်နိုင်မှု၊ သည်း ခံနိုင်မှု၊ သမာဓိခိုင်မြဲမှုများရှိရမည့် အပြင် ကျမ်းဂန်များကို မမှိတ်မသုန်ယုံကြည်မှုလည်း ရှိရမည် ဖြစ်သည်။ မကောင်းမှုကို ပြုလုပ်ခဲ့ကြသူများသည်မိမိတို့ပြုလုပ်ခဲ့သော ဒုစရိုက်အကျိုး ကို ခံစား ရမည့်အပြင် ငရဲပြည်ခုနှစ်ထပ်ရှိကြောင်းကိုလည်း ပူရာဏ်ကျမ်းများတွင် ဖော်ပြထားရှိသည်။
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဝင်တို့ကား ကံ၊ ကံ၏ အကျိုးကို ယုံကြည်ကြသည်။ (၃၁)ဘုံ ရှိသည် အနက် ကောင်းမှုကံပြုသူသည် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်နှင့် မကောင်းမှုကံပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံတို့တွင် ကံအားလျော်စွာ ကျင်လည်ကြရသည်ဟု ယုံကြည် သက်ဝင်ကြသည်။ ။
ထို့ကြောင့် သုဂတိဘုံ၌ ကျင်လည် နိုင်ရန် ပေးကမ်းစွန့်ကြဲခြင်းတည်း ဟူသော ဒါန၊ သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ ပစ္စည်းကို မတရားရယူခြင်းမှ ရှောင်ကြဉ် ခြင်း၊ သူတစ်ပါး၏ ဇနီးသားမယား အိမ်ရာကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မမှန်သောစကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ သေရည်သေရက်တို့ကိုသောက်စားခြင်းတို့မှ ရှောင်ကြဉ်ခြင်း ငါးပါးသီလ၊ ထိုမှတစ်ဆင့်တက်၍ ရှစ်ပါး သီလ၊ ကိုးပါးသီလတို့ကို ဆောက် တည် ကျင့်သုံးကြ၏။ မေတ္တာဘာဝနာဈာန် သမာဓိတရားများကို အားထုတ်ကြ၏။ ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကို ဆည်းကပ်ပူဇော်ကြ၏။ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးအလို့ငှာ မြတ်စွာဘုရားရှင် ဟောဖော်ညွှန်ပြခဲ့ သည့် သစ္စာ လေးပါး တရားတော်နှင့်အညီ သိ၊ ပယ်၊ ဆိုက်၊ ပွား ကိစ္စရပ်များအရ ဒုက္ခ၏ ချုပ်ရာငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြု ဆိုက်ရောက်နိုင်ရန် မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကို ပွားများ အား ထုတ်ကြ လေသည်။
ခရစ်ယာန်ဘာသာ
ခရစ်ယာန် ဘာသာဝင်တို့ကမူ ကောင်းကင်ဘုံသို့ ရောက်ရှိခြင်း မည်သည်ကား မသေသော၊ ထာဝရ တည်မြဲသောအသက်ကို ရခြင်းမည်၏။
ကောင်းကင်ဘုံသည် လူသားတို့အား ဘုရားသခင်ကပေးသော ဆုများအနက် အကြီးဆုံး အမြင့် မြတ်ဆုံးဖြစ်၏။ လူသားတို့၏ အန္တိမပန်းတိုင်လည်း ဖြစ်၏။ထာဝရပျော်ရွှင်ချမ်းမြေ့မှုကို ရနိုင် သော နေရာဖြစ်၏။ ကောင်းကင်ဘုံတွင် ဖခမည်းတော် ထာဝရဘုရားသခင် စံပယ်လျက်ရှိသည်။ သားတော် ယေရှုခရစ်သည်ထိုဘုံမှနေ၍ လူသားများထံသို့ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ အစဉ် ထာဝရတည်မြဲလျက်ရှိသော ယင်းဘုရားသခင် နိုင်ငံတော်သို့ တက်ရောက်ခွင့် ရရှိရေးသည် ခရစ် ယာန်ဘာသာဝင်တို့၏ ရည်မှန်းချက်ဖြစ်သည်။ ။
ခရစ်တော်သည် လူသားများ ကောင်းကင်ဘုံသို့ ရောက်ရှိနိုင်ရေး အတွက်လူ့လောကသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ လူ့လောကတွင် အပြစ်လုံးဝ မရှိသောသူတို့ ကွယ်လွန်သောအခါ ကောင်းကင်ဘုံသို့ သွားရောက်ကြရသည်။ ကောင်းကင်ဘုံ၌ဘဝ၏မျှော်လင့် ချက်များလည်း ကုန်ဆုံးသွားကြပြီ ဖြစ်သည်။ အစဉ်ဆက်လက်ရှိနေသေး သည်ကား မေတ္တာတရား သာဖြစ် သည်။
ထာဝရပျော်ရွှင်ချမ်းမြေ့မှုသည် မည်သည့် အခါမျှ ပျောက်ပျက်ခြင်းမရှိတော့ဟု ခရစ်ယာန် ဘာသာဝင်တို့သည် ယုံကြည် ကြလေသည်။အစ္စလာမ်ဘာသာ အစ္စလာမ်ဟူသောစကားမှာ အာရဗီဘာသာစကားဖြစ်ပြီး “နာခံခြင်း”ဟု အဓိပ္ပာယ်ရ၏။ အလ္လာဟ်အရှင်၏ အမိန့်တော် များကို နာခံခြင်းဟု အဓိပ္ပာယ် ပြန်ဆိုနိုင်မည်ဖြစ်သည်။ အလ္လာဟ်အရှင်၏ အမိန့်တော် များကိုနာခံသောလူသား တို့ကို မွတ်စလင်ဟုခေါ်သည်။
အစ္စလာမ်ဘာသာတွင် အခြေခံ ယုံကြည်ချက် ငါးချက်ရှိသည့်အနက် ( တစ်ချက်မှာ အချိန်မှန်မှန် ဝတ်ပြု ကိုးကွယ်ခြင်းဖြစ်သည်။ ဝတ်ပြုခြင်း သည်လည်း ငါးမျိုးရှိပြန်သည်။ အလ္လာဟ် အရှင်မှ တစ်ပါး အခြားကိုးကွယ်ထိုက်သောဘုရားမရှိဟုရွတ်ဆိုကာ နှုတ်အား ဖြင့် ဝတ်ပြုခြင်း၊ ဆင်းရဲ သားများအား ပေးကမ်းထောက်ပံ့၍ ပစ္စည်းအားဖြင့် ဝတ်ပြုခြင်း၊ ရာမ်ဇန်လတွင် အစာရှောင် ကာ သန့်စင်သောဝတ်ပြုခြင်း၊ ကိုယ်အားဖြင့် ဝတ်ပြုခြင်းနှင့် ပစ္စည်း အားဖြင့် ဝတ်ပြု ခြင်းနှစ်မျိုးကို ပေါင်းစပ် ထားသော မက္ကာမြို့သို့ ဟာဂျ်သွား၍ ပြုခြင်းဟူ၍ ငါးမျိုးရှိ လေသည်။ အစ္စလာမ်ဘာသာတွင် အစာရှောင် ကြဉ်ရသောအကျင့်၏ ရည်ရွယ်ချက်မှာ လူသားတို့သည် မကောင်းမှုများကိုကြံ့ကြံ့ခံနိုင်ရန်ဖြစ်၏။ ထို့ကြောင့် အစာ ရှောင်ခြင်းသည် အစားအစာ စားသောက် ခြင်းမှ ရှောင်ကြဉ်ရခြင်းသက်သက် သာမကဘဲ မကောင်းမှုဟူသမျှကို ရှောင်ကြဉ်နိုင်ရန်အတွက် ဖြစ်သည်ဟု ဆိုသည်။
ဘာသာပေါင်းစုံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကိုးကွယ်ရာဘာသာပေါင်းစုံနှင့် ဖွဲ့စည်း ထားသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ လူဦးရေအများ ဆုံး ကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့်အတူ ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်စလင်နှင့် အခြားဘာသာဝင် များသည် ရှေးနှစ်ပေါင်းများစွာကတည်းက အချင်းချင်း ချစ်ခင်စည်းလုံးစွာ နေထိုင် ခဲ့ကြသည်။
မှတ်မိပါသေးသည်။ ကျွန်တော်တို့ ငယ်စဉ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်က ရပ်ကွက် အတွင်းရှိ ကရင် တိုင်းရင်းသားခရစ်ယာန်မိသားစုဝင်များ သည် တစ်ညတွင် ရပ်ကွက်အတွင်း ပိတ်ကားထောင်၍ ရုပ်ရှင်ပြသခဲ့လေသည်။ တစ်ရပ်ကွက်လုံး ဖျာတွေ၊ အခင်းတွေခင်း၍ ကြည့်ရှုအားပေးကြသည်။ မူလတန်းအရွယ်ရှိ ကျွန်တော်တို့ကလေး များကား ရှေ့ဆုံးက။ သို့ရာတွင် ရုပ်ရှင် ဟူ၍သာ ရှေ့ဆုံးကကြည့်ရှုအားပေးရ ခြင်းဖြစ်သော်လည်း ဘာဇာတ်ကား၊ ဘာဇာတ်လမ်းဟူ၍ တိတိကျကျမသိ။ အချိန်တန်လို့ ဇာတ်ကားပြတော့ နိုင်ငံခြားဇာတ်ကား ဖြစ်နေသည်။ ဇာတ်လမ်းကား ယေရှုခရစ်တော် ဇာတ်လမ်း၊ ကျွန်တော်တို့မှာ ဗုဒ္ဓဘာသာ ဝင်များဖြစ်သော်ငြား ခရစ်တော်က တန်ခိုးတွေပြသည်ကို သဘောတွေ ကျခဲ့ပါသည်။
အချိန်တန် လူလားမြောက်၍လူငယ်ဘဝ ရောက်လာတော့လည်း အချစ်ဆုံး သူငယ်ချင်းတွေ ထဲတွင် အစ္စလာမ်ဘာသာဝင် သူငယ်ချင်းတစ်ဦးနှင့် ခရစ်ယာန်ဘာသာဝင် သူငယ်ချင်း တစ်ဦးပါသည်။ နှစ်ဦးစလုံး အလွန် ရိုးသားကြသည်။ ခရစ္စမတ်နေ့နှင့် အစ်နေ့ရောက်တိုင်း သူတို့အိမ်သွားပြီး ကျွန်တော် မုန့်တွေစားလေ့ရှိသည်။
လူလတ်ပိုင်းကျော်အရွယ်ရောက်မှ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းနှင့်ကန်တော်ကလေး ဘက်တွင်ပြန်တွေ့သည်။ ငယ်သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်သွားသောက်ရင်း စကား တွေ ပြောမကုန်နိုင် ဖြစ်ရသည်။ ကျွန်တော်တို့ ငယ်သူငယ်ချင်းများသည် ငယ်စဉ်ကတည်းက ကိုယ်ယုံကြည်ရာ ဘာသာတရားနှင့်ပတ်သက်၍ တစ်ခါမျှ ငြင်းခုံပြောဆိုခဲ့ခြင်းမရှိကြ။ ပြော ရမည့် အရာလည်းမဟုတ်။ ကျွန်တော်တို့ နှလုံးသားထဲတွင် ရှေ့တန်းက နေရာယူနေ သည်က သံယောဇဉ်နှင့် ချစ်ခြင်းတရားသာ ဖြစ်ပေသည်။
ခေတ်အဆက်ဆက် နိုင်ငံတော် အစိုးရတိုင်းသည်လည်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုအရ ဘာသာတိုင်း အပေါ် အလေးထား အားပေးချီးမြှောက် ခဲ့သည်။ တပ်မတော်အစိုးရလက်ထက် တွင် ဝါတွင်းသုံးလကာလ၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ပဲနှင့် အလှူတော်ငွေ ပေးအပ်ပွဲများကို အပတ်စဉ် ကျင်းပပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများသာမက ဟိန္ဒူဘာသာရေး အသင်းအဖွဲ့များ၊ ခရစ်ယာန်မျက်မမြင် ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ မွတ်စလင် လူမှုရေးအသင်းအဖွဲ့များ ကိုပါ ပေးအပ်လှူဒါန်း ခဲ့ပေသည်။
သမ္မတ ဦးသိန်းစိန် အစိုးရခေတ် ကာလတွင်လည်း ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးမှုနှင့် အပြန် အလှန် ယုံကြည်လေးစားမှု၊နားလည်စာနာမှုများ ပိုမိုဖြစ်ထွန်းလာစေရေးအတွက် ဘာသာပေါင်း စုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ အိမ်စောင့်အစိုးရလက်ထက် တွင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ တော်ကအသိအမှတ် ပြုထားသော လူအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာအပြင် ဟိန္ဒူဘာသာ၊ ခရစ် ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်မှုတို့ကို နိုင်ငံတော်တွင် ရှိနေသော ကိုးကွယ်ရာဘာသာများအဖြစ် အသိအမှတ်ပြုပြီး ကူညီထောက်ပံ့ စောင့်ရှောက်ပေး လျက်ရှိ သည်။
သို့ရာတွင် နိုင်ငံတော်အေးချမ်း သာယာရေးကို မလိုလားသူ ပြည်ဖျက် အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံအချို့သည် ရှေးအတီအတေကတည်းက ဘာသာတရား အသီးသီး၏မွန်မြတ်သည့် အဆုံးအမအောက်တွင် ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်အစဉ်အလာ ကောင်းတို့နှင့် ချစ်ကြည်ရင်းနှီးစွာအတူ ယှဉ်တွဲနေထိုင်ခဲ့ကြသော ဘာသာရေး အသင်းအဖွဲ့များနှင့် ဘာသာ ဝင်များ အချင်းချင်းအကြား အထင်မှား၊ အမြင်မှားဖြင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာ စေရန် ဘာသာရေးကို နိုင်ငံရေးလက်နက် အဖြစ် အသုံးချ၍ သွေးထိုးလှုံ့ဆော် လျက်ရှိကြသည်။ ။
သို့ဖြင့် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓ ဘာသာဝင်များ၏ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ် ယာန်ဘာသာဝင်များ၏ဘုရားရှိခိုးကျောင်းများ၊ အစ္စလာမ် ဘာသာဝင်များ၏ ဗလီများနှင့် ဟိန္ဒူ ဘာသာဝင်များ၏ ဘုရားကျောင်းများ အတူယှဉ်တွဲတည်ရှိနေမှုနှင့် နိုင်ငံသား များအကြား သမိုင်းနှင့်ချီသော လူမှုရေး သဟဇာတဖြစ်ထွန်းမှုများကို ဘာသာဝင် အားလုံးက အသိသတိဖြင့် အလေးထား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါ၏။ ။
ပြည်ထောင်စုသားတစ်ဦး
ကျမ်းကိုး - ညိုသောင်း၏ ဘာသာကြီးလေးခုအနှစ်သာရများ။