Skip to main content

အမှန်မြင်နိုင်ပါစေ

“မိမိ၏ စိတ်ကို ထိန်းချုပ်ခြင်းတည်းဟူသော ဆုကိုသာ တောင်းပါ သည် ဘုရား” (အာသောကမင်းကြီး) တစ်နေ့က စာရေးဆရာကြီး မောင်ကောင်းမြင့်ရေးသားသည့် “မြတ်ဗုဒ္ဓဒေသနာ ခြေရာဖွေရှာ မဇ္ဈိမမှာ” စာအုပ်ကို ရုံးပိတ်ရက်လေး မှာ ဖတ်ရင်း “ဆီးဖြူကဗျာနှင့် လက်ဗလာ” ဆောင်းပါးလေးထဲက အာသောကမင်းကြီးရဲ့ ဆုတောင်းလေးကို ဖတ်မိရင်း သံဝေဂတရား များနှင့်အတူ ဤဆောင်းပါးလေးကို ရေးသားမိခြင်းဖြစ်ပါသည်။ မိမိစိတ်ကို ထိန်းချုပ်ခြင်း စိတ်ကိုထိန်းချုပ်ဖို့ အလွန်ခက်ခဲပါသည်။ ပုထုဇဉ်လူသားတိုင်း လောဘ၊ ဒေါသ၊ မောဟ၊ သောကများနှင့် မကင်း။ နေ့စဉ်ထိုအရာများ နှင့် ကြုံတွေ့ခံစားနေကြသူများပင်။ ဘာသာတရား၏ အဆုံးအမ ဓမ္မများနှင့် လောဘ၊ ဒေါသ၊ မောဟ၊ သောကတရားတွေကို နည်းနိုင် သမျှ နည်းအောင် ကြိုးစားကျင့်ဆောင်ရင်း စာရေးသူတို့ နေ့စဉ် ဖြတ်သန်းနေကြရသည်။ ပုထုဇဉ်များပီပီ ထိုအရာများနှင့် မကင်းနိုင် ကြ။ အနည်း အများသာ ကွာခြားကြ၏။ တရားရှာ ကိုယ်မှာတွေ့ ဆရာကြီးမောင်ကောင်းမြင့်၏ “ကိုယ်မှာတွေ့နိုင်လျက် မေ့နေ သောတရားများ” ဆောင်းပါးတစ်ပုဒ်၏စာစုလေးအချို့ကို စာရေးသူ မှတ်သားရင်း စာဖတ်သူကို ပြန်လည်မျှဝေပါရစေ။ အဆိုပါ ဆောင်းပါးတွင်“ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံတွင် တရားစစ်၊ တရားမှန်ကို ဒေသနာသုံးရပ်နှင့်အညီ ရှာဖွေနိုင်ပေသည်။ (ဒေသနာသုံးရပ်မှာ အာဏာဒေသနာ(ဝိနည်း)၊ ဝေါဟာရဒေသနာ(သုတ္တန်)နှင့် ပရမတ္တ ဒေသနာ(အဘိဓမ္မာ)တစ်နည်းအားဖြင့် အဿာဒဒေသနာ=လောကီ ချမ်းသာတရား၊ အာဒိနဝဒေသနာ= လောကီ၏ ဆင်းရဲမှုတရားနှင့် နိဿရဏဒေသနာ=သံသရာမှ လွတ်မြောက်ရာ တရားတို့ဖြင့် ကောင်းစွာ ကျင့်သုံး၊ နေထိုင်၊ လွတ်မြောက်နိုင်သည်) ဗုဒ္ဓ၏ တရားတော်တွင် လောကီချမ်းသာ(တစ်ဦးချင်းနှင့် လူ့အဖွဲ့ အစည်း)အတွက် ကျင့်သုံးနိုင်သော ကိုယ်ကျင့်ဆိုင်ရာ များစွာ ပါရှိ၏။ သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ၊ မဂ္ဂင်ရှစ်ပါးလာ ကောင်းစွာ အသက်မွေးနေထိုင်မှုလမ်းညွှန်များ၊ မင်းကျင့်တရားများ၊ အပရိဟာနိယတရား(မင်းလူ)ကျင့်ဝတ်များ စသည်......” လောကုတ္တရာ အတွက်ကား ဗုဒ္ဓသည် လောကဒုက္ခအပေါင်းမှ လွတ်မြောက်ရန် ကျင့်ကြံ အားထုတ်ခဲ့သည်ဖြစ်၍ စိတ်၏ငြိမ်းချမ်းမှုမှသည် ဘဝမဖြစ် သည့် (နိဗ္ဗာန်)အထိ ကျင့်ကြံပွားများ အားထုတ်အပ်သော တရားများ ကို လမ်းညွှန်သွန်သင်ဆုံးမဟောကြားခဲ့သည်ဖြစ်၏။ ဤမှ ပြီးပြည့်စုံသော တရားမြတ်များကို မိမိတို့၏ အဆင့် အလျောက် အနိမ့်ဆုံးငါးပါးသီလမှ ငါးပါးစလုံး မပြည့်စုံသော်လည်း တစ်ပါးမက ကျင့်သုံးနေထိုင်ပါက မိမိအတွက်လည်းကောင်း၊ မိမိ မိသားစုမှသည် ပတ်ဝန်းကျင်နှင့်အများအတွက်ပါ အကျိုးရှိသည်ဖြစ်၏။ ( တစ်နည်း နိုင်ငံကြီးပွားချမ်းသာရာအထိပြည့်စုံကောင်းမွန်သောတရား များဖြစ်၏။ သို့ပါလျက်ဤတရားများကို မလေ့လာ၊ မဆင်ခြင်၊ မသင်ယူ၊ မပွား များဘဲ အကန်းအန္ဓပုထုဇဉ်အဖြစ် နေထိုင်ကျင့်သုံးလျက်ရှိကြသည်။ ထို့ကြောင့်လည်း မှားယွင်းသော မိစ္ဆာဒိဋ္ဌိအယူများ အကျင့်များသည် ဖြစ်လျက်သာရှိ၏။ ဤအကြောင်းတရား၏ အကျိုးကား လောက၌ ငြိမ်းချမ်းမှုကင်းမဲ့ လျက် တစ်ဦးချင်းမှသည် လူ့အဖွဲ့ အစည်းအထိ အပူမီးတောက်လောင် လျက်ရှိ၏။ လောဘ၊ ဒေါသ၊ မောဟမီးများသည် လူ၏ခန္ဓာကိုယ်၌ မမြင်ရသောအပူငွေ့မှ ပြင်ပတွင်မြင်ရသော မီးကြီးအဖြစ် အကြီးအကျယ် လောင်လျက်ရှိ၏။ တရားဥပဒေမဲ့ကင်းလျက်ရှိ၏။ အဆုံးကား လူသား တို့သည် မြတ်ဗုဒ္ဓဟောကြားတော်မူသော အမြတ်တရားရှိလျက် မေ့လျော့ပေါ့ဆ “သတိ” ကင်းစွာပြုခြင်း၏ အကျိုးများစွာကို ခံစား နေရခြင်းဖြစ်တော့သည်။ “တရားရှာကိုယ်မှာတွေ့၊ မေ့သည့်တရား အနားမှာ”ပင်ဖြစ်သည်။ တွေးမိပါသည်။ ဆရာကြီးမောင်ကောင်းမြင့်၏“မြတ်ဗုဒ္ဓဒေသနာ ခြေရာရှာ မဇ္ဈိမမှာ” စာအုပ်၏ “ကိုယ်မှာတွေ့နိုင်လျက် မေ့နေသော တရားများ” ဆောင်းပါးလေးက စာရေးသူကို အတွေးများစွာနဲ့ အမှန် အမှားကို ဝေဖန်ပိုင်းခြားနိုင်အောင် အလင်းပြပေးနေသကဲ့သို့ နိုင်ငံသား အားလုံး၊ လူသားအားလုံးအတွက် မြတ်ဗုဒ္ဓ၏ ဆုံးမစကားများပင် မဟုတ်လား။ ။ ဘာသာတရားများ၏ အဆုံးအမနှင့်အညီ လူသားတိုင်းသည် မိမိတို့၏ ယုံကြည်ရာဘာသာတရားများ၏ အဆုံးအမအောက်တွင် နေထိုင်ကြ၏။ ယုံကြည်ကိုးကွယ်ရာ ဘာသာ အသီးသီး၏ အဆုံးအမ၊ လိုက်နာကျင့်ကြံ ရမည့်တရား၊ မေတ္တာတရား ကိုယ်စီဖြင့် နိစ္စဓူဝ နေ့စဉ်လိုက်နာကျင့်သုံးကြလျှင် ဘယ်လောက် များကောင်းကြမည်နည်း။ ကမ္ဘာလောကကြီးသည်လည်း အေးချမ်းလိမ့် မည်။ ယခုတော့ ကမ္ဘာ့နိုင်ငံအချို့တွင် အယူစွဲ၊ ဝါဒစွဲ၊ လူပုဂ္ဂိုလ်အစွဲ၊ ပါတီအစွဲများကြောင့် နိုင်ငံလည်း ဖရိုဖရဲဖြစ်ကာ သောကမျက်ရည်ဝေ ခဲ့ကြရသည်။ ကမ္ဘာကြီး တစ်နေရာတွင် ငြိမ်းချမ်းနေသော နိုင်ငံများရှိကြ သလို လောဘ၊ ဒေါသ၊ မောဟများ တောက်လောင်လျက် သောကပွားနေ ကြသည့် နိုင်ငံသားများလည်း ရှိကြသည်။ ဆိုရပါလျှင် ကမ္ဘာ့လူသားများအားလုံး မိမိတို့မြန်မာနိုင်ငံသူ နိုင်ငံသားများအပါအဝင် ဘာသာတရားများ၏ အဆုံးအမနှင့်အညီ နေထိုင်ရင်း အကြောင်းအကျိုး၊ အမှန်အမှားကို ဉာဏ်မျက်စိများဖြင့် မြင်နိုင်ကြမည်ဆိုလျှင် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက် နိုင် လိမ့်မည်ဟု စာရေးသူ တစ်ထစ်ချ ယုံကြည်ပါသည်။ ဆင်ခြင်တုံတရား ဘာလိုလိုနှင့် စာရေးသူ၏ နိုင်ငံ့ဝန်ထမ်းလုပ်သက် နှစ်(၃၀)ပြည့် တော့မည်။ ဝန်ထမ်းသက်တမ်းတစ်လျှောက် အောက်ခြေဝန်ထမ်း ဘဝမှ ပြန်တမ်းဝင်အရာရှိဖြစ်လာသည်အထိ ဖြတ်သန်းခဲ့ရသော ဝန်ထမ်းဘဝ၊ တာဝန်ထမ်းဆောင်ခဲ့သည့် နေရာဒေသအသီးသီးတွင် ဆုံးဖြတ်ခဲ့မိသော၊ လုပ်ခဲ့မိသော ဖြစ်စဉ်များ၏ အမှန်၊ အမှားကိုယနေ့အချိန်တွင် ဆင်ခြင်တုံတရားဖြင့် ပြန်စဉ်းစားမိပါသည်။ " ဪ.............. အဲဒီတုန်းက ငါဆုံးဖြတ်ချက်ချခဲ့တာ မှားခဲ့ပါလား" “ဒီဆုံးဖြတ်ချက်ကတော့ မှန်တယ်” ဟု ပြန်စဉ်းစားရင်း အစားထိုး မရနိုင်သည့် ကုန်လွန်ပြီးသော အချိန်များကို နှမြောတမ်းတရင်း ယနေ့ လုပ်ခွင့်ရှိနေသေးသည့်အချိန်တွင် အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သေးသည်ဟု အားတက်မိသေးသည်။ သားတို့အတွက် အမွေ နောက် ဆယ်စုနှစ်တစ်ခုဆိုလျှင် သက်ပြည့်ပင်စင်စားရတော့ မည်။ လုပ်သက်(၃၀)ပြည့်နှင့် သက်ပြည့်ပင်စင်ယူလျှင် မဝေးတော့ မိမိတာဝန်ထမ်းဆောင်ခဲ့သည့် ဌာနအတွက် မိမိတို့၏ ရာထူးနေရာ တွင် ပခုံးပြောင်းတာဝန်ယူကြမည့် တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွား၊ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းငယ်လေးများအတွက်၊ မိမိ၏ သားသမီးအရင်းနှင့် အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့် လူငယ်လူရွယ်များအတွက် ကောင်းမွန်သော အမွေများထားခဲ့ကြရ မည်။ လက်ဆင့်ကမ်းခဲ့ကြရမည်။ စာပေဖြင့် ဖြစ်စေ၊ ပြောဆိုသင်ပြခြင်း ဖြင့် ဖြစ်စေ အမှန်အမှားကို ဆင်ခြင်တုံတရားဖြင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိအောင် လမ်းပြခဲ့ရမည် မဟုတ်လား။ ခေတ်များကို ဖြတ်သန်ခြင်း ၊စာရေးသူ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ခေတ်မှာ လူဖြစ်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝတွင် ၈၈ အရေးအခင်း ဖြစ်ခဲ့သည်။ နောက်တော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေး(နဝတ)ခေတ်မှာ နိုင်ငံ့ဝန်ထမ်းဖြစ်ခဲ့သည်။ သည်လိုနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်မှ ယနေ့ပါတီစုံ ဒီမိုကရေစီခေတ်အထိနိုင်ငံရေးအရကျင့်သုံးခဲ့သည့်ခေတ်များအလိုက် အုပ်ချုပ်သူအစိုးရအဖွဲ့ အသီးသီး၏ ပေးအပ်သော တာဝန်များကို နိုင်ငံ့ဝန်ထမ်းပီပီ ကျေပွန်စွာထမ်းရွက်ခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းမဟုတ်လား။ အစိုးရအဖွဲ့၏အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရေးနှင့် နိုင်ငံ၏ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ဘဝ သာယာလှပရေးအတွက် နိုင်ငံတော် အေးချမ်းသာယာရေးအတွက် တတ်စွမ်းသမျှ ဖော်ဆောင်ရမည်မှာ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်း များမဟုတ်လား။ အမှန်မြင်နိုင်ပါစေ အထက်တွင် ဘာသာတရားအဆုံးအမနှင့်လည်း စာရေးသူ စကားပလ္လင်ခံရေးသားခဲ့ပြီးဖြစ်သလို ဆောင်းပါး၏ စာကိုယ်၊ နိဂုံးတွင် လည်း အကြောင်းအကျိုး၊ အကောင်းအဆိုးတချို့ ကိုလည်း မိမိဉာဏ်မီ သမျှ အသိလေးဖြင့် မျှဝေရေးသားခဲ့ပြီး ဖြစ်ပါသည်။ မိမိချစ်သော ပြည်သူများ၊ လုပ်ဖော်ကိုင်ဖက် နိုင်ငံ့ဝန်ထမ်းများ ခင်မင်ရင်းနှီးရသော မိတ်ဆွေများလည်း လောဘ၊ ဒေါသ၊ မောဟ၊ သောကကင်းစွာဖြင့် မေတ္တာခြုံလွှမ်း ဘေးမသန်းအေးချမ်းစေကြောင်း နေ့စဉ်ဆုမွန်ကောင်း တောင်းရင်း အမှန်မြင်နိုင်ကြပါစေဟု ရေးသားလိုက်ရပါသည်။ ။ မင်းသန်းနိုင်(မုဒုံ)