မဗျိုင်းသို့ အိတ်ဖွင့်ပေးစာ
မေချိုးဖြူ
အခုတစ်လော ကျွန်မတို့ပတ်ဝန်းကျင်မှာ နာမည်ကျော်ကြားလူသိ များသောကိစ္စမှာကား CDM ဆိုတဲ့ အခြင်းအရာပေတည်း။ မသိသူ ကျော်သွား သိသူဖော်စားလို့ဆိုရမှာကလည်း အခက်သား။ မသိသလို ကျော်သွား လို့မရသလို မသိဟန်ဆောင်လို့ကလည်း မရပါ။ မသိ သိအောင်၊ မကြား ကြားအောင်၊ မလုပ် လုပ်အောင် နည်းမျိုး စုံသုံးလို့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် သုံးတဲ့နည်းတွေက အပေါသား။
မည်သို့ပင်ဆိုစေ ကျွန်မကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ် CDM လုံးဝမလုပ်ပါ။ ကျွန်မခံယူချက်ကတော့ ရှင်းပါ တယ်။ ကျွန်မဟာ ဝန်ထမ်းမိသားစု အသိုင်းအဝိုင်းက ပေါက်ဖွားပြီး ဝန်ထမ်းလုပ်ဖို့ ရည်ရွယ်၍ ပညာ သင်ကြား ကာ ဝန်ထမ်းဘဝဖြင့် ကိုယ့်နိုင်ငံကို တစ်ဖက်တစ်လမ်းက အလုပ်အကျွေးပြုဖို့ပင် ဖြစ်ပါတယ်။ နိုင်ငံသား တစ်ဦး အနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ပါတီကို မဲပေးခဲ့ပြီး မိမိမြတ်နိုးတဲ့ ဝန်ထမ်းဘဝတာဝန်တွေကိုသာ အေးချမ်းစွာ ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မ ဘာကြောင့်အခုလို ပြောနေရသလဲဆိုတာ အကြောင်းက ရှိနေပါတယ်။ ကျွန်မတို့ဝန်းကျင်မှ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်ငယ် ညီမငယ်အချို့ CDM လုပ်ကြတယ်။ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည် ချက်နဲ့ကိုယ် ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ရပါတယ်။ လူ့စည်း၊ လူ့ကျင့်ဝတ်၊ လူ့အခွင့်အရေးအရ မတားပါ။ နောက်တစ်ချက်က သူတို့လေးတွေဟာ ခေတ်ပညာတတ် မျိုးဆက်သစ်တွေပီပီ တက်ကြွ လှုပ်ရှားမှု အားမာန်အပြည့်ဖြင့် ကျွန်မတို့နဲ့အတူလုပ်ငန်းတာဝန်တွေ ကို ဆယ်စုနှစ်ကျော်၊ ဆယ်စုနှစ်နီးပါး လက်တွဲညီညီ ထမ်းရွက်ခဲ့ ကြသူတွေမို့ လေးစားခဲ့တာပါ။
ဒါပေမယ့် အမှတ်မထင် ပြောင်းလဲသွားတဲ့ တစ်ဒင်္ဂလေးအတွင်း ကျွန်မအတွက် မယုံနိုင်စရာပါ။ ဘွဲ့ရပြီး လုပ်ငန်း ခွင်စတင်ဝင်တဲ့ အချိန်ကစလို့လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ ပညာရပ်တွေ၊ လူမှုရေး၊ ကျန်းမာ ပျော်ရွှင်ခဲ့ကြဖူးတဲ့ သူတွေဟာ အခုဆို သူစိမ်းသဖွယ်ဆိုတာထက် ရန်သူလိုဆက်ဆံခဲ့ကြပါပြီ။ တကယ်ပဲ ဝမ်းနည်းယူကျုံးမရ ဖြစ်ရ ပါတယ်။ ။
သူတို့နဲ့ရာမတူတဲ့အခါ အရင်က ခင်မင်တွယ်တာခဲ့တဲ့ သံယောဇဉ်တွေကိုတောင် မငဲ့ကွက်ဘဲ ရာထူးနဲ့ ပတ်သက်ပြီး တစ်မျိုး၊ လူမှုရေးနဲ့ပတ်သက်ပြီး တစ်သွယ်၊ တိရစ္ဆာန်နဲ့ နှိုင်းလိုနှိုင်း စတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက် မှုတွေနဲ့ စိတ်ထွက်ပေါက်လိုတင်ချင်တိုင်းတင်လို့ ရနေတဲ့ ဖေ့စ်ဘွတ်လို့ခေါ်တဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမနာပပြောဆိုရေးသားတာတွေ မြင်သိကြားသိရတော့ စိတ်မကောင်း ဖြစ်မိပါ တယ်။ ကိုယ့်ထက် တစ်ရက်၊ တစ်မနက်ကြီးသူကိုတောင် ရိုသေရမယ်လို့ ဆုံးမသွန်သင်မှုတွေနဲ့ ကြီးပြင်းခဲ့တဲ့ ကျွန်မတို့ လူမျိုးတွေ၊ အခုတော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာလို့တောင်ဆိုရမယ့် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေကို ရန်သူသဖွယ် ပြောဆိုနေကြပါတယ်။
ကျွန်မတို့ ဗုဒ္ဓဘာသာမှာ ခင်ပွန်းကြီးဆယ်ပါးဆိုတာ ရှိပါတယ်။ အဲဒီအထဲမှာ ကျွန်မတို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မိဘ၊ ဆရာနဲ့ ထမင်းတစ်လုတ် ရေတစ်မှုတ် ကျွေးမွေးဖူးတဲ့သူတွေပါပါတယ်။ ခင်ပွန်းကြီး ဆယ်ပါးကို ပြစ်မှား စော် ကား ရင် ဘဝတစ်သက်တာမှာ ဆင်းရဲပင်ပန်း ကြီးစွာရှင်သန်ရတတ်ပြီး နောက်ဆုံးမှာတော့ အပါယ်ဘုံ သို့သွား ရတတ်ပါ တယ်။ အခုဆို သူတို့ဟာ အနည်းဆုံးထမင်းတစ်လုတ်ဆိုတာထက် အချိန်အတိုင်းအတာတစ်ခုအထိ ဒီလုပ်ငန်းကရတဲ့ဝင်ငွေနဲ့ ရှင်သန် ခဲ့ကြဖူးသူတွေပါ။
တစ်ဆက်တည်းမှာပဲ ငယ်ငယ်ကကြားခဲ့ဖူးတဲ့ ပုံပြင်ဇာတ်လမ်း တွေကို ပြန်ပြောင်းသတိရမိပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ဘဝမေ့တတ်တဲ့ ဆီးသီးသည် မဗျိုင်းဇာတ်လမ်းနဲ့ ဆရာကိုစော်ကားလို့ အာခေါင်လှံစူးပြီး ဘဝ ဆုံးရတဲ့ နွားကျောင်းသားဇာတ်လမ်းတွေပါ။ တချို့လည်း သိပြီးသားတွေဖြစ်မှာမို့ အကျယ်တော့ မပြောတော့ ပါဘူး။
တစ်ခါက နွားကျောင်းသားတစ်ယောက်က ဗျိုင်းတစ်ကောင် လယ်ကတွတ်ပေါက်မှာ ငါးဖမ်းတာကိုမြင်ပြီး လိုက်လေ့ ကျင့်ရာက တစ်နေ့ ရှင်ဘုရင်ရဲ့ ရှေ့တော်မှောက်မှာ လှံတံကိုမိုးပေါ်ပစ်ပြီး ပါးစပ်နဲ့ ဖမ်းပြနိုင်တဲ့အထိ ထူးချွန် ထင်ရှားခဲ့ပါတယ်။ ဘုရင်နဲ့တကွ တိုင်းသူ ပြည်သားတွေ ရင်သပ်ရှုမောအံ့အားသင့်ခဲ့ရပြီး သူရဲကောင်း အဖြစ် ချီးမြှင့်မြှောက်စားခြင်း ခံခဲ့ရပါတယ်။ ဒီလိုနဲ့ နွားကျောင်းသားကို သူ့ရဲ့ဆရာ ဘယ်သူလဲလို့မေးရာ နွား ကျောင်းသားမှာ သူ့ဆရာဟာ ဗျိုင်းဆိုတဲ့တိရစ္ဆာန်တစ်ကောင်လို့ ပြောရမှာရှက်လို့ ဆရာမရှိပါဘူးလို့ လိမ်ညာပြီး ဖြေခဲ့ပါတယ်။ ရှက်စိတ်ကြောင့် လိမ်ညာပြောခဲ့ပေမယ့် နောက်တစ်ခါလည်းပြရာ လှံကိုပါးစပ်နဲ့မဖမ်းမိဘဲ အာခေါင်ကို လှံစူးရတဲ့ အဖြစ်ဆိုးနဲ့ ကြုံရပါတော့တယ်။
အခုလည်း ကိုယ့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ လည်းဖြစ်၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက် တွေလည်းဖြစ်တဲ့ ဝန်ထမ်းအချင်းချင်းကို မထီမဲ့မြင်ပြောဆိုနေတာဟာ ဝစီဗေဒ ထိတိုင်းရှမို့ သူတို့အတွက် စိုးရိမ် မိပါတယ်။ ဆရာဆိုတာကို မပြောရုံ သာ လိမ်ညာခဲ့တဲ့ ကျောင်းသားလေးတောင် ဒီလိုအဖြစ်မျိုး ကြုံတာ ဆိုရင် အခုလို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကို စော်ကားပြောဆိုမှုတွေအတွက်တော့ စဉ်းတောင် မစဉ်း စားဝံ့ပေ။
နောက်တစ်ခုကတော့ ရုပ်အဆင်းလှပတင့်တယ်မှုကြောင့် ရှင်ဘုရင်က ချီးမြှင့်မြှောက်စားကာ မိဖုရားအဖြစ် တော်ကောက်ခံရတဲ့ ဆီးသီးသည် မဗျိုင်းဇာတ်လမ်းပါ။ သူ့မောင်အရင်းက အစ်မဖြစ်သူ မိဖုရားအား လာတွေ့ တာကို ရှက်လို့ သူ့မောင်မဟုတ်ကြောင်း လိမ်ညာမိရာက ရှင်ဘုရင်ကသိပြီး ဘဝမေ့လို့ ကွပ်မျက်ခံခဲ့ရပါတယ်။ ကိုယ့်ရဲ့ ဘဝရပ်တည်မှုကို ကိုယ်သာအသိဆုံးပါ။ ဒီလိုပါပဲ သူတစ်ပါးရဲ့ ဘဝရပ်တည်ချက်ကလည်း ထိုသူသာ အသိဆုံးမို့ ကိုယ့်ရဲ့ လိုဘတစ်ခု အတွက်ငါ့စကားနွားရနင်ပဲငဆပြောဆိုနေပါက ဇမ္ဗူဒီပါတောင်ကျွန်း ဩဘာ နိမိတ် ထွန်းမို့ ဝစီဗေဒထိတိုင်းရှမှာ စိုးရိမ်မိပါတယ်။ ။
ဒါ့အပြင် တစ်ချိန်က လုပ်ငန်းတာဝန်တွေကို အောင်မြင် ပြီးမြောက်အောင် အေးအတူပူအမျှ ထမ်းဆောင်ခဲ့တဲ့၊ စာပေ လေ့လာ အသိကြွယ်ခဲ့တဲ့၊ လွတ်လပ်တက်ကြွတဲ့၊ ကိုယ်ချင်းစာတရား စာနာ စိတ်ထားတွေနဲ့ သဘော ပြည့်ဝခဲ့တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ကိုယ့်ရဲ့ ယုံကြည်ချက် တစ်ခုကြောင့်ငါနဲ့မတူငါ့ရန်သူအဖြစ်မှတ်ယူပြီး ပြောဆိုနေမယ်ဆိုရင် အာခေါင်လှံစူးတဲ့အဖြစ်မျိုး မကြုံစေချင်သလို ဆီးသီးသည်မဗျိုင်းလိုလည်း မဖြစ်စေ လိုပါ ကြောင်း။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ။