Skip to main content

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုအရာကိုသာ လက်ဆင့်ကမ်းပါ

(၅-၈-၂၀၂၁ ရက်နေ့မှအဆက်)
 
အရောင်းဘုရင်မ
 
မေရီကေးလ်အလှကုန် ပစ္စည်းလုပ်ငန်း၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ မေရီကေးလ်အက်စ်သည် အခြားသူများ၏ အစွမ်းအစများအပေါ်တွင် အကောင်းမြင်ပုံ၏ အရေးပါမှုနှင့်တန်ဖိုးကို လုံးဝနားလည်တတ်သူဖြစ်သည်။ ခြံစည်းရိုး၏ နှစ်ဖက်စလုံးကနေ ကြည့်မြင်နိုင်၍ တန်ဖိုးအမှန်ကို သူသိရှိသည်။ ၎င်းတွင် ပြုစုစောင့်ရှောက်ရန် ကလေးနှစ်ယောက် ရှိနေသဖြင့် စတန်လီအိမ်သုံးပစ္စည်းလုပ်ငန်းတွင် စတင်အလုပ်လုပ်ခဲ့သည်။ အခြားသူများမှာ အရောင်း အခြေအနေ ကောင်းမွန်ကြောင်းကို တွေ့ရှိရသည့်အခါ သူ့အနေဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ့အလှည့်သူ့အချိန်ကို ရောက်ရှိလာမည်ဖြစ်ကြောင်းကိုသိနေပြီး နှစ်ဆပို၍ကြိုးစားခဲ့သည်။ ။
 
ကာလအနည်းငယ်ကြာသည့် အခါအဲလတ်စ်၌ အမျိုးသားညီလာခံတစ်ခု ကျင်းပရန် စီစဉ်ထားသည်။ မေရီကေးလ်က သူ၏ခရီးစရိတ်နှင့် အခန်းခအတွက် ၁၂ ဒေါ်လာ ပေးချေခဲ့ရသည်။ သူ့မှာရှိသမျှ ငွေအားလုံး ဖြစ်သော ၁၂ဒေါ်လာထဲတွင် အစားအသောက် အတွက်ပင် မပါဝင်ပေ။ သုံးရက်စာအတွက် စားစရာဒိန်ခဲနှင့်မုန့်များကို ယူဆောင်သွားသည်။ ထိုညီလာခံမှာ အလွန်စိတ်အားထက်သန်စရာ ကောင်းလှသည်။ နောက်ဆုံးည၌ မစ္စတာစတန် လီဘီတာရိုက်က အမျိုးသမီးတစ်ဦးအား အရောင်းသရဖူဘွဲ့အပ်နှင်းပေးသည့်အခါ သူလည်း ထိုသို့အောင်မြင်အောင် လုပ်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။
 
ဥက္ကဋ္ဌမစ္စတာဘိတာရိုက်ထံသို့ လက်ဆွဲနှုတ်ဆက်ရန် သွားသည့်အခါတွင် သူ့မျက်စိကို တည့်တည့် စိုက်ကြည့်လိုက်ပြီးနောက် “ကျွန်မ ဘယ်သူလဲဆိုတာကို ဒီနေ့ညတော့ မသိသေးဘူး၊ ဒါပေမဲ့ နောက်နှစ် ဒီအချိန်ကျရင် ကျွန်မဟာအရောင်းဘုရင်မ ဖြစ်ကိုဖြစ်လာစေရမယ်” ဟု ပြောလိုက်သည်။ မေရီကေးလ်က သူ့မျက်စိကို စူးစိုက်ကြည့်ပြီး လက်ဆွဲနှုတ်ဆက်သည့် အခါတွင် သူ၏ခန္ဓာကိုယ်ထဲမှတစ်စုံတစ်ခုကို တွေ့မြင်လိုက်ပုံရသည်။ ထို့ကြောင့်ပင် “မင်းရလိမ့်မယ်လို့ ငါထင်ပါတယ်” ဟု ပြန်ပြောခဲ့သည်။ သူလည်း နောင်တစ်ချိန်၌ လက်ရှိကုမ္ပဏီမှာပင် ဆုရထိုက်သူတစ်ဦး ဖြစ်လာခဲ့သည်။
 
တစ်ရက်၌သူ အနားရခဲ့သည်။ သူ၏အနားယူခြင်းဆိုသည်မှာ တစ်နေ့လျှင် ၁၂နာရီ အလုပ်လုပ်ရ သည့် အချိန်ကာလများသာ ဖြစ်သည်။ သူ၏ ပြန့်ကျဲနေသည့် အတွေးစများကို စုစည်းရန် အတွက် ယခုအချိန်ရလာသည့်အခါတွင် မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်လိုက်ပြီးနောက် စတင်တွေးတောကြံစည်စပြုသည်။ သူကိုယ်စားပြုနေသည့် ကုမ္ပဏီနှင့်ပတ်သက်၍ ကြိုက်နှစ်သက်ရာ အချက်အလက်များကို ချရေးသည်။ အရောင်းလုပ်ငန်းတွင် တက်လမ်းရှာနေသည့် အမျိုးသမီး တစ်ယောက်အတွက် သူလုပ်ချင်သည့်၊ ဖြစ်ချင်သည့်၊ ရချင်သည့် အရာများကို ချရေးသည်။ ထို့နောက် ထိုအချက်များပေါ်တွင် မူတည်ကာ သူ့ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို တည်ထောင်သွားရန် ဆုံးဖြတ်ခဲ့သည်။ သူ၏လက်အောက်ငယ် သားများကို အမျိုးသမီး တိုင်း၌ ရှိနေသည့်၊ သူတွေ့မြင်သည့် အစွမ်းအစများ၊ အလှအပများကို အသုံးချခွင့်ရစေရမည်ဟူသည့် အခြေခံအပေါ်၌မူတည်ပြီး ကုမ္ပဏီတည်ထောင်ခဲ့သည်။ သူ့မှာရှိသည့် အရာတစ်ခုကိုပေးခြင်းထက် သူတို့မှာရှိသည့် အစွမ်းအစများကို ထုတ်သုံး ခွင့်ပြုခြင်းက ပိုကောင်းပြီး ပို၍အရေးကြီးသည်ဟု ထင်သည်။
 
မေရီကေးလ်က အမျိုးသမီးများအနေဖြင့် ဝင်ငွေအများအပြားရရှိပြီး ဘဝ၏စည်းစိမ်ဥစ္စာများ ကိုလည်း ခံစားသင့်သည်ဟု ထင်မြင်သည်။ ရင်းနှီးမြှုပ်နှံမှုငွေကြေးအရ အကန့်အသတ် ရှိနေသော်လည်း အကန့်အသတ်မရှိသော ယုံကြည်ချက်များဖြင့် ၁၉၆၃ ခုနှစ် သြဂုတ်လတွင် မေရီကေးလ်အလှကုန်လုပ်ငန်းကို စတင်တည်ထောင်ခဲ့သည်။ ပြက္ခဒိန်နှစ်တစ်နှစ် မကုန်ဆုံးသေးမီတွင် သူတို့အနေဖြင့် လက်လီအရောင်း ဒေါ်လာခြောက်သောင်းဖိုးခန့် ရောင်းချခဲ့ရပြီးဖြစ်ပါသည်။ ၁၉၇၆ ခုနှစ်၌မူ မေရီကေးလ်အလှကုန်လုပ်ငန်းသည် သိန်း ၈၈၀ ဖိုးခန့် ရောင်းချရပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တိုင်းမှ အရေအတွက် လေးသောင်းခန့်ရှိသည့် အတိုင်ပင်ခံများ၊ ဒါရိုက်တာများကလည်း မေရီကေးလ်အလှကုန်များ အကြောင်းကို ပြောပြနေကြသည်။
 
ဤအောင်မြင်မှုနှင့်ပတ်သက်၍ အခြားကိစ္စအများအပြားရှိနေသော်လည်း မေရီကေးလ်၏ ကိုယ်ထဲ၌ ထူးထူးခြားခြား တစ်စုံတစ်ခုကို မြင်တွေ့မိသည့်အချိန်မှစ၍ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ထိုထူးခြား သည့်အရာတစ်ခုကို မှန်မှန်ကန်ကန်ရှုမြင်ပြီးဆက်လက်တိုးတက်အောင် ကြီးထွားအောင်လုပ်ဆောင်နိုင်ခဲ့သည်။ သူက လူအများအား ဘုရားသခင်သည် ပထမ၊ မိသားစု သည် ဒုတိယနှင့် မေရီကေးလ် အလှကုန်လုပ်ငန်းသည် တတိယဖြစ်ရမည်ဟုပြောခဲ့သည်။ သူ၏ဝန်ထမ်းများနှင့် ပတ်သက်၍လည်း ပင်ကိုအစွမ်းအစများကို သိမြင်နိုင်ပြီး ထိုသို့မြင်သည့်အတိုင်း ဆက်ဆံခဲ့သည်။ ရလဒ်တစ်ခုအနေဖြင့် မေရီကေးလ်က ပန်းရောင်ကယ်ဒီ လက်ကားကြီးမောင်းနှင်ကာ နိုင်ငံအနှံ့သွားလာနေပုံကို မြင်ယောင်နေခဲ့ပြီးလျှင် ထိုသို့မြင်ယောင်သည့် အတိုင်းလည်း ဖြစ်လာခဲ့သည်။
 
လူဘယ်လောက်ကြောက် တတ်တယ်ဆိုတာ သိသလား
 
ကာရိုလိုင်းနားတောင်ပိုင်း ကိုလံဘီယာရှိ ကုန်တိုက်တစ်ခု၌ ဖြစ်ပွားမှုတစ်ရပ်ကလည်း အလားတူကိစ္စကိုပင် ညွှန်ပြနေသည်။ ခရစ္စမတ်အချိန်ကာလဖြစ်သဖြင့် ဈေးဝယ်သူ အလွန်များပြားနေသည်။ မိခင်တစ်ဦးနှင့် သူမ၏ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးက သရုပ်ဆောင်မှု တစ်ခုကိုကြည့်နေကြသည်။ အမေက ပြပွဲကိုအလွန်စိတ်ဝင်စား ပြီးနောက် ကလေးငယ်ကို အာရုံမစိုက်မိဘဲနှင့် ပေအနည်းငယ်ခန့် ဝေးကွာသွားသည်။ ခဏအကြာတွင်မူ ကလေးပျောက်သွားသဖြင့် လိုက်ပြီးရှာရသည်။ နောက်ဆုံး၌ ကလေးကိုတွေ့ရသည့်အခါ တိရစ္ဆာန် တစ်ကောင်လိုပင် ဖမ်းဆွဲလိုက်ပြီး “ငါ့ဆီလာစမ်း၊ မင်းလူတွေက ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သိရဲ့လား”ဟု ပြောလိုက်သည်။
 
ထိုသူငယ်မကြီးပြင်းမီအချိန်အတွင်း ကလေးငယ်တစ်ယောက် အနေဖြင့် ကြောက်စရာတွေ မည်မျှရှိနေမည်ဖြစ်ကြောင်းကို သိနိုင်ပါသလား။ ဤစာအုပ်ကို ကျွန်တော်တို့ ဖတ်နေသည့် အခါတွင် ကျွန်တော့် သမီးအလတ်ကို လုပ်ခဲ့သလို အပြစ်ရှိသည်ဟု ခံစားရနိုင်သည်။ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပိုကောင်းလာအောင် မသင်ကြားပေးသမျှ အလားတူ ကိစ္စမျိုးတွေကိုသာ လုပ်မိနေမည်။ ထိုသို့ ကျွန်တော် မတွေးမိခဲ့သည့်အတွက်လည်း အံ့အား သင့်မိသည်။ ကျွန်တော်အမှန် တကယ် လေ့လာဆည်းပူးပြီးမှသာလျှင် ထိုသို့သော ထိုးထွင်း ဉာဏ် ကောင်းတစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်။
 
ဖြစ်ပြီးမှ နားလည်သွားရခြင်းနှင့်ပတ်သက်၍ အကြိမ်ပေါင်း များစွာကြားရသည့် ကိစ္စရပ်နှစ်ခု ရှိနေသည်။ ပထမတစ်ခုမှာ ဖြစ်ပျက်ပြီးမှ နားလည်ခြင်းသည် မှန်သည်ဟုပြောပြီး ဒုတိယ တစ်ခုမှာမူ ထိုသို့နားလည်ခြင်းသည်ဘာမျှတန်ဖိုးမရှိ၊ မထိုက်တန်ဟု ပြောကြသည်။ ထိုသို့ပြောကြသည့်နှစ်ခုစလုံးမှာတစ်ဝက်တစ်ပျက်သာ မှန်သည်။ ဖြစ်ပြီးမှ နားလည်ရသည့် အတွက် ထိုကိစ္စမှ သင်ခန်းစာ အများအပြား ရယူနိုင်ခဲ့လျှင် တန်ကြေးရှိသည်။ အကယ်၍ အခြားသူ ၏အတွေ့အကြုံများမှ ရရှိခဲ့သည်ဖြစ်လျှင်လည်း တန်ကြေးအများကြီး ရှိသည်ကို တွေ့ရမည်။ ထိုသို့မဟုတ်ခဲ့လျှင် မျိုးဆက်တိုင်း မျိုးဆက်တိုင်းက ထပ်ခါထပ်ခါမှား နေကြလိမ့်မည်။ မျိုးဆက်သစ်တို့ကလည်း သံသရာဘီးကို တစ်ပတ်ပြန်လည်ပြီး တီထွင်နေကြရမည်ဖြစ် သည်။ ။
 
မျှဝေလေ တိုးပွားလေ
 
အမေရိကန်တော်လှန်ရေး စစ်ပွဲများကာလမှ နာမည်ထင်ရှားသူ မေဂျာအန်ဒီဆင်က စာကြည့်တိုက်တစ်ခု တည်ထောင်ခဲ့သည်။ ထိုအရပ်ဒေသရှိ ပညာဗဟုသုတ ဆည်းပူးလိုသူများ အတွက် သူ၏စာကြည့်တိုက်ကို ကိုယ်ကျိုးမငဲ့ ဖွင့်လှစ်ခဲ့သည်။ စနေနေ့ နံနက်တိုင်း မေဂျာအန်ဒီဆင်၏ စာကြည့်တိုက်သို့ ရောက်လာသည့် အမျိုးသားလူငယ်တစ်ယောက်မှာ စကော့လူမျိုးဖြစ်ပြီး တစ်နေ့တာလုံး စာဖတ်ရှုရသည့်အတွက် အလွန်ကျေးဇူးတင်နေသူ ဖြစ်သည်။ ထိုသို့ ဖတ်ရှုရာ မှ ပညာဗဟုသုတအများအပြားလေ့လာဆည်းပူးခဲ့ပုံရသည်။ အဘယ်ကြောင့်ဆိုလျှင် အင်ဒရူးကာနယ်ဂျီသည် အမေရိကန်နိုင်ငံတွင် အချမ်းသာဆုံးနှင့် ထုတ်လုပ်မှုစွမ်းအား အရှိဆုံးသူတစ်ယောက် ဖြစ်လာခဲ့သောကြောင့်ပင် ဖြစ်သည်။ သူက သန်းကြွယ်သူဌေး ၄၃ ယောက်ကို မွေးထုတ်ပေးခဲ့သည်။ ကာနယ်ဂျီစာကြည့်တိုက်များကို အမေရိကန်နိုင်ငံတစ်ဝန်း၌ ထူထောင်နိုင်ခဲ့သည်။ ထုတ်ဖော်ပြောဆိုခြင်း မပြုကြသော လူထောင်ပေါင်းများစွာ တို့သည်လည်း သူ၏ရက်ရောမှုမှ အကျိုးခံစားခွင့်များ ရရှိခဲ့ကြသည်။
 
မှန်ပါသည်။ ခင်ဗျားအနေဖြင့် အခြားသူများတွင်ရှိသော အစွမ်းအစများကိုသိမြင်ပြီး ထိုအစွမ်းအစများ ကြွယ်ဝတိုးပွားလာအောင် ကူညီပေးနိုင်လျှင် သိသာထင်ရှားသည့် ဖြည့်ဆည်းမှုတစ်ရပ်ကို ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ တကယ်တော့ ခင်ဗျားက လက်ဆင့်ကမ်းလေ ခင်ဗျားအတွက်ပိုကျန်လေဖြစ်သည်မှာ မှတ်သားစရာကောင်းပါသည်။ ချားလ်ပါစီကိုကြည့်ပါ။ ၎င်းအသက် ၃၉ နှစ် အရွယ်တွင် ဘဲလ်နှင့် ဟိုဝဲလ်ကုမ္ပဏီများ၏ ဥက္ကဋ္ဌဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သူဖြစ်သည်။ ကုမ္ပဏီ၏အောက်ခြေမှနေ၍ အဆင့်ဆင့် တက်လာခဲ့ပြီး ကျော်ကြားမှုနှင့်ဥစ္စာဓနတို့ကိုပါရရှိခဲ့သည်။ ယနေ့ဆိုလျှင် သူသည် ထူးချွန်သော အမေရိကန်လွှတ်တော်အမတ်တစ်ယောက် ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ဆီနိတ်တာပါစီနှင့် ပတ်သက်၍ တညီတည်းပြောလေ့ရှိသည့် ဝေဖန်ချက်တစ်ခုက အခြားသူတစ်ယောက်၏ အစွမ်းအစကို သိမြင်နိုင်စွမ်းရှိ၍ ထိုအစွမ်းအစကို အသုံးချရန်လည်း စည်းရုံးနိုင်စွမ်းရှိမှုပင်ဖြစ်သည်။
 
တစ်ခါတစ်ရံတွင် ဤဒဿနသည် ခင်ဗျားကို အလင်းရောင် အောက်သို့ခေါ်မသွားဘဲ အမှောင်ဘက်သို့လည်း ခေတ္တခဏမျှ ခေါ်ဆောင်သွားနိုင်သည်။ ခရစ်ချက်တာဝေး ကိစ္စကိုကြည့်ပါ။ တစ်မိုင်ကို လေးမိနစ်နှင့် ပထမဆုံးပြေးနိုင်ရန်အတွက် အထင်ကရနေရာမှ သူပါဝင်ခဲ့သည်။ သို့ရာတွင် ရော်ဂျာဘန်နစ်စတားက နိုင်ငံတကာတွင် လူသိများလာသည့် အချိန်၌ ချက်တာဝေးသည် မထင်မရှားဖြစ်သွား တော့သည်။ ထိုအချိန်မှစ၍ တစ်မိုင်ကို လေးမိနစ်ထက်ပိုလျော့နည်းပြီး ပြေးနိုင်သည့် ပြိုင်ပွဲပေါင်း ၅၀၀ ကျော် ရှိခဲ့သော်လည်း ချက်တာဝေးသည် မည်သူမျှ မချိုးနိုင်ဟုထင်ခဲ့သောစံချိန်ကို ပထမဆုံးချိုးနိုင်သည့် သူတစ်ယောက်အဖြစ် အမြဲတမ်း ပေါ်ပေါက်လာခဲ့သည်။
 
အမှားအယွင်းနှစ်ခု
 
ကောလိပ်ပါမောက္ခတစ်ယောက်၌ နားလေးနေသည့် ဇနီးတစ်ယောက်ရှိသည်။ သူ၏စိတ်ကူးမှာ သူအလွန်ချစ်သော ဇနီးသည်အတွက် နားကြားကိရိယာတစ်ခု တီထွင်ဖန်တီးရန်ဖြစ်သည်။ သူ့မှာရှိသမျှ ငွေအားလုံး၊ အချိန်အားလုံးကို ထိုစိတ်ကူးအတိုင်း အကောင်အထည် ပေါ်လာစေရန် ကြိုးစားခဲ့သည်။ သမိုင်းမှတ်တမ်းများအရဆိုလျှင် ထိုသို့ကြိုးစားရာ၌ မအောင်မြင်ခဲ့သော်လည်း လုံးဝဆုံးရှုံးသည်တော့ မဟုတ်ပေ။ အလက်ဇန်းဒါးဂရေဟမ်ဘဲလ်သည် ရည်ရွယ်ချက်တစ်ခုကို မရရှိခဲ့သော်လည်း အခြားသူတစ်ယောက်၏ ပြဿနာကို ဖြေရှင်းရန် အာရုံစိုက်မြှုပ်နှံခဲ့သည့် အတွက် လူ့အဖွဲ့အစည်းအနေဖြင့် အများကြီးအကျိုးရှိသွားခဲ့သည်။ သူက လူတစ်ယောက်ကို ကူညီရန် မအောင်မြင်ခဲ့သော်လည်း လူသန်းပေါင်းများစွာတို့ကိုမူ အကူအညီပေးနိုင်ခဲ့သည်။ ။
 
ရှေးယခင် နှစ်အတန်ကြာသည့်အခါက ဝဲလ်ဟမ်းရွိုက်ဟု အမည်ရသည့် ဂျာမန်တီထွင်သူ တစ်ယောက်သည် ဝိုင်ယာကြိုးများမှတစ်ဆင့် အသံလွှင့်ထုတ်နိုင်သည့် ကိရိယာတစ်ခုကို တီထွင်ခဲ့သည်။ တကယ်တော့ ရွိုက်က တစ်လက်မ၏ တစ်ထောင်ပုံတစ်ပုံရှိ အီလက်ထရုဒ် နှစ်ခုကို ရွေ့လျားစေနိုင်သော်လည်း တိုက်မိခြင်းမရှိသဖြင့် တယ်လီဖုန်းကို တီထွင်ခြင်း မပြုနိုင်ခဲ့ပါ။ အကယ်၍သာ ဘဲလ်ကဲ့သို့သော ရည်ရွယ်ချက်မျိုးဖြင့် အလုပ်လုပ်ခဲ့လျှင် ဘယ်လိုဖြစ်နိုင်မည်ကို စဉ်းစားစရာဖြစ်သည်။ ဝဲလ်ဟမ်းရွိုက်၏ ထိုအီလက်ထရုဒ်နှစ်ခု မတော်တဆများ ထိမိသွားခဲ့လျှင် ဘာဖြစ်မည်နည်း။ ကျွန်တော်တို့ မည်သည့်အခါမျှ သိနိုင်တော့မည်မဟုတ်ပါ။
 
အစားထိုးအခမ်းအနားမှူး
 
နှစ်အတန်ကြာက ကျွန်တော့်မိတ်ဆွေတစ်ယောက်ဖြစ်သည့် ဒေးဗစ်စမစ်က ဘဲလိက်ကလပ်၏ နှစ်ပတ်လည်ကပွဲတွင် အခမ်းအနားမှူးအဖြစ် အစားထိုးဆောင်ရွက်ပေးနိုင်မည်လားဟု မေးသည်။ ကျွန်တော်ကလည်း နောက်ပြောင်ပြီး ထိုသို့ အစားထိုး အခမ်းအနားမှူးအဖြစ် အမြဲတမ်းဆောင်ရွက်ချင်ပါကြောင်း ပြောလိုက်သည်။ ထိုအခမ်းအနားမှာ ဝတ်စုံအပြည့်၊ တီးဝိုင်းတို့ဖြင့် ကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်သည်။ ထိုအခမ်းအနားအတွက် ကျွန်တော်နှင့် ဇနီးသည် စောစောရောက်ရှိသွားကြပြီး ကျွန်တော်တို့၏ မိတ်ဆွေ ဒေးဗစ် နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင်ကသည်ကို တအံ့တဩ ကြည့်နေကြသည်။ ကျွန်တော်တို့ စိတ်ပါဝင်စားစွာ ချီးကျူးသည်များအတွက် အနည်းငယ်ရှက်နေပုံရသော်လည်း ကျေနပ်ပုံ ရသည်။ သူက စိတ်မပါလက်မပါနှင့် သူအကသင်ခဲ့သည့် အကြောင်းကိုပြောပြသည်။ နှစ်ပေါင်းများစွာကပင်သူနှင့် တွေ့ကြုံခဲ့ရသော်လည်း သူ့အကြောင်းကို ရေရေရာရာမသိခဲ့။ နည်းနည်းတိုက်တွန်းလိုက်သည့်အခါ သူက သူ့အကြောင်းကို ပြောပြသည်။
သူ့အသက် ၁၆ နှစ်အရွယ်တွင် မိသားစုကို ကူညီထောက်ပံ့ နိုင်ရန်အတွက် ကျောင်းက မထွက်ချင်ဘဲနှင့် ထွက်ခဲ့ရသည်။ ၂၂ နှစ် ရောက်မှ ကျောင်းပြန်တက်ပြီးလျှင် ၂၅ နှစ်အရွယ်တွင် ကျောင်းပြီးခဲ့သည်။ ယခု သူ့မှာသမီးသုံးယောက်ရှိပြီး နှစ်ယောက်သည် ကျောင်း ဆရာမများ ဖြစ်ကာတစ်ယောက်က မဟာဘွဲ့အတွက်ပြင်ဆင်နေသည်။
 
သူ့မိသားစုအတွက် သူဂုဏ်ယူနေသည်မှာသိပ်ထင်ရှားပါသည်။ ဒေးဗစ်နှင့် ပတ်သက်၍ ပြောစရာရှိသည်မှာ သူ၏အသက်ပင် ဖြစ်သည်။ သူသည် ယခုအခါ အသက် ၆၆ နှစ် အရွယ်ရှိပြီး ကျွန်တော်တွေ့ဖူးသမျှတွင် ပင်ပင်ပန်းပန်း အလုပ်လုပ်ဆုံးသူဖြစ်သည်။ ဖြစ်ချင်
 
တော့ သူသည် ကျွန်တော်တို့ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး သူ၏ ဇာတ်လမ်းမှ သင်ခန်းစာ အများအပြားရရှိခဲ့သည်။ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဝေဖန်ရုံနှင့်မပြီးနိုင်ကြောင်း ထပ်လောင်းအသိပေး ခဲ့သည်။ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်သမျှ ဘယ်လိုလုပ်လုပ်၊ ဘာကိုလုပ်လုပ် သိက္ခာရှိကြောင်းကိုလည်း သက်သေပြခဲ့သည်။ အချို့သူများအနေဖြင့် မနှစ်သက်သော်လည်း ဒေးဗစ်သည် သူ့ကိုယ်သူ ထူထောင်နိုင်ပြီး သမီးသုံးယောက်ကိုလည်း ပညာသင်ပေးနိုင်ခဲ့သည်။ ထို့အပြင် သူ၏အတွေ့အကြုံများအရဆိုလျှင် အခွင့်အလမ်းတို့ မည်သည် အလုပ်ထဲမှာမရှိ။ လူထဲ၌သာရှိကြောင်း ထပ်မံသက်သေပြခဲ့သည်။ အလုပ်ကောင်း ကောင်းလုပ်ပြီး သူတစ်ပါးကို ဝန်ဆောင်မှု ကောင်းကောင်းပေးခဲ့သည်။ အဓိကအချက်မှာ သူ့သမီးများကို ပညာကောင်းကောင်းတတ်စေချင်သဖြင့် ဒေးဗစ်က သူ့ကိုယ်သူ အချိန်များများ မြှုပ်နှံပြီး အလုပ်လုပ်ခဲ့သည်။ ရလဒ်မှာ အားလုံးအကျိုးရှိကြ ခြင်းဖြစ်သည်။ ဒေးဗစ်စမစ်က သူကိုယ်တိုင်နှင့် သူ၏သမီးသုံးယောက်ကို ပညာပေးခဲ့သည်။ ထိုသမီးသုံးယောက်ကလည်း သူတို့၏ ကျောင်းသားများကို ပညာဆက်သင်ပေးကြကြောင်းတွေ့ရ၍ စိတ်အား ထက်သန်စရာ ကောင်းလှပါသည်။ ။
 
(ဆက်လက်ဖော်ပြပါမည်)
 
ခင်မောင်ညို (ဘောဂဗေဒ)၏ “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ “ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုအရာကိုသာ လက်ဆင့်ကမ်းပါ” ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ စာတည်း]
 
ခင်မောင်ညို(ဘောဂဗေဒ)