Skip to main content

ကိုဗစ်ကာလအလွန် ခရီးစဉ်ဒေသသစ်ဖော်ဆောင်ထားသည့် ကျောက်ပန်းတောင်းမြို့နယ် လဲဂွရွာ၊ လက်ပံအိုင့် ရွာမှသည် ပုပ္ပားတောင်ပတ်လည်ခရီးစဉ်တစ်ခွင်သို့

 

မြန်မာပြည်အရပ်ရပ်မှ သဘာဝအလှတရား များရှိရာဒေသများ၊ ထူးခြားဆန်းကြယ်သော နေရာများ၊ သဘာဝကျောက်ရေအိုင်များ၊ ရေကန်များ၊ တောတွင်းစွန့်စားခရီးစဉ် သွားရောက်လိုသူများ၊ သစ်ခွမျိုးစိတ် စိတ်ဝင်စားသူများ၊လိပ်ပြာမျိုးစုံ စိတ်ဝင်စားသူများအား လာရောက်လေ့လာလည်ပတ်နိုင်စေရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန (ပုဂံဌာနခွဲ) ရုံးမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေလာ ရောက်လည်ပတ်သည့်အခါ ခရီးစဉ်ဒေသငါးခုအပြင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး ခရီးစဉ်အားတောတွင်း စွန့်စားခရီးစဉ်ဒေသအဖြစ် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းစဉ်တစ်ခုအဖြစ် ဖော်ဆောင်ထားရှိကြောင်းညောင်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပုဂံရုံးခွဲမှသိရသည်။

ကြက်မောက်တောင်ဆည်၏ ရှုခင်းများကိုလှေဖြင့်လေ့လာနိုင်

ပုဂံရှေးဟောင်းယဉ်ကျေးမှု ခရီးစဉ်ဒေသအပြင် ညောင်ဦးမြို့နှင့် မိုင် ၃၀ ခန့် ဝေးကွာသည့် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး ခရီးစဉ်အား ပုပ္ပားတောင်မကြီးတောင်ဘက်ခြမ်းရှိ ကျောက်ပန်းတောင်းမြို့မှ မိတ္ထီလာမြို့ အထွက် ခုနစ်မိုင်ခန့်တွင် စတင်ဝင်ရောက်ရပြီး လဲဂွရွာ၊ လက်ပံအိုင့်ရွာသို့ စတင်ရောက်ရှိမည်ဖြစ်သည်။ လဲဂွရွာ၊ လက်ပံအိုင့်ရွာသို့မရောက်မီ မကျည်းတိုင်းအုပ်စု ပြည့်ဝရွာမြောက်ဘက် မတ်တစ်ထောင် (ငရံ့တောင်) တန်းတွင် တည်ထားကိုးကွယ်ထားသည့် မဟာဗုဒ္ဓငါးထောင်၊ မဟာဗောဓိငါးထောင်ကို ဝင်ရောက်လေ့လာဖူးမြော်နိုင်ပြီး မဟာဗောဓိ ငါးထောင်၏ အရှေ့ဘက်တွင် မြန်မာပြည်၌ ပထမဆုံးတည်ဆောက်ခဲ့သည့် ကြက်မောက်တောင် ဆည်၏ ပတ်ဝန်းကျင်ရှုခင်းများကို လှေဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ ရုရှားနိုင်ငံမှ အင်ဂျင်နီယာများဖြင့် တည်ဆောက်ထားခဲ့သည့် ကျောက်ထက်အက္ခရာ မော်ကွန်းကို ဖတ်မှတ်လေ့လာနိုင်ပြီး ကြက်မောက်တောင်ဆည်နယ်နိမိတ်များ၊ သတ်မှတ်ရေမှတ် တိုင်များ စိုက်ထူထားသည်များကို လေ့လာနိုင်ကြောင်း သိရသည်။

ကြက်မောက်တောင်ဆည်မှတစ်ဆင့် သုံးဖာလုံခန့်ကွာဝေးသည့်လဲရွာထိပ်ရှိ ရွှေနတ် တောင်ဘုရားပွဲတော်တိုင်း ရွှေဖျင်းညီနောင်တို့ လာရောက်ဖူးမြော်သည့် ရွှေနတ်တောင် စေတီတော်အား ဖူးမြော် ကြည်ညိုနိုင်ကြောင်း၊ ထိုမှတစ်ဆင့် လဲရွာ၏ အနောက်ဘက် သုံးဖာလုံခန့်အကွာတွင် ငွေတွင်းတောင်စေတီကုန်းရှိ ငွေတွင်းတောင် စေတီနှင့်ဘုရား များ၊ လဲဂွရွာ၊ လက်ပံအိုင့်ရွာ၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် သဘာဝအတိုင်း ဖြစ်တည်နေသည့် ဂဲမိုးအိုင်၊ ဂဲတစ်လုံးဆို့အိုင်၊ ဗျာဗျာကျအိုင်၊ စကောဝိုင်းအိုင်၊ လက်ငါးချောင်းအိုင်ခေါ် ငါးကြင်းပုံ အိုင်ကြီးများ သဘာဝအတိုင်းရေအပြည့်ဖြင့် တွေ့မြင်နိုင်ပြီး အနောက်ဘက်အခြေတွင် ကျောက်သားမိုးမျှော် လျှိုရိုးကြီးအတွင်း အေးမြ ကြည်လင်သည့်ရေများအတိုင်းဖြတ်ကာ သဘာဝကျောက်ကြားလျှိုကြီးကို အံ့သြဖွယ် တွေ့မြင်လေ့လာ နိုင်မည်ဖြစ်သည်။

ကျွမ်းကျင်လမ်းပြများနှင့် လိုက်ပို့ကြမည်ဖြစ်

ထိုအရပ်ဒေသအခေါ် ဂဲမိုးခိုင်သည် သဘာဝလေးထောင့်ကန်နက်ကြီးပေါ် ကျောက်ဆိုင် ကြီး မိုးနေသည့် သဏ္ဌာန်ရှိကြောင်း၊ ကျရေအိုင်သည် ရေတံခွန်အသေးစား သဖွယ်ဖြစ်နေပြီး လိုဏ်ထဲရေစီးကျ သံတောကြားခြင်းကြောင့် ခေါ်ကြကြောင်း၊ ဂဲတစ်လုံးဆို့အိုင် သည် ကျောက်နံရံနှစ်ခုကြား ကြီးမားသည့် ခဲလုံးကြီးဆို့နေသောကြောင့် ဂဲတစ်လုံးဆို့အိုင် ဟုခေါ်ဆိုကြောင်း၊ လက်ငါးချောင်း အိုင်သည်ကျောက်နံရံတွင် လက်ငါးချောင်းပုံထွက်နေပြီး ငါးကြင်းခန္ဓာကိုယ်နှင့်တူခြင်းကြောင့် ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း၊ စကောဝိုင်းအိုင် သည် သဘာဝအတိုင်း ဝိုင်းဝိုင်းစက်စက်ဖြစ်နေခြင်းကြောင့် စကောဝိုင်းအိုင်ဟုခေါ်ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ပုပ္ပားတောင်မကြီးတောင်ဘက်ခြမ်း သဘာဝတောတွင်း စွန့်စားခရီးစဉ်ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ သင်တန်းပို့ချထားသည့် ကျွမ်းကျင်လမ်းပြများနှင့် မိမိတို့သွား လိုသည့်ခရီးစဉ်ကို လိုက်ပို့ကြမည် ဖြစ်ကြောင်း သိရသည်။

လျှိုမြောင်ခရီးစဉ်သွားလိုပါက လျှိုမြောင် အတိုင်း ထန်းလယ်ချောင်း၊ ထောင့်ခုံးပင်အိုင်၊လက်တန်းပင်အိုင့်၊ကြို့ပင်လယ်ကျင်းအိုင်၊  လိပ်သည်းပင်အိုင့်၊ ငါးပေါအိုင့်၊ ဇရစ်ပွက်အိုင့်၊ ပေါက်ပင်လယ်ကျင်းအိုင့်များတွင် သဘာဝတောတောင်  ရေမြေများ သဘာဝအတိုင်းလေ့လာနိုင်မည်ဖြစ်သည်။ ပုပ္ပားတောင်မကြီး တောင်ဘက်ခြမ်းသည် သဘာဝအတိုင်းကျန်ရှိနေသေးသည့် တစ်ခုတည်းသောသဘာဝပေါက်ပင်များ ပေါကြွယ်ဝ စွာကျန်ရှိနေသေးသည့် ဧရိယာအလွန်ကျယ်သည့် သဘာဝတောကြီးဖြစ်ရာ ခရီးစဉ်ဒေသဖော်ဆောင်ခြင်းဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး သစ်တောပြုန်းတီးမှုရန်မှ ကာကွယ်ရာရောက်မည် ဖြစ်သည်။ သဘာဝရေထွက်များ လေ့လာလိုပါကလည်း ကြို့ချောင်းရေထွက်၊ ငဝစမ်းရေထွက်ကြီး များရှိနေသေးပြီး အဆိုပါရေထွက်ကြီးနှစ်ခုမှကျောက်ပန်းတောင်းမြို့ပေါ်နှင့် ဆည်ပေါက် စိုက်ပျိုးရေးခြံသို့ ရေပေးဝေနေသည်ကို လေ့လာနိုင်ကြောင်း၊ ရေထွက်ငယ်များဖြစ်သည့် ဩဇာတော ရေထွက်၊ ဇရစ်ပွက်ရေတွက်နှင့် ငါးပေါအိုင့်ရေထွက်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။ ပုပ္ပားတောင်မကြီးမှထွက်ရှိသည့်  ရေထွက်များကို ဒေသခံများ လယ်ယာမြေ လုပ်ကိုင် စားသောက်ခဲ့ရာ နှစ်ကာလကြာလာသည်နှင့်အမျှ သဘာဝဂေဟစနစ်များ ပျက်ယွင်းလာပြီးလယ်ယာမြေ လုပ်ကိုင်မရတော့သည့် ထန်းလယ်အိုင့်၊ ပေါက်ပင်အိုင့်၊ ထန်းလယ်ချောင်း ၊ကြို့ပင်လယ်ကျင်း လယ်ယာမြေများကို လေ့လာနိုင်မည်ဖြစ်သည်။

သစ်ခွမျိုးစုံ ၅၀ ကျော်ရှိ

ပုပ္ပားတောင်မကြီးပတ်လည်တွင် သစ်ခွမျိုးစုံ အမျိုးပေါင်း ၅၀ ကျော်ရှိပြီး ဖယောင်းသစ်ခွ၊ မိုးလုံးမှိုင်း၊ စာကလေးဂေါင်းနီ၊ လိပ်ပြာသစ်ခွများ သည် ဒေသမျိုးရင်းသစ်ခွများအဖြစ် နာမည်ကြီးကြောင်း၊ ရေထွက်များပတ်ဝန်းကျင်တွင်လည်း  လိပ်ပြာမျိုးစိတ်များ အလွန်ပေါများသည့်အတွက် လေ့လာလိုသည့် မဟာတန်းသတ္တဗေဒကျောင်းသား ကျောင်းသူများနှင့် လေ့လာလိုသူများအတွက် သွားရောက်သင့် သည့်ခရီးစဉ်ဒေသ ဖြစ်နေပြီး ပုပ္ပားတောင်မကြီးထိပ်မှ မြောက်ဘက်အခြေ ချွန်းမချောက်ကြီးထဲတွင် ပုပ္ပားမျိုးစိတ်သစ်မျောက်မြီးရှည်ကိုလည်း ပုပ္ပားတောင်မကြီး ဘေးမဲ့တောဥယျာဉ်မှ ခွင့်ပြုချက်ဖြင့် လေ့လာနိုင်မည်ဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်မှတစ်ဆင့် ကျောက်မျက်မော်ဘုရား၊ သဲပြင်တောကျေးရွာရှိ ရွှေနတ်တောင်စေတီ ရှုခင်းကြည့်စေတီကုန်း၊ သက်စိုးတောင်ပေါ်ရှိ ကျောက်ရေကန်၊ ဇီးအို ကျေးရွာရှိ မန်ကျည်းကိုးခွနှင့် အင်ကြင်းတော၊ ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာမှ သျှောင်ပေစူးကျေးရွာနှင့် ပလင်းကမ်းသာယာ ဆင်စခန်းတို့အပြင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မ ကြီး တောင်ဘက်ခြမ်းခရီးစဉ်ကိုလည်း ကိုဗစ် ကာလအလွန် ရပ်ရွာအခြေပြုသဘာဝအခြေခံ တောတွင်းခရီးစဉ်များကို သွားရောက်နိုင် မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ကိုထိန် (KPD)