အိမ်မက်ခရီး
ပရမ်းပတာ
အိပ်မက်ကား မက်ချင်တိုင်းမက်၍ မရပေ။ အိပ်မက်မမက်ချင်ပါဘူးဟု တားဆီး၍လည်းမရချေ။
အိပ်မက်ကောင်းတွေမက်ချင်သော်လည်း မက်ချင်မှမက်၏။ အိပ်မက်ဆိုးများ မမက်ချင်ပါသော် လည်း မက်ချင်မက်၏။ ခက်၏။ အိပ်မက်ကိုလူကမဖန်တီးနိုင်။ချုပ်ကိုင်၍မရ။ ကိုယ်လိုချင်သလို မဖြစ်။ မိမိထိန်းချုပ်နိုင်စွမ်းမရှိသည့် ပရမ်းပတာအရာတစ်ခုဖြစ်၏။
ညကတော့ အတော်စိတ်ညစ်စရာကောင်းသော အတွေ့အကြုံ တစ်ခုကိုအိပ်မက်မက်ခဲ့၏။ မရောက်ဖူးသော နေရာဒေသအသစ်တစ်ခု ဖြစ်၏။ တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းမျိုးဖြစ်၏။ ပတ်ဝန်းကျင်က တော်တော်စိမ်းပါ၏။ ဂေါက်ကွင်းမှာ စီးရလေ့ရှိသော လေးဘီးကားမျိုး လိုလို၊ တောစီးသုံးဘီးကားလိုလို ကားလေးတစ်စီးပေါ်မှာ လူတွေ ကိုးယောက်ဆယ်ယောက် စုပြုံပြွတ်ကျပ်သပ်ပြီး စီးရသည့်အထဲတွင် မိမိလည်းပါဝင်သည်။ ဤအခြေအနေက ယောင်နနနှင့် စခဲ့သည်ကို မှတ်မိသည်။ ခုံနေရာလေးက လေးငါးခုသာပါသည်။ ခရီးသည်က ကိုးယောက် ဆယ်ယောက်ဆိုတော့ ပြုံခဲတိုးဝှေ့စီးကြရခြင်း။ လမ်းကကျဉ်းကျဉ်း။ ကွေ့ကွေ့ကောက်ကောက် တောင်တက်တောင် ဆင်း။ တောင်တက်အကွေ့တွေက မတ်လည်းမတ်စောက်၏။ ဘေးက ချောက်ကြီးတွေက ကြောက်စရာကောင်းလောက်အောင် မတ်စောက်၏။ မှောက်လျှင်၊ နောက်ပြန်လျှောကျလျှင် အသက်ရှင်နိုင်ဖွယ်ရာ မမြင်။ အန္တရာယ်ကို တွေး၍ ရင်လေး။
ကြောက်စိတ်ခံစားရင်း အသည်းတဖိုဖိုနှင့် ကားပေါ်မှာပါသွား။ ဘယ်ကလာခဲ့မှန်းမသိ။ ဘယ်ရောက်မှာမှန်းလည်းမသိ။ ကားပေါ်ပါ သောလူတွေကိုလည်း တစ်ယောက်မျှ မိမိမသိ။ လူစိမ်းတွေချည်းပဲ။
တောင်တက်လမ်း
တောင်တက်လမ်းကွေ့ တစ်နေရာရောက်တော့ရပ်။ ဆင်းကြရ သည်။ ကားလမ်းဆုံးပြီ၊ ဆက်သွားလို့ မရတော့ချေ။ အခြားလူတွေက အရပ်ရှစ်မျက်နှာ သူ့လမ်းသူ သူ့ဘာသာဦး တည်ရာအမျိုးမျိုး ထွက်ခွာသွားကြသည်။ ဘယ်သွားရမှန်းမသိသော မိမိ တစ်ယောက်တည်း ကြောင်စီစီကျန်ရစ်ခဲ့သည်။
မတ်စောက်သော ချောက်ကမ်းပါးတစ်နေရာတွင် မတော်တဆ မိမိခြေချော်လဲကျသည်။ ကံကောင်း၍ နာနတ်ရိုင်းအပင်အရွက်များကို ဆွဲထားလိုက်မိသဖြင့် အောက်သို့ လျှောမကျ။ အခြားသူတွေက ဆင်ခြေလျှောပြေသော နေရာရှာပြီး သူ့ဘာသူဆက်ထွက်သွားကြပြီ။ ထိုစဉ် အသက် ၁၃ နှစ် ၁၄ နှစ်အရွယ်ယောက်ျားလေး ပေတိပေချာ အဝတ်အစားနွမ်းနွမ်းဖြင့် လူငယ်လေးသုံးယောက်သည် မိမိအနီးသို့ ရောက်လာပြီး ဆော့နန့်သောသဘောဖြင့် မိမိဖက်တွယ်ထားသော အပင်ကို နှဲကာနဲ့ကာတွန်းနေကြ၏။ အပင်ကို အမြစ်ပြုတ်ပြီး တောင်စောင်း အောက်သို့ ကျသွားအောင်တွန်း၍ ဆော့ကစားနေကြခြင်း ဖြစ်လေသည်။ ဘာလဲဟ။ ။ မိမိကြောက်မှန်းသိသဖြင့် ခြောက်လှန့်ခြင်း။ ဟဒါနောက်စရာလား။
ခြောက်လှန့်နောက်ပြောင်ရသည်ကို အရသာခံပျော်ရွှင်ရယ်မော နေသော ကလေးများ။ အခံရခက်စွာ ကြောက်နေမိသည့်ကြားကပင် အဓိပ္ပာယ်မဲ့စွာ သူတစ်ပါးစိတ်အနှောင့်အယှက် ဖြစ်အောင်ခြောက်လှန့်ပြီး ပျော်စရာရှာရရှာသည့် သူတို့၏ အသိဉာဏ်တိမ်မှုကို စာနာသနားမိ သည်။ ဘေးမှာဖြတ်သွားနေကြသော လူအချို့ကလည်း သူတို့ကိုကြည့်ပြီးမတားဆီး၊ သူ့လမ်းသူသွားနေကြ၏။ ဆုံးမတားမြစ်မည်ဟုမရှိ။ ဘာသိဘာသာပဲ ဖြတ်လျှောက်သွား နေကြ၏။
တန်ဖိုးများ
လောကသည် တရားခြင်းနှင့် မတရားခြင်း၊ ကောင်းခြင်းနှင့် ဆိုးခြင်း၊ မှန်ခြင်းနှင့် မှားခြင်း၊ အကျိုးရှိခြင်းနှင့် အကျိုးယုတ်ခြင်း။
ကျင့်ဝတ်နှင့်တန်ဖိုးသဘောများကို သဲကွဲရှင်းလင်းစွာ ခွဲခြားသိမြင် နိုင်ခြင်းမရှိ။ အဝိဇ္ဇာ အမှောင်ကြီး ကျနေခဲ့လေပြီလား။ လူသားတွေ ကျင့်ဝတ်သိက္ခာနှင့် အမှန်အမှား တရားနှင့် မတရားမှု(ဓမ္မနှင့် အဓမ္မ)
သိမြင်နားလည်မှုများ ချွတ်ယွင်းသောအခါ ဆိုးရွားကြီးမားသော အန္တရာယ် တို့သည် နီးကပ်ပေစွတကား။ ခံစားမှုက ကြောက်ရွံ့ခြင်းအစား ပူပန်မှုသို့ပြောင်းသွား၏။ “ဪ ...လူ့အသိုက်အဝန်းနှင့်မတူ ကူညီ မည့်သူမရှိ။ စိတ်ညစ်မိပါ၏။ အသိဉာဏ်နည်းပါးခြင်း၊ စာနာမှုကင်းခြင်း ဖြစ်နေသောလူအချို့ကို မြင်ရသည့်အခါ လူသည် တိရစ္ဆာန်နှင့်ဘာမှ မခြားပါတကား”ဟု စိတ်ပျက်မိသည်။ ထိုအခါ ကြောက်စိတ်ပျောက်၍ ထိုလူငယ်လူရွယ် သုံးဦးအပေါ်တွင် သနားကြင်နာစိတ်သာ ဝင်ရောက်လာလေသည်။ မုန်းတီးခြင်း၊ ရန်လိုခြင်း လည်းမရှိ။ ကြောက်စိတ်လည်း မရှိ။
မိမိဆွဲကိုင်ထားသော တောရိုင်းနာနတ်ပင်လိုအပင်သည် အမြစ်မခိုင်တော့ဘဲ ကလေး သုံးယောက် ဆွဲကာ တွန်းကာဖြိုချလေသောအခါ နဲ့၍နဲ့၍ အမြစ်ကျွတ်ပြီး တောင်စောင်းအတိုင်း လိမ့်ဆင်းသွားလေတော့ သည်။ မိမိကမူ မြေငူဆင်ခြေလျှောပြေပြေတစ်နေရာမှာ မှောက်လျက် တင်ကျန်နေရစ်ခဲ့သည်။ ဖုန်တွေသဲတွေ ရွှံ့တွေတော့ပေကျံနေ၏။ တော်သေး၏။ အောက်ခြေ အထိကျမသွား။ ။
တကယ်တော့ မိမိထင်ခဲ့သလောက် ကြောက်ရွံ့ ထိတ်လန့်စရာ တောင်စောက်ကမ်းပါးကြီးက နက်ရှိုင်းလှသော ချောက်ကြီးသက်သက် မဟုတ်။ အထစ်ထစ် လှေကားထစ်၊ လှေကားထစ် လယ်ကွင်းလေးများသဖွယ် ပြေသောဆင်ခြေလျှော နေရာတွေလည်းရှိကြသည်။ မိမိလူးလှိမ့်ကျ ပြီးမှ မြင်ရသိရသည်။ “ မှန်သည်။ မြင်ပြီးမှ သိရသည်။ မိမိမဆင်မခြင် အ ကြောက်လွန် နေသည်ကို နောက်ရင်းစရင်း ပညာလာပေးသော လူငယ်လေးများကိုပင် ကျေးဇူးတင်ရမလိုလိုပင်။ သူတို့ကတော့ ရယ်မောနေကြလေသည်။
ဘာမှန်းမသိသော ခရီး။ ဘယ်ရောက်မှန်းမသိသော အရပ်ဒေသစိမ်း။ ဘယ်လိုလူတွေနှင့် တွေ့ရပါလိမ့်။ ခံစားမှု စိတ်ညစ်၊ စိတ်ရှုပ်၊ စိတ်ပျက်၊ ကြောက်ရွံ့။ထိတ်လန့်၊ အံ့ဩ၊ မကျေမနပ်၊ သံဝေဂရ၊ စာနာသနား၊ ပြုံးလိုက်မိ။ ဒါနောက်ဆုံးမှ အိပ်မက်ဆိုးဟုသာ ဆိုရတော့မည်။ ။
စိတ်ခံစားမှု
ဒုက္ခသုက္ခတွေကို ပင်ပန်းစွာ ရှည်ရှည်လျားလျား (တကယ်က အိပ်မက်ဆိုသည်မှာ စက္ကန့်ပိုင်းအတိုင်းအတာလေးမျှသာ) ဖြတ်သန်းပြီးမှ “သော် ... အမှန်မှာ ငါထင်သလောက် လည်း မဆိုးပါတကား။ ငါတွေးကြောက်မိနေသလောက် အန္တရာယ်ကြီးကြီးမားမား လည်း မရှိနိုင်ပါကလား”။ နောက်မှသိရခြင်းဖြစ်လေသည်။ နိုးလာမှ သတိပြုမိခြင်းပါ။
* ဪ.. ငါမမြင်တာကို သူတို့မြင်ထားလို့သာ သူတို့ကငါ့ကို ငကြောက်ကြီး၊ ငကြောင်ကြီးဆိုပြီး လှောင်ပြောင်သရော်နေခြင်း ပါတကား” ဟု နားလည်မိ၏။ မိမိအားနည်းချက်ကို ပြန်မြင်ကာ ဆင်ခြင်နိုင်ပါ၏။ သူတို့အမြင်မှာ သရော်စရာ လူပေါတစ်ယောက်ဟု သာ။
အိပ်မက်သည် အနက်အဓိပ္ပာယ်ဖော်ရန် အလွယ်တကူမသိနိုင်။ စိတ်သရုပ်ခွဲကုခန်း စိတ်ပညာရှင်ကြီး ဒေါက်တာဆစ်ဂမန် ဖရိုက် ပင်လျှင်ဝေခွဲရခက်သော အိပ်မက်များလည်း ရှိတတ်ကြောင်း ထုတ်ဖော် ရေးသားခဲ့သည်။ စိတ်ပညာရှင် ကားလ်ဂုစတပ်ဗ်၊ ယွန်းအဲလ်ဖရက်၊ အက်ဒလာစသော စိတ်ပညာရှင်များကတော့ အိပ်မက်များနှင့် မသိစိတ်အတွင်းရှိ တိမ်မြုပ်နေခြင်းများ ဆက်နွယ်မှုရှိတတ်ကြောင်း ဖော်ပြခဲ့ကြပါ၏။ ဘာပဲဖြစ်ဖြစ် အိပ်မက် အကြောင်း အပြည့်အစုံ အတိအကျတော့ မသိကြသေးပေ။
မသိစိတ်
လတ်တလောအကြောင်းရင်းများ ကွာဝေးခဲ့ပြီဖြစ်သော အကြောင်းရင်းများ အဆက်အစပ်တော့ ရှိကောင်းရှိနိုင်လေသည်။ အိပ်မက်ဆိုး မြင်မက်ခဲ့ပါသည်။ မရှိသလောက် ပင်ဖြစ်ပါသည်။ ကံမကောင်းအကြောင်းမလှသည့် အခြေအနေအချို့တော့ မကြာမီက ကြုံတွေ့ခဲ့ရသည်။
သမီးကြီးမှာ အလုပ်အကိုင်နှင့် ပတ်သက်၍ အဆင်မပြေ တွေ့ကြုံခဲ့ရသည်။ သမီးငယ်မှာ ခွဲစိတ်ကုသရသည်အထိ ကျန်းမာရေး ချို့ယွင်းခြင်းမျိုး ဖြစ်ခဲ့ရသည်။ အိမ်သားနှစ်ဦး ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါပိုး စစ်ဆေးတွေ့ရှိရသည်။ ဆေးရုံသို့ ပို့ထားရသည်။ မိသားစုတွေ ထပ်စစ်လိုက်သောအခါ လူကြီးတစ်ယောက်၊ ကလေးတစ်ယောက် ကိုဗစ်-၁၉ ကပ်ရောဂါပိုး ထပ်တွေ့ရပြန်သဖြင့် ဆေးရုံ သို့ပို့ရပြန်လေသည်။ မိမိမှာလည်း အိမ်မှာမနေစေဘဲ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းအရ လူသူတွေနှင့် ဝေးစွာတစ်နေရာမှာ တသီးတသန့် ခွဲပြီးနေထိုင်ရသည်။ ကံအားလျော်စွာထိုနေရာမှာ လမ်းလျှောက်ခွင့်တော့ရပါသည်။
ခွေးနက်တစ်ကောင်
လမ်းလျှောက်ရင်းနှင့်ပင် ခွေးတစ်ကောင်က ကိုက်မလိုလို၊ ဆွဲဟပ်တော့မလိုလို ကြုံရလေသည်။ ခွေးကိုက်ခံရလျှင်တော့ ကံဇာတာနိမ့်လို့ဟု လူကြီးသူမတွေပြောစကားအဖြစ် ငယ်စဉ်က ကြားဖူးရ၏။ လမ်းမကြီးပေါ်မှာ ရင်ဆိုင်အရပ်မျက်နှာဆီမှ လာနေသူ အုပ်စုထဲက ပိုင်ရှင်ရှိသော အိမ်မွေးခွေးတစ်ကောင် လည်ပတ်အနီနှင့် ခွေးနက်ဖြစ်ပါသည်။ အနီးအနားရောက် မလာမီခဲ တစ်လုံးကောက်ကိုင်ပြီး ချိန်ရွယ်လိုက်သဖြင့် ခွေးသည်ပြေးလာရာမှရပ်ပြီး အခြေအနေ ကြည့်နေပါသည်။ မိမိကိုကိုက်လာလျှင်တော့ ခွေး၏ခေါင်းနှင့် နှုတ်သီးကို ထိထိမိမိ သုံးလေးချက်ဆင့်ပြီး ခဲနှင့်ထုရိုက်မည်ဟု ပြင်ဆင်ထား၏။ ခဲနှင့်မပစ်ပါ။ ပစ်လျှင်လွဲ သွားနိုင်သေးသည်။ အနီးကပ်တိုက်မည်ဟုသာ ဆုံးဖြတ်ထားသည်။
ညနေစောင်း နေဝင်ရီတရော အချိန်ဖြစ်သည်။ ကောင်းကင်မှာ တိမ်ညိုတွေက မကြာခင်မိုးရွာ ချတော့မည့်ပုံ ဆင်နေသည်။ မိုးသက်လေရနံ့လေးပင်ရပေပြီ။ သာသာယာယာရှိသော ဆည်းဆာချိန်မှာ မိမိကမလောက်လေးမလောက်စား လည်ပတ်အနီနှင့် ခွေးလေး တစ်ကောင် နှင့် တည့်တည့်ရင်ဆိုင်နေရသည်။
အလုပ်ကြမ်းအလုပ်ခွင်မှ အလုပ်ပြန်ဖြစ်ကြပုံပေါ်သော လူလတ်ပိုင်းအရွယ်လူအုပ်သည် သူတို့ခွေးက လမ်းလျှောက်လာသူ လူတစ်ယောက်ကို ပြေးပြီးဆွဲတော့ ခဲတော့မလို လုပ်နေခြင်းကို မသိချင်ဟန်ဆောင်နေပြီး စကားပြောမပျက်။ ဟေ့ကောင်တွေ၊ မင်းတို့ခွေးကို ကြည့်ဦးဟု စကားအဖက်လုပ်မပြောလိုသဖြင့် ဘာမျှမပြောတော့ဘဲ ခြေစုံရပ်နေလိုက်၏။
လူစုလွန်သွားပြီးနောက် ခွေးကပြန်လှည့်လာသေးသည်။ မိမိက နောက်ခဲတစ်လုံး ထပ်ကောက် လိုက်သည်။ တစ်ခုက ပစ်မည်၊ တစ်ခုက ထုမည်။ ရင်ဆိုင်ရန်လှည့်ပြီး အသင့်ရှိနေသည့် မိမိကို နောက်ကအလစ်လိုက်ဆွဲလို့မရမှန်းသိကာ ဆုတ်ပြေးသွားလေသည်။ ပေါ့တိပေါ့ဆ သတိ မထားဘဲသာ ဆက်သွားပါက မိမိ၏ခြေသလုံးကို ခွေးဆွဲမှာ သေချာသည်။
မေတ္တာဝါဒ
မကြာမီရက်အနည်းငယ်က ဘုရားအနေကဇာတင်၊ သံဃာတော်များ အရုဏ်ဆွမ်းကပ်လှူ၊ ပရိတ်တရားနာသည်။ ကမ္မဝါဖတ်ပေးရန် မူလက ဆရာတော် ဘုရားများကို လျှောက်ထားဖို့ စိတ်ကူးသည်။ သမီးတွေက မမြင်ရသောအရာတွေကို မနှင်ပါနှင့်နေပါစေ။ မေတ္တသုတ် ပရိတ်တော်နှင့် လုံလောက်ပါသည်။ မိသားစု အားလုံး မေတ္တာဖြင့်သာ နေကြပါမည်ဆိုသဖြင့် နတ်ဆိုးအမျိုးမျိုး အပါအဝင် မူးအောင်၊ ဝေအောင်၊ ရောဂါရအောင်၊ စိတ်အနှောင့်အယှက် ဖြစ်အောင် နှိပ်စက် ဖမ်းစားတတ်သူများကိုပင် နေအိမ်ဥပစာမှ မနှင်ရက်ခဲ့ပါ။ ဘဝတစ်ကွေ့မှာ ခဏ တွေ့ကြတာ၊ ဘယ်သူ့ကိုမျှ ရန်သူဟု သဘောမထား။ မေတ္တာဖြင့်သာ အရာရာကို ဖြတ်သန်းမည်။ ဤမူဝါဒကို လက်စွဲထားကြသည်။
အခိုင်အမာယုံကြည်
အခန့်မသင့်သဖြင့် ဖျားနာ၊ ဆေးရုံတင်ရ မိသားစုကြုံတွေ့ကြရသော်လည်း မည်သူ့ကိုမျှ မလိုမုန်းထားမရှိ။ အပြစ်မတင်။ မေတ္တာဓာတ်ကြောင့် ဘေးဆိုးရန်ဆိုး အန္တရာယ်အမျိုးမျိုးကို ကျော်နင်းအောင်မြင်မည်ဟုသာ အခိုင်အမာ ယုံကြည်ပါသည်။ အိပ်မက်ဆိုး မနေ့ညက ထူးထူးဆန်းဆန်း မက်ခြင်းကတော့ မိမိ၏ မသိစိတ်ထဲမှာ ငုပ်လျှိုးနေတာအချို့ ပြေလျော့ သွားခြင်းပေလား ဟုသာစဉ်းစား မိပါသည်။ ပြီးပျောက်သွားခဲ့ပြီ။
မေတ္တာ၏အသံသည် အဝေးဆုံးအထိရောက်ရှိနိုင်ပါသည်။ မေတ္တာ၏ စွမ်းအားသည် တန်ခိုးအာနိသင် ကြီးမားပါသည်။ မေတ္တာ၏လက်နက်သည်ကား အဏုမြူစွမ်းအားထက်ပင် အဆများစွာ စွမ်းအင်ကြီးမားပါသေးသည်။ မေတ္တာခြုံ လျှင် လုံသည်ဟုယုံကြည်ပါသည်။ အကောင်းအဆိုး အာရုံအမျိုးမျိုးကို စိတ်ထဲ မှာ အစွဲမထားသင့်ပေ။ အိပ်မက်ဆိုသည်ကတော့ အကြောင်းတိုက်ဆိုင်လျှင် မက်တတ်ပေလိမ့်မည်။ မေတ္တာစိတ်မြဲမြံစွာ နေထိုင်ခြင်းဖြင့် အန္တရာယ်ကင်းသည်ကို အကြွင်းမဲ့ယုံကြည်နေပါသည်။
ဇော်လေး