အပြုသဘောဆောင်တဲ့အမြင်တွေ ပြောဆိုမှုတွေနဲ့ ရှင်သန်နိုင်ကြစေ
စာရေးသူ ဒီအကြောင်းကိုရေးဖို့ ပြင်နေတာ ကြာပါပြီ။ မရေးဖြစ်ဘဲ ဖြစ်နေတာ။ ဒါက ဘာလဲဆိုတော့ စာရေးသူတို့ လုပ်ငန်းခွင်တွေမှာ တွေ့နေကျ ဖြစ်နေကျ ဖြစ်စဉ်လေးတွေအကြောင်းပါ။
စာရေးသူကိုယ်တိုင်ကလည်း ဝန်ထမ်းတစ်ယောက်ဖြစ်နေတော့ ကိုယ်တွေ့အနေနဲ့ရော၊ ကိုယ့်ပတ်ဝန်းကျင်မှာပါ တွေ့နေရတဲ့ ဖြစ်စဉ်တွေက အထက်နဲ့အောက် နားလည်မှုတွေ ပျောက်ဆုံးပြီး ကမောက်ကမတွေနဲ့ လုပ်ငန်းခွင်ပြဿနာ ဖြစ်နေမှုတွေပါ။ အရင်ကတော့ စာရေးသူ ဒီလိုဖြစ်စဉ်တွေကို သတိမထားမိဘူး။ လုပ်ငန်းခွင်မှာ အနေကြာ၊ လုပ်သက်တွေ ရလာတဲ့အခါမှာတော့ ဒီလိုအဖြစ်အပျက်တွေက လုပ်ငန်းခွင်ကိုထိခိုက်ပြီး တိုးတက်မှုတွေ၊ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်တတ်တယ်ဆိုတာ သတိထားမိလာတယ်။ လုပ်ငန်းခွင်ထဲမှာ အထက်နဲ့အောက် ယုံကြည်မှုတွေနည်းပါးပြီး နားလည်မှုတွေ လွဲနေပြီဆိုရင် အဲဒီလုပ်ငန်းခွင်ဟာ ဘယ်တော့မှ ရှေ့ရောက်တော့မှာ မဟုတ်သလို မျှော်မှန်းတဲ့ရလဒ်တွေနဲ့လည်း ဝေးကွာသွားနိုင် ဆိုတာကိုပါ စာရေးသူသတိထားမိလာတယ်။
အပြန်အလှန်ယုံကြည်မှု
ဘယ်ဌာန၊ ဘယ်လုပ်ငန်းခွင်မှာပဲကြည့်ကြည့် အထက်နဲ့ အောက် နားလည်မှုလွဲတဲ့ ပြဿနာတွေ ရှိနေကြပါတယ်။ ဒါတွေဘာကြောင့် ဖြစ်ရတာလဲ။ အဓိကအကြောင်းတရားက အပြန်အလှန် လေးစားမှု နည်းပါးနေကြသလို အပြန်အလှန် ယုံကြည်မှု မထားနိုင်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။ စာရေးသူတို့ လူမှုပတ်ဝန်းကျင်မှာ ကြီးသူကိုပဲ လေးလေးစားစား ဆက်ဆံသင့်တယ်။ ငယ်ရွယ်သူတို့တော့ အလေးထား လေးစားစရာ မလိုဘူးဆိုတဲ့ ဓလေ့စရိုက်တွေ ဖြစ်နေတာ တွေ့မြင်နေရတယ်။ ပြည်သူ့နီတိမှာတော့ ကြီးသူရိုသေ၊ ရွယ်တူလေးစား၊ ငယ်သူသနားတဲ့။ ဒါကိုလိုက်နာ ကျင့်ကြံကြဖို့ လူ့ကျင့်ဝတ်တစ်ခုအနေနဲ့ သတ်မှတ်ထားပေမယ့် စာရေးသူတို့ တကယ်ရော လိုက်နာနေကြသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါ။ တကယ်လိုက်နာနေကြတယ်ဆိုရင် လူ့အဖွဲ့အစည်းတွေအကြား ပြဿနာဆိုတာ ရှိလာနိုင်မှာ မဟုတ်ပါဘူး။ လိုက်နာမှု အားနည်းနေကြလို့သာ လူမှုပြဿနာတွေ ဖြစ်နေကြရတာပါ။
ဒီလိုပဲ ရုံးဌာနလုပ်ငန်းခွင်တွေကြားက အထက်နဲ့အောက် ဖြစ်နေရတဲ့ ပြဿနာတွေမှာလည်း ဒီအကြောင်းတရားကို အခြေခံပါတယ်။ အပြန်အလှန်လေးစားမှု မထားနိုင်ကြလို့ပါ။ အပြန်အလှန်လေးစားမှု မထားနိုင်ကြတဲ့အခါ နားလည်မှုတွေလည်း မထားနိုင်လာကြတော့ဘူး။ နားလည်မှုတွေ လွဲလာတဲ့အခါ အထက်နဲ့အောက် အပြန်အလှန် အပြစ်တွေရှာလာတယ်။ အပြစ်တွေရှာလာတဲ့အခါ အကောင်းမြင်စိတ်တွေ မထားနိုင်ကြတော့ဘဲ အဆိုးမြင် စိတ်တွေနဲ့သာ ကြည့်တတ်လာကြတော့တယ်။ အဲဒီလိုဖြစ်လာတော့ လုပ်ငန်းခွင်ကြားမှာ အဖုအထစ်တွေများလာပြီး အလုပ်ကို ထိခိုက်မှုတွေ ဖြစ်လာပါတယ်။ အလုပ်ကို ထိခိုက်လာပြီဆိုရင်တော့ နောက်ထပ်အကျိုးဆက်က ဘဝတွေနဲ့ပါ ဆိုင်လာပါတော့တယ်။ နောက်ဆုံးအလုပ်မှာ ဘယ်လိုမှ အဆင်မပြေတော့ရင်တော့ အလုပ်က ထွက်ခွာသွားရမယ့်သူက အထက်လူကြီးဖြစ်မလား၊ လက်အောက်ဝန်ထမ်းဖြစ်မလား။ တစ်ဦးဦးတော့ အလုပ်က ထွက်ခွာသွားရမှာ အသေအချာပါ။
ပြီးခဲ့တဲ့ ဧပြီလလောက်က ဖြစ်မယ်။ ကျောင်းဆင်းဘက် သူငယ်ချင်းတစ်ယောက်နဲ့ စာရေးသူတို့ စကားပြော ဖြစ်ကြတယ်။ သူငယ်ချင်းနှစ်ယောက် မတွေ့ကြရတာလည်း ကြာနေတော့ ပြောဖြစ်တဲ့စကားတွေက အကြောင်းစုံ ပါတယ်။ သူပြောတဲ့ စကားတွေထဲမှာ သူ့အလုပ်ထဲက အကြောင်းတွေတော်တော်များများပါတယ်။ သူအလုပ်လုပ်နေတဲ့ ဌာနမှာ သူနဲ့သူ့အထက်အရာရှိတို့ အဆင်မပြေတာတွေ သူပြောပြတယ်။ သူဘာလုပ်လုပ် သူ့အထက်အရာရှိက အသိအ မှတ်မပြုသလို အမြဲတမ်း တားဆီးကန့်သတ်တာတွေ ရှိတယ်။ သူ့ကိုဘာတာဝန်တွေမှ မပေးဘူး။ မလုပ်ဘဲနေပြန်တော့ အပြစ်ပြောတယ်။ အလုပ်မှာမရှိပြန်ရင်လည်း အလုပ်မှာမရှိလို့ဆိုပြီး အပြစ်ရှာပြန် တယ်။ သူဘယ်လိုနေနေ ဘာလုပ်လုပ် သူ့ရဲ့အထက်အရာရှိက အပြစ်တွေမြင်ပြီး အဆိုးတွေကိုပဲ ပြောနေတယ်။ ကြာလာတော့ သူလည်းရွဲ့ချင်တဲ့စိတ်နဲ့ အထက်အရာရှိ မကြိုက်တာတွေချည်းပဲ ရွေးလုပ်တယ်၊ သူဒီလိုတွေလုပ်တော့ သူ့အထက်အရာရှိနဲ့ ပိုပြီး ပြဿနာတွေဖြစ်ကာ အလုပ်ခွင်မှာ သူစိတ်မပျော်တော့ဘူး။ အလုပ်ခွင်နဲ့ဝေးရာကိုပဲ သူအမြဲစဉ်းစားနေတယ်။ နောက်ဆုံး အလုပ်ထွက်ဖို့အထိ ဖြစ်လာတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်က နိုင်ငံရေးဖြစ်စဉ်ကြောင့် ဝန်ထမ်းတွေ CDM လုပ်နေကြတဲ့ကာလ။ သူလည်းသူ့အလုပ်ခွင်ထဲက မကျေနပ် အဆင်မပြေတာတွေနဲ့ ရောချပြီး အလုပ်ထွက်ဖို့ သူပြင်ဆင်တယ်။ ဒီအကြောင်းကိုပဲ သူက စာရေးသူကို ပြောပြတယ်။
စာရေးသူလည်း သူ့စကားတွေကို နားထောင်ပြီး ဘယ်လိုပြန်ပြောရမှန်း မသိအောင် ဖြစ်သွားမိတယ်။ ဒီလိုဖြစ်စဉ်တွေက စာရေးသူတို့ ဝန်းကျင်မှာလည်း အမြဲတွေ့မြင်ရတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် သူအလုပ်ထွက်သွားမှာကိုတော့ စာရေးသူ မလိုလားပါဘူး။ သူ့အကြောင်းကို သိနေတာလည်း ပါလို့ပါ။ သူက ကျောင်းတုန်းကတည်းက ကျောင်းစာမှာတော်ခဲ့သလို ဘာလုပ်လုပ် စိတ်နစ်ပြီးလုပ်တတ်တဲ့ အကျင့်ရှိတယ်။ ဇွဲရှိသလို ရည်မှန်းချက်လည်းကြီးတယ်။ သူရည်မှန်းထားတာကို မဖြစ်ဖြစ်အောင် လုပ်တတ်တယ်။ ဒါ့ကြောင့်လည်း လက်ရှိမှာ သူရောက်ချင်တဲ့နေရာ၊ သူမျှော်လင့်တဲ့ ပန်းတိုင်တစ်ခုဆီ သူရောက်နေတယ်။ ဒါပေမယ့် လူမှုဆက်ဆံရေးမှာတော့ ပေါင်းရသင်းရခက်တဲ့သူ မဟုတ်သော်ငြား အကြောင်းမသိသူ ဆိုရင်တော့ ပေါင်းသင်းရခက်သူလို့ ထင်မိမယ်။ သူက ကြိုးစားနေတဲ့သူဖြစ်တော့ အဘက်ဘက်က ပြည့်စုံအောင် နေတယ်။ အဲဒါကြောင့်လားတော့ မသိဘူး။ မာနလေးတော့ သူ့မှာရှိတယ်လို့ စာရေးသူမြင်မိတယ်။ အခုသူနဲ့ သူ့အထက်အရာရှိကြားက ဖြစ်နေတဲ့ ပြဿနာမှာလည်း သူ့ရဲ့မာနကြောင့်လည်း ပါမယ်လို့ ယူဆမိတယ်။ သူ့မှာရှိတဲ့ အဲဒီမာနလေးကို တလွဲမာနထားတယ်လို့လည်း စာရေးသူ မသတ်မှတ်ချင်ပါဘူး။ သူလည်း သူ့အကြောင်းနဲ့သူ ရှိနေမှာဆိုတော့ အဲဒီအပေါ်မှာ စာရေးသူ အကြံပေးရုံကလွဲလို့ ဘာမှမလုပ်နိုင်ပါဘူး။
လောကနိယာမသဘောတရား
ဒီတော့ သူနဲ့သူ့အထက်အရာရှိ ပြန်လည်အဆင်ပြေပြီး လုပ်ငန်းခွင်မှာပြန်ပြီး သူစိတ်နှစ်ထားနိုင်ဖို့အတွက် စာရေးသူ အကြံပေးလိုက်ပါတယ်။ အဓိကကတော့ သူ့အထက်အရာရှိအပေါ် ယုံကြည်မှုပိုထားဖို့နဲ့ လေးစားမှုပိုထားဖို့ အတွက်ပါ။ များသောအားဖြင့် လူအများစုဟာ အခြားသူအပေါ်မှာသာယုံကြည်မှု၊ လေးစားမှု မထားချင်မထားမယ်။ သူတို့ကို ယုံကြည်ပေးတာ၊ လေးစားတာမျိုးတော့ ခံယူချင်ကြပါတယ်။ နောက်တစ်ခုကလည်း လောကနိယာမ သဘောတရား အရ ကိုယ်ပေးရင် ကိုယ်ပြန်ရတတ်တဲ့ သဘောရှိတော့ ကိုယ်ကအရင်ဆုံး သူ့ကိုလေးစားမှု၊ ယုံကြည်မှုပေးလိုက်ရင် ကိုယ့်ကိုလည်းပြန်ပြီး ယုံကြည်လေးစားတာတွေ ရှိလာတတ်ပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့ကိုသူ့အထက်အရာရှိ အပေါ်မှာ ပိုပြီးလေးစားဖို့နဲ့ ပိုပြီးယုံကြည်မှုပေးဖို့ ပြောပြရတာ ဖြစ်ပါတယ်။ နောက်ပြီး နားလည်မှု လွဲနေတာတွေကိုလည်း သူ့ရဲ့အထက်အရာရှိနဲ့တွေ့ပြီး ပွင့်ပွင့်လင်းလင်း ရှင်းပြဆွေးနွေးဖို့ အကြံပေးလိုက်ပါတယ်။ တချို့ နားလည်မှုလွဲတဲ့ အကြောင်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း မရှိကြလို့ ဖြစ်တယ်လို့ စာရေးသူမြင်မိတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ရင် နားလည်မှုလွဲနေတဲ့ တချို့ကိစ္စတွေမှာ အဆင်ပြေသွားနိုင်ပါတယ်။
အခုတော့သူ အလုပ်မထွက်ဖြစ်တော့ဘဲ သူ့ရုံးမှာပဲ အလုပ်ဆက်လုပ်ဖြစ်နေပါတယ်။ သူနဲ့သူ့အထက်အရာရှိကြားက ပြဿနာပြေလည်သွားလို့ ထင်ပါတယ်။ တကယ်တော့ စာရေးသူတို့အနေနဲ့ မိမိကိုယ်ကို ပုထုဇဉ် လူသားစစ်စစ်တွေ ဖြစ်နေကြတာကို မေ့နေတတ်ကြပါတယ်။ ပုထုဇဉ်တွေ ဖြစ်တဲ့အတွက် လောဘ၊ ဒေါသ၊ မောဟတရားတွေနဲ့ ပြည့်နေကြပါတယ်။ ဒီလိုပြည့်နေလို့လည်း ဒီအကြောင်းတရားသုံးပါးကို အခြေခံပြီးဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးတရားတွေကို ခံစားကြရတာဖြစ်ပါတယ်။
စိတ်နေစိတ်ထားအပေါ်မှာမူတည်
အသက်အရွယ်ကြီးတိုင်းလည်း လောဘ၊ ဒေါသ၊ မောဟတရားတွေ လျော့ပါးသွားတယ်လို့ မဆိုနိုင်သလို အသက် ငယ်ရွယ်တိုင်းလည်း လောဘ၊ ဒေါသ၊ မောဟတရားတွေ ကြီးမားနေမယ်လို့ တထစ်ချယူဆလို့ မရနိုင်ပါဘူး။ ဒီအတွက်ကြောင့် လူသားတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ တရားတွေ ရှိနေနိုင်မှာဖြစ်ပြီး စိတ်နေစိတ်ထား ထားတတ်မှုအပေါ်မှာပဲ မူတည်ပြီး ကွဲပြားမှုတွေ ရှိနေနိုင်ပါတယ်။ ဒီတော့ စာရေးသူတို့ အလုပ်ခွင်မှာ အထက်အရာရှိနဲ့ လက်အောက် ဝန်ထမ်းများအကြား၊ တစ်ယောက်နဲ့တစ်ယောက်အကြားမှာ နားလည်မှုလွဲတာ၊ ယုံကြည်မှုမရှိတာတွေ ဟာ အဆိုပါအကြောင်းတရားတွေကို အခြေခံပြီး ဖြစ်တယ်ဆိုတာ သတိထားဖို့လိုပါတယ်။ လူကို လူပဲလို့သိရင် လူတွေမှာ ရှိတတ်တဲ့စိတ်နေစိတ်ထား၊ လုပ်လေ့လုပ်ထရှိတဲ့ စရိုက်လက္ခဏာတွေကို သိနိုင်ပါတယ်။ ဒါတွေကို သိထား ရင် အဆင်ပြေအောင် နေထိုင်သွားတတ်မှာပါ။
အချင်းချင်းနားလည်မှုရှိဖို့လို
လူ့ဘဝမှာ ဘယ်ကိစ္စတွင်မဆို အမြဲတမ်း တွေးတောတတ်တာက နှစ်မျိုးပဲရှိပါတယ်။ အပြုသဘော တွေးမြင်ခြင်းနဲ့ အပျက်သဘော တွေးမြင်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်တွေးမြင်ထားတဲ့အတိုင်းလည်း လူတွေဟာ အကျိုးပေးတတ်ကြတယ်။ ပြောချင်တာက အကောင်းဘက်က အပြုသဘောနဲ့တွေးရင် ကိုယ်လုပ်တဲ့အရာတိုင်းဟာ ကောင်းတာတွေချည်းပဲ ဖြစ်လာတတ်တဲ့ သဘောပေါ့။ လူတွေဟာ ကိုယ်နဲ့အဆင်မပြေတဲ့ အရာတွေ၊ လူတွေကို အပြုသဘောနဲ့ မတွေးဘဲ အပျက်သဘောနဲ့ တွေးမြင်ထားတတ်ကြတော့ ဖြစ်လာတဲ့ နောက်ဆက်တွဲတွေကလည်း အဆိုးတွေပဲ ဖြစ်နေတတ်ကြပါတယ်။ စာရေးသူပြောချင်တဲ့ အထက်အောက် အဆင်မပြေဖြစ်မှုမှာလည်း အပြုသဘောမပါတဲ့ အပျက်သဘောတွေနဲ့သာ ကြည့်ခဲ့ကြလို့ ဖြစ်နေရတာတွေပါ။ အဲဒီအတွက်ကြောင့် အချင်းချင်းပြောဆို ဆက်ဆံကြတဲ့အခါမှာ အပြုသဘောဆောင်တဲ့အတွေး၊ အပြုသဘောပါတဲ့ ပြောဆိုမှုတွေနဲ့ နေထိုင်ပြောဆိုကြမယ်ဆိုရင် လူမှုဝန်းကျင်မှာ လူမှုဆက်ဆံရေး ပြဿနာတွေ ရှိမနေနိုင်ပါဘူး။ တကယ်တော့ လုပ်ငန်းခွင်အတွင်းမှာ အထက်အောက် သော်လည်းကောင်း၊ ဝန်ထမ်းအချင်းချင်း သော်လည်းကောင်း နားလည်မှုရှိရှိ ပေါင်းစည်းလုပ်နိုင်ရင် အကောင်းဆုံးပါ။ ဒီလိုပေါင်းစည်းလုပ်နိုင်ဖို့ကလည်း အချင်းချင်းနားလည်မှုရှိဖို့ လိုပါတယ်။ ယုံ ကြည်မှုထားကြဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ အထက်အရာရှိ အုပ်ချုပ်သူတွေအနေနဲ့ မိမိရဲ့ လက်အောက်ဝန်ထမ်းငယ်သားတွေကို ယုံကြည်မှုပေးဖို့ လိုအပ်ပါတယ်၊ တာဝန်တွေ ခွဲပေးဖို့ လိုအပ်ပါတယ်။
သူတို့ရဲ့ ယုံကြည်မှုတွေကို တည်ဆောက်ဖို့လိုပါတယ်။ ယုံကြည်မှုတွေပေးပြီး ယုံကြည်မှု တည်ဆောက်ထားမှ အထက်အောက် အဆင့်ဆင့်ဆက်ဆံရေးတွေလည်း ပြေပြစ်နေမှာ ဖြစ်ပါတယ်။ နောက်လိုက်ကောင်းမှ ရှေ့ဆောင်ကောင်းဖြစ်မယ် ဆိုတာထက် နောက်လိုက်ကောင်းတွေဖြစ်ဖို့ ရှေ့ဆောင်ကောင်းတွေကလည်း လမ်းပြပေးဖို့ လိုအပ်ပါတယ်။
မျိုးဆက်ကောင်းတွေ မွေးမြူဖို့တာဝန် ခေါင်းဆောင်ကောင်းတွေရဲ့ မလုပ်မဖြစ် လုပ်ရမယ့် အလုပ်လို့ စာရေးသူ မြင်ပါတယ်။ စာရေးသူတို့ အလုပ်ခွင်မှာ ကြားရလေ့ ရှိတာတစ်ခုက လူမွေးတယ်ဆိုတဲ့ စကားပါ။ ဒီစကားကို မကောင်းတဲ့ အမြင်ဘက်က ယူပြီးပြောကြတာပါ။
လက်ဆင့်ကမ်းလုပ်ကိုင်နိုင်ဖို့
ပြောရရင်တော့ ကိုယ့်အတွက် ဘာမဆိုဖြည့်ဆည်း လုပ်ကိုင်ပေးနိုင်သူကို ဆိုလိုတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ စာရေးသူက အကောင်းဘက်ကပဲ မြင်ပြီးပြောချင်ပါတယ်။ အထက်အရာရှိ ခေါင်းဆောင်တွေ လူမွေးရပါမယ်။ ဘာအတွက်လဲ၊ ကိုယ့်အတွက်မဟုတ်တဲ့ ဌာနနဲ့လုပ်ငန်းခွင်အတွက်ပါ။ တာဝန်တွေနဲ့ အလုပ်တွေကို အရည်အသွေး ပြည့်ပြည့် လက်ဆင့်ကမ်း လုပ်ကိုင်နိုင်ဖို့နဲ့ ခေါင်းဆောင်နိုင်ဖို့အတွက်ပါ။ ဒါလုပ်သင့်တဲ့ အလုပ်ပါ။ လုပ်ကိုလုပ်ရပါမယ်။ တစ်ချိန်မှာ ကိုယ့်ရဲ့အလုပ်တာဝန်ကို လွှဲပြောင်းပေးရတဲ့ အခါမှာ စိတ်ချယုံကြည်စွာနဲ့ လွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်က ဒီနေရာ၊ ဒီဌာနမှာ၊ ဒီရာထူးနဲ့ တစ်သက်လုံးနေရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်ဌာနအတွက်၊ လုပ်ငန်းအတွက်၊ လူ့အဖွဲ့အစည်းအတွက် ယုံကြည်စိတ်ချရမယ့်သူကို မဖြစ်မနေ မွေးထုတ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင် မျိုးဆက်ခါးပြတ်သွားနိုင်ပါတယ်။ ဒါပေမယ့် သေချာရွေးချယ် လူမွေးတတ်ဖို့တော့ လိုပါတယ်။ အဂတိကင်းကင်းနဲ့ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒီလိုဆိုရင် အထက်နဲ့အောက်ကြား နားလည်မှုလွဲစရာမရှိဘဲ အလုပ်တွေမှာ အောင်မြင်မှု တွေ ရနိုင်ပါတယ်။
နောက်လက်အောက်ဝန်ထမ်းတွေဘက်ကလည်း နောက်လိုက်ကောင်းဖြစ်ဖို့ ကြိုးစားကြဖို့ လိုပါတယ်။ ပေးအပ်တဲ့ တာဝန်တွေကို ချက်ချင်းကျေပွန်စွာ ထမ်းဆောင်တတ်ဖို့ လိုပါတယ်။ အချိန်ဆွဲတာ၊ အကြောင်းပြတာ၊ ဆင်ခြေပေးတာတွေက ကိုယ့်အပေါ် အထက်လူကြီးရဲ့ ယုံကြည်မှု တွေကို ပျက်ပြားစေပါတယ်။ ဒါကြောင့် ပေးအပ်လာတဲ့ အလုပ်တွေကို ချက်ချင်းလုပ်ပါ။ အမြန်ဆုံးနဲ့ အမှန်ဆုံးဖြစ်အောင်လုပ်ပါ။ ကိုယ့်အထက်အရာရှိရဲ့ ယုံကြည်မှုတွေကို ရအောင်ယူပါ။ တည်ဆောက်ပါ။ အလုပ်တာဝန်အပေါ်မှာ ရိုးသားတဲ့ အခြေခံစိတ်နဲ့ လုပ်ကိုင် တတ်ဖို့လိုပါတယ်။ အထက်အရာရှိက ကိုယ့်ကိုယုံကြည်လာပြီဆိုတော့ တာဝန်တွေ ပေးလာနိုင်ပါတယ်။ မငြီးငြူပါနဲ့။ လုပ်လိုက်ပါ။ မဖြစ်နိုင်ဘူးဆိုတဲ့စကားကို ကိုယ့်ရဲ့အထက်လူကြီးကို ဘယ်တော့မှ မပြောမိပါစေနဲ့။ လုပ်ကြည့်ပါ။ အတတ်နိုင်ဆုံး ကိုယ်စွမ်းရှိသမျှ ကြိုးစားလုပ်ပါ။ လုပ်ကြည့်လို့ မဖြစ်နိုင်ဘူးဆိုမှ ကြောင်းကျိုးဆက် စပ်စွာနဲ့ ရှင်းပြပြောဆိုပါ။ ဒီလိုဆိုရင် အထက်အရာရှိအနေနဲ့လည်း ကိုယ့်အပေါ် ဘာငြိုငြင်စိတ်မှ မဖြစ်ဘဲ လက်ခံနိုင်ပါမယ်။
နောက်လိုက်ကောင်းဖြစ်အောင်ကြိုးစားပါ
ဒါဟာ အထက်အရာရှိနဲ့ ကိုယ့်ကြား ယုံကြည်မှုတည်ဆောက်မှု တစ်ခုပါ။ နောက်ပိုင်းကြာလာတဲ့အခါ အထက်အရာရှိရဲ့ ယုံကြည်မှုပိုရလာပြီး ကိုယ့်ရဲ့အခန်းကဏ္ဍလည်း အရေးပါအရာရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ကိုယ်ဟာဌာနအတွက် မရှိမဖြစ် လူတစ်ယောက်အနေနဲ့ အရေးပါလာပါလိမ့်မယ်။ ဒါဟာ နောက်လိုက်ကောင်းတို့ ရလာနိုင်တယ့် အကျိုးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုတာဖြစ်ပါတယ်။
အမှန်ပြောရရင် ရုံးဌာနတွေနဲ့ အလုပ်ခွင်မှာ အထက်အောက် အဆင်မပြေဖြစ်ရတာတွေက ယုံကြည်မှုတွေ မတည်ဆောက်ကြလို့ပါ။ အပြန်အလှန်လေးစားမှု အားနည်းနေကြပြီး နားလည်မှု မထားနိုင်ကြလို့ပါ။ တကယ်လို့သာ အထက်နဲ့အောက် ယုံကြည်မှုထားကာ နားလည်မှုရှိစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် အလုပ်ခွင်အတွင်း အထက်အောက် ဆက်ဆံရေးအဆင်မပြေမှု ဆိုတာတွေ ရှိလာမှာမဟုတ်ပါဘူး။ အထက်နဲ့အောက် ထိထိမိမိ တွဲချိတ်လုပ်တတ်ကြမယ်ဆိုရင် မအောင်မြင်တဲ့အလုပ်၊ မအောင်မြင်တဲ့ လူ့အဖွဲ့အစည်းဆိုတာလည်း ရှိလာမှာမဟုတ် ပါဘူး။
ယုံကြည်မှုနဲ့ချစ်ခင်နိုင်ကြပါစေ
ဒါကြောင့် ရုံးဌာနတွေမှာပဲဖြစ်ဖြစ်၊ အခြားလုပ်ငန်းခွင်တွေမှာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း အတွင်းမှာပဲဖြစ်ဖြစ် အထက်အောက် ဆက်ဆံရေးတွေ၊ အချင်းချင်းဆက်ဆံရေးတွေ မပျက်ရလေအောင် အပြုသဘောဆောင်တဲ့ အမြင်တွေ ပြောဆိုမှုတွေနဲ့ ရှင်သန်နိုင်ကြပါစေ။ နားလည်မှုထား ဆက်ခံနိုင်ကြပါစေ။ အမုန်းတွေကင်းဝေးပြီး ယုံကြည်မှုနဲ့ ချစ်ခင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
အောင်မာန် (ဆော)