ကိုဗစ်-၁၉ နှင့် မြန်မာ့ခရီးသွားလုပ်ငန်း
မီးခိုးမထွက်သောစက်ရုံ (Smokeless Industry)ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ခရီးသွား လုပ်ငန်းသည် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများ၏နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မျက်နှာစာများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး လူသားတို့၏ သမိုင်းအစဖြစ်သော ကျောက်ခေတ်နှင့် သမိုင်းဦး ဘုံမြေခေတ်မှ ယနေ့ စတုတ္ထစက်မှု တော်လှန်ရေးခေတ် (Industry 4.0)အထိ အခြားသော စီးပွားရေး ကဏ္ဍများနည်းတူ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
ကိုးနှစ်ဆက်တိုက် ဖွံ့ဖြိုးမှုကိုပြခဲ့
ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ကမ္ဘာ့ခရီးသွား ကောင်စီတို့၏ စာရင်းဇယား ကိန်းဂဏန်း များအရ ၂၀၁၂ ခုနှစ်တွင် ခရီးသွားဧည့်သည်ပေါင်း တစ်ဘီလီယံ (သန်းတစ်ထောင်) ပြည့်ခဲ့သော ခရီး သွားလုပ်ငန်းသည် ၂၀၁၉ ခုနှစ်တွင် ခရီးသွား ဧည့်သည်ပေါင်း ၁ ဒသမ ၄၆၁ ဘီလီယံ ရှိခဲ့ပြီး လေးရာခိုင်နှုန်း တိုးတက်မှုဖြင့် ကိုးနှစ်ဆက်တိုက် ဖွံ့ဖြိုးမှုကို ပြခဲ့သည်။ ကမ္ဘာ့နိုင်ငံများ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် ဒီပီတွင် ၁၀ ဒသမ ၃ ရာခိုင် နှုန်းအထိ ပါဝင်ခဲ့ပြီး စီးပွားရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်။ ကမ္ဘာ့စီးပွားရေး ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ချိန်တွင် ခရီး သွားလုပ်ငန်းမှ ၃ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်း လည်းဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်ဆက်တိုက် သုတေသနပြု လေ့လာမှုများအရ ကမ္ဘာ့အလုပ် အကိုင်ဖန်တီးမှု တွင် ၂၅ ရာခိုင်နှုန်းရှိသဖြင့် လေးဦးလျှင် တစ်ဦးပါဝင်မှုနှုန်းဖြင့် ခရီးသွားလုပ်ငန်းမှ အလုပ် အကိုင်များကို ဖန်တီးပေးလျက်ရှိသည်။
ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရ ၂၀၁၂ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် ခရီးသွားဧည့်သည်ပေါင်း တစ်ဘီလီယံပြည့်ခဲ့သည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း တစ်သန်း စံချိန်တင် ဝင်ရောက်လည်ပတ်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြသော ခရီးသွားဧည့်သည်ပေါင်း ၄ ဒသမ ၃၈ သန်း ဖြစ်လာခဲ့ပြီး နိုင်ငံတော်အတွက် ဝင်ငွေကျပ် ၂၄၂၇ ဒသမ ၄ ဘီလီယံအထိ ဖြည့်ဆည်းကာ နိုင်ငံ့စီးပွားရေး၏ ၄ ဒသမ၆ရာခိုင်နှုန်းအထိ အကျိုးပြုခဲ့သည်။ နိုင်ငံအတွက် ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်အလုပ် အကိုင်ပေါင်း တစ်သန်းကျော် ဖန်တီးပေးထားနိုင်ခဲ့ ပြီး ကဏ္ဍပေါင်းစုံ စုစုပေါင်း အလုပ်အကိုင်ဖန်တီးမှု ၏၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ကမ္ဘာ့ခရီးသွားကောင်စီ၏ အချက်အလက်များအရ ညွှန်းဆိုဖော်ပြ လျက်ရှိသည်။
ဂျီဒီပီ ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်း
ဤကဲ့သို့ ဖွံ့ဖြိုးတိုးတက်ခဲ့သော ခရီးသွားလုပ်ငန်းသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် အစပြု ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသည်။ ကမ္ဘာတစ်ဝန်းတွင် ဆယ်စုနှစ် တစ်ခုကျော် တိုးတက်ခဲ့သော ခရီးသွားလုပ်ငန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကြောင့် ရုတ်ခြည်း ဆုတ်ယုတ်ကျဆင်းရုံမျှမက ရပ်ဆိုင်းလုနီးပါးအထိ ဖြစ်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ၃၈၁ သန်းသာရှိခဲ့ပြီး ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ခရီး သွားကောင်စီ၏ အချက်အလက်များအရ အလုပ်အကိုင် ပေါင်း ၆၂ သန်း ဆုံးရှုံးခဲ့ရပြီး ကမ္ဘာ့စီးပွားရေး မှာလည်း ၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ခံစားခဲ့ရပြီး ၂၀၁၂ နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ခရီးသွားဧည့်သည်ပေါင်း တစ်သန်း အောက်သို့ ပြန်လည်ရောက်ရှိကာ ၇၉ ရာခိုင်နှုန်း ကျဆင်း ခဲ့ရသည်။ ခရီးသွားအလုပ် အကိုင်ပေါင်း ၂၃ ဒသမ၂ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်၏ ဂျီဒီပီသည် လည်း ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ရကြောင်း ကမ္ဘာ့ဘဏ်၏စာရင်းများအရ တွေ့ရှိခဲ့ရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ၏သက်ရောက်မှုဆိုးကျိုး များကို ပြန်လည်ကုစားရန်အတွက် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သလို ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့်လည်း CERP ၏ နောက်ဆက်တွဲအဖြစ် ခရီးသွားလုပ်ငန်း ပြန်လည်ကုစားမှုအစီအစဉ်ကို နိုင်ငံတော်သို့ တင်ပြကာ ခရီးသွားလုပ်ငန်း နယ်ပယ်အတွက် ကူညီထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့သည်။ ခရီးသွား လုပ်ငန်းပြန်လည် ကုစားရာတွင် ဆက်လက် ရပ်တည်နိုင်ရေး (Survival)၊ပြန်လည်စတင်ရေး (Reopening)၊ ပြန်လည် ဖွင့်လှစ်ခြင်း (Relaunching) ဟူ၍ မဟာဗျူဟာ (၃) ရပ်ချမှတ်ကာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းစဉ် များ ပါဝင်သည်။
ခရီးသွားလုပ်ငန်းပြန်လည်ကုစား
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွား လုပ်ငန်း ပြန်လည်ကုစားမှုကို ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့ မှုများကို ပြုလုပ်ခဲ့ပြီး ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်နေသူများ အားလုံးကို လွှမ်းခြုံနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အကျိုးခံစားမှု အစီအစဉ်နှင့် ဖြေလျှော့မှုများ အဖြစ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ လိုင်စင်ကြေးများကို တစ်နှစ်တာ ကင်းလွတ်ခွင့်ပေးခြင်း၊ ဟိုတယ်ငှားရမ်းခများ ပေးဆောင်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်း ပေးခြင်းနှင့် ငှားရမ်းခများအား ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးခြင်း၊ နိုင်ငံတော်မှ ဆောင်ရွက် သော အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ရင်းနှီးငွေ၊ တစ်နှစ်တာ ထုတ်ချေးပေးခြင်းတို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပါဝင်ရရှိအောင် ဆောင်ရွက်ခြင်းတို့ဖြင့် ဖြည့်ဆည်းထောက်ပံ့ ကူညီခဲ့သည်။ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ကပ်ရောဂါ အကျပ်အတည်းအား စီမံခန့်ခွဲနိုင်စေရေးတို့အတွက် အကျပ်အတည်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းများ၊ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများ၊ ဈေးကွက်စီမံ ခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ ဟိုတယ် ဝန်ဆောင်မှု၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု အစရှိသော သင်တန်းများကို အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲကာ အခမဲ့ဖွင့်လှစ်ပေးခဲ့သည်။
ကူညီထောက်ပံ့ ဒုတိယအဆင့် ပြန်လည်စတင်ခြင်း(Reopening)အတွက် ကျန်းမာရေး ဘေးအန္တရာယ် ကင်းရှင်းစွာ ခရီးသွားလာနိုင်ရန် ခရီးသွားအကြံ ပြုချက်များ ထုတ်ပြန်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွန် ချက်စည်းကမ်းများကို အသိပေးခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ထုတ်ပြန်ထားသော ဗီဇာနှင့်ကျန်းမာ ရေးဆိုင်ရာ စည်းကမ်းချက်များကို စုစည်းထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်အဖြစ် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် လုပ်ကိုင်လျက် ရှိကြသော အခြေခံ လူတန်းစားများအတွက် နေ့တွက်စရိတ်ထောက်ပံ့သော ခရီးသွားလုပ်ငန်း အခြေခံသင်တန်းများဖွင့်လှစ်ခြင်း၊ ဟိုတယ် ဝန်ထမ်းများအတွက် ဟိုတယ်ဝန်ဆောင်မှုသင်တန်း များဖွင့်လှစ်ခြင်း၊ ဧည့်လမ်းညွှန် သင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးခြင်းတို့အပြင် ကိုဗစ်-၁၉ ကြောင့် အလုပ်အကိုင်များ ယာယီဆုံးရှုံးနေသူ ဧည့်လမ်းညွှန်များ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနယ်ပယ်မှ ကြီးကြပ်သူများ၊ မန်နေဂျာများကို သင်တန်း ဆရာများအဖြစ် ဆောင်ရွက် စေကာ ဉာဏ်ပူဇော်ခ ချီးမြှင့်ခြင်း စသောအစီအစဉ်များဖြင့် ကူညီထောက်ပံ့ပေးခဲ့သည်။
ထိုကဲ့သို့ ခရီးသွားလုပ်ငန်းကို ကူညီထောက်ပံ့မှုများဖြင့် အမြန်ဆုံး ပြန်လည်စတင်နိုင်အောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုဗစ်-၁၉ ပထမလှိုင်းအပြီး ဇူလိုင်၊ သြဂုတ်လများတွင် ပြည်တွင်းခရီး သွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ဒုတိယလှိုင်း၊ တတိယလှိုင်း များနှင့်အတူ ခရီးသွားလုပ်ငန်း ပြန်လည်ရပ်တန့်ခဲ့ရပြန်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ၏ အလားအလာကို ခန့်မှန်းပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ထူထောင် ရေးမဟာဗျူဟာလမ်းပြမြေပုံ ၂၀၂၁-၂၀၂၅ (Myanmar Tourism Strategic Recovery Roadmap 2021-2025) အရ ခရီးသွားလုပ်ငန်းကို အမြန်ဆုံး ပြန်လည်ဖွံ့ဖြိုးလာ စေရန်အတွက် လုပ်ငန်းစဉ်များကို ချမှတ်ကာအကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်။ အဆိုပါ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး မဟာဗျူဟာ လမ်းပြမြေပုံတွင် တစ်နှစ်အတွင်း ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကာလလတ်ဆောင်ရွက်ရန်များနှင့် ကာလရှည် ဆောင်ရွက်ရန် ဟူ၍ အဓိကမဟာ ဗျူဟာ(၁၈)ချက်နှင့် လုပ်ငန်းစဉ် ၉၃ ရပ် ပါဝင်သည်။
ပူးပေါင်း၍ အကောင်အထည်ဖော်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တစ်နှစ်အတွင်း ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အနေဖြင့် ပြည်တွင်း ခရီးသွားကဏ္ဍ ပြန်လည်စတင် နိုင်ရေးနှင့် မြှင့်တင်သွားနိုင်ရေးတို့အတွက် ယုံကြည်မှုများ ပြန်လည်ရရှိရေးအတွက် အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအား ဘေးကင်းလုံခြုံသော ခရီးစဉ်ဒေသတစ်ခု အဖြစ် စိတ်ချယုံကြည်မှုများ ဖြစ်ပေါ်လာစေရန်အတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများကို စီးပွားရေးဆိုင်ရာ အထောက်အပံ့များ ဆက်လက် ပေးခြင်း၊ ပြည်သူအများ ပြန်လည်ခရီးသွားလာရေးနှင့် အတွေ့အကြုံအသစ်များ ရှာဖွေရေး အတွက် လှုံ့ဆော်မှုများပြုလုပ်ခြင်း၊ ခရီးစဉ်ဒေသများအား အခြေအနေသစ်နှင့်အညီ လိုက်လျော ညီထွေမှု ရှိအောင်ဆောင်ရွက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အခြေအနေ သစ်နှင့် ကိုက်ညီသော လုပ်ငန်းကျွမ်းကျင်မှုများနှင့် အသိပညာရပ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း စသောလုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူလူထုများနှင့်အတူ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
ခေတ်အဆက်ဆက်တွင် သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါဘေးအန္တရာယ်များကို လူသားတို့အနေဖြင့် မိမိတို့၏ ဉာဏ်ရည်နှင့် လုံ့လအစွမ်းများကို အသုံးချကာ ကျော်လွှားခဲ့ကြ သည်။ ယခု ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း အလားတူပင် လူသားတို့၏ စွမ်းရည်များကို အသုံးပြုကာ ကျော်လွှားကြမည်သာ ဖြစ်သည်။ ထိုသို့ကျော်လွှားရာတွင် အပြီးအပိုင်တိုက် ထုတ်ချေမှုန်းမှုရှိသကဲ့သို့ အခြေအနေသစ်နှင့်အညီ ရှင်သန်နေထိုင်ရမှုများလည်းရှိရာ ကိုဗစ်-၁၉ သည် အတူယှဉ်တွဲပြီး နေထိုင်ရမည့် အခြေအနေတစ်ခုဟု ကမ္ဘာ့ပညာရှင်အများစုက ခန့်မှန်းထားကြသည်။ ခရီးသွားလုပ်ငန်းသည်လည်း အခြေအနေသစ်(New Normal)နှင့် လိုက်လျောညီထွေစွာ ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရမည်သာဖြစ်သည်။ ခရီးသွားလုပ်ငန်းကို အခြေအနေသစ်နှင့်အညီ ပြန်လည်စတင် နိုင်အောင်ဆောင်ရွက်ရာတွင် ခရီးသည်များ၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုတို့၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ခြင်းသည် အဓိကကျသော ဦးစားပေးအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ခရီးသည်များကို လက်ခံမည့် ခရီးစဉ်ဒေသအတွက် သာမက နိုင်ငံတကာ ဧည့်သည်များနှင့် ခရီးသွားများ၏ယုံကြည်မှုကို ပြန်လည်ရယူရာ၌ မလွဲမသွေ ဖြည့်ဆည်း ဆောင်ရွက်ရမည့် အချက်လည်းဖြစ်သည်။
ခရီးသွားလုပ်ငန်းကဏ္ဍ (၇)ရပ် စတင်ဆောင်ရွက်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား ကိုဗစ်-၁၉ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အသိအမှတ်ပြုတံဆိပ်များ စနစ်တကျပေးအပ်နိုင်ရန်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်း မှတစ်ဆင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ပုံရိပ်ကို မြှင့်တင်ပေးရန်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ လိုက်နာဆောင်ရွက်ရန်၊ လုပ်ထုံးလုပ်နည်း များကို လိုက်နာဆောင်ရွက်ပြီး လုံခြုံစိတ်ချရသောဝန်ဆောင် မှုပေးနိုင်သည့်လုပ်ငန်းများအဖြစ် စိစစ်အသိအမှတ် ပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ ဤအစီအစဉ်တွင် ကနဦးအနေဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီများ၊ စားသောက်ဆိုင်များ၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဧည့်လမ်းညွှန်များ၊ ခရီးစဉ်ဒေသများနှင့် ဆွဲဆောင်မှုနေရာများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ စသည်ဖြင့်ခရီးသွား လုပ်ငန်းကဏ္ဍ(၇)ရပ်အတွက် စတင်ဆောင်ရွက် လျက်ရှိသည်။ ဤအစီအစဉ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအဆင့် (Regional Level)၊ အမျိုးသားအဆင့် (National Level)နှင့် နိုင်ငံတကာအဆင့် (International Level) စသည့် အဆင့်သုံးဆင့် ဖြင့် အသိအမှတ်ပြု ဆောင်ရွက်သွားမည်ဖြစ်သည်။
ပထမအဆင့်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအဆင့်(Regional Level)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မိမိတို့သက်ဆိုင်ရာ ဒေသအလိုက် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့ များ၏ ပူးပေါင်းပါဝင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စစ်ဆေးပြီး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်များ ရယူဆောင်ရွက်
ဒုတိယအဆင့်အနေဖြင့် အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ထုံး လုပ်နည်းများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အချက်များ၊ လက်တွေ့စစ်ဆေး ရန်အချက်များနှင့် လုပ်ငန်းရှင်များ အကောင်အထည်ဖော် ပြင်ဆင်ဆောင်ရွက် နိုင်ရန်အတွက် လက်စွဲစာတမ်းများကို ရေးဆွဲ ဆောင်ရွက်ခြင်း၊ လက်တွေ့ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မည့် ဝက်ဘ်ဆိုက်ရေးဆွဲ ဆောင်ရွက်ခြင်း၊ လိုအပ်သော ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆရာဖြစ် သင်တန်းများ၊ ဆင့်ပွားသင်တန်းများကို ဖွင့်လှစ်ပို့ချခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ယခုအခါ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းများကို လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ပြီး hsp.tourism.gov.mm website တစ်ဆင့်လျှောက်ထားကာ အမျိုးသားအဆင့်အသိ အမှတ်ပြုလက်မှတ်များကို ရယူဆောင်ရွက်နိုင်ပြီ ဖြစ်သည်။
ဆက်လက်၍ တတိယအဆင့်အနေဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီနှင့် ချိတ်ဆက်၍ အသိအမှတ်ပြုချက်ရယူကာ နိုင်ငံတကာအဆင့် အသိအမှတ်ပြုလက်မှတ်များကို ဆက်လက် ထုတ်ပေးနိုင်အောင် ဆောင်ရွက်မည်ဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ အနေဖြင့် မိမိတို့၏ လုပ်ငန်းများကို ဒေသအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များရယူကာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားခြင်းဖြင့် မိမိ၏ဟိုတယ်၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများသို့ ခရီးသွားဧည့်သည်များ ယုံကြည်စိတ်ချစွာဖြင့် လာရောက် လည်ပတ် တည်းခိုကြမည်ဖြစ်သလို မိမိတို့၏ မိသားစုနှင့် ဝန်ထမ်းများအားလည်း ကိုဗစ်-၁၉ ကျန်းမာရေး ဘေးအန္တရာယ်မှ ကာကွယ် ပြီး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အစွမ်းကုန် ပြင်ဆင်ဆောင်ရွက်
ယခုအခါကမ္ဘာ့နိုင်ငံ အသီးသီးသည် မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် အစွမ်းကုန်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသော နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အိမ်နီးချင်း နှစ်နိုင်ငံ သဘောတူညီချက် များရယူကာ Travel Bridge, Travel Bubble များ ဆောင်ရွက်ခြင်း၊ ဒေသတွင်းလှည့်လည် သွားလာနိုင်ရေးအတွက် “စီ” သတ်မှတ်ချက်၊ စည်းမျဉ်းစည်းကမ်း၊ ဗီဇာနှင့် ခရီးသွား လက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်ခြင်း၊ မိတ်ဖက်နိုင်ငံများဖွဲ့ကာ အပြန်အလှန်သွားလာ လည်ပတ်နိုင်ရေးအတွက် ညှိနှိုင်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံ၊ မဟာမဲခေါင် အစရှိသောဒေသ တွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်လျက်ရှိပြီး ပြည်တွင်း၌ လည်း ခရီးစဉ်ဒေသများကို အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင် ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနမှ စီမံချက်များချမှတ်ကာ ပြင်ဆင်ဆောင်ရွက်နေသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့် လည်း အဓိက ဆောင်ရွက်ရမည့် အချက်များဖြစ်သော ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပြင်ဆင်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များရယူခြင်း၊ ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း၊ ဒေသဖွံ့ဖြိုးရေး အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက် ခြင်းတို့ကိုဆောင်ရွက်ကာ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံတို့ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အမြန်ဆုံး ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း တိုက်တွန်းရင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အား ဂုဏ်ပြုတင် ဆက်လိုက်ရပါသည်။
မောင်အောင်(ခရီးသွား)