ကိုဗစ်ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးရင် နောက်ထပ်တစ်ကြိမ် (Booster Dose) လိုသလားဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လက်ရှိအခြေအနေအရ ထိုးဖို့မလိုသေးပါဘူးလို့ ပြောချင်ပါတယ်
ဒေါက်တာခင်ခင်ကြီး
ကိုဗစ် - ၁၉ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူများအနေဖြင့် Booster ထိုးနှံရန် သင့်/ မသင့် နှင့်စပ်လျဉ်းပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
မေး ။ ။ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပြီး သူတွေအနေနဲ့ Booster ထိုးနှံဖို့ လိုအပ် သလားဆိုတာကို ပြောကြားပေးပါဦး။
ဖြေ ။ ။ ယခုအချိန်မှာ ပြည်သူတွေက ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံဖို့ စိတ်အား ထက်သန်နေကြပြီး ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူတွေကလည်း နောက်တစ်ကြိမ်ကာကွယ်ဆေး ထိုးနှံဖို့ လိုအပ်သလား၊ လိုအပ်ပါက ထိုးနှံလိုပါတယ် ဆိုပြီး မေးမြန်းလာကြတာတွေ ရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က “ကိုဗစ် - ၁၉ ရောဂါနှင့် Booster Shots” ခေါင်းစဉ်နဲ့ စက်တင် ဘာလ ၁၁ ရက် နေ့စွဲနဲ့ Science in 5 အစီအစဉ်မှာ ကိုဗစ် - ၁၉ ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူတွေ အနေနဲ့ တတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ လိုမလိုဆိုတာနဲ့ပတ်သက်ပြီး Dr. Katherine O'Brien ပြောကြားခဲ့တာတွေကို ပြန်ပြီး ဆွေးနွေးပေးသွားပါမယ်။
Booster Shots ဆိုတာ နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးထိုးပြီးသူတွေမှာ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးအနေနဲ့ ထိုးဖို့လိုအပ် သလားဆိုရင် လိုအပ်တယ်လို့ ပြောမှာဖြစ်ပါတယ်။ ဒီလိုပြောရခြင်းရဲ့ အကြောင်းပြချက် သုံးခုရှိပါတယ်။ နံပါတ်တစ် တချို့သောသူတွေမှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသော်လည်း ကာကွယ်ဆေးရဲ့ အာနိသင်က အပြည့်အဝမရတဲ့ သူတွေရှိပါတယ်။ အကြောင်းကြောင်းကြောင့် ကိုယ်ခံအား အလွန် ကျဆင်းနေတဲ့သူတွေ၊ အသက်ကြီးလွန်းသူတွေမှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသော်လည်း ကိုယ်ခံအားနည်းနေတဲ့ အတွက် ရောဂါကို ကာကွယ်နိုင်လောက်တဲ့အထိ ကိုယ်ခံအားပြည့်မီဖို့ လိုအပ်နေသေးတဲ့အတွက် သူတို့ကို ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးဖို့လိုပါတယ်။
နံပါတ်နှစ် ကာကွယ်ဆေးထိုးနှံပြီးတဲ့ အချိန်ကြာတဲ့အခါမှာ ဆေးရဲ့အာနိသင်က လျော့သွား တာရှိပါတယ်။ ဒါက ဘယ်ဆေးမဆိုဖြစ်ပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးရရှိပြီး ကိုယ်ခံအားတွေ ထုတ်လုပ်တဲ့အခါ အချိန်အတိုင်းအတာတစ်ခုမှာ လျော့သွားပါတယ်။ ကာကွယ်ဆေးရဲ့ အမျိုး အစားအပေါ် မူတည်တယ်လို့ ပြောဆိုသော်လည်း ကာကွယ်ဆေးစမ်းသပ်တဲ့အခါ စမ်းသပ်တဲ့နိုင်ငံနဲ့ လူဦးရေထဲမှာ ရောဂါဖြစ်ပွားနေမှုအတိုင်းအတာ၊ စမ်းသပ်တဲ့ လူအုပ်စုနေထိုင်တဲ့နေရာမှာ ဗိုင်းရပ်စ်ရဲ့ ဘယ်လိုမျိုးရိုးဗီဇကွဲတွေ ဖြစ်ပွားနေမှု စတာတွေ အပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး တစ်မျိုးနဲ့တစ်မျိုး ဘယ်ဟာက ပိုကောင်းတယ်ဆိုတာကို ပြောလို့မရပါဘူး။
ကာကွယ်ဆေးအများစုအနေနဲ့ ကာကွယ်ဆေးထိုးပြီး သုံးလနောက်ပိုင်းမှာ ဆေးရဲ့အာနိသင် လျော့နည်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် အများစုသော သုတေသနတွေအရ ကာကွယ်ဆေး ရဲ့ အာနိသင်သည် ၆ လကျော်အထိ ကောင်းကောင်း၊ ကာကွယ်မှုရပါတယ်။ အချို့သုတေသနတွေအရ အနည်းဆုံး ရှစ်လကျော်ကနေ တစ်နှစ်ကျော်အထိ ရတယ်လို့ ပြောထားတာရှိပါတယ်။ လက်ရှိအချိန်အထိ တတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်တယ်ဆိုပြီး ပြောနိုင်ဖို့ သိသာထင်ရှား အထောက်အကူပြုနိုင်တဲ့အချက်တွေ မရှိသေးပါဘူး။
နံပါတ်သုံးအချက်က ကာကွယ်ဆေးရဲ့ ထိရောက်မှု စွမ်းဆောင်ရည်နဲ့ ပတ်သက်ပါတယ်။ ဗိုင်းရပ်စ်က မျိုးရိုးဗီဇပြောင်းလဲမှုတွေအပေါ်မှာ ကာကွယ်ဆေးရဲ့ ထိရောက်မှုက လျော့နည်းသွား နိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် မျိုးရိုးဗီဇပြောင်းလဲမှု တွေ ရှိနေသလား၊ ဘယ်လို မျိုးရိုးဗီဇပြောင်းလဲမှု တွေရှိနေသလဲ။ Voc လို့ခေါ်တဲ့ စိုးရိမ်ဖွယ်ရှိတဲ့ မျိုးရိုးဗီဇတွေထွက်ပေါ်လာမှုအပေါ် ကာကွယ်ဆေး က ဘယ်လောက်အထိ ကာကွယ်ပေးနိုင်သလဲ ဒါတွေက သုတေသနဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရရှိထားတဲ့ အချက် အလက်တွေအရ ကာကွယ်ဆေးသည် ကောင်းစွာ အလုပ်လုပ်နိုင်ပြီး ရောဂါပြင်းထန်စွာ ခံစားရမှု၊ ဆေးရုံတက်ရောက်ရမှု၊ သေဆုံးမှုတွေကနေ ကာကွယ်နိုင်မှု အပြည့်အဝရပါတယ်။
ဒါကြောင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ အနေနဲ့ တတိယအကြိမ်ထိုးနှံဖို့ လိုအပ်သလား ဆိုရင် လိုအပ်ပါတယ်။ အကြောင်းပြချက် နံပါတ်တစ် အနေနဲ့ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ တွေထဲက တချို့မှာ ကာကွယ်မှုအပြည့်အဝ မရဘူး။ နံပါတ်နှစ်အနေနဲ့ ကာကွယ်ဆေးသည် အချိန်နဲ့ အမျှ ကာကွယ်နိုင်မှု လျော့သွားတယ်။ နံပါတ်သုံး အနေနဲ့ နောက်ထပ်ဗိုင်းရပ်စ်ဗီဇမျိုးကွဲတွေ ထပ်ပြီး ပေါ်လာတာနဲ့အမျှ ကာကွယ်ဆေးရဲ့ ကာကွယ် နိုင်မှု အာနိသင်က လျော့ကျနိုင်တယ်။ ဒါကြောင့် ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံဖို့ လိုပါတယ်။
မေး။ Booster ထိုးခြင်းနဲ့ ပတ်သက်ပြီး စိတ်ချရမှုအပိုင်းကိုလည်း ပြောကြားပေးပါဦး။
ဖြေ ။ ။ Booster ထိုးဖို့ လူတိုင်းလိုတာလား၊ အသက်အရွယ်မရွေး လိုတာလား၊ နောက်ခံရောဂါ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိုတာလား ဒီလိုလည်း သိချင်ကြပါလိမ့်မယ်။ သုတေသနတွေအရတချို့သော အခြေအနေမှာရှိတဲ့ လူအုပ်စုတွေမှာ ကာကွယ်ဆေးတတိယအကြိမ် ထိုးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမနှစ်ကြိမ်ထိုးပြီးပေမယ့် ကာကွယ် နိုင်မှုအပြည့်အဝ မရတဲ့သူတွေမှာ နောက်ထပ်ထိုးဖို့ လိုအပ်ပါတယ်။
ကိုယ်ခံအားကျဆင်းနေတဲ့သူတွေ၊ ရောဂါကြောင့် ကိုယ်ခံအားကျဆင်းအောင် ဆေးတွေ သောက်သုံးနေရသူတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးလဲလှယ်ထားသူတွေမှာ အစားထိုး အစိတ် အပိုင်းကို ခန္ဓာကိုယ်က ပြန်ပြီးတိုက်ခိုက်ရန်ပြုမှာ စိုးတဲ့အတွက် ကိုယ်ခံအားနိမ့်ထားရတာ ရှိပါတယ်။ ဒီလိုလူနာတွေ၊ ကင်ဆာဝေဒနာရှင်တွေ စသဖြင့် ဒီလိုလူတွေမှာ လိုအပ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သုတေသနတွေလည်း ဆက်ပြီး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီလိုလူတွေမှာ ကိုယ်ခံအားအပြည့်အဝ ရနေဖို့အတွက် တတိယအကြိမ်ထိုးနှံပေးဖို့ လိုပါတယ်။ မီးအားမြှင့်စက်လို တစ်ခါတလေ မီးအား မပြည့်တဲ့အခါမီးအားမြှင့်စက်နဲ့ မြှင့်ပေးတဲ့ သဘော ဖြစ်ပါတယ်။
သို့သော် အခြားတစ်ဖက်က စဉ်းစားရမှာက ကမ္ဘာပေါ်မှာ ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုက အလွန် နည်းတဲ့ အခြေအနေမှာရှိနေပါသေးတယ်။ ချမ်းသာ တဲ့နိုင်ငံတွေက ထိုးနှံနိုင်မှုများတယ်။ ဆင်းရဲချမ်းသာ ကွာဟချက်က ဒီနေရာမှာ စကားပြောလာပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေး လွှမ်းခြုံမှု ၁၊၂ရာခိုင်နှုန်းလောက်ပဲရှိသေးတဲ့အချိန်မှာ လူတိုင်း ကို တတိယအကြိမ် မထိုးသင့်ဘူးဆိုတာ ပြောလို ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးရဲ့ စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှုတွေကို ဆက်ပြီး စောင့်ကြည့် လေ့လာနေဆဲဖြစ်ပါတယ်။ ဒါဆိုရင် ကိုဗစ် - ၁၉ ကာကွယ်ဆေးသည် ထိုးတိုင်း ကောင်းတဲ့ကာကွယ် ဆေးလားဆိုတော့ မဟုတ်ပါဘူး။ တချို့ သော လူတွေက ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးပြီ၊ နောက်ထပ်တစ်ကြိမ်ကို ဘယ်သူ့ညွှန်ကြားချက်မှ မပါဘဲ မိမိသဘောနဲ့ မိမိ ထိုးနှံတယ်ဆိုတာတွေက မသင့်လျော်ဘူးဆိုတာကို ပြောလိုပါတယ်။
ကာကွယ်ဆေးထိုးနှံတဲ့အခါ အကြိမ်ပြည့်ထိုးနှံဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေး ပထမအကြိမ် ထိုးလိုက်တာနဲ့ ခန္ဓာကိုယ်က ကိုယ်ခံအားစထုတ်ပါတယ်။ ဒီကိုယ်ခံအားက အတိုင်းအတာ တစ်ခု အထိ ကာကွယ်နိုင်ပါတယ်။ ကိုယ်ခံအားတွေ တက်လာတယ်။ သို့သော် ဒုတိယအကြိမ်ထိုးမှသာ ပထမအကြိမ် တက်ထားတဲ့ ကိုယ်ခံအားတွေကို ပိုပြီးအားကောင်းအောင်၊ ခိုင်ခံ့အောင်၊ ပမာဏ များအောင်၊ ကာကွယ်နိုင်မှု အာနိသင်ကိုလည်း ပိုရှည်ကြာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ နှစ်ကြိမ်နဲ့တင် လုံလောက်ပါတယ်။ သို့သော် မလိုအပ်ဘဲ တတိယအကြိမ်ထိုးတာက ပြည့်ပြီးသား ရေအိုးကို ထပ်ဖြည့်တာမျိုးဖြစ်တဲ့အတွက် အခြားလိုအပ်သူတွေကို ထိုးပေးနိုင်ဖို့မှာ နည်းသွားနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ Covishield ကာကွယ်ဆေးကို ဇန်နဝါရီ၂၇ ရက်မှာ ပထမအကြိမ် စပြီးထိုးနှံတယ်။ ဖေဖော်ဝါရီမှာ ဒုတိယအကြိမ် ထိုးပေးခဲ့ပါတယ်။ ဖေဖော်ဝါရီမှာ ထိုးခဲ့သူတွေက အခုဆိုရင် ၆ လကျော်ရှိပြီဖြစ်တဲ့အတွက် ထိုးဖို့ လိုအပ်သလား မေးတာတွေလည်း ရှိပါတယ်။ အချို့တွေက ကာကွယ်ဆေးတစ်ခုရဲ့ သက်တမ်းက ၆ လဖြစ်တဲ့ အတွက် ၆ လကျော်ရင် ထပ်မံထိုးနှံဖို့ လိုတယ်လို့ ထင်တတ်ကြပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေး တစ်ခုရဲ့ ကာကွယ်ပေးနိုင်တဲ့ အချိန်ကာလနဲ့ ဆေးတစ်ခုရဲ့ Shelf - Life သက်တမ်းနဲ့ မတူဘူး ဆိုတာကို ပြောချင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကာကွယ်ဆေး စတင် ထုတ်လုပ်စဉ်က WHO ကို ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တင်ပြတဲ့အခါ သူတို့က အကောင်းဆုံးကာကွယ်မှုရနိုင်တဲ့ အချိန် အတိုင်းအတာဖြစ်ချင်တဲ့အတွက် သက်တမ်း ကုန်ဆုံးရက်ကို ၆ လလောက်နဲ့ ဖြတ်ပါတယ်။ သို့သော် နောက်ပိုင်းမှာ ကာကွယ်ဆေးတစ်ခုရဲ့ အာနိသင်ထိန်းသိမ်းနိုင်မှုက ကောင်းမွန်တဲ့အတွက် Sinopharm, Sinovac ကာကွယ်ဆေးတွေရဲ့ သက်တမ်း ကုန်ဆုံးရက်ကို နှစ်နှစ် သတ်မှတ်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လက ထုတ်တဲ့ ကာကွယ် ဆေးဆိုရင် ၂၀၂၃ ခုနှစ် ဇူလိုင် အထိပေးတာ ဖြစ်ပါတယ်။ ဒါဆိုရင် ကာကွယ်နိုင်မှုအာနိသင် နှစ်နှစ်ခံ သလားဆိုတော့ ဒီလိုလည်းမဟုတ်ပါဘူး။ ကာကွယ်နိုင်မှုသည် အနည်းဆုံး ခြောက်လ၊ ရှစ်လကနေ တစ်နှစ်ကျော် အထိခံတယ်ဆိုတဲ့ သုတေသနတွေလည်း ရှိပြီးဖြစ်ပါတယ်။
ဒါကြောင့် နှစ်ကြိမ်ထိုးပြီးသူတွေအနေနဲ့ ခြောက်လကျော်ရင် ထပ်မံထိုးဖို့မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးမထိုးရ သေးသူသွေးချင်း ညီအစ်ကိုမောင်နှမတွေအများကြီးပေးဖို့လိုပါတယ်။ ကိုယ်တစ်ယောက်တည်းကာကွယ် နိုင်မှုတွေ အစွမ်းကုန်ရနေသော်လည်း လူအများမှာ ကာကွယ်နိုင်မှု မရနေဘူးဆိုရင် ဒီရောဂါ ကူးစက်မှု ကမရပ်တန့်သွားပါဘူး။ ကာကွယ်ဆေးမထိုးရသေး တဲ့သူတွေဆီကပြန်ပြီး ကူးစက်နိုင်တဲ့ အခွင့်အလမ်း တွေရှိတဲ့အတွက် ဖြစ်ပါတယ်။ အားလုံးကာကွယ်နိုင် မှုရမှသာ မိမိကိုယ်တိုင်လည်း ကာကွယ်နိုင်မှု ရမှာဖြစ်ပါတယ်။ ဒါကြောင့် ရပြီးသားသူတွေက နောက်ထပ် မထိုးသင့် ပါဘူး။ နှစ်ကြိမ်ထိုးနှံပြီးသား ကို မထိုးရသေးသလိုလိမ်လည်ပြီးလည်း မထိုးသင့် ပါဘူး။ တချို့တွေက ထိုးနှံဖို့အခွင့်အရေးရနေတဲ့ အတွက် မိမိအခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး လည်း မထိုးသင့်ပါဘူး။ ဒါဟာ အဂတိလိုက်စားတာ ဖြစ်ပါတယ်။
ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးပြီဆိုရင်တော့ ပြင်းထန်စွာ ဝေဒနာခံစားရမှု၊ ဆေးရုံတက်ရောက် ရမှုတွေ၊ အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်ရှိမှု၊ အောက်ဆီဂျင်လိုအပ်မှု၊ သေဆုံးမှုတွေ လျော့နည်းနိုင်တာက အသေအချာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သုတေသနရလဒ်ပေါင်းများ စွာလည်း ပေါ်ထွက်ပြီးဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေးထိုးထား ပြီးပြီဆိုပြီး ပေါ့ပေါ့ဆဆ နေလို့တော့ မရပါဘူး။ ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်းတွေကို ဆက်လက်လိုက်နာနေထိုင်ရမှာ ဖြစ်ပါတယ်။ သို့မှသာ အပြည့်အဝကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသား လူတွေ အနေနဲ့ နောက်တစ်ကြိမ်ထပ်ပြီး မထိုးသင့်ပါဘူးလို့ ပြောချင်ပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။
ဖြေ ။ ။ ကိုဗစ်ကပ်ရောဂါကို တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရချိန်မှာကိုဗစ်-၁၉ ကာကွယ် ဆေးကို ထပ်မံ ထိုးနှံသင့်သေးသလားဆိုတာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ တတိယအကြိမ် Booster ထိုးဖို့လိုအပ်တယ်လို့ပြောရလောက်အောင် အထောက်အထားတွေ မရှိသေးဘူးလို့ WHO က ပြောကြားထားပါတယ်။ ဖွံ့ဖြိုးမှုနည်းတဲ့တိုင်းပြည်တွေမှာ ကာကွယ်ဆေးလွှမ်းခြုံမှုက ၁၊၂ ရာခိုင်နှုန်း မှသည် အများဆုံး ၅ ရာခိုင်နှုန်းလောက်ပဲ ရှိနေတယ်ဆိုတာ တွေ့ရတယ်လို့ ပြောထားပါတယ်။ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးထိုးနှံဖို့လိုအပ်တဲ့ လူအုပ်စုတွေ အများကြီး ရှိနေပါသေးတယ်။ ကာကွယ်ဆေး များများထိုးနှံနိုင်ဖို့ အထူးသဖြင့် အန္တရာယ်ရှိတဲ့ လူအုပ်စုတွေကို ထိုးနှံပေးဖို့က အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ကာကွယ်နိုင်မှု တွေအားလုံးရသွားရင် တစ်ယောက်နဲ့တစ်ယောက် ကူးစက်နိုင်ဖို့ အခွင့်အလမ်းက နည်းသွားမယ်။ ဒါဆိုရင် ကိုဗစ် - ၁၉ ကြောင့် ရပ်ဆိုင်းထားရတဲ့ လုပ်ငန်းတွေက ပုံမှန်အတိုင်း ပြန်လည်စတင် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရင်တုန်းက အသက် ၆၅ နှစ် အထက်ကို ကာကွယ်ဆေး ဦးစားပေးထိုးပေးပါတယ်။ အခုဆိုရင် စက်တင်ဘာလ ၁၄ ရက်ကစပြီး အသက် ၅၅ နှစ်အထက်ကို ထိုးပေးနေပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးမယ့် အသက်အပိုင်း အခြားက တဖြည်းဖြည်းနဲ့ အသက်ငယ်တဲ့သူတွေ အထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ အသက် ၅၀ နှစ်နဲ့အထက်၊ နိုဝင်ဘာလမှာ ၄၅ နှစ်နဲ့အထက်၊ ဒီဇင်ဘာမှာဆိုရင် အသက် ၄၀နှစ်နဲ့အထက်အထိ ထိုးနှံပေးဖို့ ရည်မှန်းထားပါတယ်။ အခုတစ်ခေါက် ကာကွယ်ဆေးထိုးနှံပေးဖို့ ၊ မသန်စွမ်းတွေလည်း ပါဝင်လာပါတယ်။ သူတို့ကို လည်း ထိုးနှံပေးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် နောက်ခံရောဂါရှိသူတွေ၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ် စသဖြင့် ရောဂါခံစား နေရသူတွေက မိမိမှာ ဆေးကုသမှုမှတ်တမ်းတွေ ရှိတယ်ဆိုရင် ဒါတွေကိုပြသပြီး ကာကွယ်ဆေး ထိုးနှံလို့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ စည်းမျဉ်းတွေ တင်းတင်း | ကျပ်ကျပ်ချမှတ်မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ခံရောဂါရှိတဲ့သူတွေကဖြစ်ရင် ပိုပြီးဆိုးဆိုး ရွားရွား ခံစားရနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် EAO အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ထိုးနှံပေးဖို့လည်း ပါဝင်တယ်။ ကယ်ဆယ်ရေးစခန်းတွေ၊ စစ်ဘေးရှောင်တွေ ကိုလည်း ထိုးနှံပေးဖို့ ရှိပါတယ်။ စုစုပေါင်းဦးစားပေးလူအုပ်စု ၁၆ ခုရှိပါတယ်။
အချို့တွေက မေးပါတယ်။ အခြားလူအုပ်စုတွေကရော အသက် ၅၅ နှစ်အထက်ဖြစ်ရမှာလားဆိုပြီး မေးကြတာရှိပါတယ်။ အသက် ၅၅ နှစ်အထက်ဆိုရင် ဘယ်လောက်ပဲ သန်စွမ်းကျန်းမာနေပါစေ၊ သူက အသက်အပိုင်းအခြားအရ အကျုံးဝင်ပြီးသား ဖြစ်ပါတယ်။ ကျန်တဲ့အုပ်စု ၁၅ ခုက အသက် ၅၅ နှစ် ပြည့်စရာမလိုပါဘူး။ နောက်တစ်ခုက ထိုးနှံခွင့်ရတဲ့ လူအုပ်စုထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင် တွေပါတယ်ဆိုရင် ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို မိမိရဲ့ဆန္ဒအရထိုးနှံပါတယ်ဆိုပြီး လက်မှတ်တော့ထိုးရမှာ ဖြစ်ပါတယ်။ ဒါကလည်း ထုံးစံအရ ထိုးခိုင်းခြင်း ဖြစ်ပါတယ်။
WHO ကရော၊ အမေရိကန်ရောဂါ ထိန်းချုပ်ရေး နှင့် ကုသရေးဗဟိုဌာနက CDC ကပါ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ စိတ်ချစွာ ကာကွယ်ဆေးထိုးနှံဖို့ ခွင့်ပြုထားပါတယ်။ သက်သေအထောက်အထားတွေအရလည်း ကာကွယ်ဆေးကြောင့် သန္ဓေသားကို ထိခိုက်တာ၊ နို့တိုက်ရာကတစ်ဆင့် ကလေးကို ထိခိုက်တာတွေ မရှိသေးပါဘူးဆိုပြီး ပြီးခဲ့တဲ့ရက်က WHO ရဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပညာရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာ ဦးစားပေး လူအုပ်စုထဲမှာ ပါဝင်တဲ့ နို့တိုက်မိခင်နဲ့ ကိုယ်ဝန် ဆောင်တွေကိုသာ ထိုးနှံပေးခြင်းဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရရင် Booster Dose နောက်ထပ်တတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ လိုသလားဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လက်ရှိအခြေအနေအရ ထိုးဖို့မလိုသေးပါဘူးလို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ထက်လျှံ