Skip to main content

ကလေးများအတွက် စာပေအာဟာရ ပြုစုကြရာဝယ်

လူသားတို့အတွက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြီးထွားသန်စွမ်းစေရန် နေ့စဉ်စားသုံးနေကျ အစာအာဟာရများသည်များစွာအရေးပါသကဲ့သို့ အသိဉာဏ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေအာဟာရကို ဖတ်ရှုလေ့လာခြင်းသည်လည်း အရေးကြီးပါ သည်။ ထို့ကြောင့် လူကြီးလူငယ်မရွေးစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် သင့်လျော်ရာ အဆင့်လိုက် စာကောင်းပေမွန်များကို လေ့လာ နေကြရပါမည်။ ကလေးများကို ပြုစုပျိုးထောင်ရာတွင် ကလေးအရွယ်နှင့် လိုက်ဖက်သော စာပေအမျိုးအစား များ ရွေးချယ်ဖတ်ရှုခွင့် ဖန်တီးပေးသင့်ပါသည်။ လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်သာ ဆိုသကဲ့သို့ ကလေးများ လိမ္မာရေးခြားရှိစေရန် အဦးဆုံး ဆုံးမ သွန်သင်ကြရမည့် တာဝန်ရှိသော မိဘများနှင့် ဆရာများသည်လည်း ကလေးစာပေကို ရှာဖွေဖတ်ရှုလေ့လာ ထားကြရမည်ဖြစ်ပြီး မိမိတို့၏ သားသမီး၊ တပည့်များကို ဆုံးမရာတွင် စာပေမှရရှိသော ဗဟုသုတ များနှင့် ကလေးအရွယ် အတွေးအခေါ်များပါရှိသည့် ကလေးစာပေ များကို မိတ်ဆက်ပေးကြရန် လိုအပ်ပါသည်။ သို့မှသာ ကလေးများ အတွက် စာပေဖတ်ရှုလိုစိတ် လမ်းစပေါ်ပေါက်လာမည်ဖြစ်သည်။ ကလေးများကို သူတို့နှစ်သက်သည့်ပုံပြင်များ ပြောပြခြင်း၊ သံသာသာ ကဗျာလေးများ ရွတ်ဆိုပြကာ ကလေးများကို စာပေအရသာ မိတ်ဆက် ပေးပြီး မြည်းစမ်းစေခြင်းများဖြင့် ပြုစုပျိုးထောင်ပေးရပါမည်။ ကလေးစာပေများ ကလေးများဖတ်ရှုရန်အတွက် ကလေးစာပေများ ပေါ်ထွန်း ရေးသည်လည်း အရေးကြီးပါသည်။ ကလေးစာပေဆိုသော်လည်း စာရေးသူများက ရည်ရွယ်ရင်း ကလေးပရိသတ်များ ဖတ်ရှုရန် စာပေ တင်ပြမှုမှ လွဲချော်ကာ ကလေးများအတွက် မဟုတ်ဘဲ လူကြီးများ ဖတ်ရန် စာပေများနှင့် လူငယ်စာပေများ ဖြစ်နေတတ်သည်ကို သတိ ထားရပါမည်။ စာဖတ်သူ ကလေးများ၏ အသက်နှင့် အသိပညာ အဆင့်အတန်းကို သတိမမူမိဘဲ အချက်အလက်အသစ်များ ပေးအပ် လိုသော စိတ်ဇောများသွားသောကြောင့် ကလေးများဖတ်ရှုရန် အဆင်သင့်မဖြစ်သေးသည့် စာပေများ ဖြစ်သွားတတ်ပါသည်။ ထိုအချက်ကို မိဘဆရာများက သတိထားလျက် သုံးသပ်နေကြရပါ မည်။ ထို့ကြောင့် ကလေးစာပေကို လေ့လာဖတ်ရှုထားပါလျှင် ကလေး များ အရွယ်အလိုက် ဖတ်ရှုလေ့လာသင့်သော စာအုပ်စာစောင်များကို ရွေးချယ်ပေးနိုင်ပါလိမ့်မည်။ သို့မှသာ ကလေးများ စာပေဖတ်ရှုခြင်းမှ တွေ့ရှိလာတတ်သည့် အခက်အခဲများကို လွယ်ကူစွာ ဖြေရှင်းပေးနိုင် ပါလိမ့်မည်။ စင်စစ်ကလေးစာပေကို ကလေးများ ယေဘုယျ တွေးခေါ် လေ့ရှိသော အဆင့်အတန်း၊ ရှုထောင့်များမှ ကြည့်မြင်သုံးသပ် ရေးသား ခြင်းသာမကကလေးများ၏ စိတ်တွင်လည်းဝင်ရောက်ခံစားကြည့်ကာ ဖွဲ့နွဲ့ရေးသားသင့်ပါသည်။ ကလေးစာပေ ဖန်တီးရေးသားရာတွင် မူလတန်းအောက်အဆင့် ကလေးများဖတ်ရှုရန် စာပေနှင့် မူလတန်း အထက် အဆင့် အရွယ် ကလေးများဖတ်ရှုရန် စာပေများသည် တူညီမယောင်ယောင်နှင့် မတူညီကြပါ။ အသက် အရွယ်အလိုက် အသိပညာရင့်ကျက်မှု ကွာခြားသောကြောင့် အဆင့်ခွဲခြား ရေးသား ပြုစုမှသာ ကလေးများသည် သူတို့၏ အသက်နှင့် အသိပညာအဆင့် အတန်းအလိုက် စာပေမှ ဆိုလိုရင်းကို စိတ်ကျေနပ်မှုရှိစွာ သိမြင် သဘောပေါက်ကြပါလိမ့်မည်။ အဓိကအားဖြင့် ကလေးစာပေ၏ဇာတ်လမ်း၊ ဇာတ်ကွက်တစ်ခု တွင် ပေးလိုသော အချက်အလက် တစ်ခုကိုသာ တင်ပြသင့်ပါသည်။ တင်ပြရေးသားချက်သည်လည်း ကလေးတို့၏ စိတ်အလျဉ်ထဲသို့ လျှောခနဲ ဝင်ရောက်သွားရန် ဖတ်ရှုနိုင်သည့် ဖန်တီးမှုဖြစ်ရပါမည်။ ရေးသားချက်တွင် အထူးသဖြင့် မူလတန်းအောက်အဆင့် အရွယ် ကလေးများအတွက် ခက်ခဲစွာ စဉ်းစားရမည့် အကြောင်းအရာများ မပါဝင်သင့်သေးပါ။ ဖတ်လိုက်သည့်စာသည် တိုတိုရှင်းရှင်းနှင့် ချောချောပြေပြေ ဖြစ်သင့်ပြီး စာသားနည်းနည်းသာ ပေးထားသင့် ပါသည်။ မူလတန်းအထက်အဆင့် ကလေးများမှာမူ ကျောင်းတွင် သင်ယူရသော ကျောင်းစာ၏ အထောက်အပံ့ကြောင့် စကားပြေ လွယ်လွယ်သာမက ကာရန်ပါပြီး အနက်လွယ်ကူစွာ ဖော်နိုင်သည့် စာချိုးပြေပြေများကို ဖတ်ရှုနိုင်စွမ်း ရှိနေကြပါပြီ။ ထိုသို့သော စာပေ တင်ဆက်မှုမျိုးသည် စာဖတ်သူ ကလေးများ၏ စိတ်တွင် တစ်သက်လုံး စွဲမှတ်သွားနိုင်စေသည့် အစွမ်းသတ္တိရှိပါသည်။ ထို့ကြောင့် နုနယ်သော အသိဉာဏ်ကလေးများတွင် တစ်သက်လုံး စွဲမှတ်သွားစေရန် အရွယ်နှင့် ကိုက်ညီသော စာပေများ ဖန်တီးပေးသင့်ပါသည်။ ဇာတ်လမ်းဇာတ်ကွက်တစ်ခုတွင် စာရေးသူက ပေးလိုသော အချက်အလက်သည် တစ်ခုထက်ပိုနေပါက စာဖတ်သက် နုနယ်သော ကလေးများအနေဖြင့် ဖတ်ရှုမှတ်သားရာတွင် ရောထွေးသွားနိုင်ပါသည်။ ဓယဘုယျအားဖြင့် မူလတန်းအောက်အဆင့် ကလေးများ ဖတ်ရှုရန် စာပေမှာ အရုပ်များများ စာနည်းနည်းဖြစ်ပြီး တစ်ခါတစ်ရံ ရေးသားထား သော စာများသည် ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်ချင်မှ ဖြစ်နိုင်ပါသည်။ သို့သော် ကလေးများ အနေဖြင့် စာအုပ်စာစောင်တွင် ပါဝင်သော စာပိုဒ် များကို ဖတ်ရှုနိုင်လိုက်ခြင်းဆိုသည့် မိမိကိုယ်မိမိ ဂုဏ်ယူသည့် စိတ်က နောက်ထပ်စာပေများ ဖတ်ရှုနိုင်ရန် တွန်းအား ဖြစ်သွားပါသည်။ ယင်းအဖိုးတန်တွန်းအားကို မိဘဆရာများက ဆက်လက်ထိန်းသိမ်း ပေးရပါမည်။ ကလေးများ ဖတ်ရှုမည့် စာပေအတွက် ရေးသားမှုဟန်သည် ဖတ်ရှုရန် လွယ်ကူညက်ညာရမည်ဖြစ်သကဲ့သို့ တင်ပြလိုက်သည့် စာပိုဒ်တွင်ပါဝင်သည့် ဇာတ်ဆောင်များ၏ အမည်များသည်လည်း စာလုံးပေါင်းဖတ်ရန် ခက်ခဲပြီး လက်တွေ့ ပတ်ဝန်းကျင်တွင် ရှားပါးလှ သည့် အမည်များ မဖြစ်စေရန် လိုပါသည်။ ဖြစ်နိုင်ပါက ကလေးဇာတ် ဆောင်များ၏ အမည်များသည် တိုတိုလွယ်လွယ် ဖြစ်ရပါမည်။ စာဖတ်သူ ကလေးငယ်၏ စိတ်တွင် စာပိုဒ်ဆုံးသည်အထိ မှတ်သားထား နိုင်သောအမည်များဖြစ်သင့်ပါသည်။ ။ စာပေကို ဖတ်ရှုလိုစိတ်ရှိလာခြင်း ၊ စာဖတ်စကလေးများအတွက် သူတို့ဖတ်ရှုသော စာပေသည် ကျောင်းသင်ခန်းစာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူပြုနိုင်သလို ကျောင်းစာကို သင်ယူရသောကြောင့်လည်း ကျောင်းပြင်ပစာပေများကို ဖတ်ရှုရာတွင် အထောက်အကူများစွာ ရရှိပါသည်။ ဥပမာ စာပေဖတ်ရှုခြင်းကြောင့် စာလုံးပေါင်းသတ်ပုံရေးထုံး ကို သတိထားမိပြီး မှန်ကန်တိကျလာခြင်း၊ ကဗျာတိုစများ၊ စာပိုဒ်များကို ဖတ်ရှုရသောကြောင့် ကျောင်းစာတွင်ပါသော ကဗျာကလေးများနှင့် စာပိုဒ်များကိုလည်း ဖတ်ရှုချင်စိတ်ဖြစ်ပေါ်လာခြင်း၊ စာဖတ်ဝါသနာ ပါလာပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ကို ကိုယ်တိုင်လွယ်ကူစွာ ဖတ်ရှု လာနိုင်ခြင်း၊ ဇာတ်ဆောင်များ၏ ကောင်းသောအမူအကျင့်များကို နမူနာယူလာခြင်း၊ စာပိုဒ်ငယ်များကို ဖတ်ရှုနိုင်လာသောကြောင့် စာပိုဒ် ရှည်များကို ဖတ်ရှုရန် တွန်းအားတစ်ရပ် ဖြစ်လာခြင်း၊ ဖတ်ရှုလိုက်သော စာပေမှ နားမလည်သည်များကို ကျော်ဖတ်မသွားဘဲ နားလည်သူများ ထံတွင် မေးမြန်းတတ်လာခြင်း၊ ပို၍အဓိပ္ပာယ်ပြည့်ဝသော စာပေကို ဖတ်ရှုလိုစိတ်ရှိလာခြင်း စသည့် ကောင်းကျိုးများ ရရှိစေနိုင်ပါ သည်။ ထို့ကြောင့် ကလေးများဖတ်ရှုရန်စာပေကို ရေးသားဖန်တီးရ သည်မှာ များစွာ တာဝန်ကြီးလှပါသည်။ လူကြီးများ ဖတ်ရှုရန်အတွက် မှာမူ သူတို့အသိဉာဏ်ဖြင့် ခွဲခြားရှာဖွေဆုံးဖြတ် ဖတ်ရှုနိုင်သောကြောင့် တာဝန်များစွာ မကြီးလှပါ။ ထို့အပြင် စာပေဖတ်ရှုခြင်း အရှိန်ရခါစကလေးများ လမ်းလွဲသို့ မရောက်စေရန်နှင့် စာပေဖတ်ရှုလို စိတ်ပျောက်ဆုံးမသွားစေရန် ကလေးများအတွက် စာပေလောကကြီးနှင့် မိတ်ဆက်သည့် အနေဖြင့် ဖန်တီးရမည့် အဖွဲ့အနွဲ့များသည် ကလေး တစ်ဦးချင်းစီ လျှောက်လှမ်းရမည့် စာဖတ်ဝါသနာ လမ်းကြောင်း ခိုင်မာရေးတွင် များစွာအရေးပါလှပါသည်။ ဇာတ်အိမ်ဖွဲ့ ရေးသားတင်ပြခြင်း ။ စာဖတ်ခါစ ကလေးများအတွက်မှာမူ တင်ပြမည့် အကြောင်း အရာကို အခြေခံလျက် ကလေးများ၏ အတွေးနှင့် အနီးစပ်ဆုံး ဟပ်မိစေရန် တွေးတောကြံဆ ရေးသားရပါမည်။ ငိုစရာ၊ ရယ်စရာ၊ လွမ်းဆွေးစရာ ဇာတ်လမ်းဇာတ်ကွက် အလှအပ အကြောင်းအရာများ သည် စာဖတ်တတ်စ၊ စာဖတ်ချင်စိတ်ဖြစ်ပေါ်ခါစ မူလတန်းအောက် အဆင့်အရွယ် ကလေးများအတွက် မလိုအပ်သေးပါ။ သို့သော် ရောင်စုံအရုပ်များ၊ စာအုပ်များ၊ ရုပ်ရှင်း တီဗွီ ဇာတ်လမ်းများထဲတွင် မကြာခဏတွေ့ရသည့် ဝက်ဝံကြီးများ၊ ဆင်ကြီးများ၊ ဝံပုလွေကြီးများ၊ ငါးကြီးများ၊ ပြင်ပတွင် အသက်ရှင်လျက် လှုပ်ရှားသွားလာနေသော ခွေး၊ ကြောင်း ကြွက်၊ ငှက် စသည့် သတ္တဝါများကို သူတို့ ဖတ်ရှုလေး စာများတွင် တွေ့ရလျှင် ကလေးတို့ များစွာနှစ်သက်ကြောင်း တွေ့နိုင် ပါသည်။ အဆိုပါလက်လှမ်းမီ တွေ့မြင်ရသော တိရစ္ဆာန်များအကြောင် ကို ကလေးများ ဖတ်ချင်ကြသည်။ စာကိုဖတ်ရင်း ပုံကို တစ်ဝကြည့် ချင်ကြသည်။ ထိုတိရစ္ဆာန်များပါသည့် ပုံပြင်များကို နားထောင်လို ကြသည်။ ယင်းသည်ပင် ကလေးစာပေ၏ စွမ်းဆောင်ချက်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ရေးသားတင်ပြချက်သည် ကလေးကို ပတ်ဝန်းကျင်တွင် နေ့စဉ်တွေ့မြင်နေကျ အကြောင်းအရာများ အရာဝတ္ထုများကို အသုံးပြုပြီး ဇာတ်အိမ်ဖွဲ့ ရေးသားတင်ပြခြင်း ဖြစ်သင့်ပါသည်။ ထို့ကြောင့် ပန်းပင်ကလေးတစ်ပင်သည်လည်း ကလေးများ အတွက် ဖတ်စရာ စာပေအဖွဲ့အနွဲ့ တစ်ခု ဖြစ်နိုင်ပါသည်။ သစ်ရွက် လှလှလေးကိုလည်း ကလေးတို့ပတ်ဝန်းကျင်မှ ဆွဲထုတ်ကာ စာ ပေါ်တွင် တင်ပြနိုင်ပါသည်။ လိပ်ပြာကလေးများ၊ ငှက်ကလေးများ တိမ်ရောင်စုံများ၊ သက်တံများ၊ မိုးစက်မိုးပေါက်အောက် ဖားကလေး၊ ငါးကလေးများ ရောင်စုံပန်းပွင့်ကလေးများ၊ ရေစီကြောင်းကလေးများ၊ ရွယ်တူကလေးငယ်များ စသည်တို့ကို ကလေး များက ပတ်ဝန်းကျင် ကို နေ့စဉ်တွေ့မြင်နေရာမှ သူတို့ဖတ်ရှု လိုက်သော စာပေတွင် တွေ့လိုက်ရသောအခါ အမှတ်ထင်ထင်ရှိလာ စေရန်အတွက် အသိကလေးများ ဝေငှပေးခြင်းဖြင့် ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေး တိုးမြင့်လာစေနိုင်ပါသည်။ ကလေးစာပေသည် အသိဉာဏ်နုနယ်သေးသော ကလေ၊ များဘဝတွင် စာပေလေ့လာ ဖတ်ရှုလိုစိတ် ဖြစ်ပေါ်စေရန် အောက်ဆုံးလှေကားထစ် ဖြစ်ပါသည်။ မည်မျှ ကောင်းမွန် လှပသော အဆောက် အအုံဖြစ်ပါစေ အောက်ခြေအုတ်မြစ် ခိုင်မာမှသာ ကြာရှည်တည်တံ့ ပါမည်။ သို့အတွက် ကလေးများ အသိဉာဏ်ဖွံ့ဖြိုးရေး အောက်ဆုံးလှေကားထစ်ကို ခိုင်မာစေရန် စာဖတ်ချင်စိတ် ဖြစ်ပေါ်လာစေရေ အတွက် ဆွဲဆောင်နိုင်သော ကလေးများအတွက် စာပေအာဟာရများ ဖန်တီးရေးသားသင်ကြောင်း တင်ပြလိက်ပါရသည်။ ။ နွေဦးမောင်