Skip to main content

မီဒီယာအဆိပ်သင့်မှုနှင့် သတင်းတု၊ သတင်းမှား ထောင်ချောက်က ရုန်းထွက်စေချင်

နိုင်ငံတစ်နိုင်ငံမှာ   အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်  တရားဥပဒေစိုးမိုးဖို့  လိုပါတယ်။  တရားဥပဒေစိုးမိုးရေးကို အဓိက ခြိမ်းခြောက်တဲ့အရာဟာ အကြမ်းဖက်လုပ်ရပ်တွေပါပဲ။

အကြမ်းဖက်တိုက်ဖျက်ရေးမှာ အဖျက်အမှောင့် မီဒီယာရဲ့ သက်ရောက်မှုဟာ စိန်ခေါ်မှု တစ်ခု ဖြစ်နေပါတယ်။ အကြောင်းက ယနေ့ခေတ်အကြမ်းဖက် အဖွဲ့တွေဟာ သူတို့ရဲ့ အကြမ်းဖက် လုပ်ငန်းစဉ်တွေအတွက် မီဒီယာကို ကောင်းကောင်းချုပ်ကိုင်နိုင်ကြ၊ လွှမ်းမိုးနိုင်နေကြလို့ပဲ ဖြစ်တယ်။ လူအများဆီအရောက် ဆက်သွယ်ရေးကြားခံ  ချန်နယ်တစ်ခုအဖြစ် သတင်းအချက် အလက်တွေ ကို ဖြန့်ဝေပို့ဆောင်ပေးရတဲ့ မီဒီယာတစ်ခုဟာ မလိုလားအပ်ဘဲ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရပြီ ဆိုရင် အကြမ်းဖက်မီဒီယာ အဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။

ဒီလိုအဖြစ်မျိုး မကျရောက်စေရန်နဲ့ တိုင်းပြည် ရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် ဂုဏ်ယူစရာ သတ်မှတ်ခံ ထားရတဲ့ မီဒီယာတွေကတစ်ဆင့် လက်ဆင့်ကမ်းလိုက်တဲ့ သတင်းတွေအပေါ်မှာ ပြည်သူတွေ အနေနဲ့ ချင့်ချိန်နှိုင်းဆ အကဲဖြတ်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ယခုဆောင်းပါးကို ရေးသားဖြစ်ခြင်း ဖြစ်ပါတယ်။

အမုန်းတရားတွေ ကြီးထွားစေတဲ့မီဒီယာရဲ့ သက်ရောက်မှု

လူ့အဖွဲ့အစည်းကြီးတစ်ခုအပေါ်မှာ မီဒီယာရဲ့ သက်ရောက်မှုက အလွန်ကြီးမားပါတယ်။ ၂၀၀၄ ခုနှစ် မေလအတွင်း အမေရိကန်တပ်တွေ အီရတ်ကို သိမ်းပိုက်အပြီး အီရတ်နိုင်ငံမှာ Nickberg (နစ်ခ်ဘတ်) ဆိုတဲ့ အမေရိကန်ဓားစာခံတစ်ယောက်ကို အကြမ်းဖက်သမားတွေက ရက်ရက် စက်စက် ခေါင်းဖြတ်သတ်လိုက်တဲ့ လုပ်ရပ်ကို TV ကတစ်ဆင့် ကမ္ဘာပြည်သူတွေ    မြင်လိုက် ရတဲ့အခါ အံ့ဩတုန်လှုပ် ချောက်ချားသွားခဲ့ကြရတယ်။

ဒါပေမယ့် ဒီလို သွေးသံတရဲရဲနဲ့ အကြမ်းဖက် သမားတွေရဲ့ လုပ်ရပ်တွေဟာ ယနေ့ခေတ် TV နဲ့ အင်တာနက်လူမှုကွန်ရက်တွေမှာ မမြင်ချင်ပေမယ့် အလွယ်တကူ မြင်နေကြားနေရပြီ ဖြစ်ပါ တယ်။ အကြမ်းဖက်သမားတွေကိုယ်တိုင်က မီဒီယာကတစ်ဆင့် ကမ္ဘာကြီးက သိအောင်မြင် အောင် တမင်ချပြနေတယ်ဆိုတာ သိစေချင်လို့ဖြစ်ပါတယ်။

တချို့ဖြစ်စဉ်တွေမှာ အကြမ်းဖက်သမားတွေနဲ့ မီဒီယာဟာအချိန်ကိုက်ပြီး တစ်သားတည်း လှုပ်ရှားသွားတာကို တွေ့နေရပါတယ်။ တစ်ခါတစ်ရံ သာမန်မှုခင်းလေး တစ်ခုဆိုပေမယ့် ဆိုရှယ်လူမှုစာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် ပျံ့နှံ့သွားတဲ့ သတင်းတွေ ကြောင့် ကြီးမား တဲ့ပဋိပက္ခအသွင် ဆောင်သွားပြီး လူ့အဖွဲ့အစည်းတွေအကြား ရှင်းရခက်တဲ့အမုန်း တရားနဲ့ လက်စားချေမှုတွေ အာဃာတတရားတွေ ကြီးထွားသွားခဲ့တဲ့ အတွေ့အကြုံတွေသည် သင်ခန်းစာယူစရာအဖြစ် ရှိနေသေးတယ် ဆိုတာ ကိုသတိပြုရမှာဖြစ်ပါတယ်။

သတင်းတု သတင်းမှားနဲ့ လုပ်ကြံသတင်းများရဲ့ ရည်ရွယ်ချက်ဆိုတာ..

သတင်းတု (fake) ၊ သတင်းမှား (misinformation) နဲ့ ရည်ရွယ်ချက်ပါတဲ့ လုပ်ကြံသတင်း (disinformation) တွေရဲ့   ထိုးနှက်တိုက်ခိုက်မှုအန္တရာယ်က မြန်မာမှာတင်မက တစ်ကမ္ဘာလုံး မှာလည်း ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ထောင် ထားတဲ့ မီဒီယာတွေ၊ ဖေ့စ်ဘွတ်ခ် အကောင့် ဖွင့်ထားတဲ့ မီဒီယာတွေ၊ အကောင့်တုတွေ များပြားလာတာလည်း ပါတယ်။

ဒီကြားထဲ  အချို့မီဒီယာတွေရဲ့  သဘောကိုက လည်း  ပေးတာယူ   ကျွေးတာစား   ခိုင်းတာလုပ် အဆင့်မှာသာ ရှိနေတာကိုလည်း တွေ့နေရပါတယ်။ သူတို့မှာ ဘာမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊  ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးဆိုတဲ့ စိတ်မရှိ၊ ဘာအခြေခံ စည်းမျဉ်းမှလည်း မလိုက်နာ၊  ဘာပဲ ပျက်စီးပျက်စီး ဂရုမစိုက်၊ သူတို့အတွက်က နိုင်ငံရေး အကျိုးအမြတ် ထင်ပေါ်လိုမှုနဲ့ စီးပွားဥစ္စာ ငွေကြေး အကျိုးအမြတ် တစ်ခုခုကို ရှေ့တန်းတင်တတ်ကြတာပဲဖြစ်တယ်။

တစ်ဖက်နဲ့တစ်ဖက် အထင်လွဲအောင် အမုန်းပွားအောင် အာဃာတတရား အခြေခံ၊  ဘက်လိုက် ပြီး မုန်းတီးရေးဝါဒ ဖြန့်တတ် တယ်။ တစ်ဖက်နဲ့တစ်ဖက်ဆက်ဆံရေး အဆင်မပြေအောင် သွေးခွဲ တတ်တယ်။ လူအများစိတ်ဝင်စားမှုကို အခြေခံပြီး အမှန်ကိုအမှား၊ အမှားကိုအမှန်ဖြစ်အောင် သတင်းမှားတွေ လွှင့်တတ်ကြတယ်။ မီဒီယာကျင့်ဝတ် လူ့ကျင့်ဝတ်ဆိုတာမရှိဘူး။ အသိဉာဏ် နုံနဲ့သူတွေကိုရွေးပြီး မှိုင်းတိုက်တတ်ကြတယ်။

မရိုးသားတဲ့မီဒီယာများရဲ့ သဘောသဘာဝ

အချို့မရိုးသားတဲ့ မီဒီယာတွေရဲ့ သဘောက ခံစားလွယ်ပြီး အကဲဆတ်တဲ့ လူအုပ်စုကို ဦးတည် အသုံးချ ရှေ့တန်းတင်တယ်။ များသောအားဖြင့် လူငယ်တွေ၊ အမျိုးသမီးငယ်တွေ၊ ကလေး သူငယ်တွေ၊ သံဃာတော်တွေကို  အသုံးချတတ်တယ်။ လူငယ်ဆိုတာ  ခံစားလွယ်တယ်လေ။  အနာဂတ်ရဲ့ ခေါင်းဆောင်တွေဆိုပြီး မြှောက်ပေးတယ်၊ သွေးထိုး တယ်။ စေတနာမမှန်   ကောက်ကျစ်တဲ့ နိုင်ငံရေး သမားမျိုးနဲ့တွေ့ရင် အဲဒီနိုင်ငံရေးသမားမျိုးတွေက မီဒီယာကို အားကိုးပြီး  ဆင်ခြင်တုံတရားကလည်း အားနည်း၊ ဆက်စပ်ပြီး မစဉ်းစားတတ်တဲ့သူတွေဆိုရင် သူတို့လိုချင်တဲ့   အနေအထားရောက်အောင် ပထမပုံဖော်တတ်တယ်၊  နောက်ပုံသွင်းတယ်။ သူလို ချင်တဲ့ အနေအထားတစ်ခုဆိုတာ နိုင်ငံရေး၊ ဘာသာ ရေး၊ ပညာရေး၊ ယဉ်ကျေးမှု တစ်ခုခုဖြစ်နိုင်တယ်။

မူလအနေအထားကနေ  သွေဖည်သွားအောင်၊ တိမ်းစောင်းသွားအောင် နှစ်ရှည်လများ ကြိုတင် ဖန်တီးပုံဖော်ထားခြင်းကို ဆိုတယ်။ သူတို့လိုချင်တဲ့ စရိုက်တစ်ခုခုကို ရိုက်သွင်းထားတာ။  ဒီနေရာမှာ မီဒီယာနဲ့လူမှုကွန်ရက်တွေဟာ သော့ချက်ပါပဲ။ တချို့မီဒီယာနဲ့ လူမှုကွန်ရက်က ဖော်ပြချက်တွေဟာ  တကယ့်မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲမှုတွေရှိ နေတတ်တယ်။

တကယ့်မြေပြင်မှာ အဆုံးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့အခါ ကိုယ့်ဘက်တော်သားတွေ စိတ်ဓာတ် မကျအောင်၊ စိတ်ဓာတ်မပျက်ပြား အောင် Psy-war ဆိုက်ဝါးလုပ်တာတွေ၊ ဝါဒဖြန့်ချိတာတွေကို အသွင်ယူပုံဖျက်ပြီး ပြည်သူတွေနားဝေတိမ်တောင်ဖြစ်အောင် လုပ်တယ်ဆိုရင် ဒါဟာ မရိုးသားမှု ပဲဖြစ်တယ်။ ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ ကာလံဒေသံမတူတဲ့အဖြစ်အပျက်တွေကို ဖြတ်၊ ညှပ်၊ ကပ်လုပ်ပြီး ရောချပုံမှား ရိုက်တတ်ကြတယ်။

ကိုယ့်ဘက်တော်သားတွေ စိတ်ဓာတ်တက်ကြွအောင် ဆိုက်ဝါးလုပ်တယ်ဆိုဦးတော့ အပြစ်မဲ့ ပြည်သူတွေ အများကြီးပေးဆပ်ရမယ့် ဘေးကိုတော့ ရှောင်သင့်ပါတယ်။ သတင်းတွေကို  အဆမတန် ပုံကြီးချဲ့ကြတယ်။ တစ်စိတ်ကို   တစ်အိတ်လုပ်ပြီး ချဲ့ကားကြတယ်။ သတင်းလိမ် တွေနဲ့ အရူးဘုံမြှောက်ကြတယ်။ အချို့မီဒီယာများရဲ့ သတင်းတု သတင်း မှားတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေကျေနေကြရတာ လိပ်ပြာလုံပါရဲ့လား။ လုပ်ကြံလီဆယ်မှုတွေနဲ့ လူတွေ သတ်ကြ၊ လူတွေသေကြရတာ ကိုယ့်ပယောဂ ပါဝင်နေတယ်ဆိုရင် ကိုယ့်တာဝန်မကင်း သလို ကိုယ်ခံယူရမယ့် အပြစ်ဒဏ်ဟာ ကြီးလေးပါတယ်။ တရားသဘောအရလည်း ယခုဘဝတွင် သာမက နောင်ဘဝ နောင်သံသရာတစ်လျှောက် အပါယ်ငရဲ ဝဋ်ဆင်းရဲဆီ အတူတူလာရောက် ကြမှာပဲ ဖြစ်ပါတယ်။

ရပ်တည်ချက်တူ၊ အသွင်တူမဖြစ်ရန်လို

နောက်ကွယ်က ကြိုးကိုင်နေတဲ့ အဖျက်အဖွဲ့အစည်းတွေဟာ မထူးဇာတ်ခင်းပြီး အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်လာတဲ့အခါ မီဒီယာနဲ့အရှိန်အဝါကြီးတဲ့ influencer တွေကို ပါးစပ်ငှား ကလောင်ငှား အသုံးချခိုင်းစားလာပါတော့တယ်။ အလိုတော်ရိ မီဒီယာသမားတွေကလည်း ရဲရဲ တောက် မြှောက်ပင့်ရေးသား၊ လူတွေကို ပျားရည်နဲ့ ဝမ်းချ အချိုသတ်၊ အလိမ္မာနည်းနဲ့ သွေးဆောင်ပြီး လူငယ်တွေကို  အကြမ်းဖက် အဖျက်အမှောင့်တွေ လုပ်စေပြီး လမ်းမှားကို ပို့ကြပြန်ပါတယ်။ နောက်ကွယ်က စေခိုင်းသူရော၊ မီဒီယာ၊ အကြမ်းဖက်သူများဟာ ပုလင်းတူ ဘူးဆို့ရပ်တည်ချက်တူ အသွင်တူအတူတူပါပဲ၊ တစ်ဖက်စွန်းရောက် မုန်းတီးရေး ဝါဒများ အတင်း အဓမ္မ သွတ်သွင်းပြီး လူထုကို အယုံသွင်း လူထုကို အရူးလုပ်တာချင်းအတူတူ ဘုန်းကြီးရူးနဲ့ လှေလူးတွေပါပဲ။

လူရဲ့သဘောကိုက အယုံလွယ်တယ်။ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား၊ ဖြစ်သင့်လား၊ မဖြစ်သင့် ဘူးလား၊ ကိုယ်ကြိုက်တာထက် အများနဲ့ရော တည့်ရဲ့လား၊ သေသေချာချာ   စဉ်းစားရပါမယ်။ ကိုယ့် အသိဉာဏ်နဲ့ကိုယ် စူးစမ်းဆင်ခြင်စိတ်နဲ့ ဗဟုသုတလည်း များဖို့လိုတယ်။ အများလက်ခံ တိုင်းလည်း ကိုယ်ကလက်ခံဖို့ လိုချင်မှလိုပါမယ်။ သတင်းမှားကို လက်ခံမိသူဟာ အလိုလို   ကျဆုံးသွားသလိုပါပဲ။ သတင်းမှားကြောင့် ကိုယ့်ဆုံးဖြတ်ချက်တွေလည်း တလွဲဖြစ်သွားနိုင်တယ် ဆိုတာ သတိပြုရပါမယ်။

ကိုယ့်ကြောင့် အရာရာမရှုပ်ထွေးသွားပါစေနဲ့၊ ကိုယ့်ကြောင့် လူ့အဖွဲ့အစည်း မပျက်စီးပါစေနဲ့လို့ မိမိကိုယ်မိမိ သတိပေးနေရပါမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘာဆိုတာသိထားသင့်သလို အကြောင်းအရာ အလုံးစုံကိုလည်း   သေသေချာချာ   မသိထားရင် တစ်ဖက်ဖက်ကို    မျက်စိ စုံမှိတ် နားကိုပိတ်ဆွဲဆောင်ရာဆီ ပါသွားပါလိမ့်မယ်။

တာဝန်ယူတာဝန်ခံမှုရှိတဲ့ မှန်ကန်တဲ့ မီဒီယာတစ်ခုဆိုတာ...

အချို့သောမီဒီယာသမားများရဲ့ နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာရှိမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုဆိုတာ ဘယ်ရောက်သွားပြီလဲ။ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ တကယ့်မီဒီယာသမားကောင်းတွေလည်း တွေ့ဖူးပါတယ်။ သတင်းမီဒီယာစံနှုန်းတွေကို အတိအကျ လိုက်နာတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ မီဒီယာတစ်ခုဟာ ဒီမိုကရေစီရဲ့အခြေခံစံနှုန်းဖြစ်တဲ့ လွတ်လပ်စွာဖော် ထုတ်ရေးသားခွင့်နဲ့ အခြေခံ လူ့အခွင့်အရေးကို အလွဲသုံးစားပြုလို့ မရပါဘူး၊ မှန်ကန်ဖြောင့်မတ်တဲ့ မီဒီယာဆိုတာ ကိုယ်တင်တဲ့သတင်း ရာနှုန်းပြည့်မှန်တယ် ဆိုတာ တာဝန်ယူနိုင်ရပါမယ်။ မှန်ရမယ့်အပြင် အများပြည်သူအတွက် အကျိုးလည်းရှိရမယ်။ အသုံးလည်းတည့်ရပါမယ်။ သတင်းက မှန်တယ် ဆိုဦးတော့ အများအတွက် အကျိုးမရှိရင်  mal- information ဖြစ်လို့ ရှောင်ရှားရပါမယ်။ မိမိတင်တဲ့ သတင်းမှားနေရင်တောင်  အမှန်သိရင် ပြန်တင်ရဲတဲ့ တာဝန်ခံမှုမျိုးရှိရပါမယ်။

ယနေ့ခေတ်မီဒီယာလောကမှာ ပြည်သူကို တကယ်အကျိုးပြုမယ်လို့ ခံယူထားတဲ့ ဓမ္မဓိဋ္ဌာန် ကျတဲ့ မီဒီယာတွေလည်းရှိသလို နိုင်ငံနဲ့ပြည်သူ အကျိုးစီးပွားကနေ သွေဖည်နေတဲ့ မီဒီယာတွေ လည်း ရှိနေပြန်တယ်။ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာ ကောင်းကောင်းလိုက်ပါနိုင်တဲ့ မီဒီယာတွေလည်းရှိပါတယ်။ မီဒီယာထံသတင်းပေး သူဟာအချက်အလက် မှန်ကန်တိကျ သေချာတဲ့ သတင်းကိုသာ ပေးဖို့လိုသလို မီဒီယာအနေနဲ့လည်း ကိုယ်လက်ခံရရှိတဲ့   သတင်း အချက်အလက်ဟာ မှန်ကန်ရဲ့လား၊  သေချာတိကျရဲ့လား   စိစစ်ပြီးမှ လက်ခံဖို့နဲ့   ပြည်သူကို အကောင်းဆုံးအသိပေးဖို့ လိုပါတယ်။

ပြည်သူအတွက်  အကျိုးမရှိ အသုံးမ၀င်တဲ့ သတင်းအချက်အလက်၊ ဓာတ်ပုံဗီဒီယိုတွေဆိုရင် လျှော့ချကန့်သတ်ရမယ့် တာဝန်ရှိတယ်ဆိုတာ မမေ့အပ်ပါဘူး။ အချို့သော မီဒီယာတွေကြောင့် အကြမ်းဖက်မှုတွေဖြစ်ရတယ်ဆိုရင် ထိုမီဒီယာတွေအနေနဲ့ အကြမ်းဖက်မှုရဲ့ သားကောင် ဖြစ်ရသူတွေ၊ ဓားစာခံဖြစ်ရသူတွေ သူတို့ရဲ့အဖျက်ဆီးခံရတဲ့ လူ့ဂုဏ်သိက္ခာအတွက် တာဝန်ယူ ရမှာ ဖြစ်ပါတယ်။

ပိုင်းခြားဝေဖန် စိစစ်သုံးသပ်နိုင်စွမ်းကို လေ့ကျင့်ရမယ့် အချိန်အခါကောင်း

အကောင်းနဲ့အဆိုး အမှန်နဲ့အမှားကြားမှာ ပြည်သူတွေအနေနဲ့လည်း ဖြစ်ပေါ်သမျှ သတင်းတွေကို ချင့်ချိန်ယုံကြည် သုံးသပ်စေချင် ပါတယ်။ ဆင်ခြင်တုံတရားနဲ့ ပိုင်းခြားဝေဖန် စိစစ်တတ် စေချင်ပါတယ်။ ကျောင်းသားတွေ၊ လူငယ်တွေ၊ ဝန်ထမ်းတွေ အတွက် ဆိုရင်လည်း  မိမိပတ်ဝန်းကျင်အနှံ့မှာ သတင်းတု၊ သတင်းမှား ကောလာဟလများ ဝါဒဖြန့်ချိမှုများနဲ့သာ ပြည့်နှက်နေ တာကြောင့် ဒီကာလဟာ မိမိရဲ့ပိုင်းခြားဝေဖန်စိစစ်နိုင်စွမ်းကို လေ့ကျင့်အားထုတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ နုံတဲ့၊ အတဲ့သူ အဖြစ်မခံပါနဲ့။ မရည်ရွယ်ဘဲ မိမိကိုယ်တိုင် သတင်းမှားတွေ   ဖြန့်မိတာမျိုးလည်း မပြုမိအောင် သတိထားရှောင်ရှားဖို့ လိုပါတယ်။

ဒါ့ကြောင့်   သတင်းမီဒီယာနဲ့  ပတ်သက်တဲ့ ဗဟုသုတတွေ   တိုးပွားအောင်  အစဉ်လေ့ကျင့် သင်ကြားကြပါ။ များများ စဉ်းစားပေး ရင် များများအသိဉာဏ်တိုးပါတယ်။ အသိဉာဏ်ကို လက်တွေ့နဲ့ ပေါင်းလိုက်ရင် ပညာဖြစ်ပါတယ်။ ဘယ်လို အရင်းအမြစ်အစုံက လာတဲ့ သတင်းအချက်အလက်ပဲဖြစ်ဖြစ်  မျှမျှတတနဲ့  များများဖတ်ပါ၊ မှတ်ပါ၊၊ အထူးသဖြင့် တိကျခိုင်မာမှုရှိတဲ့ အဖွဲ့အစည်း တွေကလာတဲ့ သတင်းတွေကို ပိုအလေးထား လက်ခံရပါမယ်။ အထောက်အထား တွေကို သေချာစုဆောင်း ရပါမယ်၊၊ သတင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ ခေါင်းစဉ်တစ်ခုနဲ့တင် မဆုံးဖြတ်ပါနဲ့။ အဖန်တလဲလဲ စိစစ်ပါ၊ ထပ်ခါထပ်ခါ စုံစမ်းပါ၊ လက်တွေ့နဲ့ယှဉ်ပြီး ဆက်စပ် နှိုင်းယှဉ်ပါ၊ သေချာမှန်ကန်မှ အတည်ပြုပါ။ ရိုးသားစွာနဲ့   အပြုသဘော  သုံးသပ်အဖြေရှာပါ။ ရလဒ်အနေနဲ့ မိမိရဲ့ ပိုင်းခြားဝေဖန်နိုင်စွမ်းဟာ သိက္ခာရှိရှိနဲ့ အမှန်တကယ် တိုးတက်လာ ပါလိမ့်မယ်ဆိုတာ ပြောရဲပါတယ်။

ဒါမှလည်း အမှားနဲ့ အမှန်ကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ လူတော်လူကောင်း၊ အားကိုးရတဲ့ နိုင်ငံသား ကောင်းတွေပေါများလာမှာပေါ့။ အားလုံးကို မီးရှို့သူမီးမွှေးသူမဖြစ်စေလိုဘဲ အငြိမ်းဓာတ် ပေးစွမ်းသူသာ ဖြစ်စေချင်ပါတယ်။ လူ့အဖွဲ့အစည်း အေးချမ်းသာယာရေး မှာ ရိုးသားစွာနဲ့ အမှန်ကိုသာလက်ဆင့် ကမ်းသူ၊ အလင်းဆောင်သူတွေသာ  ဖြစ်စေချင်ပါတယ်။ ယနေ့လူငယ် လူရွယ်တွေအနေနဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ အဖွဲ့အစည်းနဲ့ ကိုယ့်နိုင်ငံတော်အတွက် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ချင်တယ် ဆိုရင် ပိုပြီးတော့ ပညာတတ်တဲ့ ပညာရှိတွေ ဖြစ်စေချင်ပါတယ်၊ ဆင်ခြင်တုံတရား ပိုရှိစေချင်ပါတယ်၊ ကျင့်ဝတ်သိက္ခာကို ပိုမြင့်မားစေချင်ပါတယ်။

စာရေးသူရဲ့ ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှုနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကင်းပြီး  ယုံကြည်မှု အားကောင်းတဲ့ မီဒီယာလွတ်လပ် ခွင့်နဲ့အတူ နိုင်ငံတော်ရဲ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်မယ့် နိုင်ငံသား ကောင်းတွေဖြစ်စေရန် ဆန္ဒနဲ့စေတနာသာလျှင် အဓိက ဖြစ်ပါတယ်။    

မြင့်မြတ်