ပဋိညာဉ်ချိုးဖောက်ခြင်းနှင့် စရန်ငွေပြန်လည်ပေးအပ်ခြင်းဆိုင်ရာအငြင်းပွားမှုများ
ပဋိညာဉ်ပြုနိုင်သူတို့က ဥပဒေနှင့်ညီညွတ်သော အဖိုးစားနားနှင့် ရည်ရွယ်ချက်အရ မိမိတို့ အလိုအလျောက် ပြုလုပ်ကြသည့် သဘော တူညီချက်များသည် ပဋိညာဉ်အက်ဥပဒေအရ ပျက်ပြယ်ကြောင်း အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိလျှင် ပဋိညာဉ်ဖြစ်သည်။ (ပဋိညာဉ်အက်ဥပဒေပုဒ်မ-၁၀)
ပဋိညာဉ်အက်ဥပဒေအရ ပျက်ပြယ်သော သဘောတူညီချက်၊ တရားဝင်ပဋိညာဉ်နှင့် ပျက်ပြယ် ခွင့်ရသည့် ပဋိညာဉ်ဟူ၍ သုံးမျိုးရှိသည်။
တရားဥပဒေအရ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်သော သဘောတူညီချက်သည် ပျက်ပြယ် သော သဘောတူညီချက်ဖြစ်သည်။
(ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂(ဆ))
တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် သဘောတူညီချက်သည် တရားဝင်ပဋိညာဉ်ဖြစ် သည်။
(ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂(ဇ))
သဘောတူညီချက်တွင် ပါဝင်သူတို့အနက် တစ်ဦးကဖြစ်စေ၊ အများကဖြစ်စေ အလိုရှိလျှင် ဥပဒေ အရ အရေးယူဆောင်ရွက်ခွင့် ရှိသော်လည်း ကျန်သူများက ထိုကဲ့သို့ အရေးယူဆောင်ရွက်ခြင်း မပြုလျှင် ထိုသဘောတူညီချက်သည် ပျက်ပြယ်ခွင့် ရသည့် ပဋိညာဉ်ဖြစ်သည်။
(ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂(ဈ))
ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂၃ တွင် သဘောတူညီချက်၏ ရည်ရွယ်ချက်သည် (၁) တရားဥပဒေ ဖြင့် တားမြစ်ထားသည့်အချက်၊ (၂) အကယ်၍ ခွင့်ပြုလျှင် တရားဥပဒေပါ ပြဋ္ဌာန်းချက်များကို ပျက်ပြားစေမည့်အချက်၊ (၃) လိမ်လည်လှည့်ဖြား ရာရောက်သည့် အချက်၊ (၄) သူတစ်ပါး၏ (သို့မဟုတ်) ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း (သို့မဟုတ်) နစ်နာ ရာရောက်စေသည့်အချက်၊ (၅) ကျင့်ဝတ်တရား ပျက်ပြားသည် (သို့မဟုတ်) အများပြည်သူဆိုင်ရာ ဝါဒနှင့်ဆန့်ကျင်သည်ဟု တရားရုံးကထင်မြင်သည့် အချက် စသည့် ရည်ရွယ်ချက်တစ်ရပ်ရပ်မရှိလျှင် တရားဥပဒေနှင့် ညီညွတ်သောပဋိညာဉ်ဖြစ်သည်ဟု ဒေါ်စပ်ချစ်ဦး (ကွယ်လွန်သူ ဒေါ်စပ်လိပ်လုံ၏ တရားဝင် ကိုယ်စားလှယ်) ပါ ၉ နှင့် ဦးစိုင်းရီ အမှု၊ ၂၀၀၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၂၆၀ တွင်ထုံးဖွဲ့ထားသည်။
ရောင်းသူနှင့် ဝယ်သူတို့သည် အရောင်းအဝယ် ပဋိညာဉ်ပြုလုပ်စဉ်က ရောင်းသူပိုင်သည်ဟု ရောင်းသူရော ဝယ်သူပါ မှားယွင်း ယုံကြည်ခဲ့သည့် ကိစ္စတစ်ရပ်ဖြစ်၍ ထိုပဋိညာဉ်သည် ပဋိညာဉ် အက်ဥပဒေပုဒ်မ -၂၀ အရ မူလကပင် ပျက်ပြယ်နေသည့် ပဋိညာဉ်ဖြစ်သည်ဟု ယူဆရမည် ဖြစ်သည်။ ပျက်ပြယ်နေသည့် ပဋိညာဉ်အရ ပေးဆောင်ရန် ကတိပြုထားသည့် အဘိုးစားနားငွေ ကို ရောင်းသူအနေဖြင့် တောင်းဆိုခြင်းပြုနိုင်မည် မဟုတ်ပေ။ (ဒေါ်အုန်းစိန်ပါ ၄ နှင့် ဦးဘတင် အမှု၊ ၁၉၇၀ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၄၃)
ချေးငွေကို အိမ်မြေအရောင်းအဝယ်စရန်ပေးငွေအဖြစ် ဖန်တီးထားသောစာချုပ်မှာ ဟန်ဆောင်စာချုပ်ဖြစ်ပါသည်။ စရန်ငွေများကို စာချုပ်ချုပ်သည့်နေ့က အမှန်တကယ် ပေးချေခဲ့ခြင်း မရှိကြောင်း ပေါ်ပေါက်သည်။ ငွေကို အလီလီပေးခဲ့သည့် အထောက် အထားမရှိသဖြင့် စာချုပ် တစ်ခုပြီးတစ်ခုတွင် ချေးငွေအရင်းနှင့် အတိုးပေါ်အတိုးဆင့်၍ တွက်ချက်ဖော်ပြခဲ့သည့် ကြွေးမြီများ ဟုသာသုံးသပ် ရမည်ဖြစ်သည်။ အမှုမှာချေးငွေကို အိမ်မြေအရောင်းအဝယ် စရန်ပေးငွေအဖြစ် ဖန်တီးထားသည့်ဟန် ဆောင်စာချုပ်အပေါ် အခြေခံစွဲဆိုသောအမှုဖြစ် ကြောင်းပေါ်ပေါက်သည်။ ဟန်ဆောင်ချုပ်ဆိုထား သောစာချုပ်နှင့် ပတ်သက်၍ စွဲဆိုသောအမှုကို ခိုင်မာသောအခြေခံမရှိသဖြင့် ပလပ်ရန်ဖြစ်သည်။ ဒေါ်အေးအေးနှင့် ဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင် အမှု၊ ၂၀၁၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက် နှာ-၁၂၇ တွင်ကြည့်ပါ။
တရားဥပဒေနှင့်ညီသော ပဋိညာဉ်သည် တရားဥပဒေနှင့် ညီညွတ်သောတာဝန်ကို ဖြစ်ပေါ်စေ သည်။ အဆိုပါ တာဝန်ဝတ္တရားကို ပဋိညာဉ်ပြုသူတို့က ထမ်းဆောင်ရန်တာဝန်ရှိကြပြီး အဆိုပါတာဝန်ကို တစ်ဖက်ဖက်ကဖြစ်စေ၊ နှစ်ဖက်လုံးကဖြစ်စေ ထမ်းဆောင်ရန် ပျက်ကွက်ခြင်းကြောင့် အငြင်းပွားမှုများ ဖြစ်ပွားကြကြောင်း တွေ့ရသည်။
ပဋိညာဉ်ပြုသူတစ်ယောက်သည် ပဋိညာဉ်အရ ဆောင်ရွက်ရန် အချိန်ကျရောက်သော်လည်း ဆောင်ရွက်ရန် ပျက်ကွက်လျှင် ပဋိညာဉ်ချိုးဖောက် မှုဖြစ်ပေါ်သည်။ ပဋိညာဉ်ကို ငြင်းပယ်ခြင်း (repudiation of the contract) သည် ပဋိညာဉ်အတိုင်း လိုက်နာဆောင်ရွက်ရန် ငြင်းဆိုခြင်း (refusal to fulfill the contract) ဖြစ်သည်။ ငြင်းပယ်ခြင်းဆိုသည်မှာ ပဋိညာဉ်ပြုသူ တစ်ယောက် က ပဋိညာဉ်အရပြုလုပ်ရန် တာဝန်ကို ပြုလုပ်ဆောင်ရွက်ရန် ငြင်းဆိုခြင်းဖြစ်သည်။ ထိုသို့ ငြင်းပယ်လိုက်လျှင် နစ်နာသော တစ်ဖက်ပဋိညာဉ် ပြုသူက ယင်းသို့ငြင်းပယ်သူအား ပဋိညာဉ်ကို ချိုးဖောက်မှုအတွက် လျော်ကြေးရယူရန်တရားစွဲဆို ပိုင်ခွင့်ရှိသည်။ ငြင်းပယ်ခြင်းမြောက်အောင် ပဋိညာဉ်အရပြုလုပ်ရမည့် တာဝန်ကိုပြုလုပ် ဆောင်ရွက်ရန် မည်သို့ငြင်းပယ် ရမည်နည်းဟူမူ လုံးလုံးလျားလျား ငြင်းဆိုရမည် (total refusal) သို့မဟုတ် အကြွင်းမဲ့ငြင်းဆိုခြင်း (absolute refusal) ဟု ဆိုရပေလိမ့်မည်။ ပဋိညာဉ်ပြုသူ တစ်ယောက်သည် ပဋိညာဉ်အတိုင်း ၎င်းက မဆောင်ရွက်နိုင်ကြောင်း သို့မဟုတ်မဆောင်ရွက် လိုကြောင်းကို ၎င်း၏ပြုမူချက် (conduct) ဖြင့် သိစေလျှင် ပဋိညာဉ်အရ ၎င်းပေါ် ကျရောက်သောတာဝန်ကို ငြင်းပယ်ရာရောက် သဖြင့် အခြားတစ်ဖက်တွင် ပဋိညာဉ်ပြုသူသည် ထိုငြင်းပယ်ချက်ကြောင့်နစ် နာလျှင် လျော်ကြေးရခွင့် ရှိသည်။ ((၁)ဦးနေဝင်း (၂)ဒေါ်မြလေးနှင့် ဒေါ်ခင်အေး၊ ၁၉၇၂ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ- ၄၃(၅၈))
ပဋိညာဉ်အက်ဥပဒေပုဒ်မ-၃၇ တွင် ဤဥပဒေ ပါပြဋ္ဌာန်းချက်များအရဖြစ်စေ၊ အခြားဥပဒေ တစ်ရပ် ရပ်အရဖြစ်စေ မဆောင်ရွက်ဘဲ နေခွင့်ရှိသည် သို့မဟုတ် ဆောင်ရွက်ခြင်းမှ ခွင့်လွှတ် သည့်ကိစ္စမှတစ်ပါး ပဋိညာဉ်ပြုလုပ်သူတို့သည် အသီးသီးပြုလုပ်ခဲ့သော ကတိအတိုင်း ဆောင်ရွက်ကြရမည်၊ သို့မဟုတ် ဆောင်ရွက်မည်ဟု ကမ်းလှမ်းရမည်။ ပဋိညာဉ်တွင် အခြားနည်း ဆန့်ကျင်ကွဲလွဲ သည့် ရည်ရွယ်ချက်မရှိပါက ကတိအတိုင်း မဆောင် ရွက်ရမီကတိပြုသူသေဆုံးလျှင် ထိုသူ၏ကိုယ်စားပြု သူတို့အပေါ် ထိုကတိအတည်ဖြစ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၅၂ တွင် အပြန်အလှန် ကတိများအတိုင်း ဆောင်ရွက်ရန် အစီအစဉ် ကိုပဋိညာဉ်အရ အတိအလင်း သတ်မှတ်ထားလျှင် ထိုအစီအစဉ်အတိုင်းဆောင်ရွက်ရမည်။ ထို့ပြင် ပဋိညာဉ်အရ အစီအစဉ်ကို အတိအလင်းသတ်မှတ်ခြင်း မရှိလျှင် အမှုကိစ္စသဘောအရ လိုအပ်သော အစီအစဉ်အတိုင်း ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ သာမန်အားဖြင့် အပြန်အလှန် ကတိပြုသူနှစ်ဦးသည် ပဋိညာဉ်တွင်ပါရှိသော အစီအစဉ်အတိုင်း ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရမည် ဖြစ်သည်။
ကတိပြုသူသည် ပဋိညာဉ်အရ မိမိဆောင်ရွက်ရန်အပိုင်းကို ဆောင်ရွက်ရန်ပျက်ကွက်လျှင် ကတိရသူသည် ပဋိညာဉ်တစ်ရပ်လုံးကို ဖျက်သိမ်းနိုင်သည်။ သို့သော် ပဋိညာဉ်ကို ဆက်လက် တည်သည်ဟု သတ်မှတ်လျှင် ကတိပြုသူအား ပဋိညာဉ်အတိုင်း ဆောင်ရွက်ပါဟု တောင်းဆို ပိုင်ခွင့်ရှိနိုင်ရန် မိမိဆောင်ရွက်ရန်ရှိသည်များကို အပြည့်အဝ ဆောင်ရွက်ရမည်ဖြစ်သည်။
ပဋိညာဉ်တွင် ပါဝင်သူတို့သည် ပဋိညာဉ်တွင် ပါဝင်သော အပြန်အလှန်ကတိများအတိုင်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ သို့ရာတွင် ရောင်းချသူသည် ရောင်းချထားသော အဆောက်အအုံကို ဖျက်သိမ်းခြင်းဖြင့် ပဋိညာဉ်ပါကတိကို စတင်ချိုးဖောက်သည်။ ထိုအခါ ဝယ်ယူသူသည် ကတိအတိုင်း ကျန်ငွေများ ကိုမပေးအပ်ဘဲ ပဋိညာဉ်ကို ဖျက်သိမ်းနိုင်သည် သို့မဟုတ် ပဋိညာဉ်ကို ဆက်လက်အတည်ပြုနိုင်သည်။ ထိုကဲ့သို့ ပဋိညာဉ်ကို ဆက်လက် အတည်ပြုလိုလျှင် ဝယ်ယူသူသည် ပဋိညာဉ်ပကတိအတိုင်း ကျန်ငွေကို သတ်မှတ်ရက်တွင် ပေးချေရမည် (သို့မဟုတ်) ဝယ်ယူသူသည် ပဋိညာဉ်ကို ဆက်လက် အတည်မပြုလိုလျှင် ကျန်ငွေ များကို မပေးဆပ်ဘဲ ပဋိညာဉ်ကို ဖျက်သိမ်းပိုင်ခွင့်ရှိပေသည်။
ကတိများကို အပြန်အလှန် ဆောင်ရွက်ရန်ဖြစ်ကြလျှင် တစ်ဖက်စီသည် ပဋိညာဉ်အရ မိမိဆောင်ရွက်ရန်ရှိသည့်အတိုင်း ဆောင်ရွက် လိုက ဆောင်ရွက်ခွင့်ရှိသည်။ သို့ရာတွင် မိမိဆောင်ရွက်ရန် သဘောတူညီသောအပိုင်းကို ဆောင်ရွက်ခြင်းမပြုဘဲ အခြား တစ်ဖက်အား ထိုသူက ကတိအတိုင်း ဆောင်ရွက်ရန် မတောင်းဆိုနိုင်ချေ။
အရောင်းအဝယ်ပဋိညာဉ်ကို သီးခြားဆောင် ရွက်ပေးစေရန် စွဲဆိုသောအမှုတွင် ပေါ်ပေါက်သော အမှုစွဲဆိုရန်အကြောင်းသည် အရောင်းအဝယ် ပြုလုပ်သည့်ပစ္စည်းကို လက်ရောက်ပေးအပ်ရန် စွဲဆိုသောအမှု၌ ပေါ်ပေါက်သောအမှုစွဲဆိုရန် အကြောင်းနှင့် မတူချေ။ အရောင်းအဝယ်ကိစ္စကို သီးခြားဆောင်ရွက်ပေးစေလိုမှုမှာ ပစ္စည်းရောင်းချရန် ပဋိညာဉ်အပေါ်အခြေခံ၍ စွဲဆိုခြင်းဖြစ်ပြီး လက်ရောက်ပေးအပ်စေလိုမှုမှာ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်အပေါ် အခြေခံ၍ စွဲဆိုခြင်း ဖြစ်သည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်သူကရောင်းသူအပေါ် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပေးရန်နှင့် လက်ရောက်ရလိုကြောင်း စွဲဆိုသော အမှုတွင် ရောင်းသူက အဆိုပါ ပစ္စည်းအပေါ် ပိုင်ဆိုင်မှုမရှိကြောင်း ပေါ်ပေါက်နေပါက စွဲဆိုသည့်အတိုင်း ဒီကရီမရနိုင်ပေ။ (ဦးစိုးမြင့်နှင့် ဦးအောင်ကျော်မင်းပါ။ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ- ၁၆၇)
အရောင်းအဝယ်ပဋိညာဉ်တွင် ရောင်းသူက ပဋိညာဉ်ကိုဖောက်ဖျက်ပါက လျော်ကြေးငွေပေးရန် စည်းကမ်းချက်ပါရှိလျှင် ပဋိညာဉ်အတိုင်း ဆောင်ရွက်စေရန် သက်သာခွင့်နှင့် လျော်ကြေးပေးစေရန် သက်သာခွင့်တို့အနက် မည်သည့်သက်သာခွင့်ကို ရယူလိုခြင်းမှာ တရားလို၏ရွေးချယ်ခွင့် ဖြစ်ပေသည်။
(ဦးမြမောင်နှင့်ဦးဝမ်ဒွိ(ခ)တန်ဝမ်ရွိပါ၇၊ ဦးတင်ဦးပါ ၈ ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊စာမျက်နှာ- ၁၁၅)
ပဋိညာဉ်ချုပ်ဆိုရာတွင် ပါဝင်သူတစ်ဦးက အကြောင်းအရာတစ်ခု သတ်မှတ်ထားသောအချိန် တွင် ပြုလုပ်ရန်ကတိပြုသော်လည်း ထိုကဲ့သို့ပြုလုပ်ရန် ပျက်ကွက်လျှင် အချိန်သည် ပဋိညာဉ်၏ အဓိက အချက်ဖြစ်ရန် ရည်ရွယ်ပါက ကတိရသူက ထိုပဋိညာဉ်ကို ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၅၅ အရ ဖျက်သိမ်းခွင့်ရသည်။ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၅၅ တွင် ဖော်ပြထားသော အချိန် ကာလသည် ပဋိညာဉ်၏ အဓိကအချက်ဖြစ်စေရန် ကာယကံရှင်များက ရည်ရွယ်ခြင်း ရှိ-မရှိ ပြဿနာကိုစာဖြင့် ရေးသားထားသော စာချုပ်စာတမ်းပါ စည်းကမ်းချက်များနှင့် ပတ်ဝန်းကျင် အကြောင်းခြင်းရာများ ကိုဆင်ခြင်စဉ်းစားဆုံးဖြတ်ရမည်။ (ဒေါ်လှနွဲ့ (၎င်း၏အခွင့်ရ ကိုယ်စားလှယ် ဦးထွန်းအောင်နှင့် ဦးသန်းညွန့်ပါ၃၊ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး၊ စာမျက်နှာ- ၄၀၃(၄၀၄))
ပဋိညာဉ်တစ်ရပ်ပျက်ပြယ်သည့်အခါ ယင်း ပဋိညာဉ်အရ ရရှိထားသည့်အကျိုးခံစားခွင့်ကို ရရှိ ထားသူက ပြန်လည်ပေးအပ် ရမည်ဟု ပဋိညာဉ် အက်ဥပဒေပုဒ်မ- ၆၅ တွင် ပြဋ္ဌာန်းထားသည်။
တရားလိုက လျော်ကြေးမတောင်းဆိုစေကာမူ တရားရုံးကလျော်ကြေးပေးစေသည့်အမိန့်ချမှတ် နိုင်သည်။ လျော်ကြေးငွေ မည်မျှ သတ်မှတ်သင့်သည်ကို ချိန်ဆရာ၌ လျော်ကြေးငွေရမည့် အချို့ တွင် မည်မျှတာဝန်ကင်းသည်ကို သုံးသပ်ရပေမည်။
မြေဂရန်အပြိုင်လျှောက်၍ အရှုပ်အရှင်းရှိနေကြောင်း ဦးအဘူအနေဖြင့် ထိုက်သင့်သော သတိဖြင့် စုံစမ်းလျှင် သိရှိနိုင်သည်။ ထိုသို့စုံစမ်းရန် ပျက်ကွက်ပြီး ဝယ်ယူခဲ့သည်။ (သို့မဟုတ်) သိလျက်နှင့် ဝယ်ယူခြင်း ဖြစ်နိုင်သည်။ ဦးအဘူတွင် တာဝန်ကင်းသည်ဟု မဆိုနိုင်ပေ။ စတိသဘောလျော်ကြေးသာ ပေးသင့်သည်။
(ဦးအဘူနှင့် ဒေါ်ကမာလ်ဇီပါ ၄ အမှု၊ ၁၉၉၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၁၁၈)
“အရောင်းအဝယ်ပျက်ပြယ်သဖြင့် ပေးသွင်းထားသောငွေကို ပြန်လည်ပေးအပ်ရေးနှင့် စပ်လျဉ်း၍ ပဋိညာဉ်အက်ဥပဒေတွင် ပြဋ္ဌာန်းထားချက်များ မတွေ့ရပေ။ ဤပြဿနာကို ဆုံးဖြတ်ရာ၌ ပေးသွင်းသောငွေသည် ရောင်းငွေအတွက် တစ်စိတ်တစ်ဒေသ အားဖြင့် ပေးသွင်းခဲ့လျှင် ရောင်းသူသော်လည်းကောင်း၊ ဝယ်သူသော်လည်းကောင်းပဋိညာဉ် အတိုင်းဆောင်ရွက် ရန် ပျက်ကွက်က ထိုငွေကို ပြန်လည်ပေးအပ်ရမည်” ဟူ၍ ဘာဘူကနီရာလား (လ်)ဒနုကာနှင့် မက်ဆား(စ်) ရွှေပြည်စိုးဖလင် ကုမ္ပဏီအမှု၊ ၁၉၆၄ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (တရားရုံးချုပ်) စာမျက်နှာ-၁၉၅ အမှုတွင် စီရင် ထုံးဖွဲ့ထားသည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်ယူရန် ပဋိညာဉ်ကို ပြုလုပ်သောဝယ်သူကစရန်ငွေကို ပေးထားရာပဋိညာဉ်အတိုင်း အပြီးသတ်ဆောင်ရွက်ရန် အချိန်စေ့ရောက်သောအခါ ရောင်းသူ သည် အပြီးသတ်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် (၁) ဝယ်သူသည် ပဋိညာဉ်ကို ဖျက်သိမ်း သည်ဟုမှတ်ယူ၍ စရန်ငွေကိုရလိုကြောင်း စွဲဆိုနိုင်သည်။ (သို့မဟုတ်) (၂) ပဋိညာဉ်ကို ဆက်လက်အတည်ဖြစ် သည်ဟုမှတ်ယူ၍ (က) ပဋိညာဉ်ကိုချိုးဖောက်သည့် အတွက် နစ်နာကြေးရလိုမှု စွဲဆိုနိုင်သည်။ (သို့မဟုတ်) (ခ) ပဋိညာဉ်အတိုင်းဆောင်ရွက်ပေး စေရန်စွဲဆိုနိုင်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၇၄ အရလည်း ပဋိညာဉ်ကို ဖောက်ဖျက်သောအခါ ထိုသို့ဖောက် ဖျက်ပါကပေးရန်ဖြစ်သော ငွေပမာဏ ကို ပဋိညာဉ် တွင်ဖော်ပြထားလျှင် ထိုသို့ဖောက်ဖျက်ခြင်း ကြောင့် အမှန်တကယ်ပျက်စီးဆုံးရှုံးမှုရှိကြောင်း ထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည်ဖြစ်စေ ဖောက်ဖျက်ကြောင်း တိုင်တန်းသူသည် ဖောက်ဖျက်သူထံမှ ထိုဖော်ပြသော ငွေကြေးပမာဏကို ရပိုင်ခွင့် ရှိသည်။ သက်သေခံအမှတ်(က) ခြံမြေအရောင်း အဝယ်စရန်ပေးစာချုပ်တွင် ရောင်းသူက ပျက်ကွက်ပါက စရန်ငွေ၏နှစ်ဆကို ပေးလျော်မည်ဟု နှစ်ဦးနှစ်ဖက် သဘောတူညီ ထားကြသဖြင့် စရန်ငွေ ၅ဝဝဝဝိ/- ၏ နှစ်ဆဖြစ်သော ငွေ ၁ သိန်းကျပ်ကို ဝယ်သူ အယူခံတရားလိုက ရပိုင်ခွင့်ရှိသည်။
(ဒေါ်နီ (ခ) ဒေါ်မိမိလေးနှင့်ဒေါ်အေး၊ ၂၀၀၁ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ- ၂၅၉)
အငြင်းပွားမှုအများစုသည် ပဋိညာဉ်ချိုးဖောက် မှုကို အခြေပြုကြပါသည်။ ပဋိညာဉ်တစ်ရပ်သည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ၊ မည်သူသည် ပဋိညာဉ် ကိုချိုးဖောက်သူဖြစ်သည်၊ ပဋိညာဉ်ချိုးဖောက်ခြင်းကြောင့် ဥပဒေအရ မည်သူကနစ်နာသည်၊ မည်သူ့တွင် တာဝန်ရှိသည်။ ချိုးဖောက်မှုအတွက် ဥပဒေအရ သက်သာခွင့်များရရှိခံစားနိုင်ရန်အတွက် ဥပဒေနှင့်ညီညွတ်သော ပဋိညာဉ် ချုပ်ဆိုနိုင်ကြစေရန် ရည်ရွယ်၍ စုဆောင်းတင်ပြအပ်ပါသည်။ ။
ဦးကျော်ကျော် (တရားရေး)