Skip to main content

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ လူတွေရဲ့ အထောက်အကူ အများကြီးလိုတယ်

ရွှေလိုတန်ဖိုးရှိသော ခေါင်းဆောင်မှု

 

နာမည်ကြီးတဲ့ခေါင်းဆောင်တွေက သူတို့ရဲ့ ထူးခြားတဲ့စွမ်းရည်တွေကြောင့် အလွန်ကြီးကျယ်တဲ့ အလုပ်တွေကို အောင်မြင်အောင် ဆောင် ရွက်နိုင်တယ်လို့ ကျွန်တော် အစကထင်ခဲ့မိပါတယ်။ လူတွေဆီက အထောက်အကူရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရာဇဝင်မှာ နာမည်ကြီးတဲ့ ခေါင်းဆောင်တွေက အောင်မြင်မှုတွေကို စွမ်းဆောင်နိုင် ခဲ့တယ်လို့ ကျွန်တော်ထင်ခဲ့မိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ရာဇဝင်မှာ နာမည်ကြီးခဲ့တဲ့ ဂျူးလီးယက်ဆီဇာ (Julious Ceasar)၊ အေဗရာဟင်လင်ကွန်း (Abraham Lincoln)၊ ဝင်စတန်ချာချီ (Winston Churchill)စတဲ့ ခေါင်းဆောင်တွေကအစကြီးရဲ့ အကူအညီ၊ အထောက်အပံ့ကြောင့် အောင်မြင်မှုတွေရခဲ့ကြတာ ပါ။ လူတွေရဲ့ အထောက်အကူတွေမရခဲ့ရင် အောင်မြင်တဲ့ခေါင်းဆောင် တွေဖြစ်လာဖို့ မလွယ်ပါ။

လူတွေရဲ့ အကူအညီရဖို့က အရေးပါတာနဲ့ ပတ်သက်ပြီး စာရေး ဆရာကြီး ဒန်ဆူလီဗန် (Dan Sullivan) နဲ့ ကက်သရင်းနိုမာရ (Katherine Nomara) က “The Laws of Lifetime Growth" မြန်မာလိုဆီလျော်အောင်ပြောရရင် “ဘဝတစ်လျှောက်လုံး အောင်မြင်ရေး ဥပဒေသ” ဆိုတဲ့ စာအုပ်ထဲမှာရေးခဲ့တာကို ကြုံကြိုက်လို့ ပြန်ပြောပြချင်ပါတယ်။

“လူနည်းစုပဲ ဘဝတစ်လျှောက်လုံး အောင်မြင်မှုတွေကို ဆက်တိုက်ရရှိကြပါတယ်။ ဘာကြောင့် လဲဆိုတော့ဒီလူနည်းစုကပဲ အောင်မြင်မှုရဖို့ လူတွေဆီက အထောက်အကူလိုတယ်ဆိုတာ သိလို့ပါ။ လူတော်တော်များများကတော့ အောင်မြင်မှုတွေ ရလာတဲ့အခါ မိမိကိုကူညီခဲ့တဲ့ လူတွေကို အဆက်အသွယ် ဖြတ်လိုက်တဲ့အတွက် အောင်မြင်မှုတွေ ဆက်မရတော့တာပါ။ အောင်မြင်မှုရခဲ့တာ ငါတော်လို့ပဲလို့ မှားယွင်းစွာ ယူဆလို့ပါ။ မာနတွေကြီးပြီး အတ္တတွေကြီး လာတဲ့အခါ လူတွေနဲ့ ကင်းကွာ လာပါတယ်။ လူတွေနဲ့ ကင်းကွာလာတဲ့အခါ တီထွင်နိုင်တဲ့ စွမ်းရည်တွေကျလာပြီး အောင်မြင်မှုနဲ့လည်း ဝေးရပါတယ်။ လူတွေရဲ့ အကူအညီကို အသိ အမှတ်ပြုသူ၊ ကျေးဇူးတင်သူ ကတော့ အောင်မြင်မှုတွေထပ်ရဖို့ သေချာပါတယ်။ မိမိကို ကူညီသူ၊ အထောက်အကူပြုသူတွေကို အသိအမှတ်ပြုပါ။ ကျေးဇူးတင်ကြောင်းပြောပါ။ အကူအညီတွေ၊ အထောက်အကူတွေ ထပ်တိုးရတဲ့အတွက် အောင်မြင်မှုတွေလည်း ဆက်တိုက် ရရှိပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

ကျွန်တော် ကုမ္ပဏီထောင်ခါစက “ငါဘာလုပ်နိုင်လဲ၊ ဘာလုပ်ရမလဲ” ဆိုတာကို အမြဲတွေးပါ တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ အာရုံစိုက်တာ များခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော် တစ်ယောက်တည်းလုပ်ရင် ကြီးကျယ်တဲ့အလုပ်တွေကို မလုပ်နိုင်တာ သတိထားမိပါတယ်။ သတိထားမိတဲ့အချိန်ကစပြီး “ငါ့အဖွဲ့သားတွေနဲ့ ငါဘာလုပ်နိုင်လဲ” လို့ ဆိုတာကို ပြောင်း စဉ်းစားပါတယ်။ အဖွဲ့သားတွေကူညီမှ ကျွန်တော်အောင်မြင်မှုရမယ်ဆိုတာ နားလည်လာပါ တယ်။ အဖွဲ့သားတွေကို ကျွန်တော်ကူညီမှ အဖွဲ့သားတွေက ကျွန်တော့်ကို ကူညီမယ်ဆိုတာ သိလာပါတယ်။ အဖွဲ့သားတွေအရေးကို စဉ်းစားပေးမှ ကျွန်တော့်ရဲ့ အရေးကို အဖွဲ့သားတွေက စဉ်းစား ပေးမယ်ဆိုတာ သဘောပေါက်လာပါတယ်။ ခေါင်းဆောင်က အဖွဲ့ သားတွေရဲ့ ရှေ့က ရပ်ဖို့ဆိုတာ အဖွဲ့သားတွေက နောက်မှာရပ်မှ ခေါင်းဆောင်က ရှေ့ကရပ်လို့ရမှာပါ။ ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ အောင်မြင်မှုကိုရအောင် အထောက်အကူပြုခဲ့တဲ့လူတွေကို ပြန်ကြည့် တဲ့အခါ အမျိုးအစား နှစ်မျိုးခွဲလို့ရပါတယ်။ တစ်မျိုးက ကျွန်တော့်ကို သင်ကြားပေး ခဲ့သူတွေ ဖြစ်ပြီး ကျန်တစ်မျိုးကတော့ ကူညီခဲ့သူတွေ ဖြစ်ပါတယ်။ သင်ကြားပေးခဲ့သူတွေကိုတော့ ကျွန်တော် အထူးပဲကျေးဇူးတင်ပါတယ်။ သင်ကြားပေးခဲ့သူတွေကိုလည်း သုံးမျိုးထပ်ခွဲလို့ ရပါတယ်။

ပထမအမျိုးအစားကတော့

ကျွန်တော့်ကို သင်ပေးလိုက်တယ်ဆိုတာတောင် သူတို့ ကိုယ် သူတို့မသိလိုက်ရတဲ့ဆရာတွေပါပဲ။ ဒီလိုဆရာတွေက ကျွန်တော့်ဘဝမှာ အများကြီးပါပဲ။ တချို့တွေဆိုရင် လူချင်းလည်း မတွေ့ဖူး ပါဘူး။ သူတို့ရေးတဲ့ စာအုပ်တွေကနေ ကျွန်တော့်ကို သင်ကြားပေးတာပါ။ တချို့ဆရာတွေ ကတော့ သူတို့အကြောင်းရေးတဲ့ စာအုပ်တွေကနေ ကျွန်တော့်ကို သင်ကြားပေးကြတာပါ။ ဥပမာပြောရရင် စာရေးဆရာကြီးတွေဖြစ်တဲ့ ဂျွန်စီမက်စ်ဝဲ (John C Maxwell)၊ စတီဗင်ကိုဗေး (Steven Covey)၊ ပီတာ ဒရပ်ကာ (Peter Drucker)၊ ဒေါ်နယ်ထရမ့် (Donald Trump)၊ အင်ဒရူးမက်သူ (Andrew Mathews)တို့က ကျွန်တော့်ရဲ့ ဆရာတွေပါပဲ။ ဂျီအီး(GE) ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ခဲ့သူ ဂျက်ဝဲလ်နော် (Jack Welch)၊ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ကောလင်းပိုဝဲလ် (Collin Powell)၊ မိုက်ကရိုဆော့ (Microsoft) ရဲ့ ဖခင်ကြီး ဘီလ်ဂိတ် (Bill Gates)၊ အယ်လ်ပဲ (Apple) ရဲ့ ဖခင်ကြီး စတီးဗ်ဂျော့ (Steve Job)၊ ဂူဂဲ (Google) ကို တည်ထောင်ခဲ့သူ လယ်ရီပေ့ချ် (Larry Page) နဲ့ ဆာဂျီဘရင်း (Sergey Brin), ဖေ့စ်ဘွတ် (facebook) မက်ဇူကာဘက်ခ် (Mark Zukerberg) အကြောင်း ရေးခဲ့တဲ့စာအုပ်တွေ ကနေ ကျွန်တော် အများကြီးလေ့လာသင်ကြားခဲ့ပါတယ်။ မြန်မာစာရေးဆရာတွေထဲက ဆိုရင် လည်း စာရေးဆရာကြီး ရွှေဥဒေါင်း၊ သော်တာဆွေ၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု၊ ဆူနည်းစုပဲ ဘဝတစ်လျှောက်လုံး အောင်မြင်မှုတွေကို ဆက်တိုက်ရရှိကြပါတယ်။ ဘကြောင့်လဲဆိုတော့ ဒီလူနည်းစုကပဲ တော်တော်များများကတော့ အောင်မြင်မှုတွေ လာတဲ့အခါ မိမိကိုကူညီခဲ့တဲ့ လူတွေကို အဆက်အသွယ်ဖြတ်လိုက်တဲ့အတွက် အောင်မြင်မှုတွေ ဆက်မရတော့တာပါ။ အောင်မြင်မှုရခဲ့တာ ငါတော်လို့ပဲလို့ မှားယွင်းစွာ ဆူဆလို့ပါ။

ဒေါက်တာမတင်ဝင်း၊ ဒဂုန်ခင်ခင်လေးတို့ရဲ့ စာအုပ်တွေကြောင့် အသိပညာတွေ ကျွန်တော် အများကြီးတိုးတက်ခဲ့ရပါတယ်။ ဒီစာရေးဆရာကြီးတွေရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ဒဿနတွေက ကျွန်တော့်ဘဝကို လွှမ်းမိုးထားပါတယ်။ ကျွန်တော် ဖတ်ခဲ့တဲ့၊ ကြိုက်ခဲ့တဲ့ စာအုပ်တွေကတော့ အများကြီးပါ။ ဥပမာ တချို့ပေးရရင် စာရေးဆရာကြီး ရွှေဥဒေါင်းရေးတဲ့ စုံထောက်ကြီး ဦးစံရှားဆိုရင် ကျွန်တော်ငယ်စဉ်က အသည်းစွဲပါပဲ။ ဆရာကြီးက ရှားလော့ဟုမ်းစ် (Sherlock Holmes) ဝတ္ထုကို မှီငြမ်းပြီး မြန်မာမှု ပြုတာတွေကို ကျွန်တော် စာရေးသားတဲ့အခါ အများကြီး အတုယူရပါတယ်။ သော်တာဆွေရဲ့ “ကျွန်တော့်ဘဝ ဇာတ်ကြောင်း”  စာအုပ်ကလည်း အင်မတန်ကောင်းတဲ့ ဘဝရသစာအုပ်ပါ။ တက္ကသိုလ်ဘုန်းနိုင် ရဲ့ “သူ့ကျွန်မခံပြီ၊ သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်” တို့က ကျွန်တော် အထက်တန်း ကျောင်းသားဘဝက သိပ်ကြိုက်တဲ့စာအုပ်တွေပါ။ စာရေးဆရာမကြီး ခင်နှင်းယုရဲ့ “ကျွန်မ၏ ချစ်သူ” က အလွန်ရသမြောက်တဲ့စာအုပ်ပါ။ စာရေးဆရာမ မတင်ဝင်းရဲ့ “မင်းဆယ်ပါး ရာဇဝင်” စာအုပ်၊ စာအုပ်တွေကို  စာရေးတဲ့အခါ ကျွန်တော် အများကြီး မှီငြမ်းရပါတယ်။ ဒဂုန် ခင်ခင်လေးရဲ့ “စာဆိုတော်” စာအုပ်ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးစာအုပ်ပါ။ ဒီစာအုပ် ကြောင့် မြန်မာ့ရာဇဝင်ကို ထဲထဲဝင်ဝင်သိချင်လာတာပါ။ ရာဇဝင်ကို သိလာတဲ့အတွက် “ရှေးမြန်မာမင်းတို့၏ ခေါင်းဆောင်မှုအရည်အသွေးကို လေ့လာခြင်း” ဆိုတဲ့ စာအုပ်ကို ရေးဖြစ်တာပါ။

ဒုတိယအမျိုးအစားကတော့

ကျွန်တော့်ကိုသင်ကြားပေးခဲ့တဲ့ဆရာ နောက်တစ်မျိုးအကြောင်း ပြောပြပါမယ်။ ဒီဆရာတွေက ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူ တွေပါ။ ဒီဆရာတွေမှာ အလွန်တန်ဖိုးရှိတဲ့ အမူအကျင့်တွေ ရှိပါတယ်။ သူတို့ဆီက ကောင်းတဲ့အမူအကျင့်တွေကို ကျွန်တော် အတုခိုးရပါတယ်။ သင်ယူရပါ တယ်။ ကျွန်တော်အတုခိုးလိုက်တာ ကိုဆရာတွေက သိတောင်မသိလိုက်ပါဘူး။ သေချာ တာကတော့ ကောင်းတဲ့အမူအကျင့်တွေကို ကျွန်တော့်ဘဝအတွက် အသုံးချ ကြည့်တဲ့အခါ ကျွန်တော့်ရဲ့တန်ဖိုးတွေ တိုးလာတာပါပဲ။ ကျွန်တော်အခွင့်အရေးရတိုင်းလည်း ဒီမြင်ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို အမြဲထုတ်ဖော်ချီးကျူးပါတယ်။

နောက်ဆုံးအမျိုးအစားကတော့

ကျွန်တော်နဲ့ သိကျွမ်းပြီး ကျွန်တော့်ကို သင်ပေးလိုက်တာကို လည်း သိသူတွေပါ။ ဒီလူတွေက ကျွန်တော့်အကြောင်းကို သေသေချာချာ မသိခင်ကတည်းက ကျွန်တော့်ကို ဦးဆောင် လမ်းပြ ပေးခဲ့ကြပါတယ်။ တချို့တွေကလည်း ယနေ့တိုင် ကျွန်တော့်အပေါ် စေတနာအပြည့်နဲ့ လမ်းညွှန်မှုပေးတုန်းပါပဲ။ ဒီဆရာတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော် ဒီနေ့ ဒီလိုဖြစ်နေ တာပါ။ ကျွန်တော့်ရဲ့ မြင်ဆရာ၊ ကြားဆရာ၊ သင်ဆရာအားလုံး ကိုလည်း ဒီစာအုပ်ကနေ အလေးအမြတ် ကန်တော့ပါတယ်။ ကျွန်တော့်ကို အောင်မြင်အောင် ကူညီခဲ့တဲ့သူ နှစ်မျိုးနှစ်စားရှိ တယ်လို့ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ တစ်မျိုးက သင်ကြားပေးတဲ့ ဆရာတွေဖြစ်ပြီး နောက်တစ်မျိုးက အကူအညီပေးသူတွေပါ။

ဆရာတွေကကျွန်တော့်ဘဝကိုဆွဲတင်ကြသူတွေပါ။ အကူအညီ ပေးသူတွေက ကျွန်တော့်ကို တွန်းတင်ကြသူတွေပါ။ ကျွန်တော့်ကို ကူညီကြတဲ့ လူအမျိုးမျိုးကို သေသေချာချာ ပြန်စဉ်းစားတဲ့ အခါ ကျွန်တော်အခုပြောပြမယ့် လူအမျိုးအစားတွေထဲက တစ်ခုမဟုတ် တစ်ခုထဲမှာ ပါနေသူ တွေဖြစ်တာကို တွေ့ရပါတယ်။ စာဖတ်ပရိသတ်ကိုလည်း မိမိကို ကူညီနိုင်မယ့်သူတွေကို သတိပြုမိအောင် ဝေမျှချင်ပါတယ်။

ငွေကြေးကို တိုးပွားစေသူ - ဒီလူတွေရဲ့ အကူအညီကြောင့် အချိန်ကုန်သက်သာပါတယ်။ အချိန်ကုန်သက်သာတယ်ဆိုတာ ကုန်ကျစရိတ် သက်သာတာပါပဲ။ အကုန်အကျသက်သာရင် အမြတ်အစွန်းတိုးတာပါပဲ။ ဒါကြောင့် ကျွန်တော့်ကို အချိန်ကုန် သက်သာအောင်ကူညီ သူတွေက ကျွန်တော့်ကို ငွေကြေးတိုးပွားစေသူတွေ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ အခြားတစ်ဖက် - ဒီလူတွေက ကျွန်တော်မလုပ်တတ်တာကို လုပ်ပေးပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အခြားတစ်ဖက်လို့ တင်စားတာပါ။  

လူစွမ်းကောင်း - ကျွန်တော်နှင့် ကျွန်တော့်အဖွဲ့ကို စွမ်းရည်တက်စေပါတယ်။ ကျွန်တော့် အဖွဲ့သားပါ။ အဖြေပေးသူ - ဝိရောဓိတွေဖြေရှင်းပေးပါတယ်။ ပြဿနာတွေ ဖြေရှင်းပေးပါတယ်။ အဖြေတွေကို ရှာပေးပါ တယ်။ ရွေးချယ်စရာတွေ ပေးပါတယ်။

အဆုံးသတ်သူ - အလုပ်တွေကို ပြီးမြောက်အောင် အကောင်းဆုံး လုပ်ပေးပါတယ်။

စွမ်းရည်မြှင့်ပေးသူ - ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့ရဲ့ စွမ်းရည်တိုးတက်မှုကို ကူညီပါတယ်။

ခေါင်းဆောင်ကောင်း- ပေးဆပ်ရန်အဆင်သင့်ရှိတဲ့ ခေါင်းဆောင်ဖြစ်လာအောင် ကူညီပါတယ်။

မွေးထုတ်သူ ဉာဏ်ကွန့်စေသူ - ကျွန်တော့်ရဲ့ အကြံဉာဏ်တွေကိုကောင်းအောင် ကူညီပါတယ်။ စိတ်ဓာတ်တွေကောင်းအောင် ကူညီပါတယ်။

မိတ်ဆက်သူ - ကျွန်တော့်ဘ၀ထဲကို မိတ်ဆွေကောင်းတွေ ပေါ်လာပါတယ်။

ဘ၀အဓိပ္ပာယ်ကိုပေးသူ - ကျွန်တော်အသက်ရှင်နေရတဲ့ အဓိပ္ပာယ်ကို ပီပြင်အောင် ကူညီပါ တယ်။

အကြွင်းမဲ့ချစ်သူ- ကျွန်တော့်ရဲ့ အားနည်းချက်ကို သိပေမယ့် ကျွန်တော့်ကို ခွင့်လွှတ်ပြီး ချစ်နေသူတွေပါ။

ကျွန်တော့်ဘဝမှာ ဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်တွေ အများကြီး ရှိပါတယ်။ စိတ်ကူးအိပ်မက်တွေ ကို ကျွန်တော်တစ်ယောက်တည်။ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိပါ တယ်။ ဒီအခါမှာ ရွေးချယ်စရာ နှစ်လမ်းဖြစ်လာပါတယ်။ ကြီးကျယ်တဲ့ စိတ်ကူးအိပ်မက်တွေကို စိတ်ကူးအဆင့်မှာပဲ ထားမှာလား သို့မဟုတ် လူတွေရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဆောင်ရွက်မှာလား ဆိုတာပါပဲ။ ကျွန်တော်က လူတွေရဲ့ အကူအညီကို ယူခဲ့ပါတယ်။

ကျွန်တော့်ဘဝမှာ ကျွန်တော့်ကို အောင်မြင်မှုတွေရအောင် ကူညီခဲ့သူတွေကို တန်စီပြောမယ် ဆိုရင် အရှည်ကြီး။ ပြောရပါလိမ့်မယ်။ တစ်ယောက်ချင်းဆီက ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုမှာ အရေးပါတဲ့နေရာကနေ ကူညီခဲ့ကြပါတယ်။ ကျွန်တော့်ကို ကူညီခဲ့သူတွေကို ကျွန်တော့် ဘဝထဲက ဖယ်လိုက်ရင် ကျွန်တော့်ရဲ့ အောင်မြင်မှုက ပြောပလောက်မယ်တောင် မထင်ပါဘူး။ ဒီအချက်ကိုတွေ။ မိတဲ့အချိန်ကစပြီ။ ကျွန်တော့်ကို ကူညီခဲ့တဲ့လူတွေ၊ ကျွန်တော့်ကို ဒီဘဝ ရောက်အောင် ပခုံးပေါ်ထမ်းတင်ပြီ။ တွန်းတင်ပေးခဲ့တဲ့သူတွေအားလုံးကို အထူးပဲ ကျေးဇူးတင်မိ ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ ကျေဇူးတင်တယ် Thank ဆိုတဲ့ စကားလုံးနဲ့ စဉ်းစားတာ Think ဆိုတဲ့ စကားလုံးတွေ ဖြစ်ပေါ်လာတဲ့ မူရင်းစကားလုံးက အတူတူပါပဲ။ ဒါကြောင့် အောင်မြင်နေတဲ့လူက စဉ်။စာတတ်မယ်ဆိုရင် မိမိကို အောင်မြင်အောင် ကူညီခဲ့သူတွေကို ကျေးဇူးတင်တတ်မှာပါပဲ။

လူတွေဆီက အကူအညီတွေရမှ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်တယ် ဆိုတာ ကျွန်တော်ရှင်းပြခဲ့ပါတယ်။ လူတွေရဲ့အကူအညီတွေကို အသိအမှတ်ပြုမှ၊ ကျေဇူးတင်မှ အကူအညီတွေကို စဉ်ဆက်မပြတ်ရရှိနေမှာ ဖြစ်ပါတယ်။ ဒီလိုအကူအညီတွေကို စဉ်ဆက်မပြတ် ရရှိနေမှသာ မိမိအောင်မြင်မှုကို ရေရှည် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ။

(ဆရာကျော်ကျော်လှိုင်၏ “ရွှေလိုတန်ဖိုးရှိသောခေါင်းဆောင်မှု" စာအုပ်မှ “ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ လူတွေရဲ့ အထောက်အကူ အများကြီးလိုတယ်" ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)

ကျော်ကျော်လှိုင်