ရည်မှန်းချက်များ တကယ်လိုသလား
သင်မမြင်နိုင်သည့် ပန်းတိုင်
လူအတော်များများအနေဖြင့် ဟိုးလ်ဝပ်ဟေးလ်၏ နာမည်ကို သိပြီးသားဖြစ်ပါလိမ့်မည်။ သူသည် မြားပစ်အတော်ဆုံးသော ပုဂ္ဂိုလ်များထဲတွင် တစ်ယောက်အပါအဝင် ဖြစ်ပါသည်။ အလွန်လက်ဖြောင့်အောင် ပစ်ခွင်းနိုင်သဖြင့် ဆင်တစ်ကောင်၊ ဘင်္ဂါလီကျားတစ်ကောင်၊ ကျွဲတစ်ကောင်စသည်တို့ကိုပင် မြားဖြင့် တိတိကျကျ ထိမှန်အောင် ပစ်ခဲ့သည်။ သတင်းများထဲ၌ ဟိုးလ်ဝပ်ဟေးလ်က ပစ်မှတ်ကို အလယ်တည့်တည့် စိုက်သွားအောင် ပစ်ခွင်းနိုင်ကြောင်းကို ဖတ်ခဲ့ရသည်။ ပထမမြားတစ်ချောင်းကို ပစ်ပြီးသည့်နောက်တွင် နောက်ထပ်မြားတစ်စင်းဖြင့် ပထမမြားကို အလယ်တည့်တည့်က ခွဲပစ်လိုက်နိုင်သူ ဖြစ်သည်။
ဤအကြောင်းကို ပြောပြသည့်အခါ၌ ခင်ဗျား၏မျက်ခုံးများက ခြောက်လက်မခန့် မြင့်တက်သွားမည်ကို ကျွန်တော် မြင်ယောင်နေမိသည်။ အကယ်၍ ခင်ဗျား၏ကျန်းမာရေးသာ ကောင်းနေခဲ့လျှင် ဟိုးလ်ဝပ်ဟေးလ်ထက်ပိုပြီး တိတိကျကျပစ်နိုင်မည်။ ယခုအချိန်အထိ ခင်ဗျားအနေဖြင့် ကလေးပစ်သည့် မြားတစ်စင်းကိုပင် အပျော်တမ်း ပစ်ခဲ့ဖူးပုံမပေါ်ပေ။ ဟိုးလ်ဝပ်ဟေးလ်ထက် သာဖို့ဆိုလျှင် တစ်ခုသာလုပ်ဆောင်ရန် လိုသည်။ သူ့ကိုမျက်စိ မှိတ်ခိုင်းထားပြီး တစ်ပတ်၊ နှစ်ပတ်လောက် လှည့်ပေးလိုက်ရမည်။ ထိုအခါ ခင်ဗျားအနေဖြင့် သူ့ထက်ပို၍ တိတိကျကျ မှန်အောင်ပစ်နိုင်မည်ဟု သေချာပါသည်။
ဤဥပမာများကို ပေးနေရခြင်းမှာ ဘာကြောင့်လဲဟု ခင်ဗျားက ထင်ယောင်ထင်မှားဖြစ်နေမည်။ “ဟုတ်ပါပြီ။ ကျွန်တော်က သူ့ထက်ပိုပြီး မှန်အောင်ပစ်နိုင်တာပေါ့။ မမြင်ရတဲ့လူတစ်ယောက်ဟာ ဘယ့်နှယ်လုပ်ပြီး သူ့ပစ်မှတ်ကို မှန်အောင်ပစ်နိုင်ပါ့မလဲ”ဟု ခင်ဗျားက မေးလာလိမ့်မည်။ မေးလည်း မေးထိုက်ပါသည်။ ခင်ဗျားကိုလည်း မေးစရာ တစ်ခုရှိပါသည်။ ဟိုးလ်ဝပ်ဟေးလ်က မမြင်ရသည့်ပစ်မှတ်ကို ထိအောင်မပစ်နိုင်ခဲ့လျှင် ခင်ဗျားကရော ခင်ဗျားမှာမရှိသည့် ပစ်မှတ်ကို ဘယ်လိုလုပ်ပြီး မှန်အောင်ပစ်နိုင်မည်နည်း။ ခင်ဗျားမှာ ရည်မှန်း ချက်တစ်ခုခု၊ ပန်းတိုင်တစ်ခု ရှိနေပါသလား။ ခင်ဗျားမရောက်ဖူးသည့် နေရာက ပြန်လာဖို့ဆိုသည်မှာ မဖြစ်နိုင်သလို၊ ခင်ဗျားမှာမရှိသည့် ရည်မှန်းချက်တစ်ခုကို ရောက်အောင်သွားနိုင်ရန်ဆိုသည်မှာ အလွန်ခက်ခဲလှပါသည်။
ခင်ဗျားမှာ တိတိကျကျ။ ရှင်းရှင်းလင်းလင်း ချမှတ်ထားသည့် ရည်မှန်းချက်များသာ မရှိခဲ့လျှင် ခင်ဗျား၏ ကိုယ်တွင်းမှာ ရှိနေသည့် အစွမ်းအစများကို အပြည့်အဝ အသုံးချနိုင်မည် မဟုတ်ပါ။ ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် လုပ်နေလျှင် မည်သည့်အခါမျှ ပြီးမြောက်အောင်မြင်နိုင်လိမ့်မည် မဟုတ်ပါ။ ခင်ဗျား၏ ရည်မှန်းချက်များသည် ဘာတွေလဲ။ တိတိကျကျ ရေရေရာရာ ရှိပါသလား။ ဝိုးတဝါးသာ ဖြစ်နေလိမ့်မည်ဟု ထင်ပါသည်။
လှုပ်ရှားမှုလား၊ အောင်မြင်မှုလား
ရည်မှန်းချက်မရှိသည့်သူတစ်ယောက်သည် ပဲ့ကိုင်မရှိဘဲ သွားချင်ရာသွား မျောချင်ရာမျောနေသည့် သင်္ဘောတစ်စင်းနှင့် တူသည်။ စိတ်ပျက်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ဆင်းရဲခြင်းဆိုသည့် ဆိပ်ကမ်းများ၌သာသွား၍ ဆိုက်ကပ်တတ်သည်။ ပြင်သစ် သဘာဝဗေဒပညာရှင် ဂျွန်ဟန်နရီဖေဘာက တန်းစီသွားတတ်သည့် ခူကောင်များနှင့် ပတ်သက်၍ စမ်းသပ်ချက် တစ်ခုကို ထူးထူးဆန်းဆန်း ပြုလုပ်ခဲ့ဖူးသည်။ ထိုခူကောင်များသည် သူတို့၏ရှေ့ကကောင်များ နောက်သို့သာ အမြဲတမ်း မျက်စိစုံမှိတ်၍ လိုက်တတ်ကြသည်။ ထို့ကြောင့်ပင်လျှင် တန်းစီသွားတတ်သော ခူကောင်များဟု နာမည်ရခဲ့ခြင်းဖြစ်သည်။ ဖေဘာက ပန်းအိုးတစ်အိုး၏ နှုတ်ခမ်းအပေါ်၌ ခူကောင်တစ်ကောင်ပြီး တစ်ကောင်ကို သေသေချာချာ နေရာချထားပေးလိုက်သည်။ ဤနည်းအားဖြင့် ရှေ့ဆုံးမှခူကောင်က နောက်ဆုံးခူကောင်နှင့် ပြန်၍ ဆက်မိသွားပြီးလျှင် စက်ဝိုင်းအပြည့် တစ်ပတ်လည်သွားတော့သည်။ ပန်းအိုး၏အလယ်၌ ခူကောင်များ၏အစာ ပင်လယ်ကဗွီးရွက်များကို ချထားပေးသည်။ ခူကောင်များသည် သူတို့ကို ချထားပေးသည့်အတိုင်း ပန်းအိုးနှုတ်ခမ်းပေါ်၌ ရွေ့လျားနေကြသည်။ တစ်ပတ်ပြီးတစ်ပတ်၊ တစ်နာရီပြီးတစ်နာရီ၊ တစ်ရက်ပြီးတစ်ရက်၊ တစ်ညပြီးတစ်ည ဆက်ပတ်နေကြသည်။ ခုနစ်ရက်ခုနှစ်ည ကြာသည့်အခါတွင်လည်း လည်ပတ်နေကြဆဲပင်ဖြစ်သည်။ နောက်ဆုံး၌ အစာငတ်၍လည်းကောင်း၊ မောပန်း၍လည်းကောင်း သေဆုံးကြရရှာသည်။ ခြောက်လက်မခန့် အကွာအဝေး၌ အစားအသောက်များ အလျှံပယ်ရှိနေပါလျက်နှင့် သေသွားကြရသည်။ အဘယ်ကြောင့်ဆိုလျှင် သူတို့၏လှုပ်ရှားမှုနှင့် အောင်မြင်မှုတို့မှာ ရောထွေးနေ၍ ဖြစ်သည်။
လူအတော်များများတို့သည်လည်း ထိုအမှားမျိုးကို မှားနေတတ်ကြသည်။ ထို့ကြောင့် ဘဝကရစရာရှိသည့် အကျိုးကျေးဇူး အများအပြားကို ခံစားခွင့်မရကြဘဲ အနည်းအကျဉ်းလောက်ကိုသာလျှင် ခံစားနိုင်ကြသည်။ လက်လှမ်းမီနိုင်သည့် နေရာ၌ ဥစ္စာဓနများ အများကြီးရှိနေပါလျက်နှင့် အနည်းအကျဉ်းကိုသာ ရရှိခဲ့ကြသည်မှာ ဘယ်ကိုမှ မရောက်နိုင်သည့် စက်ဝိုင်းတစ်ခုထဲ၌ မျက်စိစုံမှိတ်၍ လည်ပတ်နေကြခြင်းကြောင့်သာဖြစ်သည်။ အရင်တုန်းက ဒီလိုပဲလုပ်ခဲ့ကြလို့ဆိုသော အကြောင်းပြချက်များနှင့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ အတိုင်းသာ လိုက်နာနေခဲ့ကြသည်။
ဤအကြောင်းအရာနှင့်ပတ်သက်၍ သူတို့သည် ဈေးဝယ်ပြီးနောက် အိမ်ပြန်ရောက်လာသည့် အဘိုးကြီးတစ်ယောက် လိုပင် ဖြစ်နေကြသည်။ အဘိုးကြီး၏ဇနီးက ဝက်ပေါင်ခြောက်ဝယ်ရန် စတိုးဆိုင်သို့ စေလွှတ်ခဲ့သည်။ အိမ်ရောက်ပြီး သည့်နောက်မှ သူက “ဘာကြောင့် ဝက်ပေါင်ခြောက်ကို ထိပ်ကမဖြတ်ခဲ့သလဲ”ဟု မေးသည်။ အဘိုးကြီးကလည်း သူ့မိန်းမကို “ဘာဖြစ်လို့ ထိပ်ဖျားကနေပြီး တိရမှာလဲ”ဟု မေးလိုက်သည်။ ထိုအခါကျမှ သူက “အမေက အဲဒီအတိုင်း လုပ်လို့”ဟု ဖြေသည်။ ထိုအချိန်၌ ဇနီးသည်၏ မိခင်ကလည်းရောက်နေသဖြင့် သူတို့က “ဘာဖြစ်လို့ ဝက်ပေါင်ခြောက်ရဲ့ ထိပ်ဖျားကိုတိခဲ့ရသလဲ”ဟု မေးကြသည်။ မိခင်က “မသိပါ၊ သူ့အမေတုန်းကလည်း ဒီတိုင်း လုပ်ခဲ့ကြတာပဲ”ဟု ဖြေသည်။ ဤသို့ဖြင့် အဘွားထံသို့သွားပြီး မျိုးဆက်သုံးဆက်ကြာ ဒုက္ခပေးသည့်ပြဿနာကို သွားမေးကြသည်။ အဘွားကချက်ချင်းပင် ဝက်ပေါင်ခြောက်ကို ထိပ်ဖျားက ဖြတ်ရခြင်းမှာ သူ၏ဟင်းအိုးသေး၍ ချက်ပြုတ်ရန် ခက်ခဲသောကြောင့်ဟုဖြေသည်။ အဘွားအနေဖြင့် သူ၏လုပ်ရပ်ကို အကြောင်းရှိ၍ ပြုလုပ်ခဲ့ခြင်းသာလျှင် ဖြစ်သည်။ ခင်ဗျားကရော ဘာအကြောင်းများ ရှိနေပါသလဲ။
ဆုံးရှုံးမှုသို့ သွားရာလမ်း
လူအတော်များများမှာ ရည်မှန်းချက်များ ရှိကြပါသလား။ အများအားဖြင့်တော့ ရှိနေမည်ဟု မထင်ပါ။ လမ်းပေါ်မှာ လူငယ် ၁၀၀ လောက်ကိုတွေ့ပြီး တစ်ယောက်စီကို လိုက်မေးကြည့်စမ်းပါ။ “ဘဝမှာ ဒုက္ခတွေ့အောင်သွားတဲ့ လမ်းကိုရောက်အောင် မင်းဘာဖြစ်လို့ လိုက်နေရတာလဲ”။ ပထမတော့ သူတို့လန့်သွားပြီးလျှင် တစ်ယောက်စီက ပြန်ပြောကြလိမ့်မည်။ “ခင်ဗျားဘာပြောတာလဲ၊ ကျွန်တော်ဒုက္ခရောက်မယ်ဆိုတာကို သေချာပေါက်အာမခံတယ်။ ဟုတ်ရဲ့လား၊ ကျွန်တော်က အောင်မြင်အောင် ကြိုးစားနေတာ”ဟု ပြောလိမ့်မည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ လူအတော်များများက သူတို့ကိုယ်သူတို့ အောင်မြင်ရာသို့သွားသည့်လမ်းကို လျှောက်နေသည်ဟု ထင်တတ်ကြသည်။ ထိုပန်းတိုင်များသို့ ရောက်ရှိနိုင်မည်ဟုလည်း ထင်ကြသည်။ တကယ်တော့ ပြောင်းပြန်ဖြစ်နေကြခြင်း ဖြစ်သည်။ ဤကိစ္စကို အလေးအနက်ထားပြီး ပြောရခြင်းမှာ ထိုလူငယ် ၁၀၀ လောက်ကို သူတို့၏ အသက် (၆၅)နှစ်အရွယ်အထိ လိုက်ပြီးကြည့်ခဲ့လျှင် သူတို့ထဲက ငါးယောက်သာ (၆၅)နှစ်အရွယ်၌ ငွေရေးကြေးရေး စိတ်ချပြည့်စုံသည့် အခြေအနေကို ရောက်မည်။ တစ်ယောက်သာလျှင် သူဌေးဖြစ်မည်။ ကျန်လူများမှာ လောင်းကစားဝိုင်းများတွင် ဝင်ရောက်ကစား သကဲ့သို့ အရှုံးထွက်မည်မှာ သေချာသည်ဟု ပြောရဲပါသည်။
အခွင့်အလမ်းမရှိခြင်းကြောင့် ဆုံးရှုံးရသည်ဟု ကျွန်တော်မယုံကြည်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံ အနေဖြင့် အခွင့်အလမ်းများကို သူမတူအောင် ပေးနိုင်၍ဖြစ်သည်။ ဥပမာပြောရလျှင် နှစ်အနည်းငယ်က ဂျော်ဂျီယာပြည်နယ် အတ္တလန်တာရှိ ဗဟိုအကျဉ်းထောင်မှ ထောင်သားတစ်ယောက်ကို လွှတ်ပေးလိုက်သည်။ သူ့မှာ “ရှုံးနိမ့်သူ၏ ခြေထော့ကျိုး” စိတ်ဓာတ်မျိုးက ရှိနေပြီးဖြစ်သည်။ ထောင်ထဲ၌ အပ်ချုပ်ဆိုင်ဖွင့်ကာ ငွေကြေးအတော်အတန် စုဆောင်းမိခဲ့သည်။ ဧရာမ အမှားအယွင်းကြီးတစ်ခုကြောင့် ထောင်ကျပြီးသည့်နောက်တွင် နောက်ထပ်လည်း ပြစ်မှုကျူးလွန်ကာ ဝင်ငွေရသည့်ထောင်ထဲ၌ပင် အချိန်ကုန်ဆုံးစေမည်ဟု ဆုံးဖြတ်ခဲ့သည်။ ခင်ဗျားအနေဖြင့်လည်း အချိန်ကုန်ခံလိုသည့် အလားတူရွေးချယ်မှုမျိုးကို ပြုလုပ်နေပါသလား။
ဘဝတွင် အောင်မြင်မှုမရသူများသည် ထိုသို့မအောင်မြင်စေရန်အတွက် သေသေချာချာ စီမံကိန်း ချမှတ်ထားကြ ပါသလား။ ကျွန်တော်တော့ ထိုသို့စီမံကိန်းချလိမ့်မည်ဟု မထင်ပါ။ ပြဿနာမှာ သူတို့အနေဖြင့် ဘာစီမံကိန်းမျှပင် မရှိခြင်း ဖြစ်သည်။ ရည်မှန်းချက်များသည် အလွန်အရေးကြီးပါလျက်နှင့် အမေရိကန်လူမျိုး သုံးရာခိုင်နှုန်း ခန့်ကသာလျှင် ထိုရည်မှန်းချက်များကို စာရွက်ပေါ်၌ရေးကြသည်။အများစုက ရည်မှန်းချက်များကို ချပြီး ရေးမနေကြခြင်းမှာ အကြောင်းရင်းလေးခုရှိသည်။ ပထမတစ်ခုမှာ သူတို့မည်သည့်အခါမျှ မရောင်း၊ မှန်ပါသည်။ မရောင်းဟု ပြောခြင်းမှန်ပါသည်။ ဒုတိယအနေဖြင့် သူတို့က ဘယ်လိုရည်မှန်းချက် ချရမည်ကိုမသိကြ။ တတိယအနေဖြင့် သူတို့ရည်မှန်းချက် ချမှတ်သည့်ပန်းတိုင်များကို မရောက်ဘဲနှင့် အရှက်တကွဲ အကျိုးနည်းဖြစ်မည်ကို ကြောက်ကြသည်။ စတုတ္ထအနေဖြင့် ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးရှိကြသည်။ ဘဝကပေးဆပ်စရာရှိသည့် ကောင်းသည့်အရာများနှင့် သူတို့မထိုက်တန်။ ထို့ကြောင့် ကိုယ်လိုချင်သည့် အရာများကိုဒုက္ခရှာပြီး ချရေးမနေဘဲ ထိုအရာများကို မရနိုင်တော့ဟု သူတို့စိတ်ထဲက ထင်မြင်နေကြသည်။ ယခုအခါ သေသေချာချာချရေးနိုင်ရန် အဆင်သင့် ပြင်ဆင်ထားပါ။ ဤစာအုပ်ထဲ၌ ဖော်ပြထားသည့် ဒဿနများ၊ လုပ်ထုံးလုပ်နည်းများက ခင်ဗျားသာ အမှန်တကယ် စိတ်ပါဝင်စားလျှင် ထိုအကြောင်းတရားလေးခုကို ဖယ်ရှားရန်အတွက် အကူအညီပေးနိုင်ပါလိမ့်မည်။
ဤအပိုင်း၌ ခင်ဗျား၏ ရည်မှန်းချက်များနှင့်ပတ်သက်၍ ခင်ဗျားကိုရောင်းပြီး ဘယ်လိုရည်မှန်းချက်များ ချရမည်ကို ပြောမည်။ ဒုတိယပိုင်း၌ ခင်ဗျားကိုယ်ခင်ဗျား ပိုပြီးသဘောကျ နှစ်သက်လာအောင် ခင်ဗျားအနေဖြင့် ဘဝက ပေးဆပ်စရာရှိသည့် ကောင်းမွန်သောအရာများနှင့် ထိုက်တန်သောသူဖြစ်ကြောင်းကို ကိုယ့်ကိုယ်ကိုယ်ရှုမြင်လာ နိုင်စေရန်လိုအပ်သည့် လုပ်ထုံးလုပ်နည်း အဆင့်များရှိနေကြောင်း ပြသရန်ဖြစ်သည်။ ထိုလုပ်ထုံးလုပ်နည်း အဆင့် များအတိုင်း ဆက်လက်လျှောက်လှမ်းရန်မှာမူ ခင်ဗျား၏သဘောအတိုင်းသာလျှင်ဖြစ်သည်။ ပထမဦးစွာ အကြောက်တရားကို ကြည့်ကြပါစို့။ ။
အကယ်၍ အကြောက်တရားသည် ခင်ဗျား၏ပြဿနာတစ်ရပ် ဖြစ်ခဲ့လျှင် ခင်ဗျားက မှားသွားမည်ကြောက်နေခြင်း၊ ခင်ဗျား၏မိတ်ဆွေများရှေ့တွင် ရည်မှန်းချက်ချပြီး ဖြစ်မလာမည်ကို စိုးရိမ်ကြောင့်ကြနေခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ဤနည်းလမ်းက တစ်ဝက်တော့မှန်သည်။ သူတို့သာလျှင် ရည်မှန်းချက်များကို ရအောင်ယူနိုင်သည်။ ခင်ဗျားက မရနိုင်ဟု ယုံကြည်နေသည့်သူများကို ခင်ဗျား၏ ရည်မှန်းချက်အကြောင်း မည်သည့်အခါမျှ မပြောပါနှင့်။ အချို့က စာဖြင့် ချမရေးကြခြင်းမှာ တကယ်တမ်းမလိုချင်၍လည်း ဖြစ်နိုင်သည်။ ရည်မှန်းချက်များကို မချမီကပင် ရှုံးနိမ့်နေပြီး၍လည်း ဖြစ်နိုင်သည်။ စွန့်စားစရာမလိုဟုသာ ယူဆတတ်ကြသည်။ ထိုသို့ ဆင်ခြင်တွေးတောပုံအရဆိုလျှင် သင်္ဘောတစ်စင်းအနေဖြင့် ဆိပ်ကမ်းမှ မခွာခြင်းက ပိုပြီးစိတ်ချရသည်။ အဘယ်ကြောင့်ဆိုသော် ဆိပ်ကမ်းက ခွာသည်နှင့် သင်္ဘောအနေဖြင့် စွန့်စားစရာများကို ကြုံတွေ့ရလိမ့်မည်။ မြေပြင်က ပျံတက်လိုက်သည်နှင့် လေယာဉ်တစ်စင်းအနေဖြင့် စွန့်စားစရာများကို ကြုံတွေ့နိုင်သလိုပင်ဖြစ်သည်။ သို့သော် ဆိပ်ကမ်း၌ ကပ်ထားသည့် သင်္ဘောတစ်စင်းသည် မြန်မြန်ဆွေးမြည့်လွယ်ပြီး ခရီးသွားရန် မသင့်တော်တော့သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။ အလားတူပင် မြေပြင်၌ ရပ်နားထားသည့် လေယာဉ်ပျံတစ်စင်းသည်လည်း သံချေးမြန်မြန် တက်သလို လူမရှိသည့် နေအိမ်တစ်လုံးသည်လည်း မြန်မြန်ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် ရည်မှန်းချက်များကို ချမှတ်ရာ၌ အန္တရာယ်ရှိသည်မှာ မှန်သော်လည်း ရည်မှန်းချက်မချဘဲ ရှိနေသည့်အန္တရာယ်က ပို၍ကြီးမားသည်။ အကြောင်းပြချက်မှာ ရှင်းပါသည်။ သင်္ဘောတစ်စင်းသည် ပင်လယ်သမုဒ္ဒရာတွင် ရွက်လွှင့်ရန် တည်ဆောက်ထားသလို၊ လေယာဉ်ပျံများသည် ကောင်းကင်မှာ ပျံသန်းရန်အတွက် ဖန်တီးထားသလို၊ အိမ်များသည် လူနေရန်အတွက် ဖြစ်သလိုပင် လူဆိုသည်မှာလည်း ရည်မှန်းချက်တစ်ခုအတွက် ရှင်သန်နေထိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ခင်ဗျား ဤနေရာ၌ ရောက်နေရခြင်းမှာ အကြောက်တရားတစ်ခုအတွက်ဖြစ်သည်။ ခင်ဗျားတွင်ရှိသမျှ အစွမ်းအစအားလုံးကို ထုတ်နုတ်ကာ လူ့အဖွဲ့အစည်းအား အကျိုးပြုစေရန် ရည်မှန်းချက် ထားရှိခြင်းအားဖြင့် ခင်ဗျားအတွက် သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ပို၍လုပ်ဆောင်ပေးနိုင်သည်။
ယခုပထမဆုံးခြေလှမ်းမှာ ခင်ဗျား၏ရည်မှန်းချက်နှင့်ပတ်သက်၍ လုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခြင်းဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် ထိုအကြောင်းကို တိတိကျကျ ပြောပါတော့မည်။
မနက်ဖြန်ကစ၍ နေ့တိုင်းအပျော်ခရီးသွားကြစို့
ခင်ဗျား၏ ခင်မင်သော မိတ်ဆွေတစ်ယောက်က တယ်လီဖုန်းဆက်သည်ဆိုပါစို့။ သူကစိတ်အားတက်ကြွစွာပင် “မိတ်ဆွေ၊ ငါ့မှာမင်းအတွက် သတင်းကောင်းတစ်ခုရှိနေတယ်။ ငါတို့အုပ်စုနဲ့ အကပယ်လ်ကို သုံးရက်ခရီးသွားရမယ်။ အဲဒီအတွက် မင်းတစ်ပြားမှ ကုန်စရာမလိုဘူး။ နက်ဖြန်ခါ မနက် ၈ နာရီမှ ထွက်မယ်။ တို့မှာလူနှစ်နေရာစာ ကျန်နေသေးတယ်။ သူဌေးကလည်း တို့နဲ့အတူတူလိုက်ပြီး သူ့ကိုယ်ပိုင်လေယာဉ်နဲ့ပဲ သွားကြမယ်။ ကမ်းခြေက သူပိုင်တဲ့ ရိပ်သာမှာ နေကြမယ်”ဟု ဆက်သည်။ ခင်ဗျား၏ ပထမဆုံးတုံ့ပြန်ချက်မှာ "ဟာ-သိပ် ကောင်းတာပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်မှာ လုပ်စရာတွေကအများကြီး၊ ဘယ်လိုအချိန်မီအောင် လုပ်ရမယ်ဆိုတာကို ကျွန်တော်မသိသေးဘူး။ ကျွန်တော် ဘယ်မှမသွားခင် လုပ်စရာတွေ အများကြီးရှိနေတယ်”ဟု ဖြေမည်။
ခင်ဗျားက မဖြေနိုင်ခဲ့လျှင် ခင်ဗျား၏ဇနီးက “သူ့မှာ အကြံကောင်း၊ ဉာဏ်ကောင်း တစ်ခုရှိတယ်။ မိတ်ဆွေကို မိနစ်အနည်းငယ်ကြာလျှင် ဖုန်းပြန်ခေါ်မည်ဟု ပြောလိုက်ပါ”ဟု ပြောသည်။ ခင်ဗျား တယ်လီဖုန်းချပြီးနောက်တွင် ခင်ဗျား၏ဇနီးသည်က သူ့စိတ်ကူးများ၊ အစီအစဉ်များကို စပြောသည်။ ပထမဦးစွာ ခင်ဗျားကမေးသည်။ “တို့ဘယ်လို လုပ်ကြမလဲ”။ ဖောင်တိန်နှင့် စက္ကူများထုတ်ပြီး ခင်ဗျားပြီးအောင် လုပ်ရမည့်အလုပ်များကို ချရေးသည်။ အရေးပါသည့် အစီအစဉ်အလိုက် ၁-၂-၃-၄ ဟု တပ်ထားသည်။ အချို့တာဝန်များကို အခြားသူများသို့ လွှဲအပ်ပေးလိုက်သည်။ ထို့နောက် ခင်ဗျား၏မိတ်ဆွေကို ဖုန်းပြန်ခေါ်ပြီး “ဟုတ်ပြီ၊ ကျွန်တော့်ရဲ့ အချိန်ဇယားကို ပြန်ကြည့်ပြီးပြီ။ ကျွန်တော်တို့ နက်ဖြန်ခါလိုက်မယ်”ဟု ပြောလိုက်နိုင်သည်။
ကျွန်တော့်အနေဖြင့် ခင်ဗျားတစ်ပတ်အတွင်း လုပ်နေရသည်များကို နောက် ၂၄ နာရီအတွင်း ပြီးအောင်လုပ်နိုင်မည်ဟု အာမခံရဲပါသည်။ ခင်ဗျားရော အဲသည်လို လုပ်မှာမဟုတ်ဘူးလား။
ထိုမေးခွန်းကိုမေး၍ ခင်ဗျားအနေဖြင့် “ဟုတ်ကဲ့” ဟုဖြေမည်ဆိုလျှင် အခြားမေးခွန်းတစ်ခုကို ကျွန်တော်က မေးချင်ပါသေးသည်။ “နက်ဖြန်ခါ ခင်ဗျားဘာဖြစ်လို့ အကပယ်လ်ကို သွားနိုင်သလဲ။ နေ့တိုင်းဘာလို့ မသွားနိုင်ရသလဲ။ နောက်သုံးရက်အတွင်းမှာ ခင်ဗျား လုပ်စရာရှိတဲ့ အလုပ်တွေကို ဘာကြောင့်စာရင်းချမရေးထားခဲ့သလဲ။ အဲဒီ သုံးရက်စာ အလုပ်တွေကို တစ်ရက်တည်းအချိန်ရှိသလို ဘာဖြစ်လို့မလုပ်သလဲ”။ ကျွန်တော်၏ အထက်လူကြီးက ပြောလေ့ရှိသလိုပင် ထိုသို့ပြုလုပ်ခြင်းအားဖြင့် အတွေးဦးထုပ်ဆောင်းခိုင်းလိုက်ရာ ရောက်သွားနိုင်သည်။ ခင်ဗျား၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကို တကယ်မပြုလုပ်မီ၌ တွေးတောရန်၊ စီမံကိန်းချရန်၊ ကိုယ်စားလှယ်လွှဲရန်တို့အတွက် အသုံးပြုနိုင်သည်။ ဤနည်းအားဖြင့် ပို၍ရယူအောင်မြင်လာစေနိုင်သည်။ ခင်ဗျားရောက်ချင်သည့် နေရာများကို ခင်ဗျားဘဝ၏ မနက်ဖြန်များ၌ ရောက်ရှိစေနိုင်သည်။ အကြောင်းရင်းမှာ ရှင်းပါသည်။ ဟိုယောင်ယောင် သည်ယောင်ယောင် လုပ်နေသည်များကို တိတိကျကျအဓိပ္ပာယ်ရှိသည့် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်၍ ဖြစ်သည်။ ယခုခင်ဗျား၏ ဘဝမှာလည်း ရည်မှန်းချက်များ ရှိလာပေပြီ။
လူအများစုအနေဖြင့် အချိန်မရှိဟု မကြာခဏညည်းတတ်ကြသော်လည်း တကယ်တော့ ရည်မှန်းချက်မရှိ၊ ဦးတည်ချက်မရှိသည်ကသာ တကယ့်ပြဿနာ ဖြစ်နေသည်။ ကျွမ်းကျင်သူတော်တော်များများက ကျွန်တော်တို့ အားလုံးသည် အချိန်ကို သတ်ဖြတ်မှုအတွက် အဖမ်းခံရသင့်ကြောင်းကို ပြောပြသည်။ သေသေချာချာစဉ်းစား ကြည့်လျှင် အချိန်ကိုသတ်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတစ်ခုသာ ဖြစ်သည်။ အချိန်သည် မိတ်ဆွေလည်း ဖြစ်နိုင်သည်။ ရန်သူလည်း ဖြစ်နိုင်သည်။ မိတ်ဆွေဖြစ်မည်။ ရန်သူဖြစ်မည်ဆိုသည်မှာ ခင်ဗျား၏ရည်မှန်းချက်များနှင့် ရသမျှအချိန်ကာလများကို အသုံးချနိုင်ရန်အတွက် ခင်ဗျား၏ ဆုံးဖြတ်ချက်များ အပေါ်၌သာ မူတည်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
(ခင်မောင်ညို (ဘောဂဗေဒ)၏ “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ “ရည်မှန်းချက်များ တကယ်လိုသလား” ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ စာတည်း)
ခင်မောင်ညို(ဘောဂဗေဒ)