Skip to main content

စာကြည့်တိုက်ပညာ၏ဖခင် ဆရာကြီး ဒေါက်တာစည်သူသော်ကောင်း

 

 

၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုနှင်းသဘင်ကို ၂၇-၁၂-၂၀၁၁ ရက်တွင် နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန၌ကျင်းပရာ အမျိုးသား စာပေတစ်သက်တာဆုကို ဆရာကြီးဦးသော်ကောင်းအား ချီးမြှင့်ခဲ့သည်။

အမျိုးသားစာပေတစ်သက်တာဆုကို ၂၀၀၁ ခုနှစ်တွင် စတင်တီထွင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မိမိ၏  ဘဝတစ်လျှောက်လုံးကို စာပေထဲတွင်မြှုပ်နှံကာ မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်လျက်ရှိသည့် သက်ရှိထင်ရှား စာပေ ပညာရှင်ကြီးများကို ရွေးချယ်ချီးမြှင့်သည့် စာပေဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်သည်။

ဆရာကြီး စည်သူဒေါက်တာသော်ကောင်းသည် အသက် ၇၁ နှစ်အရွယ် ၂၀၀၈ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ အသက် ၇၃ နှစ်တွင် ၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုတို့ကို ချီးမြှင့်ခံရသူဖြစ်သည်။ထို့နောက် ၂၀၁၆ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆု၊ ၂၀၁၅ ခုနှစ်တွင် သုတစွယ်စုံစာပေတစ်သက်တာဆု၊ ၂၀၁၆ ခုနှစ်တွင် ဆရာဝန်တင်ရွှေ စာပေတစ်သက်တာဆု တို့ကိုလည်း ရရှိခဲ့သူဖြစ်သည်။

ဆရာကြီးသည် စာကြည့်တိုက်မှူးဘဝကတည်းက မြန်မာစာပေလောက တိုးတက်ရေးအတွက် အကျိုးပြု စာပေများစွာကို ရေးသားခဲ့သည့်အလျောက် လက်ရှိအချိန်အထိ မြန်မာစာပေအတွက် ကြိုးပမ်းဆောင်ရွက်နေသူတစ်ဦး ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း တစ်သက်တာ စာပေဆုရှင်အဖြစ် ထိုက်ထိုက်တန်တန် ချီးမြှင့်ခံရခြင်း ဖြစ်သည်။ ထို့ပြင် ၂၀၁၂ ခုနှစ်တွင် ဆရာကြီးကို ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ဒုတိယ အဆင့်)နှင့် စည်သူဘွဲ့တို့ကို နိုင်ငံတော်အစိုးရ ကချီးမြှင့်ခဲ့သည်။

ဆရာကြီးသည် စာကြည့်တိုက်ပညာကို တက္ကသိုလ်အဆင့်တွင် သင်ကြားနိုင်ရန် ကြိုးပမ်းခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ စာကြည့်တိုက်လှုပ်ရှားမှုကို အားပေးလှုံ့ဆော်ကာ လေ့ကျင့်ပျိုးထောင်ပေးခဲ့သည့် အတွက်ကြောင့် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ ကျော်ကြားသော မြန်မာ့စာကြည့်တိုက် ပညာရှင်တစ်ဦးဆိုလည်း မမှားနိုင်ပေ။ “ပညာရှာသူ တို့ဝိုင်းကူ” ဟူသော ဆောင်ပုဒ်ကိုနှလုံးသွင်း၍ ကိုယ်ကျိုးမဖက်စေတနာရှေ့ထား ကူညီတတ်သူ တစ်ဦးဖြစ်ပြီး ဖခင်၏ပညာခြေရာကို အမီလိုက်နိုင်ခဲ့သည့် တစ်ဦးတည်းသော စာကြည့်တိုက် ပညာရှင်ကြီးလည်းဖြစ်သည်။

ဦးသော်ကောင်းကို အဘစည်သူဦးကောင်း-အမိ ဒေါ်သိန်းတို့က ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် နတ်တော်လပြည့် သောကြာနေ့တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။ ဆရာကြီး၏ဖခင်သည် လွတ်လပ်ရေးကာလတွင် အင်္ဂလန်နိုင်ငံ ပညာတော်သင်များအတွက် အကြံပေးအရာရှိ၊ အင်္ဂလန်နိုင်ငံရှိ မြန်မာသံရုံး ပညာရေးသံမှူးတာဝန်တို့ကို တာဝန်ထမ်းဆောင်စဉ် ၁၉၄၇-၄၉ ခုနှစ်၌ မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရကာ ငွေစက္ကူများပေါ်တွင် “မောင်ကောင်း” ဟူ၍ လက်မှတ်ရေးထိုးခဲ့သူဖြစ်သည်။ ဦးကောင်းသည် ပညာမင်းကြီးဖြစ်သည့်အပြင် ပထမဆုံး မြန်မာ့သမိုင်းကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းခဲ့သူလည်းဖြစ်သည်။ ဆရာကြီး ဦးသော်ကောင်းသည် မွေးချင်းသုံးဦးအနက် အကြီးဆုံးသားဖြစ်သည်။

ဆရာကြီးသည် ငယ်စဉ်ကလေးဘဝတွင်  အရိုးအဆစ် နာကျင်ကိုက်ခဲသော ရောဂါကို ခံစားရသဖြင့် တခြားကလေးများ ကဲ့သို့ ကစားခုန်စားမလုပ်နိုင်ခဲ့ပေ။ စာပေဝါသနာကြီးမားသည့် ဖခင်ဦးကောင်း ဝယ်ယူစုဆောင်းထားသည့် စာအုပ်များက အိမ်အပြည့်ပင်ရှိသည့်အတွက် ထိုစာအုပ်များဖြင့်သာ အဖော်ပြုခဲ့ရသည်။ ထို့ပြင် အိမ်၌ပင် မိခင်ဖြစ်သူနှင့် ဆရာ၊ ဆရာမများက ပညာသင်ကြားပေးခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် အစိုးရက ဖခင်ဦးကောင်းကို မြန်မာနိုင်ငံက စေလွှတ်သော ပညာတော်သင်များအား ကြည့်ရှုစောင့်ရှောက်ရန်တာဝန်ဖြင့် အင်္ဂလန်သို့ စေလွှတ်ခဲ့ရာ မိသားစုနှင့်အတူ လန်ဒန်မြို့သို့ လိုက်ပါသွားခဲ့သည်။

၁၉၅၀ ပြည့်နှစ်ကုန်ပိုင်းတွင် မိသားစုနှင့်အတူ ရန်ကုန်သို့ ဆရာပြန်လိုက်လာခဲ့သော်လည်း  နေမကောင်းပြန်သဖြင့် ကျောင်းမတက်နိုင်ခဲ့ပေ။  ၁၉၅၂ ခုနှစ်တွင် အင်္ဂလိပ်မက်သဒစ်အထက်တန်းကျောင်း (ယခု ဒဂုံ အ.ထ.က ၁)၌ သတ္တမတန်းနှစ်လယ်မှစ၍ ကျောင်းနေခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်္ဂလိပ်စာနှင့် ပထဝီဝင် ဂုဏ်ထူးနှစ်ဘာသာဖြင့် ပထမဆင့် (1st Division) မှ အောင်မြင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင်  ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူး (အင်္ဂလိပ်စာ) ဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သောကြောင့် ဦးဘိုးနှစ်ရွှေတံဆိပ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဝိဇ္ဇာဂုဏ်ထူးဘွဲ့မရမီ ၁၉၅၇ ခုနှစ် အသက် ၁၉ နှစ်အရွယ်က စတင်လျက် ရန်ကုန်တက္ကသိုလ်  အင်္ဂလိပ်စာဌာန စာကြည့်တိုက်တွင် အချိန်ပိုင်း အလုပ်လုပ်ခဲ့သည်။ အသက် ၂၁ နှစ်ကျော် ၁၉၅၉ ခုနှစ် မတ်လတွင် ဝိဇ္ဇာဂုဏ်ထူးတန်းစာမေးပွဲ ဖြေဆိုခဲ့ပြီး ထိုနှစ် ဧပြီလ ၁ ရက်တွင် ဆရာဇော်ဂျီလက်အောက်ရှိ လူမှုရေးသိပ္ပံ စာကြည့်တိုက်(ယခုရန်ကုန် စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်) တွင် အလုပ်စတင်ဝင်ရောက်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ စာကြည့်တိုက်ပညာ ဘွဲ့လွန်ဒီပလိုမာ ရရှိသည်။ ယင်းနောက် AALIA (Associate of the Australian Library and Information Association)ဘွဲ့၊ အင်္ဂလန်နိုင်ငံ၏ အမြင့်ဆုံးဘွဲ့ FLA (Fellow of the Library Association) တို့ကိုလည်း ရရှိခဲ့သည်။ ၁၉၈၃ ခုနှစ်၌ အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းက ဂုဏ်ထူးဆောင် အဖွဲ့ဝင် [Hon. Follow of the Library Association (FLA)] အဖြစ် ရွေးချယ်တင်မြှောက်သည်။ ၁၉၉၉ ခုနှစ်တွင် သြစတြေးလျနိုင်ငံ အနောက်ဆစ်ဒနီတက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ [Doctor of Letters (Honori - Scausa)] ကို ချီးမြှင့်ခြင်းခံရသဖြင့်  ဒေါက်တာသော်ကောင်းဟု မော်ကွန်းထိုးခေါ်ဆိုခြင်းခံရသူ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၀၅ခုနှစ်တွင် ဂျပန်နိုင်ငံ ဖုကုအိုက အာရှဓလေ့ဆုရွေးချယ်ရေးကော်မတီက ဖုကုအိုက ပညာရှင်ဆု [Fukuoka Asian Culture Prize (Academis Laureate)] ပေးအပ်ချီးမြှင့်ခြင်းခံရသည်။             လမ်းသစ်ဖောက်သူ

ဆရာကြီးသည် အရပ်ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်နှင့် အမြဲပြုံးရွှင် နေတတ်သည်။ လူတိုင်းအပေါ်လည်း အစဉ်အမြဲ နှစ်လိုဖွယ်အပြုံးဖြင့် ဆက်ဆံတတ်သူ တစ်ဦး လည်း ဖြစ်သည်။ စကားပြောဆိုရာတွင်လည်း နူးညံ့သိမ်မွေ့သူဖြစ်သည်။ စာပေနှင့်ပတ်သက် လာလျှင် မည်သူ့ကိုမဆို ထိထိရောက်ရောက် ကူညီတတ်သူဖြစ်ပြီး စာဖတ်ခြင်းကို မွေ့လျော်သူ ဖြစ်သည်။ ဆရာကြီးသည် ငယ်စဉ်ကတည်းကပင် စာပေဝါသနာပါခဲ့သည်။ ဆရာသူရဇော် ရေးသားထားသည့် “စာထဲမှာ သူနေ စာပေမှာမွေ့လျော်၏။ စာစားကာ အာဟာရနဲ့ ဘဝမှာ စာကိုစွဲ၊ မြဲလျပါဘိ” ကဗျာတွင် ဆရာသော်ကောင်း၏ ဘဝပုံရိပ်ကို ထင်ဟပ်စေသည်ဟုလည်း ဆရာဟိန်းလတ်က ဆိုထားဖူးသည်။ ဆရာကြီးသည် လက်လှမ်းမီသမျှ မြန်မာပြည်နှင့် ပတ်သက်သော စာအုပ်၊ စာစောင်၊ စာတမ်းများ အကုန်လုံးကို ဖတ်ခဲ့ဖူးပြီး မည်သည်တို့ အကြောင်းကို မည်သူရေးသားထားခဲ့သည်ကို အလွတ်နီးပါး သတိရသည်။ စာဖတ်မြန်၍ မှတ်ဉာဏ်ကောင်းသူဖြစ်သည်။ ယင်းကလည်း ဆရာ၏ လုပ်ငန်းကို အထူးအကျိုး ပြုပေခဲ့သည်။ ဆရာဒေါက်တာညီညီက “မြန်မာပြည်အကြောင်း၊ အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသော စာအုပ်စာတမ်း အကုန်လုံးနီးပါးဖတ်ဖူးပြီး သိကျွမ်းသူ ကမ္ဘာပေါ်တွင် နှစ်ဦးသာ ရှိသည်ထင်ပါသည်။ ထိုသူတို့သည် “ဦးသော်ကောင်းနှင့် အင်္ဂလိပ် အမျိုးသမီးပညာရှင် Patricia Hebert တို့ ဖြစ်သည်”ဟု ချီးကျူးဂုဏ်ပြုရေးသားခဲ့သည်။

ဆရာကြီးသည် စာကြည့်တိုက်မှူးအလုပ် ရွေးချယ်ခဲ့သည့် အချိန်တုန်းက ယခုကဲ့သို့အလုပ်မျိုး မြန်မာနိုင်ငံတွင် မတွင်ကျယ်သေးသည့်အပြင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင်လည်း စာကြည့် တိုက်ပညာကို စနစ်တကျ သင်ယူ၍ မရသေးပေ။ သို့ပါ၍ ဆရာကြီး ရွေးချယ်လိုက်သည့် လမ်း သည် အများမလျှောက်သေးသည့် လမ်းသစ်ဖြစ်သည့်အတွက် တီထွင်ကြံဆ စမ်းတဝါးဝါး စလျှောက်ခဲ့ရသည်။

အထူးအားထုတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ အခက်အခဲအမျိုးမျိုး၊ ဆူးငြောင့်ခလုတ် အသွယ် သွယ်တို့ကို ကျော်လွှားခဲ့ရသည်။ ဆရာကြီးသည်လူပုံအေးဆေးတည်ငြိမ်၍ စိတ်သဘောထား နူးညံ့ပျော့ပျောင်းသော်လည်း စာပေနှင့်ပတ်သက်လာလျှင် အလွန်သတ္တိရှိသော ပုဂ္ဂိုလ်ကြီးဖြစ်

သည်။ ဆရာကြီးကို ၁၉၈၀ ပြည့်နှစ်ခန့်တွင် အစိုးရဌာနတစ်ခု၌ ညွှန်ကြားရေးမှူးချုပ်ရာထူး ပေးရန် သက်ဆိုင်ရာလူကြီးများက စီမံခဲ့ဖူးသော်လည်း ဆရာကြီး၏ ပြင်းပြသော စာပေစိတ် ဓာတ်ကြောင့်ပင် မိမိဝါသနာကြီးမားသည့် စာကြည့်တိုက်မှူးဘဝကိုသာ နှစ်ခြိုက်သည့်အတွက် ငြင်းပယ်ခဲ့သည်။ ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံသို့ မြန်မာ့စာပေ၊ သမိုင်း၊ ဓလေ့ထုံးစံ များလေ့လာရန် ရောက်ရှိလာသော နိုင်ငံခြားသား ပညာရှင်များကို စာအုပ်စာပေအားဖြင့် များစွာ  ကူညီပံ့ပိုးပေးနိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံခြားသား ပညာရှင်များက ကြည်ညိုလေးစားကြ၏။ ဤသည်မှာ ဆရာ့သန္တာန်တွင် ကိန်းဝပ်နေသော မေတ္တာတရား၏ သင်္ကေတဖြစ်သည်။ ဆရာကြီးက လူလူချင်းဆက်ဆံသည့်အခါ ရိုးသားရန်၊ စာနာတတ်ရန်၊ နှိမ့်ချတတ်ရန် လိုအပ်ကြောင်းနှင့် ထိုကဲ့သို့ တစ်ဦးကိုတစ်ဦး လေးလေးစားစား၊ မှန်မှန်ကန်ကန် ဆက်ဆံနိုင် ကြလျှင် သာယာသည့် လူမှုအသိုက်အဝန်း ဖြစ်လာမည်မှာ မလွဲမသွေဟု ဆိုဆုံးမတတ်သူ ဖြစ်သည်။

စာကြည့်တိုက်တာဝန် သူကျေပွန်

ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး စာကြည့်တိုက်မှူးအဖြစ် ဦးခင်ဇော် (ကလောင်အမည် - K)က ၁၉၃၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ဦးသိန်းဟန် (ဆရာဇော်ဂျီ) က တာဝန်ယူခဲ့သည်။( ၁၉၆၄ခုနှစ်တွင် အခေါ်အဝေါ် ပြောင်းလဲခဲ့ သည့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်၏ စာကြည့်တိုက်မှူးကြီးအဖြစ် ၁၉၆၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ဆရာကြီး ဦးသိန်းဟန် (ဆရာဇော်ဂျီ) ၏ စာပေအမွေအနှစ်နှင့် စာကြည့်တိုက် အတတ်ပညာရပ်များကို ဆရာဦးသော်ကောင်းက ဆက်ခံခဲ့သည်။ တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်သည် ဦးသော်ကောင်း လက်ထက်တွင် ပိုမိုပီပြင်လာပြီး မြန်မာနိုင်ငံ၏ အားအထားရဆုံး သော စာကြည့်တိုက်ဖြစ်လာသည့်အပြင် မြန်မာပြည်အကြောင်း လေ့လာလိုသူများအတွက် နိုင်ငံတကာ၏ အားကိုးရာဖြစ်လာသည်။ ဆရာကြီးသည် မြန်မာစာနယ်ပယ်နှင့် ကမ္ဘာ့စာပေ နယ်များကို ပေါင်းကူးတံတားခင်းပေးခဲ့သည်။ ကမ္ဘာ့စာကြည့်တိုက်များနှင့် ဆက်သွယ်၍ ဗဟုသုတ တိုးပွားစေမည့် စာအုပ်စာတမ်း၊ ဂျာနယ်၊ မဂ္ဂဇင်းများကို စာအုပ်လဲလှယ်၍ဖြစ်စေ၊ ငှားရမ်းဝယ်ယူ၍ဖြစ်စေ ဖြည့်ဆည်းပေးခဲ့သည်။ မူလရည်မှန်းချက်ဖြစ်သည့် မြန်မာမှုနှင့် ပတ်သက်၍လည်း အစုံလင်ဆုံးဖြစ်အောင် စုဆောင်းနိုင်ခဲ့သည်။ ဆရာကြီးသည် ရှေးဟောင်းစာ ပေဖြစ်သည့် ပေ၊ပုရပိုက်လက်ရေးစာများအပေါ် ပိုစိတ်ဝင်စားသည်။ ဘုန်းတော်ကြီးကျောင်းအို များနှင့် ကိုယ်ပိုင်စာကြည့်တိုက်များသို့ သွားရောက်၍ ဖုန်တက်နေသော ပေစာလက်ရေးမူများကို စုဆောင်းခဲ့ကြသည်။ တချို့ကိုဝယ်ရသည်လည်းရှိသည်။ အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်စဉ်က မြန်မာပြည်က ယူဆောင်သွားသည့် ရှားပါးပေနှင့်ပုရပိုက်များကို လန်ဒန်က ဗြိတိန်သျှ စာကြည့်တိုက်မှတစ်ဆင့် ပြန်လည်လှူဒါန်းအောင် ဆောင်ရွက်ခဲ့သည်။ ယခုအခါ ပေ၊ပုရပိုက်အစည်းပေါင်း ၁၆၀၀၀ နီးပါးကို စုဆောင်း ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ဆရာပါရဂူက “တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး ဦးသော်ကောင်းသည် စာကြည့်တိုက်မှူး ရာထူးနှင့် အလွန်တရာ အံဝင်ခွင်ကျသူဖြစ်သည်”ဟု ရေးသားဖူးသည်။ ရှားပါးပေ၊ ပုရပိုက် စာအုပ်စာတမ်းများကို လက်ရေးမူကူးခြင်း၊ မိုက်ကရိုဖလင်ဖြင့် ရိုက်ကူးထိန်းသိမ်းခြင်းများကို လည်း နိုင်ငံတကာနှင့်အညီ ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် ပေ၊ ပုရပိုက်နှင့်လက်ရေးဌာနစိတ်တစ်ခု တည်ထောင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၀၅ ခုနှစ်တွင် ဂျပန်နိုင်ငံ ဖုကုအိုက အာရှဓလေ့ဆုရွေးချယ်ရေးကော်မတီက ဖုကုအိုက ပညာရှင်ဆု [ Fukuoka Asian Culture Prize (Academies Laureate)] ပေးအပ်ချီးမြှင့်ခြင်းခံရသည်။ ထိုဖုကုအိုက ယဉ်ကျေးမှုဆု ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့က “ဒေါက်တာ သော်ကောင်းသည် အာရှတိုက်တွင် စာကြည့်တိုက် ပညာရပ်နယ်ပယ်၌ ဦးဆောင်ဦးရွက်ပြုသူ တစ်ဦးဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၌ ရှေးရိုးရာမှတ်တမ်းမှတ်ရာများကို ထိန်းသိမ်းရာတွင်  အထူးတလည် တာဝန်ကျေပွန်ခဲ့သူဖြစ်သည်”ဟု မှတ်ချက်ပြုခဲ့ဖူးသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဖူကာအိုကာဆုရရှိခဲ့သည့် ကျော်ကြားသော မြန်မာသမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက လည်း “သူကသုတေသနအတွက် ရှားပါးစာရွက်စာတမ်း လိုအပ်နေတဲ့သူ၊ နိုင်ငံသားဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် စာနာကူညီတယ်၊ သူ ကျွန်တော်တို့ကို အမြဲကူညီနိုင်ပါစေ”ဟုလည်း ရေးသားခဲ့ဖူးသည်။

ဆရာကြီးသည် ဝန်ထမ်းလုပ်သက်တစ်လျှောက်လုံး စာကြည့်တိုက်အသိုင်းအဝိုင်းနှင့် စာပေအ ဝန်းအဝိုင်းထဲမှာသာ ဘဝကိုနှစ်မြှုပ်ထားသူဖြစ်သည်။ ဂျပန်၊ သြစတြေးလျ၊ စင်ကာပူ၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံများသို့ စာကြည့်တိုက်နှင့် စာကြည့်တိုက်ပညာသင် တက္ကသိုလ်များ၊ လေ့လာရေးခရီးများ ရောက်ခဲ့သည်။ ဆရာကြီးသည် စာကြည့်တိုက်မှူးတာဝန်နှင့် သင်ကြားရေးတာဝန်တို့ကို ပူးတွဲထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ စာကြည့်တိုက်လောက ထွန်းလင်းတောက်ပရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူအဖြစ် သမိုင်းမှတ်တမ်းဝင်သူ တစ်ဦးဖြစ်သည်။ ဆရာကြီးလက်ထက် ၁၉၇၁ ခုနှစ်မှာပင် စာကြည့်တိုက်ပညာဌာန (Department of Library Science)ကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းအပတ်စဉ် (၁)ကစပြီး စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ကို ပေးအပ်နိုင်ခဲ့သည်။ စာကြည့်တိုက်ပညာဖြင့် အသက်မွေးမည့်သူ သုံးရာကျော်ကိုလည်း မွေးထုတ်ပေးခဲ့သည်။ ဆရာကြီး ပျိုးထောင်ခဲ့သော စာကြည့်တိုက်သင်တန်းသည် ယခုအခါ ဘွဲ့လွန်ဒီပလိုမာသင်တန်းအပြင် မဟာတန်း၊ ပါရဂူတန်း များအထိ တိုးချဲ့သင်ကြားနေပြီဖြစ်သည်။

၁၉၅၇ ခုနှစ်မှ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်အထိ ရန်ကုန်တက္ကသိုလ် ပင်မနယ်မြေရှိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တို့တွင် စာကြည့်တိုက် မှူးအဖြစ် နှစ်ပေါင်း ၄၀ ခန့် တာဝန်ယူလုပ်ကိုင်ခဲ့သည်။

ဆရာကြီးသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့်သုတ ပညာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာနတို့တွင် အချိန်ပိုင်း ပါမောက္ခအဖြစ် စာကြည့်တိုက်ပညာ ဆက်လက်သင်ကြားပို့ချသည်။ ထို့နောက် ဆရာကြီး၏ ဖခင်တည်ထောင်ခဲ့သည့် မြန်မာ့သမိုင်းအဖွဲ့တွင် ၁၉၉၈ ခုနှစ် ဇန်နဝါရီလမှစတင်၍ နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ယခုအခါ မြန်မာ့သမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

ပုံ့ပုံ့ (စာပေဗိမာန်)