ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း အမြန်ပြီးဆုံးဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြပါစို့
ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)
၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက် ည ၈ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ (၃၀-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၉-၂၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၃,၃၉၉) ဦး တွေ့ရှိရ၍ ရောဂါပိုးတွေ့ရှိမှ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၆၅ ရာခိုင်နှုန်း တွေ့ရှိခဲ့ရကြောင်း သိရှိရ ပါသည်။ ထို့အတူ (၂၉-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀၈-၂၀၂၁) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်းတွင်လည်း ဓာတ်ခွဲနမူနာ စုစုပေါင်း(၄၂,၄၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၅၈၃)ဦး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၈ ဒသမ ၄၃ တွေ့ရှိရပါသည်။
အမြင့်ဆုံး ရောက်ရှိခဲ့
ရောဂါဖြစ်ပွားမှု တတိယလှိုင်းကာလ၏ အစဖြစ်သည့် မေလ ၂၇ ရက်တွင် စစ်ဆေးသူပေါင်း ၁၇၈၈ ဦးအနက် ပိုးတွေ့ရှိသူ ၉၆ ဦး ကို အစုလိုက် အပြုံလိုက် ဖြစ်ပွားမှုများအနေဖြင့် စတင်တွေ့ရှိခဲ့ရ၍ ပိုးတွေ့ရာခိုင်နှုန်း ၅ဒသမ ၃၇ ရှိခဲ့ပါသည်။ တတိယလှိုင်းတွင် တွေ့ရှိရသည့် ရောဂါကူးစက်မှုနှုန်း အလွန်လျင်မြန်၍ ရောဂါ ပိုမိုပြင်းထန်စွာ ဖြစ်ပွားစေသည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါပိုးတွေ့ရှိနှုန်းအနေဖြင့် ဇူလိုင်လ ၂၃ ရက်တွင် စစ်ဆေး သူပေါင်း ၁၀၄၈၇ ဦးတွင် ပိုးတွေ့သူပေါင်း ၅၅၀၆ ဦးရှိခဲ့ကာ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရောက် ရှိခဲ့သည်ကိုတွေ့ရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရအဖွဲ့နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ တို့၏ မှန်ကန်ထိရောက်သော ဦးဆောင်မှု၊ လမ်းညွှန်မှုတို့ဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများအား မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ကော်မတီအဆင့်ဆင့်၏ ပူးပေါင်းပါဝင်ပံ့ပိုး ဆောင်ရွက်မှု၊ နှီးနွယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များနှင့် ဒေသအာဏာပိုင်အဖွဲ့ အစည်းများ၊ စေတနာ့ ဝန်ထမ်းများ၊ အလှူရှင်များနှင့် မိဘပြည်သူများ အားလုံး၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် ထိရောက်သော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ဖြတ်ကျော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
အောင်မြင်မှုများ ရရှိလာ
ထိုသို့ အိမ်စောင့်အစိုးရအဖွဲ့နှင့် မိဘပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းထိရောက်လာသည်နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများလည်း ထိရောက် အောင်မြင်မှုများ ရရှိလာသည်ကို ပြည်သူတို့အတွင်း ရောဂါဖြစ်ပွားကူးစက်မှုများ ကျဆင်းလာခြင်း၊ ရောဂါကြောင့် သေဆုံးရမှုများ ကျဆင်း လာခြင်းနှင့် ရောဂါပိုးစစ်ဆေးမှုများတွင် ရောဂါပိုးတွေ့ရှိရသည့် ရာခိုင်နှုန်းများ သိသာစွာကျဆင်းလာခြင်းနှင့်အတူ အလွန်ကူးစက်မြန် ပြင်းထန်ခဲ့သည့် ရောဂါတတိယလှိုင်းကို ကောင်းစွာ ကျော်လွန်ဖြတ်ကျော်နိုင်မည့် အလားအလာကောင်းများကို တွေ့မြင်နေရခြင်းပင် ဖြစ်ပါသည်။
ကြိုတင်ကာကွယ်
အိမ်စောင့်အစိုးရအဖွဲ့နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီတို့၏ မှန်ကန်ထိရောက်သော ဦးဆောင်မှု၊ လမ်းညွှန်မှုတို့ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို တင်ပြရပါလျှင် (၁) ပြည်ပနိုင်ငံများမှ ကိုဗစ်၁၉ ရောဂါ နိုင်ငံအတွင်း ကူးစက်ဝင်ရောက်မှုမရှိစေရေး ကြိုတင် ကာကွယ်ခြင်းနှင့် ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်ထားရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ (၂) ရောဂါကူးစက်ခံရသူများအား စောစီးစွာရှာဖွေ ဖော်ထုတ်ခြင်းနှင့် လူထုအတွင်း သံသယလက္ခဏာ ရှိသူလူနာများအား ဖော်ထုတ်ခြင်း၊ (၃) ဓာတ်ခွဲစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကဆေးရုံများ၊ ဓာတ်ခွဲခန်းများတွင် စစ်ဆေး ခွင့်ပြုခြင်း၊ (၄) ရောဂါသံသယလူနာ၊ အတည်ပြုလူနာတို့မှတစ်ဆင့် အခြားသူများသို့ ဆက်လက် ကူးစက်မှု မရှိစေရေးအတွက် ရောဂါ ပြင်းထန်မှုအခြေအနေပေါ်မူတည်၍ ဆေးရုံများ၊ ကိုဗစ်ကုသရေး စင်တာများတွင် သီးခြားထားရှိကုသမှုပေးခြင်း၊ (၅) ရောဂါ အတည်ပြု လူနာ၏ အနီးကပ် ထိတွေ့သူများအား အသွားအလာ ကန့်သတ်ထား ရှိခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း၊ (၆) (၂၄-၈-၂၀၂၁)နေ့အထိ မိမိအိမ် တွင် နေထိုင်ရမည့် အစီအစဉ်တွင် ပါဝင်သည့်မြို့နယ် ၁၁၉ မြို့နယ် အထိ သတ်မှတ်ထားရှိ၍ ၎င်းမြို့နယ်များမှ လာရောက်သူများအား အသွားအလာ ကန့်သတ်ထားရှိခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း၊ မိမိအိမ်တွင် နေထိုင်ရမည့်အစီအစဉ်တွင် ပါဝင်ခြင်းမရှိသည့် မြို့နယ်များတွင် လည်း လိုက်နာဆောင်ရွက်ရမည့်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန် အသိပေးခြင်း၊ သတိ ပေးခြင်း၊ လိုက်နာမှုအားနည်းပါက ပညာပေးခြင်း၊ အရေးယူခြင်း၊ (၇) ရောဂါခံစားနေရသော လူနာများအား ရောဂါဝေဒနာအခြေအနေ အပေါ်မူတည်၍ လိုအပ်သော ဆေးကုသမှုများပေးခြင်းနှင့် စနစ်တကျ လူနာ သယ်ယူပို့ဆောင်လွှဲပြောင်းပေးခြင်း၊ (၈) အောက်ဆီဂျင် လုံလောက်စွာရရှိရေး ရေတို၊ ရေရှည်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကုသရေးစင်တာများနှင့် ပြည်သူ့ဆေးရုံများ၊ သီးသန့်ခွဲခြားထား ရှိရာနေရာများတွင် တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံလောက်စွာရရှိရေး ဆောင်ရွက်ခြင်း၊ (၉) ပြည်သူလူထုအား ကျန်းမာရေး အသိပညာပေးခြင်း၊ (၁၀) ၂၀၂၁ ခုနှစ်အတွင်း ဦးတည်အုပ်စုများ၏ ၅၀ ရာခိုင်နှုန်းအထက်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ (၁၁) အိမ်နီးချင်း နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုအား စောင့်ကြပ်လေ့လာခြင်း၊ ဒေသတွင်း အာဆီယံနိုင်ငံများနှင့် သတင်း အချက်အလက် ဖလှယ်ခြင်း၊ (၁၂) ကိုဗစ်- ၁၉ ရောဂါကြောင့် စီးပွား ရေးထိခိုက်မှုလျော့ပါးစေရေး ကျန်းမာရေးအရ စီမံဆောင်ရွက်ခြင်း တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။
သိသာထင်ရှား ထိရောက်သော ဆောင်ရွက်ချက် အိမ်စောင့်အစိုးရအဖွဲ့နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီတို့၏ သိသာထင်ရှား ထိရောက်သော ဆောင်ရွက်ချက်တစ်ခုမှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၇ ရက်မှစတင်၍ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်အထိ ရုံးပိတ်ရက်နှင့် အလုပ် ပိတ်ရက်များ သတ်မှတ်ပေးခြင်းနှင့် မိဘပြည်သူများကို တတ်နိုင် သရွေ့ မိမိအိမ်တွင်သာနေထိုင်စေခြင်း လုပ်ငန်းများ ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝအရ လူတစ်ဦးနှင့် တစ်ဦး ထိတွေ့မှု နည်းပါးသည်နှင့်အတူ ရောဂါဆက်လက်ကူးစက်နိုင်သည့် အခွင့်အလမ်း နည်းပါးခြင်းဖြစ်သည့်အတွက် မိမိအိမ်တွင်သာ နေထိုင် ခြင်းသည် ရောဂါကွင်းဆက်ကို ထိရောက်စွာ ဖြတ်တောက်နိုင်ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရောဂါကူးစက်မှုကွင်းဆက်၏ အဓိကရင်းမြစ်ကို ကိုင်တွယ်ဖြတ်တောက်ခြင်းပင်ဖြစ်ပါသည်။ နိုင်ငံတော်အိမ်စောင့်အစိုးရ၏ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်မှုများအပေါ် မိဘပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ အားကောင်းလာသည်နှင့်အတူ ရောဂါဖြစ်ပွားမှုနှင့် ရောဂါပိုး တွေ့ရှိရနှုန်းများ ဆက်တိုက်ဆိုသလို ကျဆင်းလာခြင်းကို တွေ့ရှိရပါသည်။
ရှေးဦးစွာ ရောဂါပိုးတွေ့ရှိမှုနှုန်းများ ကျဆင်းလာခြင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ရုံးပိတ်ရက်ရှည်စတင်သည့် (၁၇-၇-၂၀၂၁) ရက်တွင် ရောဂါပိုး စစ်ဆေးသူ၁၄၀၅၂ ဦးအနက်ပိုးတွေ့ရှိသူ ၅၄၉၇ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၃၉ ဒသမ ၁၂ရှိခဲ့သည်ကို တွေ့ရကာ ရောဂါကြောင့် သေဆုံးသူ ၂၃၃ ဦး သေဆုံးမှုရာခိုင်နှုန်း ၄ ဒသမ ၂၄ ရှိခဲ့သည်ကို တွေ့ရပါသည်။
ဆက်လက်၍ ရုံးပိတ်ရက်စတင်၍ နှစ်ပတ်အကြာ (၃၁-၇၂၀၂၁) ရက်နေ့တွင် ရောဂါပိုးစစ်ဆေးသူ ၁၃၇၉၉ ဦးအနက် ပိုးတွေ့ရှိသူ ၄၇၂၅ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၃၄ ဒသမ ၂၄ ရှိခဲ့သည်ကို တွေ့ရကာ ရောဂါကြောင့် သေဆုံးသူ ၃၉၂ ဦး သေဆုံးမှုရာခိုင်နှုန်း ၈ ဒသမ ၃ ရှိခဲ့သည်ကို တွေ့ရပါသည်။ ရုံးပိတ်ရက်စတင်၍ လေးပတ် အကြာ (၁၄-၈-၂၀၂၁)ရက်နေ့တွင် ရောဂါပိုးစစ်ဆေးသူ ၁၃၀၃၄ ဦးအနက် ပိုးတွေ့ရှိသူ ၃၄၁၉ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၂၆ ဒသမ ၂၃ ရှိခဲ့သည်ကို တွေ့ရကာ ရောဂါကြောင့် သေဆုံးသူ ၁၉၉ ဦး သေဆုံးမှု ရာခိုင်နှုန်း ၅ ဒသမ ၈၂ ရှိခဲ့သည်ကို တွေ့ရပါသည်။ ရုံးပိတ်ရက် စတင်၍ ခြောက်ပတ်အကြာ (၂၈-၈-၂၀၂၁) ရက်နေ့တွင် ရောဂါပိုး စစ်ဆေးသူ ၁၈၁၈၉ ဦးအနက် ပိုးတွေ့ရှိသူ ၂၉၃၂ ဦး၊ ပိုးတွေ့ ရာခိုင်နှုန်း ၁၆ ဒသမ ၁၂ ရှိခဲ့သည်ကို တွေ့ရကာ ရောဂါကြောင့် သေဆုံးသူ ၁၀၉ ဦး သေဆုံးမှုရာခိုင်နှုန်း ၃ ဒသမ ၇၂ ရှိခဲ့သည်ကို တွေ့ရပါသည်။ ရုံးပိတ်ရက်စတင်၍ ၄၆ ရက်အကြာ (၁-၉-၂၀၂၁) ရက်နေ့တွင် ရောဂါပိုးစစ်ဆေးသူ ၃၉၄၆၁ ဦးအနက် ပိုးတွေ့ရှိသူ ၃၃၅၈ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၈ ဒသမ ၅၁ ရှိခဲ့သည်ကို တွေ့ရကာ ရောဂါကြောင့် သေဆုံးသူ ၁၀၁ ဦး သေဆုံးမှုရာခိုင်နှုန်း ၃ ဒသမ ၀၁ ထိ ကျဆင်းလာသည်ကို တွေ့ရပါသည်။
ပိုးတွေ့ရှိမှုနှုန်းအနေဖြင့် တတိယလှိုင်းတွင် အမြင့်ဆုံးဖြစ်ခဲ့သည့် အနေအထား (၂၃-၇-၂၀၂၁) နေ့တွင် ရောဂါပိုးစစ်ဆေးသူ ၁၃၄၈၇ ဦးအနက် ပိုးတွေ့ရှိသူ ၅၅၀၆ ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၄၀ ဒသမ ၈ ရာခိုင်နှုန်းမှ ၈ဒသမ၅ ရာခိုင်နှုန်းဝန်းကျင်သို့ ဆက်တိုက်ကျဆင်းလာ သည့် အနေအထားဖြစ်ပါသည်။ ထို့အပြင် သေဆုံးမှုနှုန်းမှာလည်း (၁-၈-၂၀၂၁)နေ့တွင် ပိုးတွေ့ရှိသူ ၃၄၈၀၊ ရောဂါကြောင့် သေဆုံးသူ ၃၉၇ ဦး၊ ရောဂါကြောင့် သေဆုံးမှုနှုန်း ၁၁ ဒသမ ၄၁ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ရောဂါကြောင့် သေဆုံးမှုနှုန်း ၃ ဒသမ ၁ ရာခိုင်နှုန်းထိ ကျဆင်းလာခြင်းဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် သည့် အချက်အလက်များအပြင် နှီးနွယ်ဝန်ကြီးဌာနများမှရရှိသော အချက်အလက်များအရ တစ်နိုင်ငံလုံးတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လနှင့် နှိုင်းယှဉ်လျှင် သြဂုတ်လအတွင်း ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုများ အပါအဝင် သေဆုံးသူဦးရေမှာလည်း အဆပေါင်းများစွာ သိသိသာသာလျော့ကျလျက် ရှိသည်ကို တွေ့ရှိရပါသည်။
၈၇ ရာခိုင်နှုန်းအထိ ကျဆင်းလာ
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရုံးပိတ်ရက်ကာလ အတွင်း ရောဂါဖြစ်ပွားမှုများကို ရုံးပိတ်ရက်ရှည်မတိုင်ခင် ရက်သတ္တပတ်အတွင်း ရောဂါဖြစ်ပွားမှုအရေအတွက်နှင့် နှိုင်းယှဉ် ကြည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမအပတ်အတွင်း ၂၂ ရာခိုင်နှုန်းကျဆင်း၍ ဒုတိယအပတ်တွင် ၄၅ ရာခိုင်နှုန်း၊ တတိယ အပတ်တွင် ၆၈ ရာခိုင်နှုန်း၊ စတုတ္ထအပတ်တွင် ၇၇ ရာခိုင်နှုန်း၊ ပဉ္စမ အပတ်တွင် ၈၇ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်းကို တွေ့ရပါသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့်လည်း ပထမအပတ်တွင် ခုနစ်ရာခိုင်နှုန်း၊ ဒုတိယအပတ်တွင် ၂၆ ရာခိုင်နှုန်း၊ တတိယအပတ် တွင် ၅၈ ရာခိုင်နှုန်း၊ စတုတ္ထအပတ်တွင် ၅၇ ရာခိုင်နှုန်းနှင့် ပဉ္စမအပတ် တွင် ၇၂ ရာခိုင်နှုန်းအထိ ရောဂါဖြစ်ပွားသူဦးရေကျဆင်းလာသည် ကို တွေ့ရပါသည်။ ပဲခူးတိုင်းဒေသကြီးတွင် ရုံးပိတ်ရက်ကာလ ပဉ္စမ အပတ်အထိ ၇၁ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်းကို တွေ့ရပါသည်။ ရုံးပိတ်ရက်အတွင်း ရောဂါဖြစ်ပွားမှု ကျဆင်းနေသော တိုင်းဒေသကြီး နှင့် ပြည်နယ်များအနေဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ဖြစ်သည်ကို အစဉ်လိုက် တွေ့မြင်ရပါသည်။
ဖြစ်ပွားမှုအနည်းငယ်တက်နေ
အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ ရုံးပိတ်ရက်ရှည် ကာလများအတွင်း ဖြစ်ပွားမှုအနည်းငယ် တက်နေသည်ကို တွေ့ရပါသည်။ ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုံးပိတ်ရက်ရှည်ကာလ အတွင်း ထုတ်ပြန်ထားသည့် လိုက်နာရမည့်စည်းကမ်းများကို လိုက်နာခြင်း၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်၍ ရောဂါကွင်းဆက်ဖြတ်တောက်ခြင်းကို တိုးမြှင့် ဆောင်ရွက်နေကြောင်းကိုလည်း သိရှိရပါသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရောဂါ ဖြစ်ပွားမှုကျဆင်းလာကာ တစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားမှု တတိယလှိုင်း အမြန်ဆုံးပြီးဆုံးမည် ဖြစ်ပါသည်။
ထိရောက်စွာ ကာကွယ်ထိန်းချုပ်လာနိုင် ဒေသတွင်းအချို့နိုင်ငံများနှင့် အာဆီယံနိုင်ငံအများစုတွင် ကူးစက်မြန်၍ပြင်းထန်သော မျိုးရိုးဗီဇပြောင်းပိုးများကြောင့် ဖြစ်ပွား သည့် ရောဂါဖြစ်ပွားမှုလှိုင်းများကို ကြိုးပမ်းထိန်းချုပ်နေရသည့် အချိန်ကာလတွင် မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ မျိုးရိုးဗီဇပြောင်းပိုး များကြောင့် ဖြစ်ပွားသည့် ရောဂါတတိယလှိုင်းကို အချိန်တိုအတွင်း ဆတိုးဖြစ်ပွားမှုများနှင့် သေဆုံးမှုများကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်လာနိုင်သည့် အခြေအနေတစ်ခုကို ရရှိလာခြင်း ဖြစ်ပါသည်။
ဆက်လက်ပြီး ကိုဗစ်-၁၉ရောဂါတတိယလှိုင်း အမြန်ဆုံးပြီးဆုံး ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရောဂါပိုးရှိသူစစ်ဆေးရှာဖွေခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်၍ လက်ကျန် ရောဂါကွင်းဆက်ဖြတ်တောက်ခြင်း လုပ်ငန်းများကို မိဘပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်သည့်အချိန်ကာလ ဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာတစ်ခုခုခံစားရခြင်း၊ ရောဂါရှိသူနှင့် ထိတွေ့မိခြင်းတို့ ရှိပါကသက်ဆိုင်ရာကျန်းမာရေးဌာနနှင့် ဆက်သွယ်စစ်ဆေး၍ အခြား သူများနှင့် ဆက်လက်ထိတွေ့မှုမရှိအောင် သီးသန့်ခွဲခြားနေထိုင်ရန် လိုအပ်ပါသည်။ သို့မှသာ ပြည်သူလူထုအတွင်းတွင် တိမ်မြုပ်နေသော ရောဂါပိုးရှိသူများအား ဖော်ထုတ်၍ ရောဂါကွင်းဆက် လက်ကျန်များ အချိန်တိုအတွင်း ဖြတ်တောက်နိုင်မည်ဖြစ်ပါသည်။
ဆက်လက်ပူးပေါင်းဆောင်ရွက်
ယခုကဲ့သို့ အိမ်စောင့်အစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တာဝန်ရှိသူများ၊စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ မိဘပြည်သူများ လက်တွဲပူးပေါင်း၍တစ်ကိုယ်ရေကာကွယ် ရေးနည်းလမ်းများလိုက်နာခြင်း၊ ကာကွယ်ဆေးထိုးနှံမှု စနစ်တကျ အကြိမ်ပြည့်ခံယူခြင်းစသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ခြင်းအင်အားဖြင့် နောက်ထပ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လှိုင်းများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလာခြင်း မရှိစေရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ “ သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း အမြန်ပြီးဆုံးရေးနှင့် နောက်ထပ်ရောဂါ ဖြစ်ပွားမှုလှိုင်းများ ပြင်းပြင်းထန်ထန် မဖြစ်ပွား စေရေးအတွက် အိမ်စောင့်အစိုးရအဖွဲ့ နှင့် မိဘပြည်သူများ ပူးပေါင်း လက်တွဲ၍ ဆက်လက်ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။