Skip to main content

ဆည်ရေသောက်စနစ်မြှင့်တင်ပြုပြင်ခြင်းဖြင့် တောင်သူစီးပွားတိုးပွားစေမည်

 

ပြောင်းလဲလာသည့်ရာသီဥတုကြောင့် လယ်ယာကဏ္ဍအတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် အရေးကြီးသည့်အချက်တစ်ခု ဖြစ်လာသည်။ အထူးသဖြင့် မိုးနည်းရပ်ဝန်းဒေသများအတွက် မိုးမျှော်၍ စိုက်ပျိုးမည်ဆိုပါက တောင်သူများစီးပွားမဖြစ်နိုင်။ ထို့အတွက် မိုးကိုမမျှော်ရဘဲ အချိန်မှန် စိုက်ပျိုးနိုင်မည့် ရေပေးဝေနိုင်သည့် ဆည်မြောင်းအဆောက်အအုံများကို တောင်သူများ အားကိုးအားထား ပြုလာကြသည်။

 

မြန်မာနိုင်ငံတွင် ဆည်ရေသောက်စနစ်ဖြင့် နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံ ၂၄ သိန်းခန့်အတွက် စိုက်ပျိုးရေပေးဝေလျက် ရှိသည်။ ထိုကဲ့သို့ စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် နိုင်ငံအတွင်း ရေလှောင်တမံ ၂၄၅ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင် ၂၁၀၊ စုစုပေါင်းဆည်မြောင်း အဆောက်အအုံ ၈၇၀ ကို တည်ဆောက်ထိန်းသိမ်းကာ စီမံဆောင်ရွက်လျက် ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

 

ဦးစားပေးအလိုက် စတင်မြှင့်တင်

 

စိုက်ပျိုးရေများ ပေးဝေရာတွင်တည်ဆောက်ပြီး ဆည်ရေသောက် စနစ်များကို အဆင့်မြှင့်တင် ပြုပြင်ခြင်းဖြင့် စိုက်ပျိုးရေများ အလေအလွင့်မရှိဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သလောက် ပေးဝေနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသည် နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ လည်းကောင်း၊ နိုင်ငံတကာအကူအညီများ ရယူ၍ လည်းကောင်း တည်ဆောက်ပြီး နှစ်ကာလကြာမြင့်သည့် ဆည်ရေသောက်စနစ်များကို ဦးစားပေးအလိုက် အဆင့်မြှင့်တင်လျက်ရှိသည်။ ပဲခူးအနောက်ဘက်ခြမ်းရှိ မြောက်နဝင်း၊ တောင်နဝင်း၊ ဝဲကြီးနှင့် တောင်ညို ရေသောက်စနစ်များ အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို ဂျပန်နိုင်ငံ (ODA) ချေးငွေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆိုပါ ရေသောက်စနစ်များတွင် ပါဝင်သည့်စိုက်ပျိုးမြေဧက (၂)သိန်းကျော်ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ခဲ့ပြီဖြစ်သည်။

 

ထို့အတူ ဂျပန်နိုင်ငံ(ODA)ချေးငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သဖန်းဆိပ်ဆည် ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများသည် ဆောင်ရွက်ဆဲဖြစ်ပြီး လုပ်ငန်းပြီးစီးပါက မူလ ဆည်ရေသောက်ဧရိယာ ငါးသိန်းခန့်ကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေကာ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝများကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်နေဆဲဖြစ်သည့် ဖြူးနှင့် မဒန်း ဆည်ရေသောက်စနစ်များပြီးစီးပါက လယ်မြေဧက ခုနစ်သောင်းကျော် အကျိုးပြုနိုင်မည်ဖြစ်သည့်အပြင် တောင်သူများ၏ လယ်မြေဧက ရှစ်သောင်းကျော်ကို အကျိုးပြုမည့် ဆင်သေ၊ ဆွာချောင်း၊ မာလဲနတ်တောင်၊ မြောက်ယမားရေလှောင်တမံ၊ ငလိုက်ရေလှောင်တမံ၊ ဇီးတောရေလွှဲဆည်၊ ဘောနီရေလှောင်တမံ၊ သဲကာရေလှောင်တမံ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်

 

ထို့ပြင် ကာလတိုငါးနှစ်စီမံကိန်းအဖြစ် ဆောင်ရွက်ရန်လျာထား သည့် လယ်မြေဧက ခုနစ်သိန်းကျော်ကို အကျိုးပြုစေနိုင်မည့် ရေခေါ်မြောင်းတူးဖော်ပေးခြင်း၊ ရေလွှဲဆည်၊ ရေတံခါးများ အသစ် တည်ဆောက်ခြင်း လုပ်ငန်းပေါင်း ၄၃၆ ခုကိုလည်း ရန်ပုံငွေခွဲဝေရရှိမှု ပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တည်ဆောက်ပြီး ဆည်တာတမံများမှ စိုက်ပျိုးရေပေးဝေရာတွင် ကွက်ဆင့်သောက်စနစ်ကို အသုံးပြုနေခြင်းကြောင့် ရေခွဲဝေမှုစနစ်မကျခြင်းဖြစ်ပေါ်၍ ရေလေလွင့်ဆုံးရှုံးမှု များပြားခြင်း၊ လယ်သမားအချင်းချင်း ပြဿနာဖြစ်ပွားခြင်း စသည့်အခက်အခဲများ ရှိနေသည်။ ထိုအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စနစ်ကျလယ်ယာ မြေများဖော်ထုတ်ရေး၊ လယ်ကြားမြောင်းများ ဖောက်လုပ်၍ ရေရယူ သုံးစွဲရေးတို့ကို ဆောင်ရွက်နိုင်ရန် ရေအသုံးချသူ အသင်းအဖွဲ့များက ဖွဲ့စည်းကာ စည်းရုံးဆောင်ရွက်လျက်ရှိသည်။

 

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေလှောင်တမံများတွင် ရေဝင်ရောက်မှု နည်းပါးလာခြင်းကြောင့် စိုက်ပျိုးရေပေးဝေမှု လျော့နည်းခြင်းမဖြစ်စေရန်၊ ရေစီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်းလာစေရန် ရေအသုံးချသူများအသင်း (Water User Association) ရှစ်သင်းနှင့် တောင်သူလယ်သမား ၂၃၉၃၁၄ ဦး ပါဝင်သည့် ရေအသုံးချသူများအဖွဲ့ (Water User Group) ၈၂၈၉ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေရရှိရေးကို ဦးစားပေး ဆောင်ရွက်နေသကဲ့သို့ ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာရေးနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ။

 

လယ်ယာမြေဧက ၂၆ သိန်းကျော် ရေဘေးကာကွယ်ပေး

 

လယ်ယာမြေများရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်အတွက် ချောင်းကာ မြောင်းသော ရေနုတ်မြောင်း တူးဖော်ခြင်း၊ ရေဘေးကာကွယ်ရေးတာနှင့် ရေငန်တားတာများ ကြံ့ခိုင်မှုရှိစေရေးလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေများ သုံးစွဲကာ နှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအချိန်အထိဌာန အနေဖြင့် လယ်ယာမြေဧက ၂၆ သိန်းကျော်ကို ရေဘေးကာကွယ်ပေး နိုင်သည့် ရေဘေးကာကွယ်ရေး တာနှင့် ရေငန်တားတာပေါင်း ၂၂၁ ခု၊ အလျား မိုင်ပေါင်း ၂၄၆၆ မိုင်ခန့်ကို တည်ဆောက်ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ။

 

(ဆက်လက်ဖော်ပြပါမည်)

 

ရွှေယွန်းစံ