သံစဉ်များနဲ့ ခဏတာ…
ဘဝတစ်ခု ရေရှည်ရှင်သန်နေထိုင်နိုင်ဖို့ဆိုရင် အလုပ်အကိုင်ရယ်၊ ငွေကြေး(ဝင်ငွေ) ရယ်၊ ဆွေးနွေးပြောဆိုနိုင်ဖို့ မိတ်ဆွေကောင်းရယ် မရှိမဖြစ် လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ လုပ်ငန်းခွင်၊ ထိုက်သင့်တဲ့ ဝင်ငွေ(လစာ)၊ ဆုံးမလမ်းညွှန်ဆွေးနွေးပေးမယ့် ဆရာသမားတွေ၊ မိတ်ဆွေတွေ ရှိနေတာတောင်မှ တစ်ခါတစ်ရံ စိတ်မကြည်တာတို့၊ စိတ်ပင်ပန်းတာတို့က ရှိတတ်စမြဲပါ။
လူလတ်ပိုင်းအရွယ်အတွက် စိတ်ပင်ပန်းမှု၊ စိတ်မကြည်မလင် ဖြစ်မှုကို အကောင်းဆုံးကုစားပေးနိုင် တာကတော့ အခန်းထဲ တစ်ယောက်တည်းရှိချိန်မှာ လွတ်လွတ်လပ်လပ်နဲ့ စိတ်ကို မျောလွင့် ပြီး ဂီတနဲ့ ထိတွေ့ပေးလိုက်ခြင်းပါပဲ။ ငယ်စဉ်အချိန်က တိပ်ခွေတို့၊ စီဒီတို့ခေတ်တွေမှာ ကိုယ်ကြိုက်တဲ့အဆိုတော်တွေရဲ့ ထွက်ရှိသမျှ သီချင်းခွေတွေကို မုန့်ဖိုးထဲကစုပြီး ဝယ်ယူစုဆောင်း ခဲ့ပေမယ့် အခုချိန်မှာတော့ အဲဒီတိပ်ခွေတွေ၊ စီဒီချပ်တွေဖွင့်ဖို့ စက်တွေရော အခွေတွေ၊ စီဒီတွေရော ကိုယ့်နားမှာမရှိ။
သိမြင်ကြားခွင့် ရရှိနေပြီ
ကမ္ဘာဟာ ရွာကြီးကဲ့သို့ နီးစပ်ဆက်စပ်နေတဲ့ခုလိုခေတ်ကြီးမှာ ဖုန်းထဲက အင်တာနက်လိုင်း ဖွင့်လိုက်ရုံနဲ့ သိချင်တာတွေ၊ ကြားချင် တာတွေ၊ မြင်ချင်တာတွေကို သိမြင်ကြားခွင့် ရရှိနေပြီမဟုတ်လား။ သီချင်းခပ်အေးအေးလေးတွေ၊ ခံစားလို့ကောင်းတဲ့ သီချင်းတွေသာ နားထောင်ချင်စိတ်ဖြစ်လာတာနဲ့ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ရဲသွင် စတဲ့ အဆိုတော်နာမည်တွေကို ရှာပြီး သူတို့ရဲ့ သီချင်းတွေ နားထောင် နေရင်းနဲ့ Search Box မှာ ပေါ်လာတဲ့ အဆိုတော် ဗဒင်ရဲ့ သီချင်း တွေကိုလည်း နားထောင်ဖြစ်ခဲ့တယ်။
နားထောင်နေရင်း ရောက်လာတဲ့သီချင်းက “သိုးမည်းတွေ အကြောင်း'။ အဲဒီသီချင်း တစ်ခေါက်ဆုံးသွားချိန် ထပ်နားထောင်ချင် သေးတာနဲ့ Repeat လေး နှိပ်ထားပြီး နှုတ်ကလည်း သီချင်းစာသားကို ရသလောက်လေး လိုက်ညည်းနေမိတယ်။ ဟိုးငယ်ငယ်တုန်းက နားထောင်ခဲ့ရတဲ့သီချင်းကို အခုအရွယ် ပြန်လည်နားထောင်လိုက် ချိန်မှာ သီချင်းစာသားပါ အကြောင်းအရာတွေနဲ့ လက်ရှိကာလ အဖြစ်အပျက်တွေကို ချိန်ညှိပုံဖော်မိလိုက်ရာ သိုးမည်းတွေရဲ့ နေရာမှာ ကိုယ်ချစ်ခင် လေးစားရတဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပုံရိပ်တွေ စီတန်းပြီး ပေါ်လာတော့တယ်။
သီချင်းစာသားလေးကို ပြန်ပြီးသတိရအောင် အနည်းငယ် ဖော်ပြပေးချင်ပါတယ်။ “xxxဘုရားကျောင်းလည်း မင်းကမတက်တာ အတော်ကြာပြီ xxx အပေါင်းအသင်းများ စုမိတဲ့အခါ ငယ်စဉ်က အကြောင်းတွေကို ပြန်ပြီးပြောဖြစ်တယ်ဆို မင်းသတင်း မင်းနာမည် မင်းအကြောင်းများ ရောက်လာရင် ပြောရင်း စိတ်ထိခိုက်တယ် မင်းကတော့တို့နဲ့ပါမလာဘဲ အမှောင်ထဲမှာ ဆက်လျှောက်နေဆဲ xxx ဘုရားကျောင်းရှေ့ လမ်းမကြီးပေါ် ငါကိုယ်တိုင်အတွေးများနဲ့ မျောလွင့်ရင်း အိမ်ပြန်မလို့ လမ်းလျှောက်လာစဉ် ဒီကနေ့ ပွဲတော် ဆိုတာ ဘုရားကျောင်းက ထွက်လာသူတွေ တွေ့လိုက်မှ သိလာစဉ် အရမ်းပဲ ဝမ်းနည်းသွားပြီး ရုန်းထွက်ဖို့ ဆုံးဖြတ်တာတွေလည်း ငါမင်းကို ပြောပြချင်တယ် x x x တို့ကတော့ တို့ကတော့ တို့ကတော့ ဘုရားကျောင်းထဲ ပြန်ရောက်တဲ့အချိန် မင်းကတော့ ဝေးဝေးနေနေဆဲ x x x တို့ကတော့ တို့ကတော့ တို့ကတော့ ဝေးဝေးကနေ ဆုတောင်းပေးမယ် ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ xxx မင်းဆိုးလို့ဝရင် မင်းမိုက်လို့ ဝရင် ဘုရားကျောင်းထဲ မင်းလေးလိုက်လာနော် သိုးမည်းဟောင်းကြီး တွေ ပြေးထွက်လာပြီး မင်းကိုကြိုနေမယ် xxx”။
လော်ဘီစကားတွေကြားက ရုန်းမထွက်နိုင်
သီချင်းလေးက ခေတ်တွေကြာခဲ့ပေမယ့် အခုချိန်ကာလ Civil Disobedience Movement (CDM) လုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတချို့ အတွက် စာသားလေးသာ ပြောင်းလိုက်ရင် ကွက်တိဒက်ထိပါပဲ။ သီချင်းကို အကြိမ်ကြိမ်နားထောင်နေရင်း ကိုယ်နဲ့သွေးမတော် မျိုးမစပ် ပေမယ့် နိုင်ငံ့ဝန်ထမ်းအများစုနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ဆုံခဲ့ကြဖူးတယ်။ ရင်းနှီးခဲ့ကြဖူးတယ်။ ရိုင်းပင်းကူညီခဲ့ကြဖူးတယ်။ ဌာနတွေကိုယ်စီ အသီးသီးရောက်ခဲ့ပြန်တော့လည်း အလုပ်ကိစ္စတွေနဲ့ အစည်းအဝေးတွေ၊ နှီးနှောဖလှယ်ပွဲတွေမှာ ဆုံခဲ့ကြရပြန်တယ်။ ကျရာဌာနကို ကိုယ်စား ပြုပြီး လုပ်ငန်းကိစ္စတွေမှာလည်း အပြန်အလှန်ကူညီပေးခဲ့ကြတာတွေကို ပြန်လည်မြင်ယောင်ရင်း လော်ဘီစကားတွေကြားကရုန်းမထွက်နိုင်ဘဲ ရုံးမတက်နိုင်ဖြစ်နေကြတဲ့ မိတ်ဆွေဝန်ထမ်းတွေ၊ ညီငယ် ညီမငယ် ဝန်ထမ်းတွေအတွက် စိတ်မကောင်းဖြစ်ရပြန်တယ်။ ။
CDM မှာ ပါဝင်ဖို့ ထိတ်ထိတ်ကြဲစာသားတွေ လူမှုမီဒီယာမှာ အပြိုင်အဆိုင်တင်ခဲ့ကြတဲ့ တချို့နိုင်ငံ့ဝန်ထမ်းတွေကတော့ ကိုဗစ်-၁၉ ကာလရဲ့ မွန်းကျပ်မှုတွေကို တစ်ပတ်ကျော်လောက် ဖော်ထုတ်ခဲ့ပြီး ချိန်မှာ ဆိုးလို့လည်း ဝသွားပြီ၊ မိုက်လို့လည်း ဝခဲ့ပြီဖြစ်တာကြောင့် လမ်းမှားကနေ လမ်းမှန်ကို ပြန်လှည့်လာပြီး အပြုံးမပျက်ဘဲ ရုံးပြန်လည်တက်နေကြပြီဖြစ်တဲ့အတွက် ဘဝအနေမပျက် ဆက်လက် ရပ်တည်နေနိုင်တာတွေကို တွေ့မြင်ကြားသိရတာကလည်း ဝမ်းသာ စရာပါပဲ။ သီချင်းထဲကလိုပဲ လမ်းမှန်နဲ့ ပို၍ပို၍ အဝေးကို ရောက်သွားကြပြီး CDM ဆိုတဲ့ လမ်းမှားကို လျှောက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အတွက်လည်း ဆုတောင်းပေးရုံမှတစ်ပါး အခြားမရှိတော့သလို လမ်းမှန်ကို ပြေးဝင်လာပြီး ရုံးပြန်တက်ကြမယ့် နိုင်ငံ့ဝန်ထမ်းတွေ ကိုလည်း လုပ်ဖော်ကိုင်ဖက်တွေ၊ ဆရာသမားတွေက နွေးထွေးစွာ ကြိုဆိုနေကြမယ်ဆိုတာ ယုံကြည်နေမိတယ်။ ။
မကောင်းမှုမှာ မွေ့လျော် လူသားတွေရဲ့ စိတ်ဆိုတာက မကောင်းမှုမှာ မွေ့လျော်တတ် တာကြောင့် မကောင်းမှုစရိုက်ဆိုးတွေကို မပြုလုပ်မိဖို့၊ မကျူးလွန်မိဖို့ အတွက် မင်္ဂလသုတ်အစမှာကို “အသေဝနာ စ ဗာလာနံ” ဆိုပြီး တားမြစ်ထားတာ ဖြစ်ပါတယ်။ “မကောင်းမှုတွေဟူသမျှကို မတွေ့ခင် က ရှောင်ကြဉ်လေ။ တွေ့ကြုံလာရင် မလွန်ကျူးနဲ့ အထူးသဖြင့် စောင့်စည်းနေ” ဆိုတဲ့ မင်္ဂလာတရားတော်လာ အဆုံးအမအတိုင်း ကိုယ့်စိတ်နှလုံးကို ပူလောင်စေမယ့်၊ ဆင်းရဲဒုက္ခရောက်စေနိုင်မယ့် CDM မှာ ပါဝင်ခြင်းတွေကို မပြုလုပ်မိအောင် သွေးထိုးလှုံ့ဆော်မှု မပြုမိအောင် နိုင်ငံ့ဝန်ထမ်းအသီးသီးက ဝိုင်းဝန်းထိန်းသိမ်း လိုက်နာ ကြဖို့ လိုပါတယ်။
သီတဂူဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒစကားတစ်ခုကို ထုတ်နုတ်ဖော်ပြရရင် “အမှားလုပ်ပြီး လူချစ်မခံပါနဲ့၊ အမှန်လုပ်ပြီး လူမုန်းခံလိုက်ပါ။ အဲဒီအမှန်တရားက သံသရာမှာ အားဆေးတစ်ခွက် ဖြစ်လိမ့်မယ်” လို့ မိန့်ကြားထားတာ မှတ်သားထားခဲ့ဖူးတယ်။ မကောင်းမှုအမှားကို ဆက်လုပ်ရင် “အပြစ်” ဆိုတဲ့ အကျိုးသက်ရောက် မှုကလည်း မဖိတ်ခေါ်ဘဲ ဘဝထဲကို ရောက်ရှိလာတတ်ပြီး စိတ်နှလုံး ကို ပူလောင်စေတတ်တယ်ဆိုတာကို မမေ့လျော့စေချင်ပါဘူး။ ဒါကြောင့် CDM ဆိုတဲ့ ခေတ်မမီတော့တဲ့ အတွေးအခေါ်အမှား တွေကို ဟန်ရေးတပြင်ပြင်နဲ့ မာန်မချဘဲ ဆက်လုပ်နေကြမှာလား။ ပြည်သူတွေအတွက် မှန်ကန်တည့်မတ်တဲ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ဖို့ ရုံးပြန်လည်တက်ကြမလားဆိုတာကို ခေတ်ပညာတတ် နိုင်ငံ့ဝန်ထမ်းတွေက မှန်ကန်သော လုပ်ရပ်ကို သံသရာအတွက် အမြန်ဆုံး ရွေးချယ်နိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ရ ပါတယ်။ ။
မောင်နိုင်